သည်လို ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး အမျိုးအစားကို အတုအယောင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး ဟုခေါ်သည်။
သည်အဆင့်ခြောက် ထိပ်တန်းဆေးလုံး ဖော်စပ်နည်းကို ကြည့်ပြီးနောက် ဝမ်လင်းစိတ်ခံနိုင်ရည် အင်အားဖြင့်ပင် တုန်လှုပ်မိသွား၏။ သည်ဆေးလုံး ဖော်စပ်နည်းက ရက်စက်လှသည်။
ပြောကြသည်မှာ အတုအယောင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများ၏ အထဲ၌ သွေးအမျှင်တန်း ရှိသည်ဟူ၍ပင်။ သို့သော် ၎င်းသွေးအမျှင်တန်းကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်နှင့် ထိုအဆင့်ထက် ကျင့်ကြံသူများသာ မြင်နိုင်စွမ်း ရှိ၏။
သူက သူ့ထံတွင် ရှိနေသေ ာထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်၍ တစ်ခုချင်းစီ သေချာကြည့်လိုက်သည်။
“ ဒီဟာ တွေထဲက တစ်ခုကလွဲလို့ ကျန်တဲ့ဟာတွေအကုန်လုံးက သွေးအမျှင်တန်းရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး …”
ဝမ်လင်းက အနည်းငယ် စဉ်းစားတွေးတောပြီးနောက် ပျောက်ကွယ်သွားသည်။
ဆယ်ရက်ခန့် ကြာပြီးနောက် ဝမ်လင်းတို့ အုပ်စုသည် ချူနိုင်ငံ အစွန်ဖျားရှိ ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ ထွက်ပေါ်လာကြ၏။
သည်တစ်ကြိမ် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရချိန်၌ သူ့စိတ်ထဲက ချောက်ချားနေသလား၊ မနေဘူးလား သေချာ မသိတော့ပေ။ သို့သော် သူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရ၏။ သည်အသံက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူတို့က ချူနိုင်ငံရှိ တောင်ကြားသို့ ပြန်လာခဲ့ကြ၏။ သည်နေရာသည် သူတို့ထွက်သွားသော အချိန်ကအတိုင်း မပြောင်းလဲဘဲ ရှိနေဆဲ။ လုဖန်နှင့် ထိုင်ယန်တို့သည် အခုချိန်၌ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို သိပ်သည်း၍ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။
ဝမ်လင်းဘဝက တစ်ဖန် ပြန်တည်ငြိမ်သွား၏။ လီမူဝမ်သည် အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းကို လေ့လာနေစဉ်၌ သူက သူမခန္ဓာကိုယ်အား ဆက်လက်ကုသ ပေးနေသည်။ ဆေးညွှန်းတွင် ပါဝင်သော ပစ္စည်းအများစုက ပျောက်ကွယ်လုနီးပါး ဖြစ်နေ၏။ ထို့ကြောင့် သူမက အစားထိုးလို့ရသည့် အရာများကို ရှာဖွေလေ့လာ နေခဲ့၏။
