“သူ့တွင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် မရှိပေ …” ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
သူ့တွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် မရှိသော်လည်း ထိပ်တန်း စိတ်ဝိညာဉ်များတော့ ရှိနေ၏။ သည်ထိပ်တန်းစိတ် ဝိညာဉ်များထဲက တစ်ခုပင် တန်ဖိုးမဲ့လှ၏။ သည်တစ်ခုက အခြားကမ်းလှမ်းမှုများကို ချနင်း ပစ်နိုင်သည်။
သို့ရာတွင် ကြည့်ရသည်မှာ တစ်ခုတည်းက မလုံလောက်သည့်ပုံပင်။ သူက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးအများကြီး လိုလာနိုင်သည်။ သူက ၎င်းကို ရရှိနိုင်သော်လည်း အတော်လေးလည်း ပြန်ပေးဆပ် ရမည်ပင်။
တကယ်တော့ သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြားနှင့်လည်း လဲလှယ်နိုင်သေး၏။
သို့ရာတွင် ဝမ်လင်း၏ စိတ်နေစိတ်ထားကြောင့် သည်ဆေးလုံး ဖော်စပ်နည်းကို ရရှိရမည် ဖြစ်သော်လည်း ၎င်း၏စျေးနှုန်းက အဆမတန် မြင့်လာရင်တော့ ဝယ်လိမ့်မည် မဟုတ်ချေ။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက သိုလှောင်အိတ်ထဲက သစ်သား ပန်းပုရုပ်ကို ထုတ်ယူလိုက်သည်။ သည်ပန်းပုသည် သူပြုထားထားည့် အချိန်နယ်ပယ် ပါဝင်၏။ စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအား ပါဝင်သည်။
သည့်အပြင် ၎င်းအထဲ၌ သွေးကြောအချို့ပါ ပါဝင်သည်။ သည်လိုပါဝင်မှုကြောင့် သစ်သားပန်းပုရုပ်သည် ရုပ်သေးနှင့် အလားတူသည်။ ၎င်းသစ်သား ပန်းပုက အကန့်အသတ် မရှိလည်း အသုံးပြု နိုင်သေး၏။
သည်လို ရတနာမျိုးသည် နတ်ဆိုးပင်လယ်ရှိ ကျင့်ကြံသူများ အတွက် အလွန် အရေးကြီးလှသည်။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုက သစ်သားပန်းပုရုပ်ကို ကြည့်၍ မျက်လုံးများ တလက်လက် ဖြစ်နေ၏။ သူက သည်သစ်သားရုပ်တုကို ဂရုမစိုက် လှသော်လည်း ပန်းပုရုပ် ထွင်းထုထားသည့် နည်းလမ်းကိုတော့ ဂရုစိုက်သည်။
ရတနာသန့်စင်ခြင်း ခန်းမသည် ရတနာများကို သန့်စင်မွန်းမံရာ၌ ကျော်ကြား၏။ သည်အဘိုးအိုကလည်း ရတနာများကို သန့်စင်ရာ၌ အလွန်ကျွမ်းကျင်သည်။ ထို့ကြောင့် သူက သည်သစ်သားပန်းပုရုပ်သည် သာမန် မဟုတ်ကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။
၎င်းပန်းပုရုပ်ထဲ၌ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်၏ နယ်ပယ်နှင့် သွေးကြောများလည်း ပါဝင်နေသေး၏။ သည်နှစ်ခု ပေါင်းစပ်ထားခြင်းက အလွန်ရှုပ်ထွေး၏။ သို့ရာတွင် သွေးကြောများက အချို့ အကြောင်းရင်းများကြောင့် အဘိုးအိုက သူနှင့် ရင်းနှီးသလို ခံစားမိနေ၏။
