ဝမ်လင်းက မျက်မှောင်ကြုတ်၍ အလောင်းကို လက်ညှိုးညွှန်၏။ သူက မီးလုံးတစ်လုံးကို ဖန်တီး၍ အလောင်းကို မီးရှို့လိုက်၏။ တစီစီအသံများ ထွက်ပေါ်လာခြင်းနှင့်အတူ လောက်ကောင်များသည် မီးကျွမ်း၍ ပြာဖြစ်သွားတော့သည်။
သိုလှောင်အိတ် တစ်ခုသာ မြေပြင်ပေါ်၌ ကျန်နေခဲ့၏။ ဝမ်လင်းက သည်သိုလှောင်အိတ်ကို ကောက်ယူလိုက်၏။ သူက သိုလှောင်အိတ်ကို စစ်ဆေးကြည့်ပြီးနောက် သူ့အသွင်က ထူးဆန်းသွားသည်။ သိုလှောင်အိတ်ထဲ၌ အင်းဆက်များမှ လွဲ၍ မည်သည့်အရာမှ ရှိမနေခဲ့။
သူက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ် အပေါ်၌ အတားအဆီး တစ်ခုကို နေရာချ၏။ သူက သိုလှောင်အိတ်ကို သိမ်း၍ ပျောက်ကွယ်သွားသည်။
ထို့နောက် သူက တိမ်ကောင်းကင် ကလန်၏ ကောင်းကင်ထက်၌ ပြန်ပေါ်လာခဲ့ပြီး ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
လီမူဝမ်က ဝမ်လင်းကို ငေးမော ကြည့်နေသည်။ သူမ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုကြောင့် ကျလာသည့် မျက်ရည်များ ပြည့်နေခဲ့သည်။ သူမက စကားပြောမလို ဟန်ပြင်လိုက်စဉ်မှာပင် ပြင်းထန်စွာ ချောင်းဆိုး၍ ပြိုလဲကျသွားသည်။
ဝမ်လင်းက လီမူဝမ်နားသို့ လျင်မြန်စွာ ရောက်လာခဲ့ပြီး သူမအား ထွေးပွေ့လိုက်သည်။ သည့်နောက် သူ့အသွင်က ပြောင်းလဲသွားသည်။ သူ့မျက်နှာက နက်မှောင်သွားပြီး အော်၍ အမိန့်ပေးလိုက်သည်။ “လိုင်ဖန်၊ စုန်ချင် ကလန်ကို ချိပ်ပိတ်လိုက်။ ငါပြန်မထွက်လာခင် ဘယ်သူမှ သွားခွင့်မပြုနဲ့ …” ဝမ်လင်းက လီမူဝမ်ကို ပွေ့၍ အရှေ့ဘက် ခြံဝန်းသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။
လိုင်ဖန်နှင့် စုန်ချင်သည်လည်း ဝမ်လင်း ပြောခဲ့သည့်အတိုင်း ခပ်မြန်မြန် လုပ်ဆောင်ကြ၏။
ကြီးမားသော အလင်းစတစ်ခုက တိမ်ကောင်းကင်ကလန်ကို ဖုံးအုပ်သွား၏။ ကလန်သည် အပြင်ဘက်ရှိ လူအများ၏ အမြင်မှ ပျောက်ကွယ် သွားပြန်သည်။
အသက်ရှင် ကျန်ရစ်ခဲ့သော တပည့်များသည်လည်း အပြင်သို့ သွားခဲ့မရှိတော့ပေ။ သူတို့က အမိန့်ကို ပျော်ရွှင်စွာ လိုက်နာကြ၏။ အကြောင်းမှာ သူတို့က ဘယ်မှ သွားစရာ မရှိသဖြင့် သူတို့အချင်းချင်း စကားပြောရုံသာ ရှိတော့၏။ သူတို့က စန်နူး၏ အကြောင်းကိုသာ ခေါင်းစီးလုပ်၍ ပြောဆိုနေကြသည်။
လိုင်ဖန်နှင့် စုန်ချင်က စကားပြောဆိုပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်၏။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု ရောထွေးနေ၏။