သူမက သေဆုံးမှာကို မကြောက်ရွံ့ပေ။ သို့သော် သူမက ဝမ်လင်းအား တစ်ယောက်တည်း မထားခဲ့ချင်ခဲ့ပေ။ ဝမ်လင်းနှင့်အတူ ဆက်၍ နေနိုင်ရန်အတွက် သူမက ဆေးလုံးဖော်စပ်နည်းကို အင်ပြည့်အားပြည့် ကြိုးစား လေ့လာနေခဲ့၏။
ရန်ဖန်ရန်ခါ သူမအနားတွင် ကျင့်ကြံလျက်ရှိသော ဝမ်လင်းအား ခေါင်းမော့၍ ကြည့်သည်။ သူမမျက်လုံးများက ကြင်နာမှုများဖြင့် ပြည့်နေ၏။ သည်ကြင်နာမှုထဲတွင် ချစ်ခြင်းမေတ္တာနှင့် ဝမ်းနည်းမှုတို့ ပါဝင်နေ၏။
လီမူဝမ်က စိတ်ထဲကနေ သက်ပြင်းချမိသည်။
တစ်လခန့် ပါဝင်ပစ္စည်းများကို အစားထိုးနိုင်ရန် ကြိုးစားရှာဖွေပြီးနောက် ဝမ်လင်းက ချူယောင်ဇီကိုပါ လှမ်းခေါ်လိုက်၏။ ကံမကောင်းစွာနှင့် အခြားအဆင့်ငါး ဆေးလုံးပညာရှင် ထျန်ယွမ်ဇီက လွန်ခဲ့သောနှစ်များက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိအောင် ကြိုးစားနေချိန်၌ သေဆုံး သွားခဲ့ရသည်။ သူတို့သုံးယောက်သာ ပူးပေါင်း၍ ဆေးညွှန်းကို လေ့လာမည်ဆိုပါက ရလဒ်ကပို၍ မြန်ဆန်ပေလိမ့်မည်။
ချူယောင်ဇီက ဆေးပညာ၌ ရူးသွပ်လွန်းသူ ဖြစ်သည်။ သူက ဆေးပညာအတွက်သာ မွေးဖွားလာခဲ့ပုံ ရ၏။ သူက အဆင့်ခြောက် ဆေးလုံးကို မြင်သည်နှင့် အရူးတစ်ယောက်လို ဆေးညွှန်း၏ ပါဝင်ပေါင်းစပ်မှုများကို ချက်ချင်း လေ့လာတော့သည်။
သူတို့က အစားထိုးလို့ရသည့် အရာ တစ်ခုတွေ့တိုင်း လုဖန်နှင့် စုန်ချင်တို့က သည်ပါဝင်ပစ္စည်းကို သွားရောက် ရှာဖွေရသည်။
တိမ်ကောင်းကင်ကလန်တွင် မရှိသည့် ပစ္စည်းများဆိုပါက အခြားနိုင်ငံများမှ တစ်ဆင့် စျေးကြီးပေး၍ ဝယ်ယူကြသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ နှစ်နှစ်ခန့် ကြာပြီးနောက် ပါဝင်ပစ္စည်း ၁၃၈ ခုတွင် သုံးခုသာ ကျန်တော့လေသည်။ ဝမ်းနည်းစရာ ကောင်းသည်က သူတို့သည် သည်သုံးခုနေရာ၌ အစားထိုးလို့ရသည့် ပစ္စည်းကို မရှာတွေ့နိုင်သေးတာ ဖြစ်၏။
သည်နှစ်နှစ်တွင် ချူယောင်ဇီက တစ်ခုကလွဲ၍ အရာအားလုံးကို မေ့ပျောက်နေခဲ့သည်။ သူ့အာရုံစိုက်မှု အကုန်လုံးက အဆင့်ခြောက် လေးလုံးဖော်စပ်နည်း ထံ၌ လုံးလုံးလျာလျာ နစ်မြုပ်ထားလေ၏။
သည်နှစ်နှစ်အတွင်း လီမူဝမ်က တဖြည်းဖြည်းချင်း အိုမင်းလာခဲ့သည်။ သူမအသားအရေက နှင်းလိုဖြူစွတ် မနေတော့ဘဲ မီးခိုးရောင် သန်းလာခဲ့၏။
