Switch Mode

အပိုင်း(၃၈၁)

ရတနာသန့်စင်ခြင်းခန်မ၏ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းကျင့်ကြံသူ

ရတနာခန်းမမှ တပည့်များသည် နတ်ဆိုးပင်လယ်မှ ထွက်သာ သစ်သီးများကို တတိယအလွှာသို့ ယူဆောင်လာကြ၏။ သို့သော် ၎င်းသစ်သီးများကို မည်သူမှ မထိကြချေ။

သည်အခန်းထဲ၌ ထိုင်နေသည့် သူများသည် လေလံပွဲစင်မြင့်ကို ရှင်းလင်းစွာ တွေ့ချင်ရုံသာ လိုအပ်၏။

ဝမ်လင်းနှင့် လီမူဝမ်တို့သည် တစ်ယောက်နှင့်တစ်ယောက် ငြိမ်သက်စွာ စကားစမြည် ပြောနေကြသည်။ လီမူဝမ်က ပြုံးယောင်သန်းနေပြီး ထိုအပြုံးထဲ၌ နူးညံ့ ကြင်နာမှုနှင့် ကျေနပ်နေမှုသာ ရှိသည်။

လုဖန်နှင့် ထိုင်ယန်တို့က တံခါးဝ၌ တင်ပျဉ်ခွေ ချိတ်ထိုင်၍ ကျင့်ကြံနေကြသည်။

တစ်ချက်တစ်ချက် ဝမ်လင်းက သူတို့နှစ်ယောက်အား ညွှန်ကြား ပြသပေးသည်။ သူတို့က သည်နေရာတွင် ရှိနေသော တစ်ချိန်လုံး ကျင့်ကြံလျက် ရှိသည်။

သူတို့နှစ်ယောက်လုံးက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်၌ အချိန်ကြာမြင့်စွာ ရှိနေကြသော်လည်း အထွတ်အထိပ် အဆင့်သို့ ခုထိ ‌ရောက်ရှိကြသေးခြင်း မရှိချေ။

သူတို့တွင် အထူးနားလည်မှု တချို့သာ မရှိဘူးပါက စဦးစိတ်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရန် တစ်ဆင့်ခြင်း ကြိုးစားရုံသာ ရှိ၏။ ထို့နောက်သူတို့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိအောင် ကြိုးစားရလိမ့်မည် ဖြစ်၏။

သူတို့က ဝမ်လင်းနောက်သို့ လိုက်ပါလာသည့်အချိန်မှစ၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နိုင်ရမည်ဟု ယုံကြည်ချက် ရှိလာခဲ့သည်။ သူတို့နှစ်ယောက်လုံးက လီမူဝမ်ထက် သက်တမ်းပိုကြာစွာ နေရမည် ဖြစ်သော်လည်း နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ မရောက်ပါက သေဆုံးရမည်သာ။

သည်အချက်သည် သူတို့ ဝမ်လင်းနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သော အကြောင်းပြချက်များ ထဲက တစ်ခုဖြစ်၏။

ထိုအခိုက်တွင် ဘယ်ဘက်အခန်းမှ နတ်ဘုရား အာရုံတစ်ခု ပျံ့နှံ့လာ၏။ လုဖန်နှင့် ထိုင်ယန်တို့က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ လုဖန်က သူ့နတ်ဘုရား အာရုံဖြင့် အခန်းထဲသို့ ဝင်လာသော နတ်ဘုရား အာရုံကို ဖိနှိပ်လိုက်သည်။

ထိတ်လန့်ဖွယ် အော်သံတစ်ခုက ဘယ်ဘက်ခန်းထဲမှ ကြားလိုက်ရသည်။ သည်ဘယ်ဘက်ခန်းမှ နတ်ဘုရား အာရုံသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝမ်လင်းက သည်ကိစ္စများကို အာရုံစိုက်ခြင်းပင် မရှိပေ။ သူက လီမူဝမ်နှင့်သာ ဆက်လက်ပြီး စကားဆိုနေသည်။ အကြောင်းမှာ သူက သူမအတွက် အချိန်ပေးခဲ့သည်မှာ ရှားပါးခဲ့သောကြောင့်ပင်။

လီမူဝမ်က ပို၍ နူးညံ့ ကြင်နာလေလေ ဝမ်လင်းက သူမအပေါ်ပို၍ အကြွေးတင်သလို ခံစားမိနေခဲ့လေ ဖြစ်နေသည်။