ဝမ်လင်းက သစ်သားပန်းပုရုပ်ကို ထုတ်ယူလိုက်ပြီး စင်မြင်ပေါ်သို့ လှမ်းပစ်ကာ ပြောလိုက်သည်။ “ငါက ဒီပစ္စည်းနဲ့ လဲလှယ်ချင်တယ် …”
ရှုလျိုက တတိယအလွှာသို့ အာရုံစိုက်၍ ကြည့်နေ၏။ သူက ဝမ်လင်း သစ်သားပန်းပုရုပ်ကို အောက်သို့ ပစ်ချလိုက်သည့်အခါ ချက်ချင်း ဖမ်းယူလိုက်၏။ ထို့နောက် ရတနာတန်ဖိုး အကဲဖြတ်သည့်လူများ ထံသို့ ကမ်းပေးလိုက်သည်။
ရတနာတန်ဖိုး အကဲဖြတ်သည့် လူများက သည်ပန်းပုရုပ်ကို တွေ့လိုက်သည်နှင့် သူတို့၏အသွင်က ပြောင်းလဲသွားသည်။ သူတို့က တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့သည်။ ထို့နောက်သူက ဝမ်လင်းအား မေးလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ … သစ်သားပန်းပုရုပ်ထဲက သွေးကြောတွေက ရွှမ်ယွဲ့ရဲ့ နည်းစနစ်နဲ့ ဖန်တီးထားတာလား …”
ဝမ်လင်းက အဖြူရောင် ဆံပင်နှင့် အဘိုးအိုကို ပြန်ကြည့်လိုက်၏။ သူက အဘိုးအိုသည် သစ်သားပန်းပုရုပ်ကို ခွဲခြားသိမြင်နိုင်သည့် အတွက် တုန်လှုပ်မိသွားသည်။ သို့ရာတွင် သည်အဘိုးအိုက အချိန်အတန်ကြာ အသက်ရှင် နေထိုင်ခဲ့သည့်အပြင် ရတနာခန်းမ၏ ခေါင်းဆောင်လည်း ဖြစ်နေသေးသည့် အတွက် သူက အရာများစွာကို သိမြင်ထားဖူးမည်သာ ဖြစ်သည်။
ဝမ်လင်းက ခေါင်းညိတ်ပြ၏။ ထိုအခိုက်တွင် ရတနာ အကဲဖြတ်များက ခေါင်းမော့လာကြသည်။ သူတို့ထဲက တစ်ယောက်က ပြောလိုက်၏။ “ငါက ဒီလိုအရာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒီသစ်သားရုပ်ရဲ့ သက်ရောက်မှုက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ရဲ့ စွမ်းအားမျိုး ရှိတာတော့ သေချာတယ်။ ဒီပန်းပုရုပ်အတွက် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးမယ် …”
ပထမထပ်ရှိ လူတိုင်းက သစ်သားပန်းပုရုပ်ကို ကြည့်ပြီးနောက် သူတို့ အကြည့်များက တတိယထပ်သို့ ရောက်သွားသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သည်ပစ္စည်းတန်ဖိုးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်မကပေ။
အဘိုးအိုသည်လည်း မျက်မှောင်ကြုတ်သွား၏။ သူက နှခေါင်းရှုံ့၍ အသံပို့လွှတ်လိုက်သည်။ သည်ရတနာ အကဲဖြတ်များက ဘာမှ သိပ်သိလှခြင်း မရှိချေ။ သူ့ကျင့်ကြံမှု အဆင့်နှင့်ဆိုရင် သည်သစ်သားရုပ်ထဲရှိ သွေးကြောများကိုသာ သိနိုင်၏။ တကယ်တော့ သူက ပန်းပုရုပ်ထဲရှိ နယ်ပယ် အမျှင်တန်း ပါဝင်နေသည်ကို သိရှိနိုင်ခြင်း မရှိချေ။
သည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းက ဆေးလုံး ဖော်စပ်နည်းအတွက် မလုံလောက်ချေ။ ဆေးလုံး ဖော်စပ်နည်းက အခုပင် တစ်သောင်းသို့ ရောက်နေခဲ့ပြီ မဟုတ်လော။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ သူက မည်သို့မျှ မပြောပေ။ ထိုအစား သူက အခန်းတံခါးဝသို့ လှမ်းကြည့်လိုက်၏။