နှစ်နှစ်လုံးလုံး သူမ၏ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပေးခြင်းကပင် သေခြင်းရှင်ခြင်း စက်ဝန်းကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ချေ။
လီမူဝမ်မျက်လုံးထဲရှိ ဝန်လေးနေမှုတို့က ပို၍ အားကောင်းလာခဲ့၏။
သည်ည၌ တောင်ကြားထဲ၌ မိုးရွာသွန်းနေခဲ့၏။ လီမူဝမ် အိပ်ပျော်သွားပြီးနောက် သူက မိုးရေထဲ၌ မတ်တတ်ရပ်နေခဲ့ပြီး အကွာအဝေး တစ်ခုရှိ တောင်တစ်လုံးကို ငေးကြည့်နေသည်။ သူ့ရင်ထဲက နာကျင်မှုက ပိုဆိုးလာခဲ့သည်။
“ဝမ်အာ ခန္ဓာကိုယ်က အားနည်းသထက် အားနည်းလာခဲ့တယ်။ သူမက စဦးစိတ်ဝိညာဉ် အဆင့်ကို အတင်းအကျပ် ရောက်အောင် လုပ်မယ်ဆိုရင်တောင် သူမခန္ဓာကိုယ်က တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ ဒီလိုလုပ်တာက ပျက်စီးခြင်းသာ ဖြစ်စေလိမ့်မယ်။ ဒီလိုလုပ်လိုက်ရင် မပြည့်မစုံတဲ့ စဦးစိတ်ဝိညာဉ်က ပျောက်ကွယ်သွားတာပဲ ရှိမယ်။ ငါက သူမ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ကိုတောင် ထုတ်ယူ ထားနိုင်တော့မှာ မဟုတ်ဘူး …”
ဝမ်လင်းက ငေးမောနေရင်းဖြင့် သက်ပြင်းချလို့သာ နေသည်။ သူက ဝိုင်ထည့်ထားသည့် ဘူးသီးခြောက်ကို ထုတ်၍ ပါးစပ်အပြည့် တစ်ငုံ သောက်ချလိုက်သည်။ သည့်နောက် ဝမ်လင်းက ကျောက်တုံးအိမ်လေးကို မှီချ၍ ထိုင်နေတော့သည်။
သည်ဝိုင်က သစ်သီးဝိုင်ပင်။ သည်ဝိုင်က သူ့သိုလှောင်အိတ်ထဲ၌ အများကြီး မကျန်တော့ပေ။ သူက သည်ဝိုင်ကို သောက်သည့်အချိန်တိုင်း သူ့အား ဝိုင်ပေးခဲ့သော တနူးအကြောင်းကို တွေးမိဆဲပင်။
“ဦးလေးဝမ် … ဦးလေး မြို့တော်ကိုလာပြီး ပိုက်ဆံအများကြီး ရှာပြီးရင် အိမ်ပြန်ပြီး လက်ထပ်မှာမလား …”
တနူးသူ့ကို သည်လိုပြောခဲ့သော မြင်ကွင်းက သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူက ဝိုင်ကိုခဏလေးဖြင့် တကျိုက်ကျိုက် သောက်ချလိုက်သည်။ ထို့နောက် သူက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ငေးကြည့်နေမိသည်။