စိတ်လှုပ်ရှားမှု ဖြစ်ရသည်မှာ တိမ်ကောင်းကင်ကလန်သည် စန်နူးအဖြစ် ကျော်ကြားနေသည့် ဝမ်လင်း၏ ကယ်ဆယ်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဖြစ်၏။
ကြောက်ရွံ့မှုကတော့ ဝမ်လင်း ပြန်လာမှုကြောင့်ပင်။ တကယ်တော့ သူတို့က အတိတ်တုန်းက သွေးလွှမ်းသော မြင်ကွင်းကို မမေ့နိုင်သေးချေ။
သူတို့နှစ်ယောက်လုံးက အရှေ့ဘက်ခြံသို့ ပျံသန်း လာခဲ့ကြသော်လည်း အနားသို့ မတိုးကပ်ရဲကြချေ။ သူတို့ထက် အဆင့်မြင့်သော မြင့်မြတ်သော အကြီးအကဲ နှစ်ယောက်ပင် သူတို့နှင့်အတူ ခြံပြင်၌ ဝမ်လင်းကို စောင့်နေကြ၏။
အခန်းထဲ၌ ဝမ်လင်းက လီမူဝမ်ရှေ့၌ တင်ပျဉ်ခွေ၍ ထိုင်နေ၏။ လီမူဝမ်၏ မျက်နှာသည် အလွန်ဖြူရော်နေ၏။ သူမ ခန္ဓာကိုယ်ကလည်း အားနည်းလွန်းနေပြီး သေဆုံးတော့မည့် အရိပ်အယောင် ပြသနေသည်။
ဝမ်လင်းက လီမူဝမ်ကို အလေးအနက် ကြည့်နေ၏။ သူက အံကျိတ်၍ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်၍ သူမအား ဝန်းရံထားစေသည်။ ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များကို လီမူဝမ်ထံသို့ ပို့လွှတ်ပေးနေ၏။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ သုံးရက်ကြာပြီးသည့် အချိန်ထိ ဝမ်လင်းက မျက်မှောင်ကြုတ်လျက် ရှိနေဆဲပင်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့သာ မရောက်ရှိနေခဲ့လျှင် အခုချိန်၌ သူ့စိတ်ဝိညာဉ် စွမ်းအင်များက မောပန်းခန်းခြောက်နေနေပြီ ဖြစ်သည်။ သို့ရာတွင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဖြစ်သည့်အတွက် သည်လို ပို့လွှတ်ပေးမှုသည် သိပ်တော့ ပြဿနာမရှိလှ။
လီမူဝမ်၏ မျက်နှာက ဖြူရော်နေရာမှ အရောင်ပြန်တက် လာခဲ့၏။
သုံးရက်မြောက် ညမှာတော့ သူမက မျက်လုံး ဖွင့်လာခဲ့၏။ သူက မျက်လုံး ဖွင့်ဖွင့်ချင်း ဝမ်လင်းက မြင်လိုက်ရသောကြောင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
လီမူဝမ်က ခပ်တိုးတိုးလေး ပြောလိုက်၏။ “အစ်ကိုဝမ် …”
ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချ၏။ ထို့နောက်သူက ပြုံး၍ ပြောလိုက်သည်။ “ဒါက ဘာမှမဟုတ်ပါဘူး။ စိတ်ဝိညာဉ် စွမ်းအင်လေး ပို့လွှတ်ပေးရုံပါပဲ။ ဝမ်အာ … နေပြန်ကောင်းလာရင် ငါက စဦးစိတ်ဝိညာဉ် အဆင့် ရောက်ဖို့ ကူညီပေးမယ် …”
လီမူဝမ်က ပြုံးသည်။ သည်အပြုံးထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သူမက ခေါင်းယမ်းကာ မေးလိုက်၏။ “နင် ထပ်ထွက်ခွာ သွားဦးမှာလား …”