နတ်ဘုရား အာရုံတစ်ခုက ဘယ်ဘက်ခန်းထဲမှ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သို့သော် သည်တစ်ကြိမ်သည် နတ်ဘုရားအာရုံ အများအပြား အတူ ရောယှက်နေ၏။ ထိုင်ယန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး လုဖန်နှင့်အတူ သူတို့၏ နတ်ဘုရားအာရုံကို အတူထုတ်လွှတ်၍ ဝင်ရောက်လာသော နတ်ဘုရားအာရုံကို ဖိနှိပ်လိုက်သည်။

“သိပ်ရဲရင့် နေတယ်ပေါ့။ ဘယ်သူကများ သည်လို မောက်မာနေလဲ ငါသိချင်မိတယ် …” ဘယ်ဘက်ခန်းမှ အေးစက်စက်အသံ ထွက်ပေါ်လာ၏။ လုဖန်နှင့် ထိုင်ယန်တို့၏ နတ်ဘုရားအာရုံသည် ဆုံးရှုံးသွားကြသည်။ သို့သော် သူတို့က ဒဏ်ရာရခြင်း မရှိပေ။ ထိုအစား သူတို့က နှာခေါင်းရှုံ့လိုက်၏။

“ကလန်ခေါင်းဆောင် ဒီလူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ဘူး။ သူက ငါတို့ထက် သက်တမ်းပိုကြာတဲ့ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ပဲ၊ သူက စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့် ဖြစ်လိမ့်မယ် …”

လုဖန်က ထိုသို့ ပြောပြီးသည်နှင့် ဘယ်ဘက်ခန်းထဲမှ လူတစ်ယောက်က လှမ်းထွက်လာခဲ့သည်။ သည်လူက ခရမ်းရောင်ဝတ်စုံကို ဆင်မြန်း၍ တစ်ခေါင်းလုံး ဖြူဖွေးနေသည်။ သူက ဝမ်လင်းတို့ အခန်းသို့ လှမ်းလာခဲ့၏။

သူက အလွန် ဒေါသထွက်နေ၏။ ပုံမှန်အားဖြင့် သူ့တပည့်က ရတနာခန်းမ၏ ရှုလျို့ကိုယ်တိုင် ဦးဆောင် ခေါ်လာခဲ့သည့်လူကို သိချင်စိတ်သာ ရှိခဲ့သည်။

သို့ရာတွင် သူက သူ့တပည့်၏ နတ်ဘုရားအာရုံကို ဖျက်ဆီးပစ်လိမ့်မည်လို့ မမျှော်လင့်ခဲ့မိပေ။ ထို့ကြောင့်သူက ဒေါသတကြီး အခန်းထဲမှ ထွက်လာခဲ့ခြင်းပင်။

အခန်းအပြင်သို့ ရောက်လာပြီးနောက် အဘိုးအိုက ခန်းဆီးစကို လှစ်၍ အထဲသို့ ကြည့်လိုက်၏။ သို့ရာတွင် သူက ဝမ်လင်း၏ အေးတိအေးစက် အကြည့်ကို ရင်ဆိုင်လိုက်ရသည်။

အဘိုးအိုက ဝမ်လင်းနှင့် အကြည့်ဆုံ သွားပြီးနောက် နောက်သို့ ခြေလှမ်း အများအပြား ဆုတ်လိုက်ရသည်။ သူ့နဖူးထက်၌လည်း ချွေးများ စို့နေခဲ့သည်။ သူ့စဦးစိတ်ဝိညာဉ်ပင် ပျက်စီးလုနီး ဖြစ်သွားရ၏။ သူက သည်လူငယ်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

အဘိုးအိုက အရေးတကြီး ရှင်းပြလိုက်၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူနှင့် ပတ်သက်၍ ဒုက္ခမများလိုပေ။

သို့သော် သူက လှုပ်ပင် မလှုပ်ဝံ့ချေ။ သူက အားတင်း၍ ခါးသက်စွာ ပြုံးကာ ပြောလိုက်သည်။ “ဂျူနီယာက စီနီယာဒီမှာ ရှိနေတာ မသိလို့ပါ။ ငါက မဆင်မခြင် နိုင်သွားတယ်။ စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုကို ကြည့်၍ ရင်းနှီးဟန် ခံစားမိ၏။ သို့သော် ထိုအဘိုးအိုက သူသိသော လူတစ်ယောက် မဟုတ်ပေ။ သို့ပေမဲ့ အချိန်ကြာလွန်းသဖြင့် သူချက်ချင်း မမှတ်မိသည်လည်း ဖြစ်နိုင်ပေသည်။