ထိုအခိုက်တွင် ချူယောင်ဇီ၏ အခန်းထဲမှ စိတ်လှုပ်ရှားလွန်းဟန်ဖြင့် အော်လိုက်သည့်အသံ တစ်သံ ထွက်ပေါ်လာ၏။ သိပ်မကြာခင်မှာပင် ချူယောင်ဇီက သူ့အခန်းထဲမှ ပြေးထွက်လာခဲ့၏။ သူက မိုးရေထဲ၌ ဝမ်လင်း ထိုင်နေသည်ကို တွေ့သည့်အခါ မှင်တက် သွားမိသေးသည်။ ထို့နောက် ဝမ်လင်းရှိရာသို့ အလျင်အမြန် ပြေးလာပြီး ပြောလိုက်သည်။ “ကလန်ခေါင်းဆောင် … နောက်ဆုံး အစားထိုးရမယ့် ပါဝင်ပစ္စည်းသုံးခုကို ငါ သိခဲ့ပြီ …”
ဝမ်လင်းက ချူယောင်ဇီကို အလေးအနက် ကြည့်လိုက်၏။
ချူယောင်ဇီက ကျောက်စိမ်းပြား တစ်ခုကို ခပ်မြန်မြန် ထုတ်ယူလိုက်သည်။ သူက ဝမ်လင်းထံသို့ ၎င်းကျောက်စိမ်းပြားကို ကမ်းပေးရင်း ပြောလိုက်သည်။ ဒီပါဝင်ပစ္စည်းသုံးခုက ပျောက်ကွယ်သွားခဲ့ပြီ၊ ဒါပေမဲ့ ငါက ပါဝင်ပစ္စည်း ၃၇ ခုကို ပေါင်းစည်းလိုက်ရင် ဒီသုံးခုနဲ့ တူညီတဲ့အာနိသင် ရှိတာကို တွေ့ခဲ့တယ်။ ဆေးလုံးသက်ရောက်မှုက အားနည်းသွားနိုင်ပေမဲ့ မူလတုန်းကဆေးလုံးနဲ့ အများကြီး သိပ်ကွာမှာ မဟုတ်ဘူး …”
ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီးနောက် သူ့နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ပြီး မှတ်သားထားလိုက်သည်။
ချူယောင်ဇီက ပြောလိုက်သည်။ “ဒီအစားထိုးလို့ ရတဲ့ ပါဝင်ပစ္စည်းတွေကလည်း ရှားပါးတာပဲ။ တိမ်ကောင်းကင် ကလန်က လေးခုပဲရှိတယ်။ ကျွန်တော်တို့က ကျန်တဲ့ဟာတွေကို လိုချင်ရင် အဆင့်လေးနိုင်ငံ တစ်ခုကို သွားရလိမ့်မယ် …”
ဝမ်လင်းက မတ်တတ်ထရပ်လိုက်သည်။ သူက လက်ထဲရှိ ကျောက်စိမ်းပြားနှင့်အတူ ပျောက်ကွယ်သွားတော့၏။
သူထွက်ခွာသွားသည့် အခိုက်တွင်ပင် လီမူဝမ်က မျက်လုံး ဖွင့်လာခဲ့ပြီး သူမ ပုံစံက ဝမ်းနည်းနေဟန် ရ၏။
သူမ မျက်လုံးထဲမှ မျက်ရည်စီးကြောင်း နှစ်ခု လိမ့်ဆင်းလာ၏။ သူမ နဖူးပေါ်တွင်လည်း အရေးအကြောင်းလေးများ ရှိနေခဲ့ပြီ ဖြစ်သည်။ သူမက နေရမည့် ဆယ်နှစ်တွင် နှစ်နှစ်ကျော် နေထိုင်ခဲ့ပြီး ဖြစ်၏။
ဝမ်လင်းက အချိန်မဖြုန်း လိုတော့ပေ။ ခုနစ်လခန့် ကြာပြီးနေက် သူက ပင်ပန်းနေသည့် အသွင်ဖြင့် ပြန်ရောက်လာခဲ့၏။
သည်ခုနစ်လအတွင်း ဝမ်လင်းက တစ်စက်ကလေးမှ အနားမယူခဲ့ပေ။ သူက အဆင့်လေးနိုင်ငံ အများစုနှင့် အချို့အဆင့်ငါး နိုင်ငံများသို့ပင် ရောက်ရှိခဲ့၏။
သူက လိုအပ်သော ပါဝင်ပစ္စည်းများကို ဝယ်၍တစ်မျိုး၊ လဲလှယ်၍တစ်ဖုံ၊ ခိုး၍ တစ်နည်း စသဖြင့် နည်းလမ်းပေါင်းစုံ သုံး၍ ရရှိအောင် ဆောင်ရွက်ခဲ့၏။
