သူတို့လေးယောက်က နတ်ဆိုးကလန် အပြင်ဘက်ခြမ်းသို့ ဖြတ်လာခဲ့ကြပြီး နန်ဒူမြို့ အနီးရှိ နတ်ဆိုးတိုက်ခိုက်ခြင်း ကလန်သို့ ရောက်ရှိ လာခဲ့ကြသည်။
သူတို့ရှေ့၌ ဧရာမတောင်ကြီး တစ်လုံး ရှိနေသည်။ တောင်ထိပ်၌ တစ်စုံတစ်ယောက်က နဂါးခေါင်း အသွင်ကို ထွင်းထား၏။ ကြည့်ရသည်မှာ တောင်ကို နဂါးကြီးတစ်ကောင် ရစ်ခွေထားသည်နှင့် ဆင်တူနေသည်။
သို့ရာတွင် သည်နဂါးတွင် အစိတ်အပိုင်း သုံးခု မရှိတော့ပေ။ နဂါးခေါင်းကလည်း တစ်ခြမ်း ကွဲနေခဲ့ပြီ ဖြစ်၏။
လီမူဝမ်က ထိုနဂါးကို အကွာအဝေး တစ်ခုမှ လှမ်းကြည့်ရင်း တွေးတောနေ၏။
ဝမ်လင်းက သက်ပြင်းချမိသည်။ သူက သည်ဧရိယာကို စစ်ဆေးကြည့်ပြီးရာ နတ်ဆိုးတိုက်ခိုက်ခြင်း ကလန် မရှိတော့သည်ကို တွေ့ရ၏။ ကလန်ရှိ ကျင့်ကြံသူများလည်း ရှိမနေတော့ချေ။ ထိုအစား သည်နေရာက အဆင့်နိမ့် နတ်ဆိုးသားရဲများ နှင့်သာ ပြည့်နေခဲ့၏။
လီမူဝမ်က ခပ်တိုးတိုး ပြောသည်။ “အစ်ကိုဝမ်လင်း … နင်ငါ့ကို ဒီနေရာကို ခေါ်လာတာ မှတ်မိလား …”
ဝမ်လင်းက ခေါင်းညိတ် ပြန်ဖြေသည်။ “အချိန်တွေ ကုန်ဆုံးလို့ လူတွေလည်း ပြောင်းလဲကုန်ပြီ …”
လီမူဝမ်က သူတို့အစတုန်းက တစ်ခါနေခဲ့သော လိုဏ်ဂူရှိရာသို့ ဦးတည်သွားသည်။ ထို့နောက် သူမက ပြော၏။ “အတိတ်တုန်းက လိုဏ်ဂူရော ရှိသေးရဲ့လား သိချင်မိတယ် …”
ဝမ်လင်းက ပြုံး၍ လီမူဝမ်ကို လက်သိုင်းခေါ်၍ အလင်းတန်း တစ်ခုအား ပျောက်ကွယ်သွားသည်။ လုဖန်နှင့် ထိုင်ယန်တို့ကလည်း နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သူတို့နောက်မှ လိုက်ပါလာသည်။ တကယ်တော့ နတ်ဆိုးပင်လယ်က ချူနိုင်ငံ မဟုတ်ပေ။
ဝမ်လင်းနှင့်လီမူဝမ်တို့ နောက်၌ လုဖန်က သက်ပြင်းချကာ ပြောလိုက်၏။ “ကြည့်ရတာ အကြီးအကဲလီက နတ်ဆိုးပင်လယ်မှာ နေခဲ့တယ်လို့ ပြောနေကြတာ မှန်တဲ့ပုံပဲ …”
ထိုင်ယန်က ပြန်ဖြေလိုက်၏။ “ဒီနေရာမှ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲလီတို့ တွေ့ခဲ့တဲ့နေရာ ဖြစ်နိုင်တယ်။ အစ်ကိုလီ … ကြည့်ရတာ အစ်ကို့ရဲ့ ကျင့်ကြံမှု အဆင့်က နည်းနည်း တိုးတက်လာပုံ ရတယ် …”
လုဖန်က ပြုံးသည်။ “ငါက စေတီနဲ့ ပေတစ်ထောင်နားပဲ ကပ်နိုင်သေးတယ်။ အဝေးကြီး လိုပါသေးတယ် …”
ထိုင်ယန်က နှုတ်ဆိတ်လျက် ရှိနေ၏။ သူက ပေငါးရာသာ သွားနိုင်သေး၏။ သူက ပြန်ရောက်လျှင် ပို၍ ကြိုးစားလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