ထိုအခိုက်တွင် ရတနာခန်းမက အဘိုးအိုသည် ရယ်မော၍ တတိယအလွှာသို့ တက်လာခဲ့၏။ သူက ဝမ်လင်းအခန်း၏ တံခါးရှေ့၌ ရပ်နေသော အဘိုးအိုကို လှည့်၍ပင် မကြည့်ဘဲ သူလည်း အခန်းတံခါး ရှေ့သို့ ရောက်လာ၏။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်း၍ ပြောလိုက်သည်။ “ငါ … ကျင့်ကြံသူဟုက လေလံပွဲမှာ ရောင်းရင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်နေတယ်ဆိုလို့ လာကြည့်တာ။ ငါ ခုတွေ့လိုက်ရတော့ မထင်ထားမိဘဲ ငါသိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့တယ် …”

သူက ထိုသို့ ပြောပြီးသည်နှင့် အခန်းလိုက်ကာစကို လှစ်၍ အထဲသို့ ဝင်လာခဲ့သည်။

လုဖန်နှင့် ထိုင်ယန်တို့၏ အသွင်က ပြောင်းလဲသွားသည်။ သူတို့က နောက်သို့ ဆုတ်၍ ဝမ်လင်းနောက်၌ ရပ်လိုက်ကြသည်။

“ထိုင်ပါ … ” ဝမ်လင်းက ပြုံး၍ ပြောသည်။

အဘိုးအိုက လီမူဝမ်ကို ကြည့်ကာ ပြုံးသည်။ “တာအိုလက်တွဲဖော် ထင်တယ်။ ရောင်းရင်းက အပျက်အစီးကြယ် နယ်မြေကနေ မီးတောက်အမျှင်တန်း ဘယ်နှခုများ ရခဲ့သလဲ ငါ သိချင်မိတယ် …”

ဝမ်လင်းက တုန်လှုပ်သွား၏။ အတိတ်တုန်းက သူတို့ တွေ့ခဲ့ချိန်၌ သူက ကောက်ရိုးဦးထုပ်ကို ဆောင်းထားခဲ့ပြီး သူ့ပုံရိပ်အမှန်ကို ပြသခဲ့ခြင်း မရှိပေ။ သည်အဘိုးအိုတွင် အထူးနည်းစနစ် တစ်ခုကြောင့် အကြည့်တစ်ချက်ဖြင့် သူ့ကို မည်သူမှန်း တန်းသိခဲ့ခြင်း ဖြစ်ပေရမည်။ ဝမ်လင်းက ပြုံးကာ ပြောလိုက်၏။ “တွင်းပေါက်တွေက သေးလွန်းတယ် … ဒါ့ကြောင့် ငါက သိပ်မရခဲ့ပါဘူး …”

အဘိုးအိုကလည်း ခေါင်းညိတ်ကာ ဆက်ပြောသည်။ “ငါ့လည်း ကန့်သတ်ချက် ရှိတာကြောင့် အများကြီး မရခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အချို့က ငါပြန်သွားတော့ ဘိုးဘေးမီးတောက် အမျှင်တန်းက မနည်းကြီးထွားလာတာ တွေ့ခဲ့ရတယ် …”

သူက ထိုသို့ပြောပြီးနောက် ဝမ်လင်းကို ကြည့်၏။ သူက ဝမ်လင်းကို အလွန် သတိထားနေခဲ့သည်။ သူသာ လျှို့ဝှက်နည်းစနစ် တစ်ခုကို မလေ့ကျင့်ခဲ့လျှင် ဝမ်လင်းကို ကောက်ရိုးဦးထုပ်နှင့် ကျင့်ကြံသူ ဖြစ်သည်ဟု သိနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအခိုက်၌ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုက ကိုးရိုးကားရား အနေထားသို့ ရောက်နေ၏။ သူက ထွက်လည်း မထွက်သွားဝံ့ပဲ နေရာတွင်သာ ရပ်နေရသည်။