သည်ခုနစ်လအတွင်း သူက အန္တရာယ် အများအပြားနှင့်လည်း ကြုံခဲ့ရသေး၏။ အန္တရာယ်အရှိဆုံး တစ်ခေါက်က အဆင့်ငါးနိုင်ငံ၏ အထူးနယ်ပယ် ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ဆန့်ကျင် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ သည်ကျင့်ကြံသူ၏ နယ်ပယ်က မေ့ပျောက်ခြင်း နယ်ပယ် ဖြစ်၏။ ဝမ်လင်းက အဆုံးသပ်မှာ အနိုင်ရခဲ့သော်လည်း ကပ်သီးလေး နိုင်ခဲ့ခြင်းသာ။
သည် မေ့ပျောက်ခြင်း နယ်ပယ်က သူ့အား အမှန်ပင် ထိတ်လန့်စေခဲ့သည်။
နောက်တစ်ယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်နှင့် တွေ့ကြုံခဲ့ရခြင်းပင်။ သည်လူ၏ နယ်ပယ်က သာမန်သာ ဖြစ်သော်လည်း သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့၏။
ဝမ်လင်းအမြင်၌ သည်လူ၏ စွမ်းအားက အနီရောင် လိပ်ပြာထက်ပင် အနည်းငယ်သာ လောက်၏။ အဆုံးသပ်၌ ဝမ်လင်းက သည်လူကို လုံးဝ ရပ်တန့်သည့်အထိ ယှဉ်တိုက်နိုင်ခဲ့၏။
သည်ခုနစ်လအတွင်း ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများထဲ၌ အနီရောင်လိပ်ပြာက အသန်မာဆုံး မဟုတ်ကြောင်း သဘောပေါက်ခဲ့၏။ သည်လူများက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ မရောက်ရှိနိုင်ကြသော်လည်း သူတို့က အလွန် အားကောင်းလှသည်။
အထူးသဖြင့် သာမန်ထက်ပိုသော အထူးနယ်ပယ် ရှိသည့်လူများ ဖြစ်၏။ သည်လူများက သာမန်ထက်ကျော်သော စွမ်းအားများ ရှိကြသည်။
ချူနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက တောင်ကြားသို့ အလျင်အမြန် ပျံသန်းလာခဲ့၏။
တောင်ကြားထဲ၌ ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက်ကြည့်လိုက်ရာ ထိုင်ယန်နှင့် လုဖန်တို့ နှစ်ယောက်သည် စေတီ၏ ပေငါးရာ အကွာသို့ ရောက်နိုင်စွမ်း ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံး၏ ကျင့်ကြံခြင်း အဆင့်ကလည်း နည်းနည်းတိုးတက် လာခဲ့ကြသည်။
ဝမ်လင်းက ကျောက်တုံးအိမ် အပြင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။ သူက တံခါးဖွင့်လိုက်ရာ သူ့ခန္ဓာကိုယ်က တုန်ခါသွား၏။ သူက တစ်စုံတစ်ယောက်၏ ကျောဘက်ခြမ်းကို တွေ့မြင်လိုက်ရသည်။
သည်လဲလျောင်းနေသော ပုံရိပ်ထံမှ ဆံပင်ရှည်များသည် ကျောဘက်ခြမ်း၌ ဝှေ့ဆင်းကျနေ၏။ သည်ဆံပင်များ၏ တစ်ဝက်မှာ ဖြူဖွေးလို့နေသည်။