သိပ်မကြာခင်တွင် အလွန်လှပသော မိန်းကလေးသည် ဒုတိယထပ်မှ တက်လာခဲ့သည်။ သူက ဝမ်လင်းကို နှုတ်ဆက်၍ ခရမ်းရောင် ကျောက်စိမ်းပြား တစ်ခုကို ထားခဲ့ကာ ပြန်ထွက်ခွာသွား၏။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုက ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ … ငါ မင်းရဲ့ ရုပ်သေးပန်းပုရုပ်ကို ဝယ်လိုက်မယ်။ ဒီခရမ်းကျောက် ကျောက်စိမ်းပြားထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းပါပြီး ကြိုက်တဲ့ ရတနာသန့်စင်ခြင်း ခန်းမမှာ လဲယူနိုင်တယ် …”
ဝမ်လင်းက ပြုံးလိုက်သည်။ သူက ကျောက်စိမ်းပြားကိုပင် မကြည့်ဘဲ ပြောလိုက်၏။ “ငါ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့ လေလံခေါ်တယ် …”
ဝမ်လင်းစကားက လူတိုင်းကို တုန်လှုပ်သွားစေသည်။ သို့သော် ထိုအခိုက်တွင် တတိယအလွှာ၏ အလယ်ခန်းထဲမှ မိန်းကလေးသံ ထွက်ပေါ်လာသည်။ “အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်း …”
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။
ချူးစစ်ပိုင်က အံကျိတ်ကာ ပြောလိုက်သည်။ “အစ်ကိုဝမ် … ငါ့မှာ အဆင့်မြင့်စိတ်ဝိညာဉ် ကျောက်တုံး လေးသောင်းရှိတယ် …”
“ရတယ် … မလိုဘူး …” ဝမ်လင်းအသံက တည်ငြိမ်နေဆဲပင်။
ဟင်္သာပြဒါးနိုင်ငံ အတွက်ပင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းက အရမ်းမြင့်နေခဲ့ပြီ ဖြစ်သည်။ အချိန် အတန်ကြာသည့် အထိ မည်သူကမျှ ထပ်မံ ကမ်းလှမ်းခြင်း မပြုချေ။ အဆုံး၌ အဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းက အလယ်ခန်းထဲမှ လူတစ်ယောက် ရရှိသွားသည်။
အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းက ရှားပါးလှ၏။ ထို့အတူ ဆေးလုံးဖော်စပ်ရန် အတွက် လိုအပ်သော ပစ္စည်းများကပါ ပျောက်ကွယ်လုနီးပါး ဖြစ်၏။ ထိုကြောင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးသောင်းက မိုးထိခေါင်ခိုက်နေသော နှုန်းထားပင် ဖြစ်ချေသည်။ သို့ပေမဲ့ အဆင့်ခြောက် ဆေးလုံးဆိုရင်တော့ ဆေးဖော်စပ်နည်းနှင့် မတူတော့ပေ။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုက ခေါင်းယမ်း၍ ထွက်ခွာသွား၏။ သူက သူနှင့်အတူ ခရမ်းရောင် ကျောက်စိမ်းပြားကိုလည်း ထားသွားခဲ့သည်။
သွားကြစို့။ ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းဆည်း၍ မတ်တတ်ထရပ်လိုက်၏။ သူက တည်ငြိမ်နေဟန် ထင်ရသော်လည်း သူ့မျက်လုံးထဲ၌ အေးစက်မှု အရိပ်အငွေ့ကို တွေ့မြင်နိုင်၏။ သူနှင့် လီမူဝမ်တို့သည် လှေကားတိုင်း ဆင်းလာကြပြီး တည်းခိုခန်းသို့ ပြန်လာခဲ့ကြ၏။