အဘိုးအိုနှင့် ဝမ်လင်းတို့ စကားပြောနေစဉ် အောက်ထပ်ရှိ လေလံပွဲက စတင်နေခဲ့ပြီ ဖြစ်သည်။ လေလံပွဲ အစဖြစ်သဖြင့် ဆေးလုံးအချို့နှင့် ရတနာအချို့သာ ရေပန်းစား နေသေးသည်။

လီမူဝမ်က ဝမ်လင်း၏ ဘေး၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမက တစ်ခါတစ်ရံ အောက်ရှိ လေလံပွဲကို ပြုံး၍ ကြည့်သည်။

အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူကို ကြည့်ရတာ ရင်းနှီးနေတဲ့ပုံပဲ။ ငါတို့ အပျက်အစီးကြယ်များ ရှိတဲ့နေရာအပြင် အရင်က ဆုံခဲ့ဖူးသေးလား …”

သူက အခန်းထဲသို့ ဝင်လာပြီး ဝမ်လင်းသည် အပျက်အစီးကြယ်များ ရှိသည့်နေရာတွင် တွေ့ခဲ့သော ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း သိခဲ့ပြီးနောက် စိတ်ရှုပ်ထွေးနေမိသည်။ သူက ဝမ်လင်းကို ကြည့်၍ ရင်းနှီးသလို ခံစားနေရသည်။ သို့သော် သူကမည်မျှ ကြိုးစားပါစေ သူ့ကို မမှတ်မိနိုင် ဖြစ်နေ၏။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများသည် ရှားပါးလှ၏။ အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည် သူသာ သည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တွေ့ခဲ့ဖူးလျှင် မေ့မှာ မဟုတ်ဟု ယုံကြည်မိနေ၏။

ဝမ်လင်းက ပြုံး၍ မည်သို့မှ တုံ့ပြန်ခြင်း မပြုပေ။ ထို့နောက် သူက အခန်းအပြင်ဘက်ရှိ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုကို လက်ယမ်းပြလိုက်၏။ အဘိုးအိုက ခုမှ စိတ်သက်သာ ရသွားဟန်ဖြင့် သက်ပြင်းချ နိုင်တော့သည်။ သူက ပြောလိုက်၏။ “ဂျူနီယာ ချူးစစ်ပိုင်က စီနီယာကို နှုတ်ဆက်ပါတယ် …”

ဝမ်လင်းကို ထိုသို့ပြောပြီးနောက် သူက ဆံပင်အဖြူနှင့် အဘိုးအိုကိုလည်း ထိုနည်းအတိုင်း နှုတ်ဆက်လိုက်၏။

အဖြူရောင်ဆံပင်နှင့် အဘိုးအိုက နူးညံ့စွာ ပြန်ဖြေလိုက်သည်။ သို့သော် သူက စိတ်မကျေနပ်ဟန်မှာ သိသာ၏။ သူက ဝမ်လင်းက သူ့မေးခွန်းကို မဖြေသည်ကို စိတ်ထဲမထားပေ။ အကြောင်းမှာ သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ ဖြစ်သောကြောင့်ပင်။ သို့သော် သည်လိုစဦး စိတ်ဝိညာဉ်အဆင့် ဂျူနီယာအဆင့် တစ်ယောက်ကို အဖက် လုပ်နိုင်ပါ့မည်နည်း။

ဝမ်လင်းက ပြုံးသည်။ “ရောင်းရင်း ချူ … ငါတို့က နှစ်တွေ အကြာကြီး မတွေ့တာကြာပြီ။ မင်း အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ် …”

ချူးစစ်ပိုင်က မှင်တက်သွားသည်။ အဖြူရောင်ဆံပင်နှင့် အဘိုးအို၏ မျက်လုံးပင် လက်ခနဲ ဖြစ်သွားသည်။ သူက ချူးစစ်ပိုင်ထံသို့ ကြည့်လိုက်သည်။

ချူးစစ်ပိုင်က ဝမ်လင်းကို ပို၍ ဂရုတစိုက် ကြည့်လေ ဝမ်လင်းကို ပို၍ ရင်းနှီးသလို ခံစားမိလေဖြစ်သည်။ သို့သော် သူက ဝမ်လင်းကို လုံးဝမမှတ်ဘဲ ရှိနေ၏။ သူက ဂရုတစိုက် မေးလိုက်သည်။ “စီနီယာက ဂျူနီယာကို သိလို့လား …”