ဝမ်လင်းနှလုံးသားက နာကျင်သွား၏။ သူက လှမ်းလျှောက်၍ ဝင်လာပြီး လီမူဝမ်ဘေး၌ ရပ်လိုက်၏။ သူက သူမ၏လှပသော မျက်နှာလေးက အိုမင်းလာခဲ့သည်ကို ငေးကြည့်မိနေသည်။
ဝမ်လင်းက ခပ်တိုးတိုးပြောလိုက်သည်။ “ဝမ်အာ … အစ်ကို ပြန်လာပြီ။ အစ်ကိုက ဆေးလုံးဖော်စပ်ဖို့ အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေပါ ရခဲ့ပြီ …”
လီမူဝမ်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ သူမက မည်သည့်စကားမျှ မဆိုဘဲ ဝမ်လင်းကိုသာ ငေးကြည့်နေသည်။ သူမက ခပ်တိုးတိုးလေး ပြောလိုက်၏။ “ထပ်ပြီးဘယ်မှ ထွက်မသွားတော့နဲ့။ ဝမ်အာ … အနားမှာပဲ အချိန်ပေးပြီး နေပေးပါ။ ဝမ်အာ မှာ အချိန် သိပ်မကျန်တော့ဘူး …”
ဝမ်လင်းက လီမူဝမ်ကို ကြည့်ကာ အလေးအနက် ထပ်ပြောလိုက်ပြန်သည်။ “ဝမ်အာ … မသေရဘူး …”
လီမူဝမ်က အောက်နှုတ်ခမ်းကို ကိုက်ထားရင်း ခေါင်းညိတ်ပြသည်။ သူမက ဝမ်လင်းကိုမှီလိုက်ပြီး မျက်လုံး မှိတ်ထားလိုက်သည်။
ဝမ်လင်း ပြန်ရောက်လာခြင်းက ချူယောင်ဇီကို အဆင့်ခြောက် ဆေးလုံးဖော်စပ်ခြင်း၌ အလုပ်များသွားစေသည်။ သူ့ဘဝ အိပ်မက်သည် အဆင့်ခြောက် ဆေးလုံးကို ဖော်စပ်နိုင်ခြင်း မဟုတ်လား။
အစားထိုးလို့ရသည့် ပါဝင်ပစ္စည်း အများစုသည် သူအချိန်အတန်ကြာ လေ့လာပြီးနောက်မှ သိခဲ့ရသည့်အရာများ ဖြစ်သည်။ သူက မူလပါဝင်ပစ္စည်း ၁၃၈ ခုကို အစားထိုးနိုင်ရန် အခြား ပါဝင်ပစ္စည်း တစ်ထောင်ကို အသုံးပြုခဲ့၏။ သူက ပါဝင်ပစ္စည်းတစ်ခုစီ၏ သက်ရောက်မှုကို တွက်ချက်ပြီး ဖြစ်၏။
သူက သည်လိုပုံစံမျိုး ဆေးလုံးဖော်စပ်ရာ၌ အတွေ့အကြုံ မရှိခဲ့လျှင်ပင် အခုလို သန့်စင် ဖော်စပ်နိုင်ရန် နည်းလမ်းရှိမည် မဟုတ်ချေ။
ချူယောင်ဇီက သည်ဆေးဖော်စပ်ခြင်း၌ အလွန်ဂရုတစိုက် ရှိလှ၏။ တကယ်တော့ သူက လီမူဝမ်ကို ဂရုမစိုက်ပေ။ သူ့အတွက်သူ လုပ်နေခြင်းသာ ဖြစ်၏။ သူ့အိပ်မက်ကို ဖြည့်ဆည်းရန် သူက ကြိုးစားနေခြင်းပင်။ သူက သူ့ဘဝ၌ အကြိမ်များစွာ ကျရှုံးခဲ့ရသော်လည်း ယခုတစ်ကြိမ်တောင် အောင်မြင်ရမည်ဟု သူ့ကိုသူ မရေမတွက်နိုင်အောင် ပြောဆိုထားပေသည်။
ဆေးလုံး ဖော်စပ်နေစဉ်၌ သူ့စိတ်အလျင်က ပိုစိုးလာခဲ့သည်။ တစ်ခါတစ်ရံ သူဆေးလုံး ဖော်စပ်နေစဉ် ဆေးလုံး အခြေအနေကို လာမေးသော ဝမ်လင်းကိုပင် စိတ်မရှည်ပေ။