အခန်းထဲ ရောက်သည့်အခါ လီမူဝမ်က ခပ်တိုးတိုး ပြောလိုက်၏။ “ဝမ်လင်း … အဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းက ကိစ္စမရှိပါဘူး။ ပြီးတော့ ငါတို့ကလည်း ဒီဆေးလုံးဖော်စပ်နည်းက ဘယ်လို အမျိုးစားမှန်းမှ မသိဘဲ …”
ဝမ်လင်းက ပြုံး၏။ “ဝမ်အာ … ဒီမှာ ငါ့ကို ခဏစောင့်နေဦး။ ငါ ဒီဆေးလုံး ဖော်စပ်နည်းကို ပြန်ယူလာပေးမယ် …”
လီမူဝမ်က ခဏတာ တုံ့ဆိုင်းသွားပြီးမှ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်လင်း အကြည့်က လုဖန်နှင့် ထိုင်ယန်တို့ထံသို့ ရောက်သွား၏။ သူက ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက် သူမကို စောင့်ရှောက်ဖို့ ဒီမှာ နေခဲ့ကြ …”
လုဖန်နှင့် ထိုင်ယန်တို့သည် ချက်ချင်း ခေါင်းညိတ်လိုက်၏။
ဝမ်လင်းက ထိုနေရာမှ ပျောက်ကွယ် သွားတော့သည်။ သူက နတ်ဆိုးပုန်ကန်ခြင်းမြို့ အပြင်ဘက်၌ ပြန်ပေါ်လာခဲ့၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပြီး ပျောက်ကွယ် သွားပြန်သည်။ သည်တစ်ခေါက် သူက ကီလိုမီတာ သုံးထောင်အကွာရှိ တောင်တစ်ခုပေါ်၌ ပြန်ပေါ်လာခဲ့၏။ သူက ထိုနေရာတွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သည်မိန်းမပျိုက မျက်နှာက အဖြူရောင်ဇာဖြင့် ဖုံးကွယ်ထားသည့် အတွက် သူက မျက်နှာကို မတွေ့ရပေ။ သူမ ဘေး၌ အဘိုးအို တစ်ယောက်ပါ ရှိနေ၏။
အဘိုးအို၏ မျက်လုံးများက တည်ငြိမ်လျက်ရှိသည်။ သူ့ထံ၌ မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မျှ မရှိသည့်ပုံပင်။ ဝမ်လင်း ပေါ်လာသည်နှင့် အဘိုးအို၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။
“ဂျူနီယာ ကျောက်ယွင်ဟုန်က စီနီယာကို နှုတ်ဆက်ပါတယ် …” သူမအသံက ဆွဲဆောင်မှု အားကောင်းလှသည်။ သူမအသွင်က ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။
“နင်က ငါ့ကို ဒီနေရာထိ ရောက်လာအောင် သွေးဆောင်ရတဲ့ အကြောင်းပြချက် ကောင်းကောင်းမပေးရင် ငါ့ရိုင်းစိုင်းမှု အတွက် အပြစ်မတင်ပါနဲ့ …” ဝမ်လင်းက ထိုသို့ ပြောလိုက်၏။ သူ့အသွင်ကလည်း တည်ငြိမ်ဆဲပင်။
အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။ “စီနီယာက အရမ်းဉာဏ်နီဉာဏ်နက် များလှတယ်။ ဒီမိန်းကလေးက စီနီယာကို လေးစားမိပါတယ် …”
တတိယအလွှာ၏ အလယ်ခန်းတွင် ရှိနေခဲ့သော မိန်းမပျိုသည် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သိနေခဲ့၏။ သူမက ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်မှန်းလည်း သိပြီး ဖြစ်၏။ သို့သော် သူက စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းဖြင့် လေလံဆွဲလိုက်ချိန်တွင်ပင် သူမက နောက်ထပ် တစ်သောင်း ထပ်တိုးခဲ့လေ၏။ ထိုသို့ ပြုလုပ်ရသည့် အကြောင်းပြချက် တစ်ခုခုတော့ အမှန် ရှိရမည် ဖြစ်သည်။