ဝမ်လင်းက ပြုံးလိုက်သည်။ “အချိန်တွေ အရမ်းကြာနေခဲ့ပြီ။ ငါက မင်း မေ့သွားမှာကို စိုးမိတယ်။ ငါတောင် မင်းနာမည်ကို ကြားလိုက်မှ ပြန်မှတ်မိလိုက်တာ။ အတိတ်တုန်းက ငါတို့က စဦးစိတ်ဝိညာဉ် နှစ်ခုကို တစ်ခုစီ ခွဲယူခဲ့ဖူးတယ်လေ။ မြေပုံကိုကောပေါ့၊ မင်းမှတ်မိပြီလား …”

ချူးစစ်ပိုင်က မယုံကြည်နိုင်ဟန် အသွင် ထွက်ပေါ်လာ၏။ သူက လေအေးတစ်ချက် ရှိုက်သွင်း၍ အော်ပြောလိုက်မိသည်။ “ဝမ်လင်း … မင်း … မင်းလား … မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်သွားပြီပေါ့လေ …”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်သူ အဖြူရောင်ဆံပင်နှင့် အဘိုးအိုကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်း ဟု ကော တစ်ခုခု မမှတ်မိဘူးလား …”

အဖြူရောင်ဆံပင်နှင့် အဘိုးအိုပါ မယုံကြည်နိုင်ဟန် ဖြစ်သွားလေ၏။ သူက ဝမ်လင်းကို အကြာကြီး စိုက်ကြည့်နေပြီနောက် ရှုံ့မဲ့စွာ ပြုံးလိုက်မိသည်။ သူက ပြောလိုက်၏။ “ငါမှတ်မိပြီ … အတိတ်တုန်းက အမြုတေဖွဲ့တည်ခြင်း အဆင့်လေးက ခုလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်နေခဲ့တာ တကယ့်ကို မယုံနိုင်လောက်အောင်ပဲ …”

သူက အခုပြန်မှတ်မိလိုက်သည်။ အတိတ်တုန်းက ဝမ်လင်းနှင့် ချူးစစ်ပိုင်သည် သူ့လက်မှ ထွက်ပြေးဟန် ပြင်နေစဉ် သူက ဝမ်လင်း၏ ထူးဆန်းသော စွမ်းအားတစ်ခုကိုပါ သတိပြု မိခဲ့သေးသည်။ သည်စွမ်းအားက ဒဏ္ဍာရီလာ ဂျိနယ်ပယ်ပင် ဖြစ်၏။ ထို့ကြောင့် သူက လောဘတက်ခဲ့သေးသည်။ သူက ဝမ်လင်းထံမှ ဂျိနယ်ပယ်ကို ထုတ်ယူနိုင်အောင် ဝမ်လင်းအား အတင်းအကျပ် တပည့်အဖြစ် သိမ်းသွင်းခဲ့သေးသည်။

သို့ရာတွင် သူက နှစ်ရာဂဏန်းလောက်ဖြင့် သည်လူငယ်က သူနှင့် အဆင့်တူ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လာနိုင်လိမ့်မည်လို့ လုံးဝ မထင်ထားမိခဲ့ချေ။ အတိတ်တုန်းက ရှိခဲ့သော သူ့ စိတ်ကူးသည် ချက်ချင်း အရည်ပျော် သွားတော့၏။

ချူစစ်ပိုင်ကလည်း အတိတ်တုန်းက အဖြစ်အပျက်များကို အသည်းအသန် ပြန်စဉ်းစားနေ၏။ ဝမ်လင်းက အခုထိ သူ့အထက်မှာ ရှိနေဆဲပင်။ အမြုတေ ဖွဲ့တည်ခြင်းအဆင့်မှာ ရှိနေစဉ်တုန်းကပင် သူက ဝမ်လင်းကို အနိုင်မယူ နိုင်ခဲ့ချေ။

စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်သည့် အချိန်တွင်လည်း သူက ဝမ်လင်းကို အနိုင်မယူ နိုင်ခဲ့ပြန်ချေ။

အခု သူက စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။ သို့သော်သူက ဝမ်လင်းကို ထပ်မြင်တွေ့သည့် အချိန်၌ ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နှင့်နေခဲ့၏။

အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုက ရယ်မောကာ ပြောလိုက်၏။ “အတိတ်တုန်းက ငါက အဆင်အခြင် မဲ့ခဲ့တယ်။ ရောင်းရင်း ကျင့်ကြံသူက ဒါကို ကိုင်ဆုတ်မထားဖို့ မျှော်လင့်မိပါတယ် …” ထို့နောက်သူက ခေါင်းစဉ်ပြောင်း၍ ထပ်မေးလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူဝမ်က ဒီနေရာကို ဘယ်လို ရတနာကြောင့်များ ရောက်လာခဲ့တာလဲ …”