ဝမ်လင်းက လီမူဝမ် လက်ဆွဲထားရင်း အသံထက် မြန်သောနှုန်းဖြင့် ပျံသန်းနေသည်။
သိပ်မကြာခင်တွင် ဝမ်လင်းနှင့် လီမူဝမ်တို့သည် လိုဏ်ဂူရှိရာ နေရာသို့ ရောက်လာခဲ့ကြ၏။
သို့ရာတွင် အတိတ်တုန်းက ရှိခဲ့သော လိုဏ်ဂူသည် လုံးဝပျောက်ကွယ် သွားခဲ့လေပြီ။
“အချိန်ကုန်လာသလို လူတွေလည်း ပြောင်းလဲလာတယ် …” လီမူဝမ် မျက်လုံးများက မှိန်ဖျော့နေ၏။
“နှစ်တစ်ရာအတွင်း နဂါးအစီအရင်က ပျက်စီးသွားခဲ့သလို လိုဏ်ဂူလည်း ပျောက်ကွယ်သွားခဲ့တယ်။ အတိတ်တုန်းက မှတ်ဉာဏ်တွေကလည်း အချိန်နဲ့အတူ လွင့်ပါးလာကြတယ် …” လီမူဝမ်၏ သေခြင်းအငွေ့အသက် အော်ရာက ရုတ်တရက် ပိုအားကောင်းလာ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်၏။ “ငါ ဟိုဖန်နိုင်ငံကို ထပ်မသွားချင်တော့ဘူး။ ငါတို့ ဆေးလုံးဖော်စပ်နည်းတွေ ဝယ်ပြီးရင် အိမ်ပြန်ကျမယ် …”
လုဖန်နှင့် ထိုင်ယန်တို့က သူတို့နောက်၌ ရပ်နေကြ၏။ သူတို့က ကြိတ်၍ သက်ပြင်းချကာ တိတ်တဆိတ် ရှိနေ၏။
ဝမ်လင်းက လီမူဝမ်ကို ကြည့်၍ ခပ်တိုးတိုး ပြောသည်။ “လိုဏ်ဂူက ပျောက်ကွယ် မသွားခဲ့ပါဘူး …”
ထိုသို့ ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ပုံစ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ စ်ယောက်၏ စွမ်းအား ပျံ့နှံ့လာခဲ့သည်။ မိုးခြိမ်းသံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေပြီး မြေပြင်ကလည်း အက်ကွဲလာခဲ့၏။
သိပ်မကြာခင်မှာ မြေအောက်ထဲမှ အားကောင်းသော အားတစ်ခုက မြင့်တက်လာပြီး မြေပြင်ကို ပို၍ ကွဲအက်စေသည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းက ပို၍ပို၍ ကြီးလာခဲ့သည်။
သည့်နောက် မျက်စိတစ်မှိတ် အတွင်း တောင်တစ်လုံး ပေါ်လာ၏။
သည်တောင်က သူတို့ အတိတ်တုန်းက နေခဲ့သည့် တောင်နှင့် တစ်ထေရာတည်း ဖြစ်နေသည်။
သည်တောင် ဖြစ်ပေါ်လာမှုက မြေပြင်ကို ပြင်းစွာ တုန်ခါစေသည်။ ကီလိုမီတာ တစ်သောင်းအတွင်းရှိ လူများက သည်တုန်ခါမှုကို ခံစားရ၏။ သည်ဧရိယာ အတွင်းရှိ ကျင့်ကြံသူတို့က နေရာ ပြောင်းကုန်ကြသည်။
အချို့သော စွမ်းအားကောင်းသော ကျင့်ကြံသူများက တုန်ခါမှု၏ ဗဟိုချက်သို့ ပျံသန်းလာကြ၏။
ပို၍ပို၍ များပြားသော ကျင့်ကြံသူများက တဖွဲဖွဲ ရောက်လာကြသည်။ သူတို့က အနီးသို့ ထပ်ကပ်ဝံ့ခြင်း မရှိဘဲ ပေတစ်သောင်း အကွာကနေသာ အထိတ်တလန့် ကြည့်နေကြ၏။
ဝမ်လင်းက တောင်ကို လက်ညွှန်လိုက်ရာ ထိုတောင်အလယ်၌ လိုဏ်ဂူတစ်ခု ပေါ်လာ၏။ သည်လိုဏ်ဂူက သူတို့နေခဲ့သော အတိတ်က လိုဏ်ဂူနှင့် ထပ်တူပင်။
“ဝမ်အာ … လိုဏ်ဂူက ပျောက်ကွယ် မသွားခဲ့ဘူး …” ဝမ်လင်းက လီမူဝမ်ကို လှည့်၍ ကြည့်သည်။
လီမူဝမ်က လိုဏ်ဂူကို ကြည့်၍ ပြုံးနေသည်။ သည်အပြုံးက သူမ၏ သေခြင်းအော်ရာကို အနည်းငယ် လျော့ကျသွားစေ၏။
လိုဏ်ဂူထဲသို့ ဝင်လာပြီးနောက် လီမူဝမ်က ပျော်ရွှင်စွာဖြင့် မိန်းမပျိုလေး တစ်ယောက်လို ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေ၏။ သူမက ဝမ်လင်း၏ လက်မောင်းကို လှမ်းလှမ်းခို၍ အတိတ်တုန်းက အကြောင်းကို ပြန်ပြောနေတော့သည်။
လီမူဝမ်က ရယ်မောလိုက်၏။ “ဝမ်အာ အစ်ကိုဝမ်ကို သုံးနှစ်တောင် ဒီမှာ စောင့်နေခဲ့ရတာ။ ဒါပေမဲ့ အစ်ကိုပြန်လာတဲ့ အချိန်မှာ အစ်ကို့နောက်ကို လူတစ်စု လိုက်ပါ တိုက်ခိုက်လာလိမ့်မယ် လို့တော့ မထင်ခဲ့မိဘူး …”
“ပြီးတော့လေ အဲ့တုန်းက အစ်ကို ပြန်လာတော့ နဂါးအရေခွံ တစ်ခုပါ ပါလာခဲ့တယ်။ ဝမ်အာက အဲ့ဒီနဂါး အရေခွံကို အစ်ကို ဘယ်က ရခဲ့လဲ သိချင်နေခဲ့တာ၊ ဒါပေမဲ့ အဲ့အချိန်တုန်းက အစ်ကိုဟာ အရမ်း အေးတိအေးစက်နဲ့၊ ဒါကြောင့် ဝမ်အာက မမေးဝံ့ဘဲ နေခဲ့ရတာလေ …” လီမူဝမ်က ဝမ်လင်းအား နူးညံ့စွာ ကြည့်နေသည်။
ဝမ်လင်းကတော့ သူ့နှာခေါင်းကို သူပွတ်၍ ပြုံးလို့သာ နေသည်။
လိုဏ်ဂူတွင် သုံးရက်တာ နေပြီးနောက် လီမူဝမ်က အင်တင်တင်နှင့် ပြန်ထွက်လာ၏။ ဝမ်လင်းက သူမကို ခေါ်ပြီးနောက် နတ်ဆိုးပုန်ကန်ခြင်း မြို့ရှိရာသို့ ပျံသန်းလာခဲ့ကြသည်။
နတ်ဆိုးပင်လယ်သို့ လာခဲ့သော သည်ခရီးစဉ်က ဝမ်လင်းကို ပျော်ရွှင်စေခဲ့၏။ လီမူဝမ်၏ သေခြင်းအော်ရာက လုံးဝဆုတ်ယုတ်သွားသောကြောင့်ပင်။
ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုပြီး ရှစ်ရက်တာ သွားလာခဲ့ပြီးနောက် သူတို့က နတ်ဆိုးပုန်ကန်ခြင်း မြို့ရှေ့၌ ပေါ်လာခဲ့၏။
မြို့ထဲသို့ ဝင်ရန် စိတ်ဝိညာဉ် ကျောက်တုံးအချို့ကို ပေးပြီးနောက် လုဖန်က သူတို့လေးယောက် အတွက် တည်းခိုခန်း တစ်ခုကို သွားရှာ၏။
ထိုင်ယန်က နတ်ဆိုးပင်လယ်ကို ငယ်ရွယ်စဉ်တုန်းက ဖြတ်သန်း သွားလာဖူး၏။ ထို့ကြောင့်သူက လုဖန်ထက်ပို၍ အတွေ့အကြုံရှိသည်။ ဝမ်လင်းက ထိုင်ယန်ကို ရတနာသန့်စင်ခြင်း ခန်းမသို့ သွားခိုင်းလိုက်၏။ ထိုင်ယန်က ဖိတ်စာတစ်စောင် နှင့်အတူ ပျံလာခဲ့သည်။
“ကလန်ခေါင်းဆောင် … လေလံပွဲက နောက်ခုနစ်ရက်ကျရင် ကျင်းပလိမ့်မယ်။ ဒါက ဖိတ်စာပါ …” ထိုင်ယန်က ဝမ်းလင်းထံသို့ ဖိတ်စာကို ရိုသေစွာ ပေးလိုက်၏။
သည်ခုနစ်ရက်အတွင်း ဝမ်လင်းနှင့် လီမူဝမ်တို့သည် နတ်ဆိုးပုန်ကန်ခြင်း မြို့အနှံ့ လျှောက်သွားနေကြသည်။ လီမူဝမ်က အလွန် ပျော်ရွှင်နေ၏။
ခုနစ်ရက် ကြာပြီးနောက် ရတနာ သန့်စင်ခြင်း ခန်းမ၏ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော လေလံပွဲက စတင်ကျင်းပ၏။
နတ်ဆိုးပုန်ကန်ခြင်း မြို့အတွင်းရှိ အကြီးမားဆုံး သုံးထပ်မျှော်စင်ထဲ၌ မရေမတွက် နိုင်သော ကျင့်ကြံသူများသည် ပထမထပ်တွင် ထိုင်နေကြသည်။
ဝမ်လင်းတို့အုပ်စု ရောက်သွားသည့်အချိန်တွင် ရတနာခန်းမ၏ အခြေခံတည်ဆောက်ခြင်း တပည့်နှစ်ယောက်က ဖိတ်စာကို လက်ခံ၍ သူတို့အား ခန်းမထဲသို့ ခေါ်သွား၏။
ဝမ်လင်းကို ဆေးလုံးဖော်စပ်နည်း ရောင်းချခဲ့သော သက်လတ်ပိုင်း လူကြီးသည်လည်း ခန်းမထဲ၌ ထိုင်နေလျက်ရှိသည်။ သူက ရင်းနှီးသော ကျင့်ကြံသူ အချို့နှင့် စကားပြောဆို နေကြသည်။ သို့သော် သူ့အသွင်က ဝမ်လင်း ဝင်လာသည်ကို မြင်လိုက်သည့်အခါ ပြောင်းလဲသွား၏။ သူက သူ့သူငယ်ချင်းများကို ခပ်မြန်မြန် နှုတ်ဆက်ပြီး ဝမ်လင်း ရှိရာသို့ လှမ်းလာ၏။ သူက ဝမ်လင်းရှေ့ သုံးပေအကွာတွင် ရပ်ကာ ခါးညွတ်၍ လေးစားစွာ ပြောသည်။ “စီနီယာ လာခဲ့တဲ့ အတွက် ငါက ဂုဏ်ယူမိပါတယ်။ စီနီယာ ဒီနေရာက လူတွေအရမ်းရှုပ်တယ်။ ငါတို့ တတိယအလွှာကို သွားကြစို့ …”
သက်လတ်ပိုင်း လူကြီးကို သိကြသော အနီးအနားရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။ သည်လူက ရတနာခန်းမ၏ အရေးကြီးသော လူတစ်ယောက်ဖြစ်သည်။ သူက အခုလိုပုံစံမျိုးဖြင့် လူတိုင်းကို ပြောလေ့မရှိပေ။ သည်လိုမြင်ကွင်းက ဖြစ်တောင့်ဖြစ်ခဲပင်။ လူတိုင်း၏ အကြည့်များက ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။
လူတိုင်းက ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်ကို မထောက်လှမ်း နိုင်သည့်အခါ တုန်လှုပ် မိသွားကြ၏။
သူတို့အမြင်၌ ဝမ်လင်းသည် စိတ်ဝိညာဉ်စွမ်းအင် လုံးဝမရှိသည့် သေမျိုးတစ်ယောက်နှင့် မခြားလှပေ။ သို့သော် သေမျိုးတစ်ယောက်က သည်နေရာသို့ မည်ကဲ့သို့ လာနိုင်ပါ့မည်နည်း။
ဝမ်လင်း၏ ဘေးတွင် ရှိနေသော လီမူဝမ်က အားနည်းသော ခန္ဓာကိုယ်နှင့် အမြုတေဖွဲ့တည်ခြင်း အဆင့်သာ ရှိသေး၏။
အများစုက လုဖန်နှင့် ထိုင်ယန်ကို ကြည့်၍ တုန်လှုပ် သွားကြပြန်သည်။
“စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေ …”
နတ်ဆိုးပင်လယ်ထဲ၌ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် ရှားပါးလှ၏။ ခုခန်းမထဲ၌ သည်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူများသည် ငါးယောက် မပြည့်လှချေ။
နတ်ဆိုးပင်လယ်၏ မည်သည့်နေရာတွင် ဖြစ်စေ သည်လိုလူများသည် သူတို့ ခြေတစ်လှမ်းဖြင့် မြေငလျင်တစ်ခုကို ဖြစ်စေနိုင်စွမ်း ရှိသူများ ဖြစ်ကြ၏။
သို့သော် သည်နှစ်ယောက်က သေမျိုးတစ်ယောက်နှင့် တူသော ဝမ်လင်း၏ နောက်၌ အစေခံကဲ့သို့ ရပ်နေကြ၏။ လူတိုင်းက မတုန်လှုပ်မိဘဲ နေနိုင်ပါ့မည်နည်း။
ထို့ပြင် သက်လတ်ပိုင်း လူကြီး၏ လေးစားစွာ ဆက်ဆံနေမှုကြောင့် သည်လူ၏ အဆင့်တန်းက လူတိုင်း၏ နှလုံးသားထဲ၌ မြင့်မားစွာ ရှိနေခဲ့၏။
သက်လတ်ပိုင်း လူကြီး၏ ဦးဆောင်မှုဖြင့် ဝမ်လင်းတို့ အုပ်စုသည် တတိယအလွှာသို့ ရောက်လာကြသည်။ တတိယအလွှာ တစ်ခုလုံး၌ အခန်းသုံးခန်းသာ ရှိနေသည်။ တစ်ခန်းစီကလည်း အလွန် အထက်တန်းကြသည်။ အခန်းနှစ်ခန်းက ပိုင်ရှင်ရှိနှင့်နေပြီး ဖြစ်ကာ ဝမ်လင်းတို့ အုပ်စုက ကျန်နေသေးသော ညာဘက်ရှိ အခန်းထဲသို့ ဝင်လိုက်ကြသည်။
သက်လတ်ပိုင်း လူကြီးက သူတို့နှင့် ခဏတာ မိတ်ဖွဲ့နေသေးသည်။ သို့သော် ဝမ်လင်း၏ စိတ်မရှည်သည့် ပုံစံကြောင့် သူက မြန်မြန်ဆန်ဆန် ပြန်ထွက်သွား၏။
သူက အခန်းထဲမှ ထွက်လာစဉ် နောက်ကျော၌ ချွေးများ စိုရွဲနေခဲ့သည်။ သူက အသက်ဝဝ ရှူ၍ လျင်မြန်စွာ ဆက်ထွက်လာခဲ့သည်။
ဝမ်လင်းက အခန်းထဲ၌ ကျန်ခဲ့ပြီးနောက် သည်လူက အဘိုးအိုအား ဝမ်လင်းအကြောင်း မေးလိုက်၏။ သည်အဘိုးအိုသည် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် ဝမ်လင်း၏ အကြည့်တစ်ချက်ဖြင့်ပင် သူက အမြီးကုပ်ခဲ့ရသည်။ ထို့ကြောင့် သူက ဝမ်လင်းကို ဒဏ္ဍာရီလာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ဖြစ်မည်ဟု ထင်မှတ်လိုက်၏။ အဘိုးအိုပင် အမြီးကုပ် သွားရသည့် အခြားအကြောင်း တစ်ခုကိုလည်း သူက မစဉ်းနိုင်ပေ။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ၏ တည်ရှိမှုသည် နတ်ဆိုးပင်လယ်၌ မည်သူမျှ သွားမရှုပ်ဝံ့သော တည်ရှိမှုမျိုး ဖြစ်သည်။
ရတနာ သန့်စင်ခြင်းခန်းက နတ်ဆိုးပင်လယ်၌ အမြစ်တွယ် အခြေခိုင်ပြီး တိုးတက်လာရခြင်းမှာ သူတို့တွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသောကြောင့်ဖြစ်၏။
ထို့ကြောင့်လည်း သူက ဝမ်လင်းကို သည်နေ့ မြင်လိုက်ရသည့် အချိန်တွင် ကျိုးနွံစွာ ဆက်ဆံနေခြင်းပင်။ တကယ်တော့ သူအဆင့်သည် သည်လိုလူမျိုး၏ ရှေ့၌ မည်သို့မျှ အရေးမပါလှချေ။
သက်လတ်ပိုင်း လူကြီးက အောက်ထပ်သို့ အလျင်အမြန် ပြန်ဆင်းလာပြီး ဒုတိယအလွှာရှိ အခန်းတစ်ခု၌ ရပ်လိုက်သည်။ ထို့နောက် သူက အသံနိမ့်ကာ ပြောလိုက်သည်။ “တပည့် ရှုလျို့မှာ ဘိုးဘေးကို အရေးတကြီး အကြောင်းကြားစရာ ရှိပါတယ် …”
မိန်းမဆန်ပြီး ဆွဲဆောင်အားကောင်းသော အသံတစ်ခုက အခန်းထဲမှ ထွက်ပေါ်လာ၏။ “အထဲ ဝင်လာခဲ့ …”
သက်လတ်ပိုင်း လူကြီးက အသက်ဝဝ ရှူသွင်း၍ အထဲသို့ လျင်မြန်စွာ ဝင်လာလိုက်သည်။
အချိန် အတန်ကြာပြီးနောက် သက်လတ်ပိုင်း လူကြီးက ပြန်ထွက်လာခဲ့၏။ သူ့အသွင်က ပုံမှန်ပြန် ဖြစ်သွားပြီး အောက်ဆုံးထပ်သို့ ပြန်ဆင်းလာ၍ သူ့မိတ်ဆွေများနှင့် ထပ်မံစကားပြော နေခဲ့သည်။ သည်လူအားလုံးက သူ့ထံကနေ ဝမ်လင်းအကြောင်းကို သိရန် ကြိုးစားကျသော်လည်း သက်လတ်ပိုင်း လူကြီးက မေးခွန်းများကို ရှောင်လွှဲခဲ့သည်။
ထိုအချိန်၌ နတ်ဆိုးပုန်ကန်ခြင်းမြို့ အပြင်ဘက်ရှိ ကီလိုမီတာ တစ်သောင်းအကွာရှိ မြေအောက်လိုဏ်ဂူထဲ၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သည်အဘိုးအိုက ကျင့်ကြံနေရာမှ မျက်လုံးဖွင့်လာခဲ့ပြီး လေထဲသို့ လက်ညွှန်၏။ သူ့ရှေ့၌ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး လှပသော အမျိုးသမီးတစ်ယောက်၏ အသွင် ပေါ်လာခဲ့သည်။
သည်အမျိုးသမီးက ကမ်းကုန်အောင်လှ၏။ အထူးသဖြင့် သူ့မျက်လုံးက ညှို့ငင်ဆွဲဆောင်အား ပြင်းထန်လွန်းသည်။
သည်အမျိုးသမီးက လေးစားစွာဖြင့် စကားအနည်းငယ် ပြော၍ အဘိုးအိုကို နှုတ်ဆက်ကာ ပျောက်ကွယ်သွား၏။
“အသံထက်မြန်သော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်လား …”
အဘိုးအို၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားတော့၏။
သည်လူက ဝမ်လင်း အမြုတေဖွဲ့တည်ခြင်း အဆင့်တုန်းက တွေ့ရှိခဲ့သော လိပ်ကြီးကို စီးနင်းသော အဘိုးအိုပင်။ ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး အပျက်အစီးကြယ်များ ရှိရာသို့ သွားရောက်ခဲ့စဉ်က ထပ်မံတွေ့ခဲ့ရသော သူလည်း ဖြစ်နေသည်။
***