သည်လိုဖြစ်ခြင်းက သူသည် ဝမ်လင်းကို မကြောက်၍ မဟုတ်ပေ။ သူ့ စိတ်နေစိတ်ထားကြောင့်သာ ဖြစ်ချေ၏။ သူက တစ်ကမ္ဘာလုံးကိုပင် မေ့နေခဲ့သည်။ သူ့စိတ်ထဲ၌ ဆေးလုံးကိစ္စသာ ရှိနေခဲ့၏။
ဝမ်လင်းက ချူယောင်ဇီ၏ ဒေါသကို စိတ်ထဲမထားပေ။ တကယ်တော့ သူက တိမ်ကောင်းကင် ကလန်ရှိ လူများထဲ၌ ချူယောင်ဇီသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်နိုင်ချေ အရှိဆုံးသူဟု တွေးထင်ထားခဲ့သည်။
အကြောင်းမှာ သည်လူက ဆေးပညာ၌ သူ့ကိုသူ မြှုပ်နှံထားခြင်းကြောင့်ပင်။ သည်လို စိတ်နှစ်မှုကြောင့် သူက ကောင်းကင်နှင့် မြေကြီးကို နားလည်ပြီး နယ်ပယ်တစ်ခုကို ရရှိလာနိုင်စွမ်း ရှိပေသည်။
သို့ရာတွင် သူ့ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အလယ်အဆင့်၌သာ တန့်နေခဲ့၏။ သူသာ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်နေခဲ့မည် ဆိုပါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရန် အချိန်တစ်ခုသာ လိုမည် ဖြစ်သည်။
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာ၏။ မျက်စိတစ်မှိတ် အတွင်း သုံးနှစ်ကုန်ဆုံး သွားခဲ့ပြန်လေပြီ။ ချူယောင်ဇီက ဆေးလုံးကို ဆက်လက် ဖော်စပ်နေစဲပင်။ ကြည့်ရသည်မှာ သူက အတားအဆီး တစ်ခုခု၌ တန့်မိနေပုံရ၏။ ထို့ကြောင့် သူက ဒေါသ ပိုထွက်လာခဲ့သည်။
ဝမ်လင်းက ပြန်ရောက်လာကတည်းက သူ့အချိန်နာရီ စက္ကန့်တိုင်းကို လီမူဝမ်၏ ဘေး၌သာ ကုန်ဆုံးစေခဲ့သည်။ သူမ ဆံပင်က အခုဆို လုံးဝ အဖြူရောင်သို့ ပြောင်းသွားခဲ့လေပြီ။ ဝမ်လင်းကသာ စိတ်ဝိညာဉ်စွမ်းအင်များကို သုံးနှစ်လုံးလုံး အဆက်မပြတ် ထည့်သွင်းပေးခြင်း မရှိပါက သူမ၏ အလှသည် အချိန်နှင့်အတူ ပျက်စီးသွားပေလိမ့်မည်။
သုံးနှစ်ကြာပြီးနောက် ချူယောင်ဇီက သူ့ဆေးပညာ၌ အဆင့်တစ်ခု ချိုးဖျက်နိုင်ခဲ့သည်။ သူက ဆေးလုံးကို အပြီးမသတ် နိုင်သေးပေမဲ့ သိပ်တော့ မလိုတော့ချေ။ သူ့အခန်းထဲမှလည်း ဆေးလုံးအနံ့များ တလှိုင်လှိုင် ထွက်ပေါ်နေခဲ့၏။
လီမူဝမ် ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူမက လှုပ်ပင် မလှုပ်နိုင်တော့ချေ။ သူမက အိပ်ရာထဲတွင်သာ လဲလျောင်း၍ ဝမ်လင်းကိုသာ ကြည့်နေခဲ့၏။ သူမမျက်လုံးထဲရှိ နောက်ဆံတင်းနေမှုတို့ ကလည်း ပိုပို အားကောင်းလာခဲ့၏။
***