ရတနာခန်းမမှ ထွက်လာပြီးချိန်တွင် သူတို့က ချက်ချင်း ထွက်မသွားသေးပဲ ဝမ်လင်းကို သည်နေရာ၌ စောင့်နေခဲ့၏။ ဝမ်လင်းက သူမ၏ အကြံဉာဏ်ကို ချက်ချင်း ထွင်းဖောက် သိနိုင်ခဲ့သည်။
“အရေးမပါတာတွေ ပြောပြီး အချိန်မဖြုန်းနဲ့တော့ …” ဝမ်လင်းအသံက အေးစက်နေ၏။
မိန်းမပျိုဘေးနားရှိ အဘိုးအိုက နှာခေါင်းရှုံ့၍ ရှေ့သို့ တစ်လှမ်းတိုးလာ၏။
ဝမ်လင်းအကြည့်က အဘိုးအိုထံသို့ ရောက်သွား၏။ သူကပြောလိုက်သည်။ “မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်။ မင်း ကျင့်ကြံမှုအဆင့်က မခိုင်မာသေးဘူး။ ပြီးတော့ မင်းက အခြားတစ်ယောက်ရဲ့ နယ်ပယ်ကို နားလည်ထားတာ။ ဖယ်နေစမ်း …”
အဘိုးအို၏ မျက်နှာက နက်မှောင်သွားသည်။ သို့သော် စိတ်ထဲ၌ တုန်လှုပ်နေခဲ့၏။ သို့ရာတွင် သူက အံကျိတ်၍ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။
ဝမ်လင်းက အဘိုးအိုကို ကြည့်၍ သူ့လက်ချောင်းကို ဆက်ခနဲ လှုပ်ရှားလိုက်၏။ စိတ်ဝိညာဉ် စွမ်းအင်တန်းက ထိုးတက်သွားတော့၏။ အဘိုးအို၏ အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး သူက ထီးရတနာ တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။ သူက ထီးကို ဖွင့်လိုက်ရာ သက်တံ့ရောင် အလင်းတန်း ထုတ်လွှတ်သွားသည်။
ဝမ်လင်းက နှာခေါင်းရှုံ့၏။ “မင်းက မင်းကိုမင်း အထင်ကြီးလွန်းနေပြီ …”
ဘန်း။
စိတ်ဝိညာဉ် စွမ်းအင်တန်းက ထီးပေါ်သို့ ကျရောက်သွားပြီး ၎င်းအပေါ်၌ အက်ကွဲကြောင်းများကို ဖြစ်စေသည်။ သည့်နောက် သက်တံအလင်းက မှိန်ဖျော့သွား၏။ အဘိုးအိုသည်လည်း စွမ်းအားကောင်းသော အားတစ်ခု၏ ရိုက်ချခြင်းကို ခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။ သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီး သူ့မျက်နှာက နီရဲနေသည်။ သူက အချိန်အတန်ကြာမှ ပုံမှန်ပြန်ဖြစ်သွား၏။
ဝမ်လင်းက သူ့ကို မသတ်ချင်ခဲ့ပေ။ သူ့အကြည့်က မိန်းမပျိုထံသို့ ကျရောက်သွားသည်။
အစိမ်းရောင်ဝတ်ရုံနှင့် မိန်းမပျို၏ မျက်လုံးထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။ သူက ချိပ်ပိတ်ထားသော သေတ္တာကို ထုတ်၍ ဝမ်လင်းထံသို့ ကမ်းပေးလိုက်၏။
ဝမ်လင်းက သေတ္တာကို ယူ၍ ဖွင့်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။ ထို့နောက် ပုံတူတစ်ခု ပွားလိုက်ပြီး အမျိုးသမီးထံသို့ အမည်းရောင် ကျောက်စိမ်းပြားကို ပြန်ပစ်ပေးလိုက်သည်။ ထို့နောက်သူက မေးလိုက်၏။ “ပြောပါ။ မင်း ငါ့ကို ဘာကြောင့် ဒီနေရာကို ရောက်လာဖို့ သွေးဆောင်ခဲ့တာလဲ …”