ဝမ်လင်းက ပြုံး၍ ဖြေလိုက်သည်။ “အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်း …”

အဘိုးအိုက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်၏။ “တခြားဟာ ဆိုရင်တော့ ငါ ရောင်းရင်းကို ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းက ငါတို့ကို တစ်စုံတစ်ယောက်က ရောင်းဖို့ မေးထားပြီးပြီ …”

ဝမ်လင်းက ခေါင်းယမ်းပြလိုက်၏။ “ပြဿနာ မရှိဘူး။ ငါက ဒါကို လေလံနိုင်အောင် မဆွဲနိုင်ရင် ငါက ခိုးပြီး ပုံတူပွားရုံပဲ …”

ဆံပင်အဖြူရောင်နှင့် အဘိုးအိုက ရယ်မောလိုက်၏။ ထို့နောက်သူက ဘာမှ ဆက်ပြောခြင်း မရှိတော့ချေ။

ပထမအလွှာက ဆေးလုံးနှင့် ရတနာများစွာ ရောင်းထွက်သွားခဲ့ပြီ ဖြစ်၏။ သိပ်မကြာခင်တွင် ရှုလျို့က လေလံစင်ပေါ်သို့ တက်၍ စကားပြောသည်။ ခုလာမည့် ပစ္စည်းက အလွန်တန်ဖိုး ရှိတယ်။ လူတိုင်းက အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းကို ကြားဖူးမှာ သေချာပါတယ်။ ဒီဆေးလုံး ဖော်စပ်နည်းက ငါတို့ ရတနာခန်းမ စဖွင့်ကတည်းက တစ်ခါမှ မဖော်ပြခဲ့ဖူးဘူး။ ဒါက ပိုင်ရှင်ရဲ့ ချိပ်ပိတ်ထားမှု ရှိနေတုန်း ဆိုတာကို လူတိုင်း မြင်နိုင်တယ် …”

“အဆင့်ခြောက်ဆေးလုံး ဖော်စပ်နည်းက ဟင်္သာပြဒါး နိုင်ငံတစ်ခုပဲ ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ အခု သင်တို့လည်း ဒီဖော်စပ်နည်းကို ရှိနိုင်လာပြီ။ လူတိုင်းက ဒီဖော်စပ်နည်းရဲ့ တန်ဖိုးကို သိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ငါအများကြီး ပြောနေစရာ မလိုတော့ဘူး။ လေလံဝင်ဆွဲမယ့် လူတွေက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် အခြားရတနာ တစ်ခုခုနဲ့ ပေးချေနိုင်တယ်။ ရတနာခန်းမက တန်ဖိုးတွက်ချက် သတ်မှတ်ပေးမယ် …”

အထပ်သုံးထပ်လုံးက ချက်ချင်း ငြိမ်သက်သွားကြသည်။ လူအများက ဆေးလုံး ဖော်စပ်နည်းအတွက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ သိပ်မကြာခင် လူအများက အော်ဟစ်၍ စတင်ကမ်းလှမ်း လာကြသည်။

လီမူဝမ်က အနည်းငယ် စိတ်ပူပန်သွား၏။ ဝမ်လင်းက သူမ လက်ဖဝါးလေးကို ညင်သာစွာ ကိုင်ထားလိုက်သည်။ သူ့အသွင်က ပထမထပ်သို့ လှမ်းကြည့်နေသော်လည်း နဂိုအတိုင်းသာ ရှိနေဆဲပင်။

ချူးစစ်ပိုင်က ခါးသက်စွာ ပြုံးလိုက်သည်။ သူက သည်ဆေးလုံး ဖော်စပ်နည်းအတွက် ကြိုတင်ပြင်ဆင်၍ ရောက်ရှိလာခဲ့ခြင်းပင်။ သို့ရာတွင် သူက အခုလေလံ ဝင်မဆွဲဝံ့တော့ချေ။

မကြာခင်မှာပင် လေလံစျေးနှုန်းက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းထိ တက်လာခဲ့၏။ သည်စျေးနှုန်းက အလွန်မြင့်မား လွန်းသည်ဟု ယူဆနိုင်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset