လုဖန်နှင့်ထိုင်ယန်သည် အလင်းစက်ဝန်းများ ပြန့်ကားလာနေသည်ကို တွေ့လိုက်ရသောအခါ သူတို့၏အသွင်က ပြောင်းလဲသွား၏။ သူတို့က ကောင်းကင်နှင့် မြေကြီးကို မျက်နှာချင်းဆိုင် နေရသကဲ့သို့ ခံစားနေရသည်။ သူတို့ခန္ဓာကိုယ်ထဲရှိ စဦးစိတ်ဝိညာဉ်များက ဖိအားပေးခံနေရပြီး ပျက်စီးတော့မည့် အရိပ်အယောင်ပင် ပြသလာခဲ့၏။
သို့ရာတွင် ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ သည်ဖိအားက ပျောက်ကွယ်သွား၏။ သည်နှစ်ယောက်က ခုမှ စိတ်သက်သာရာ ရသွားကြ၏။ သူတို့က ဝမ်လင်းအား ပို၍ လေးစားစွာ ကြည့်လိုက်ကြသည်။
လီမူဝမ်က စေတီကိုကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်၏။ “ဒါက ဘာကြီးလဲ …”
ဝမ်လင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။ “ဒီမျှော်စင်ရဲ့ အထဲမှ အမျိုးသမီး အလောင်းတစ်ခု ရှိတယ်။ သူမကို စောင့်ရှောက်ဖို့ စီနီယာ တစ်ယောက်က ငါ့ကို ပြောခဲ့တယ် …”
ဝမ်လင်းက လီမူဝမ်ကို ကျောက်ရီနှင့် ထန်အာတို့၏ ဇာတ်လမ်းအား ပြောပြလိုက်၏။ လီမူဝမ်က စိတ်ခံစားချက် လွယ်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက ဇာတ်လမ်းထဲ၌ လုံးဝမြောပါ သွားသည်။
လီမူဝမ်က ခပ်တိုးတိုး ပြောလိုက်၏။ “စီနီယာ ကျောက်ရီက ဓားစိတ်ဝိညာဉ် အဖြစ် ပြောင်းသွားပြီး တာလော့ဓားကလန်ကို သွားခဲ့တာ ဘာတွေများ ဆက်ဖြစ်မလဲ သိချင်လိုက်တာ …”
ဝမ်လင်းက စဉ်းစားပြီး ခေါင်းယမ်းကာ ပြောလိုက်၏။ “ဘာရလဒ်ပဲဖြစ်ဖြစ် ဒါက သူ့ရွေးချယ်မှုပဲ။ ငါက သူ့ဆန္ဒ ပြည့်ဝနိုင်ဖို့တော့ မျှော်လင့်မိတယ် …”
လီမူဝမ်က ခေါင်းညိတ်ပြ၏။ စေတီထံသို့ ကြည့်နေသော သူမအကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။
ဝမ်လင်းက စေတီဘေး၌ တောင်ကနေရသော ကျောက်တုံးများဖြင့် ကျောက်တုံးအိမ်လေး အချို့ကို ဆောက်လိုက်၏။ လီမူဝမ်က ပျော်ရွှင်စွာ ကူညီပေးနေသည်။ ဝမ်လင်းက လီမူဝမ်ကို လှမ်းကြည့်ပြီးနောက် သူက ပြုံးလိုက်၏။
လီမူဝမ်က သူမနဖူးပေါ်ရှိ ချွေးစက်လေးများကို သုတ်၍ နောက်ဆုံးလက်ကျန် ကျောက်တုံးတစ်ခုကို နေရာချလိုက်၏။ သည့်နောက် သူက ဝမ်လင်းကို လှမ်းပြောလိုက်၏။ “ဒီနေ့ကစပြီး … ဒါက ငါတို့ အိမ်အသစ်ပဲ …”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ သူမမျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုကို ကြည့်၍ သူ့နှလုံးသားက နာကျင်စွာ ခံစားရသည်။ သူ့စွမ်းအားနှင့်ဆိုလျှင် လီမူဝမ်က ကူညီစရာ မလိုအပ်ချေ။ သို့သော် သူမက သူ့အား ကူညီနေ၏။
လီမူဝမ်က အမြဲလိုလို နူးညံ့ပြီး အနည်းငယ် အားနည်းသည့် အမျိုးသမီးတစ်ယောက်။ သို့ရာတွင် သူမ၏ အားနည်းမှုထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုတို့က အားကောင်းစွာ တည်ရှိနေ၏။ ဝမ်လင်းက သူမကူညီသည်ကို မငြင်းဆိုနိုင်ဘဲ ခွင့်ပြုပေးခဲ့ရ၏။
သူက လီမူဝမ် အလွန်ပျော်ရွှင် နေသည်ကို ကြည့်နေမိသည်။ သူမက သူ့ကို လှမ်းကြည့်သည့် ဘယ်အချိန်ဖြစ်ဖြစ် သူမ၏မျက်လုံးထဲ၌ ကြင်နာရိပ်များ ဝမ်းနည်းရိပ်များ သန်းနေလျက် ရှိနေ၏။
သည်ဝမ်းနည်းရိပ်က သူ့အမေက သူ့အဖေကို ကြည့်ခဲ့သော အကြည့်နှင့် အသွင်တူသည်။
ကျောက်ရီက ထန်အာ နိုးထလာချိန်၌ ကြည့်သည့် အကြည့်လည်း ထို့အတူသာ ဖြစ်၏။
ဝမ်လင်းက လီမူဝမ်၏ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ် စွမ်းအင်များ ထည့်သွင်း ပြုပြင်ပေးပြီးနောက်တွင် သူမအိပ်ပျော်သွားသည်ကို ကြည့်ငေးပြီးနောက် ကျောက်တုံး အခန်းလေးထဲမှ အပြင်သို့ ထွက်လာခဲ့၏။ အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုးနေပြီး ကောင်းကင်ထက်၌ လမင်း ထိန်ထိန်သာ နေ၏။ လုဖန်နှင့် ထိုင်ယန်တို့သည်လည်း အပြင်ဘက်၌ ကျင့်ကြံလျက် ရှိနေကြသည်။ သူတို့က ဝမ်လင်းကို မြင်လိုက်သည့်အခါ မတ်တတ်ရပ်၍ နှုတ်ဆက်ကြ၏။
“ကလန်ခေါင်းဆောင် …”
ဝမ်လင်းက သည်နှစ်ယောက်ကို ကြည့်ကာ လေးနက်စွာ ပြော၏။ “မင်းတို့နှစ်ယောက် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်မှာ ရှိနေခဲ့တာ ဘယ်လောက်ကြာပြီလဲ …”
လုဖန်နှင့်ထိုင်ယန်တို့က အလွန်ပျော်ရွှင် သွားကြ၏။ သူတို့က ဝမ်လင်းနောက်သို့ လိုက်ပါလာရသည့် အကြောင်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိအောင် သူ့အကူအညီကို မျှော်လင့်မိ၍ ဖြစ်သည်။ သို့ရာတွင် ဝမ်လင်းက လွန်ခဲ့သော တစ်လလုံးလုံး သည်အကြောင်းကို တစ်ခွန်းမှ မဟခဲ့ချေ။
သူတို့နှစ်ယောက်က မေးလည်း မမေးဝံ့ကြချေ။ ထို့ကြောင့် သူတို့က တိတ်ဆိတ်စွာ စောင့်နေရုံသာ ရှိတော့၏။
လုဖိုင်က သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်၍ ပြောသည်။ “ဂျူနီယာက ဒီအဆင့်မှာ ၁၄၃ နှစ် ကြာမြင့်ခဲ့ပါပြီ …”
ထိုင်ယန်ကလည်း လေးစားစွာ ပြောလိုက်၏။ “ဂျူနီယာကတော့ ၁၇၂ နှစ် ကြာမြင့်ခဲ့ပါပြီ …”
ဝမ်လင်းက သူတို့နှစ်ယောက်အား သေချာ ကြည့်ရှုလိုက်၏။ သူခေါင်းယမ်း၍ ဆက်ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်လုံးက လမ်းမှားကို လျှောက်နေကြတာပဲ …”
လုဖန်နှင့် ထိုင်ယန်တို့က တိတ်ဆိတ်သွား၏။ သည့်နောက် ထိုင်ယန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ “စီနီယာ … ချူနိုင်ငံမှာ ဘယ်တုန်းကမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက် မရှိခဲ့ဖူးဘူး။ ငါတို့က တမန်တော်ကို မေးခဲ့ပေမဲ့ သူက ငါတို့ကို ဘာမှ ပြန်မဖြေခဲ့ဘူး။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်များထဲက ငါက တံခါးပိတ် လေ့ကျင့်ရုံနဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုတာ တွေးထင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းလမ်းအမှန်က ဘာလည်း ငါ မသိဘူး ဖြစ်နေတယ်။ ဂျူနီယာ ညီငယ်လုနဲ့ငါက အကြိမ်များစွာ လေ့လာပြီးနောက်မှာတော့ ဒီအဆင့်ကို ရောက်ဖို့ ငါတို့ရဲ့ နားလည်သဘောပေါက်ခြင်း အပေါ် မူတည်လိမ့်မယ်လို့ ကောက်ချက်ချခဲ့ကြတယ် …”
ဝမ်လင်းက သက်ပြင်းချသည်။ သူက သူ့နောက်ရှိ ကျောက်တုံးအခန်းလေးကို ကြည့်၍ ပြောလိုက်သည်။ “စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်နားလည် သဘောပေါက်မှုတွေ ရှိကြတယ်။ ကောင်းကင်ဘုံက အကြင်နာမဲ့ ရက်စက်တယ်။ ငါတို့က ဒါကို နားလည် သဘောပေါက်အောင် ကြိုးစားနေကြရတာ။ ဒါပေမဲ့ မင်းတို့က စိတ်ခံစားချက် လိုတယ်။ အနည်းဆုံး မင်းတို့ကို လှုပ်ရှားသွားစေနိုင်တဲ့ စိတ်ခံစားချက်။ မင်းတို့နှစ်ယောက်ရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက အရမ်းသိပ်သည်း များပြားနေပြီ။ ဒီစေတီနဲ့ ပေတစ်ထောင် အကွာက မင်းတို့ လေ့ကျင့်ဖို့ အကောင်းဆုံး နေရာပဲ။ ပေတစ်ထောင် အကွာကို မင်းတို့သွားကြ။ ပေ သုံးရာအကွာကို မင်းတို့ ကျင့်ကြံမှု အဆင့်နဲ့ ဝင်လာနိုင်ခဲ့မှ ငါ့ဆီပြန်လာခဲ့ကြ …”
သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြ၏။ သို့သော် သူတို့က တစ်စုံတစ်ရာကို နားလည်လိုက်ကြသည်။ တစ်ယောက် အရှေ့ဘက်သို့ ထွက်သွားပြီး နောက်တစ်ယောက်က တောင်ဘက်သို့သွားကာ ပေတစ်ထောင်အကွာတွင် ထိုင်၍ ဝမ်လင်း ပြောခဲ့သော စကားများကို နားလည်ရန် စတင်ကြသည်။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ကျောက်ရီ၏ နယ်ပယ်သည် ပေတစ်ထောင် အကွာအတွင်း ပြန်ပေါ်လာခဲ့၏။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သည်နေ့တွင် ဝမ်လင်းက လီမူဝမ်ကို ကုသပေးနေ၏။ လီမူဝမ်က ဝမ်လင်းနဖူးပေါ်ရှိ ချွေးစက်လေးများကို သုတ်သင်ပေးလိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်သည်။ “ငါ့ခန္ဓာကိုယ်က ဆက်မထိန်း နိုင်လောက်တော့ဘူး၊ ဒါက အဆင်ပြေတယ် …”
ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက လွန်ခဲ့သည့် တစ်လတွင် တစ်နေ့တစ်ကြိမ်သာ သူမ၏ ခန္ဓာကိုယ်ကို ပြုပြင်ကုသ ပေးနေခဲ့သည်။ သို့သော် အခုသူက နှစ်ရက်သုံးခါလောက် ကုသေးပေးနေ၏။ သည်အရာက သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ယိုယွင်းလာနေသည်ဟု ဆိုလိုခြင်းပင်။
ဝမ်လင်းက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ဝမ်အာ … မသေရဘူး …”
လီမူဝမ်က ညင်သာစွာ ခေါင်းညိတ်ပြကာ ပြုံး၏။ သူမက ဝမ်လင်းက တိတ်ဆိတ်စွာ ကြည့်နေမြဲ။ သူမက ဝမ်လင်းကို ကြည့်၍ မဝ ဖြစ်နေ၏။
ဝမ်လင်းက နှာခေါင်းကို ပွတ်ကာ ပြုံးမိသည်။ “ငါ ဝမ်အာကို ဒါတွေပေးဖို့ မေ့နေလိုက်တာ။ ရော့ ဒီမှာ ဝမ်အာ အတွက် လက်ဆောင်တွေ …” ထိုသို့ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြား အချို့ကို ထုတ်ယူလိုက်၏။
လီမူဝမ်က ပြုံး၍ လက်ခံ၏။ သူမက အလွန် အံ့အားသင့်သွားသည်။ “အဆင့်ငါး ဆေးလုံးဖော်စပ်နည်းတွေ။ ဒါတွေက အရမ်း အဖိုးတန်တယ် …”
ဝမ်လင်းက ပြုံး၍ ပြော၏။ “ဝမ်အာက ဆေးမီးဖိုကို ကိုယ်နဲ့မကွာ အမြဲယူလာတယ်မလား။ ဒီဆေးညွှန်းတွေကို အားလပ်ချိန်ကြရင် စမ်းသပ်ဖော်ကြည့် …”
လီမူဝမ်၏ မျက်လုံးလေးများက တလက်လက် ဖြစ်နေသည်။ သည့်အခိုက်၌ သူမက အလွန် ဆွဲဆောင်နိုင်စွမ်း ရှိသည်။
လီမူဝမ်က ဝမ်လင်းကို လှပသော မျက်လုံးရွဲကြီးများနှင့် ကြည့်၍ ပြုံးကာ ပြောသည်။ “အစ်ကိုဝမ်ရဲ့ အသွင်က ဘာလို့ နည်းနည်း ပြောင်းလဲသွားတာလဲ သိချင်မိတယ်။ ပြီးတော့ အစ်ကိုက ဘယ်ကနေ ဘယ်လို စန်နူး ဖြစ်လာရတာလဲ …”
ဝမ်လင်းက လီမူဝမ်ကို လွန်ခဲ့သော နှစ်တစ်ရာအတွင်း သူကြုံခဲ့ရသည့် အဖြစ်အပျက်များကို အသေးစိတ် ပြောပြလိုက်သည်။ သည့်အတွက်ကြောင့် လီမူဝမ်က မျက်လုံး ပြူးသွားမိ၏။
လီမူဝမ်က စိုးရိမ်ဟန်ဖြင့် ပြောသည်။ “အနီရောင် လိပ်ပြာက အစ်ကိုက စန်နူး ဖြစ်တယ်ဆိုတာ သိသွားရင် သူ ကြိမ်းသေပေါက် အစ်ကိုရှိ လာလိမ့်မယ် …”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ “အစ်ကို ခုလက်ရှိကျင့်ကြံမှု အဆင့်နဲ့ဆိုရင် နောက်ထပ် နှစ်အနည်းငယ်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ရောက်လိမ့်မယ်။ အဲ့ကျရင် အစ်ကိုက သူမကို နိုင်ဖို့ ခုနစ်ဆယ် ရာခိုင်နှုန်း သေချာတယ် …”
လီမူဝမ်က ဝမ်လင်းကို ကြည့်၍ ရုတ်တရက် မေးလိုက်သည်။
ဝမ်လင်းက ပြန်ဖြေလိုက်၏။ “ကောင်းပါပြီ … ရတနာသန့်စင်ခြင်း ခန်းမကလည်း အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းကို မကြာခင် လေလံတင်တော့မှာ။ အစ်ကိုက မင်းအတွက် ဝယ်ပေးမယ် …”
“အန် …” လီမူဝမ် မျက်နှာက ပြုံးရွှင်သွား၏။
လီမူဝမ်၏ အပြုံးကို ကြည့်နေရင်း ဝမ်လင်း နှလုံးသားက ထပ်မံ နာကျင်ရပြန်သည်။ သူက လီမူဝမ်ကို မျက်လုံးမခွာစတမ်း ကြည့်နေ၏။
လီမူဝမ်၏ လှပသော မျက်နှာလေးက တဖြည်းဖြည်း နီရဲလာ၏။
သည့်နောက် ဝမ်လင်းက တစ်လုံးချင်း ပြောလိုက်၏။ “ငါ ဝမ်အာကို သေခွင့်မပြုဘူး။ အဲ့လို အဖြစ်မခံဘူး …”
လီမူဝမ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ည၌ လီမူဝမ်က အိပ်ရာဝင်သွားခိုက်တွင် ဝမ်လင်းက အပြင်သို့ ထွက်လာ၏။ သူက လမင်းကြီးကို ဝမ်းနည်းဟန်ဖြင့် ကြည့်သည်။ လီမူဝမ်ခန္ဓာကိုယ်က စိတ်ဝိညာဉ် စွမ်းအင်များ၏ အကူအညီကြောင့် အနည်းငယ် သက်သာလာခဲ့၏။ သို့သော် ကောင်းကင်ဘုံ၏ အလိုဆန္ဒက တစ်ဦးတစ်ယောက် ပြောင်းလဲနိုင်သော အရာ မဟုတ်ပေ။ သူမ၏ သေဆုံးခြင်း အငွေ့အသက် အော်ရာက ပိုထူထဲလာခဲ့၏။
“စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်မှသာ သူမ သက်တမ်းက ဆန့်ထုတ်နိုင်မှာ ဖြစ်တယ်။ သို့ရာတွင် သူမ၏ အားနည်းနေသော ခန္ဓာကိုယ်ဖြင့် စဦးစိတ်ဝိညာဉ် ဖြစ်တည်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ဝမ်အာက သူ့သက်တမ်းကို အပြည့်သုံးစွဲ ပြီးနေခဲ့ပြီ။ ငါက သူ့စိတ်ဝိညာဉ်ကို ဖယ်ရှားပစ်မယ် ဆိုရင်တောင် သူမက ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး …”
ဝမ်လင်းက အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းကို ရရှိအောင် လုပ်ရပေမည်။ အဆင့်ခြောက် ဆေးလုံးက ဝမ်အာရဲ့ ခန္ဓာကိုယ်ကို အနည်းငယ်တော့ ပြန်ကောင်းစေနိုင်ဖို့ ကူညီနိုင်မည် ဖြစ်၏။ “သူမ ခန္ဓာကိုယ် ပြန်ကောင်းလာရင် ငါက သူ့ကို စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ ကူညီနိုင်တယ်။ ငါထွက်သွားခဲ့တဲ့ နှစ်တွေမှာ သူမအပေါ် အကြွေးအများကြီး တင်နေတယ် …”
ဝမ်လင်းက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေ၏။ သူ့ပုံရိပ်က အထီးကျန်ဆန်မှုများဖြင့် ပြည့်နေသည်။ သူက သက်ပြင်းသဲ့သဲ့ ချကာ ဆုံးဖြတ်ချက်ချဟန်ဖြင့် ထိုင်ချလိုက်၏။
သူက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့လက်ကောက်ဝတ်ရှိ သားရဲထိန်းချုပ်ခြင်း လက်ကောက်ကို ထိလိုက်၏။ သည်လက်ကောက်က မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းသွား၍ မြေပေါ်တွင် ရပ်နေ၏။
မိုးကြိုး ဖားပြုတ်သားရဲ၏ အသက်ရှူသံက အလွန်အားနည်းနေ၏။ ၎င်း၏ ခန္ဓာကိုယ်က ဒဏ်ရာဗရပွ ရှိနေသည်။ ၎င်းက အသက်ပင်ကောင်းစွာ မရှူနိုင်တော့ချေ။
ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ ဆေးလုံးအချို့က သူ့လက်၌ ပေါ်လာခဲ့၏။ သူက ဆေးလုံးတစ်လုံးကို မိုးကြိုးဖားပြုတ် ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင် အသုံးပြု၍ သည်ဆေးလုံးစွမ်းအင်ကို ချက်လုပ်နိုင်ရန် ကူညီပေးလိုက်သည်။
ပြီးခဲ့သော ရက်များကတည်းက သူသည် မိုးကြိုးဖားပြုတ်ကို နေ့တိုင်း ဆေးတစ်လုံးစီ တိုက်ကျွေးလေ့ရှိသည်။ သည်ဆေးလုံးက လီမူဝမ်အတွက် ချူယောင်ဇီ အထူး ပြုလုပ်ပေးထားခြင်း ဖြစ်၏။ သို့သော် လီမူဝမ် အတွက်တော့ ဆေးလုံး အများအပြား သောက်သုံးသော်လည်း သက်ရောက်မှု မရှိတော့ပေ။ တကယ်တော့ လီမူဝမ်၏ နေမကောင်းမှုက ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် မဟုတ်ဘဲ သူမ၏ သက်တမ်းက အကန့်အသတ်သို့ ရောက်နေသောကြောင့် ဖြစ်သည်။
မိုးကြိုးဖားပြုတ်က သည်ဆေးလုံးများကို စုပ်ယူပြီးနောက် ပို၍ ကောင်းမွန်လာခဲ့သည်။ ဝမ်လင်းက ၎င်းကို သားရဲထိန်းချုပ်ခြင်း လက်ကောက်ထဲသို့ ပြန်ထည့်သွင်းလိုက်၏။ ဝမ်လင်းက ၎င်းအပေါ်၌ ချိပ်ပိတ်ထားမှုကို ဖယ်ရှားလိုက်လျှင် သေဆုံးသွားလောက်ပြီ ဖြစ်၏။
ဝမ်လင်းက ပြန်လှည့်၍ ကျောက်တုံးအိမ် ထံသို့ ပြန်လာခဲ့သည်။ သည့်နောက် သူက တာလော့ ဓားကလန်၏ တပည့်ထံမှ ရရှိခဲ့သော ရတနာဓားကို ထုတ်ယူလိုက်သည်။
သည်ရတနာဓားပေါ်ရှိ အတားအဆီးများက ဝမ်လင်း သိခဲ့သော အတားအဆီးများနှင့် လုံးဝမတူပေ။ သူက ၎င်းအတားအဆီးများကို လေ့လာနေပြီးနောက် သဲလွန်စ အချို့ကို တွေ့လိုက်သည်။
ညတာ တဖြည်းဖြည်းချင်း ကုန်ဆုံးလာခြင်း နှင့်အတူ လရောင်ကလည်း မှိန်ဖျော့လာသည်။ ထို့နောက် အရှေ့အရပ်မှ နေဝန်း ထွက်ပေါ်လာပြီး လ ပျောက်ကွယ် သွားတော့သည်။
သည်ည၌ ဝမ်လင်းက အတားအဆီး ကိုးခုကို ကျွမ်းကျင်ခဲ့ပြီး ၎င်းတို့ကို အတားအဆီး အလံပေါ်၌ ထည့်ပေါင်းခဲ့၏။ အခု သည်အလံတွင် အတားအဆီးအုပ်စု ၁၄၅ ခု ရှိနေခဲ့ပြီ ဖြစ်သည်။ သို့သော် ပန်းတိုင်ဖြစ်သည့် အုပ်စုပေါင်း ၉၉၉ ခုနှင့်တော့ အလွန်ဝေးကွာ လှဆဲပင်။
သုံးရက်ကြာပြီးနောက် ဝမ်လင်းနှင့် လီမူဝမ်က တောင်ကြားထဲမှ ထွက်လာခဲ့သည်။ ထိုင်ယန်နှင့် လုဖန်တို့လည်း သူတို့နောက်သို့ လိုက်ပါလာကြ၏။
ဝမ်လင်းက စေတီကိုတော့ ထိုနေရာတွင်သာ ထားခဲ့၏။ အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်လျှင် ၎င်းစေတီကို မည်သူမျှ ယူနိုင်မည် မဟုတ်ချေ။
ချူနိုင်ငံ အစွန်အဖျား၌ ဝမ်လင်းက ရှေးဟောင်း အစီအရင် တစ်ခုကို ဖွင့်လှစ်လိုက်၏။ သည့်နောက် လီမူဝမ်၊ လုဖန်နှင့် ထိုင်ယန်တို့သည် ပျောက်ကွယ် သွားကြသည်။
လုဖန်နှင့် ထိုင်ယန်တို့က ဝမ်လင်းစွမ်းအား အပေါ်၌ ကြွေဆင်းရပြန်သည်။ သူတို့က အချိန်အတန်ကြာ အသက် ရှင်သန်ခဲ့သော်လည်း ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှင့် ပတ်သက်၍ ခုမှ တွေ့ကြုံဖူးကြခြင်း ဖြစ်၏။
နတ်ဆိုးပင်လယ် အတွင်း ဟိုဖန်နိုင်ငံ၏ နယ်စပ် တစ်နေရာတွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုသည် လင်းလက်လာခဲ့၏။ လူလေးယောက်က ထိုအစီအရင်ထဲမှ လှမ်းလျှောက် ထွက်လာခဲ့ကြ၏။
ယောက်ျား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်။ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်တို့သည် တာအို လက်တွဲဖော်များ ဖြစ်ကြောင်း ရှင်းလင်းနေ၏။ သူတို့နှစ်ယောက် နောက်တွင် ရှိနေသော နှစ်ယောက်က အစောင့်များ ဖြစ်ပုံရသည်။
လီမူဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။ “ငါက ဒီနေရာကို ပြန်မရောက်ခဲ့တာ နှစ်တွေအရမ်း ကြာခဲ့ပြီ။ ငါတို့ နဂါးတိုက်ပွဲ အစီအရင်ကို သွားကြည့်ကြစို့။ လူဘယ်လောက် များများက အသက်ရှင် ကျန်ရစ်ခဲ့လဲ ငါ သိချင်မိတယ် …”
“နဂါးတိုက်ပွဲ အစီအရင် …” ဝမ်လင်းက လီမူဝမ်သည့် သူ့ကို သည်အစီအရင် ပါဝင်သော ကျောက်စိမ်းပြား တစ်ခုကို ပေးခဲ့ဖူးသည်အား ပြန်မှတ်မိလိုက်၏။
***