အစိမ်းရောင် ဝတ်ရုံနှင့် မိန်းမပျိုက ကျောက်စိမ်းပြားကို ပြန်ဖမ်းလိုက်သည်။ သူက အသက်ဝဝ ရှူ၍ ပြောလိုက်၏။ “စီနီယာ … ၊ ဂျူနီယာက ရိုင်းစိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျူနီယာက အတင်းလုပ်ခိုင်း ခံရတာပါ။ ကျေးဇူးပြု၍ စီနီယာက ဒီအဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းကို တန်ဖိုးတစ်ခု အနေနဲ့ သတ်မှတ်ပြီး ဂျူနီယာကို တစ်ကြိမ် ကူညီပေးပါ …”
ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိနေ၏။
အစိမ်းရောင်ဝတ်စုံနှင့် မျိုးသမီးက အံကြိတ်၍ ပြောလိုက်သည်။ “ဂျူနီယာက မှိန်ပျပျ မြူကလန်ကပါ။ ဂျူနီယာအဖေက ကလန်ခေါင်းဆောင် ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က အဖေဟာ မသေမျိုး သင်္ချိုင်းကို ဝင်သွားခဲ့ပြီး အခုထိ ပြန်မလာသေးဘူး။ ဒီ မသေမျိုး သင်္ချိုင်းက ဟင်္သာပြဒါးဂြိုဟ်ရဲ့ အန္တရာယ် အများဆုံး နေရာနှစ်ခုထဲက တစ်ခုပါ။ နောက်တစ်ခုကတော့ တစ္ဆေကိုးကောင် ပျက်စီးခြင်း တောင်ကြားပေါ့။ ဂျူနီယာ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မသန်မာပါဘူး။ ဒါ့ကြောင့်လည်း ဂျူနီယာအဖေ အသက်ရှင်နေခဲ့မယ် ဆိုရင် ပြန်ကယ်ထုတ်နိုင်ဖို့ စီနီယာကို ဂျူနီယာနဲ့ ပူးပေါင်းဆောင်ရွက် ပေးစေချင်တာပါ …”
ထိုသို့ပြောပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့် မိန်းမပျိုက ဝမ်းနည်းဟန် ခံစားရပုံ ပေါ်နေခဲ့သည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထား၍ ဝမ်လင်း၏ အဖြေကို စောင့်နေ၏။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ငါ့မှာ အချိန်မရှိဘူး …” သူက သိုလှောင်အိတ်ထဲက ခရမ်းရောင် ကျောက်စိမ်းပြားကို ထုတ်၍ သူမထံ ပစ်ပေးလိုက်သည်။ “ဒီကျောက်စိမ်းပြားက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းနဲ့ တန်ဖိုးညီမျှတယ်။ ဒါကို ဆေးလုံးဖော်စပ်နည်း ပုံတူကူးခ အဖြစ် သတ်မှတ်လိုက် …”
ထိုသို့ပြောပြီးနောက် သူက အလင်းတန်းတစ်ခုလို ပျောက်ကွယ်သွားတော့သည်။
အစိမ်းရောင်ဝတ်ရုံနှင့် မိန်းမပျိုက ဝမ်လင်း ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေရင်း သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့ဟန်များ ဖြစ်ပေါ်နေသည်။ သူမက နဂိုထဲက မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။ သို့သော် သူက တတိယအလွှာတွင် ဝမ်လင်းကို တွေ့မြင်လိုက်သည့် အချိန်က သူ့ဘေးရှိ အဘိုးက ဝမ်လင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်မှန်း ပြောခဲ့၏။
သူမက ထိုအကြောင်းကို ကြားသိသည့်အခါ သူမနှလုံးသားထဲရှိ မျှော်လင့်ချက် အမျှင်တန်းလေး ဖြစ်ပေါ်လာခဲ့၏။ ထို့နောက်သူက ရတနာသန့်စင်ခြင်း ခန်းမ၏ အဘိုးအိုကိုပါ တွေ့လိုက်ရသည့်အခါ ဝမ်လင်းအပေါ် ပို၍ ယုံကြည်ချက် ရှိလာခဲ့သည်။
ထို့ကြောင့်လည်း သူမက ဆေးလုံးဖော်စပ်နည်းကို ဝယ်ယူခဲ့ပြီး ဝမ်လင်းအား သွေးဆောင်ခဲ့ခြင်းပင်။
ဝမ်လင်းက အချိန် သိပ်မရှိတော့ပေ။ သည်ဆေးလုံးဖော်စပ်နည်းက အဆင့်ခြောက် မူလသို့ပြန်ခြင်း ဆေးလုံးဖြစ်သည်။ အဆင့်တစ်နှင့် အဆင့်နှစ် နိုင်ငံများရှိ အချို့လူများပင် သည်ဆေးလုံးကို ဖော်စပ်နိုင်ကြ၏။ သို့သော် သူတို့ဖော်စပ်သော ဆေးလုံးသည် အဆင့်တစ် သို့မဟုတ် အဆင့်နှစ် မူလသို့ပြန်ခြင်း ဆေးလုံး အဆင့်သို့သာ ရရှိမည် ဖြစ်၏။
မူလသို့ပြန်ခြင်း ဆေးလုံးသည် အသုံးဝင်မှု တစ်ခုသာ ရှိ၏။ ထိုအရာက လူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကို အလုံးအရင်းဖြင့် စုပ်ယူစေနိုင်ခြင်းပင်။
အဆင့်ခြောက် မူလသို့ပြန်ခြင်း ဆေးလုံးသည်လည်း ထို့အတူသာ ဖြစ်၏။ သို့သော် ၎င်းဆေးလုံး၏ စုပ်ယူနိုင်စွမ်းသည် ကြောက်ခမန်းလိလိ ဖြစ်နေ၏။ ထို့ပြင် သည်ဆေးလုံး၌ ကန့်သတ်ချက်တစ်ခု ရှိ၏။ သည်ကန့်သတ်ချက်မှာ လူတစ်ယောက်သည် နှစ်တစ်ရာအတွင်း တစ်လုံးသာ သောက်သုံးနိုင်ခြင်း ဖြစ်၏။ တစ်လုံး ထပ်ပိုသောက်ပါက ထိုလူ၏ ခန္ဓာကိုယ်သည် ပိုလွန်သော စိတ်ဝိညာဉ် စွမ်းအင်များကြောင့် သလင်းကျောက်သို့ ပြောင်းသွားမည် ဖြစ်၏။
ရလဒ်အနေဖြင့် လူတစ်ယောက်သည် လူသားပုံစံ သလင်းကျောက် အသွင်ပြောင်း၍ သူ့ စိတ်ဝိညာဉ်ကလည်း ထိုအထဲ၌ ချိပ်ပိတ်မိနေမည် ဖြစ်၏။
အချိန်ကြာလာသည် နှင့်အမျှ သည်လူသားပုံစံ သလင်းကျောက်သည် တဖြည်းဖြည်း သေးငယ်လာပြီး နောက်ဆုံးတွင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။
ရှေးခေတ် အချိန်တွေတုန်းက ထိပ်တန်းစိတ်ဝိညာဉ် သလင်းကျောက်များသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသည်က လွဲရင် အခြားနည်းလမ်းများ မရှိခဲ့ပေ။ ထို့ကြောင့်လည်း ၎င်းတို့၏ အရေအတွက်က အနည်းငယ်သာ ရှိခဲ့ခြင်း ဖြစ်၏။
အခုချိန်တွင်တော့ ကျင့်ကြံသူများက အဆင့်မြင့် မူလသို့ပြန်ခြင်း ဆေးလုံးကို ဖန်တီးခဲ့ကြသည်။ သည်ဆေးလုံးများကို ဖော်စပ်နိုင်ပြီး ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်လာနိုင်ဖို့က အောင်မြင်နိုင်နှုန်း သိပ်မမြင့်သော်လည်း ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးအများစုက ထိုနည်းကြောင့် ဖြစ်တည်လာခြင်း ဖြစ်လေ၏။