ဝမ်လင်းက ညင်သာစွာ ပြန်ဖြေလိုက်၏။ “ငါခု ဘယ်မှ မသွားတော့ပါဘူး …”
လီမူဝမ် မျက်လုံးလေးက လက်ခနဲ ဖြစ်သွားပြီး သူမက ခပ်တိုးတိုးလေး ပြောလိုက်၏။ “တကယ်လား …”
ဝမ်လင်းက ခေါင်းညိတ်ကာ ဖြေ၏။ “တကယ်ပေါ့ … ဝမ်အာ … နင်က ခုမှ နေပြန်ကောင်းခါစပဲ ရှိသေးတယ်။ အနားယူလိုက်ဦး …”
လီမူဝမ်က ဝမ်လင်း၏ ပခုံးကို မှီရင်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။ သူမက အိပ်ပျောက်သွားသည့် အချိန်မှာပင် မျက်နှာပေါ်က အပြုံးက ရှိနေဆဲသာ။ လွန်ခဲ့သောနှစ်တစ်ရာအတွင်း သည်လိုအပြုံးမျိုး သူမ မျက်နှာပေါ်၌ မပေါ်ထွက်ခဲ့ဖူးပေ။
အချိန် အတန်ကြာပြီးနောက် ဝမ်လင်းက လီမူဝမ်ကို အိပ်ရာပေါ်သို့ သယ်သွား၏။ သူက သူမကို အိပ်ယာပေါ်၌ နေရာချလိုက်ပြီး စောင်ခြုံပေး၍ အပြင်သို့ ပြန်ထွက်လာ၏။
သူက အပြင်သို့ ပြန်ရောက်သွားချိန်တွင် သူ့အသွင်က ချက်ချင်း နက်မှောင်သွားသည်။
သူ့ကို အပြင်တွင် စောင့်နေသော လူအချို့ ရှိနေ၏။ အကြီးအကဲစဦး စိတ်ဝိညာဉ်အဆင့် ခေါင်းဆောင်နှစ်ယောက်၊ လိုင်ဖန်၊ စုန်ချင်နှင့် ချူယောင်ဇီ အပြင် လွန်ခဲ့သော နှစ်တစ်ရာအတွင်း စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိခဲ့ကြသော အကြီးအကဲ နှစ်ယောက်တို့သည် ဝမ်လင်းကို စောင့်ဆိုင်းနေကြ၏။
ဝမ်လင်း လှမ်းလျှောက်လာသည့် အခိုက်တွင် သူတို့က မျက်လုံးဖွင့်၍ မတ်တတ်ထ ရပ်ကြသည်။ သူတို့အားလုံးက အသက်ဝဝ မရှူဝံ့ကြပေ။ အတိတ်တုန်းက ဝမ်လင်း၏ လုပ်ရပ်သည် သူတို့အား ခြောက်လန့်နေဆဲပင်။ အခု သူက အတိတ်တုန်းကထက်ပင် သာ၍ စွမ်းအား ကောင်းလာသေး၏။ သူတို့အတွက်တော့ ဝမ်လင်းက ထိန့်လန့်စရာ လူတစ်ယောက် ဖြစ်နေ၏။
“ဝမ်အာ ခန္ဓာကိုယ်က ဘာလို့ အခုလို ဖြစ်ရတာလဲ။ လွန်ခဲ့တဲ့နှစ်တစ်ရာ ငါထွက်သွားတုန်းက သူမက ဒီလိုမဟုတ်ဘူး …” ဝမ်လင်းအသံက တည်ငြိမ်နေ၏။ သို့သော် သူ့ရှေ့ရှိ လူခုနစ်ယောက် နားထဲ၌ သူ့အသံက ထိတ်လန့်စရာ ကောင်းနေ၏။ သူတို့မျက်နှာပေါ်၌ အကြောက်တရားများ ဖြစ်ပေါ်နေကြသည်။
လိုင်ဖန်နှင့် အခြားလူများ၏ စဦးစိတ်ဝိညာဉ်များသည် တုန်ခါသွားကြ၏။ အကြီးအကဲ ခေါင်းဆောင်နှစ်ယောက် သာလျှင် သူတို့၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ကြ၏။
အကြီးအကဲခေါင်းဆောင် တစ်ယောက်က သက်ပြင်းချကာ အားတင်း၍ ပြောလိုက်သည်။ “ကလန်ခေါင်းဆောင် အမျိုးသမီး ဝမ်အာက လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ သုံးကြိမ် ကြိုးပမ်းခဲ့တယ်။ သူမက အကြိမ်တိုင်း ကျရှုံးခဲ့ရတယ်။ သူမခန္ဓာကိုယ်က ဒါကို တောင့်မခံနိုင်တော့ဘူး ဖြစ်ရတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သူမက သေမလိုပါ ဖြစ်ခဲ့ရတယ် …” သည်လူက ထန်ဘိုင်ရှေ့၌ လီမူဝမ်ကို ကာကွယ်ပေးခဲ့သော လူပင် ဖြစ်သည်။
ဝမ်လင်းက ထိုလူကိုကြည့်၍ မေးလိုက်၏။ “ငါ မှတ်မိတာ မမှားဘူးဆိုရင် မင်းရဲ့ မျိုးရိုးနာမည်က လိုင် မလား …”
အဘိုးအိုက ပျော်ရွှင်သွား၏။ သူက ရိုသေစွာ ပြန်ဖြေ၏။ “ကလန်ခေါင်းဆောင်က ခုထိ ငါ့ကို မှတ်မိနေသေးတာပဲ၊ ငါ့နာမည်က လုဖန်ပါ …” လုဖန်က ဝမ်လင်းသည် စန်နူးဖြစ်ကြောင်း သိပြီးနောက် သူက ဝမ်လင်းနောက်သို့ လိုက်ရန်ဆုံးဖြတ်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းလိုသည့် မျှော်လင့်ချက် ရှိနေသည်။
သူလို စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်၌ အချိန်အကြာကြီး တန့်နေသည့် လူတစ်ယောက်သည် လက်တွေ့ဆန်လှသည်။ သည်လိုလူများသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိရန် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိကြ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “ဆေးလုံးတွေက အသုံးမဝင်ဘူး …”
လုဖန်က စိတ်ထဲ၌ သက်ပြင်းချမိ၏။ သူ့ဘေးတွင် ရပ်နေသော စုန်ချင်က ပြောလိုက်၏။ “ကလန်ခေါင်းဆောင် … အမျိုးသမီးဝမ်အာက ဆေးလုံး အများကြီး သုံးစွဲခဲ့ပြီးပြီး … ဒါပေမဲ့”
ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့နှလုံးသားထဲ၌ ထင်မြင်ချက်တစ်ခု ရှိနှင့်ပြီးဖြစ်သည်။ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ဆက်ပြော …”
စုန်ချင်က အံကျိတ်၍ ဆက်ပြောလိုက်သည်။ “အမျိုးသမီးဝမ်အာက အမြုတေဖွဲ့တည်ခြင်း အဆင့်တစ်ယောက် ရှိသင့်တဲ့ သက်တမ်းထက် အများကြီး ပိုနေခဲ့ပြီးပြီ။ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းတွေနဲ့တောင် သူမက စဦးစိတ်ဝိညာဉ် အဆင့်ကို မရောက်နိုင်ခဲ့ရင် သူမကို ကယ်တင်နိုင်ဖို့ အရမ်းခက်ခဲတယ် …”
ဝမ်လင်းက တွေးနေမိ၏။ သူက ဝမ်အာ၏ ခန္ဓာကိုယ်ကို ကုသပေးချိန်တွင် သူမထံ၌ သေဆုံးခြင်း အငွေ့အသက်ကို တွေ့ရှိခဲ့သည်။ ၎င်းသည် ငြိမ်းလုနီးပါး မီးအိမ်တစ်ခုနှင့် ဆင်တူလှသည်။
သည်အဖြစ်နှင့် ပတ်သက်၍ ဘာမှလုပ်နိုင်စွမ်း မရှိပေ။ အကြောင်းမှာ ၎င်းသည် လူတစ်ယောက်၏ အဆုံးသပ်ကို ပြသနေသည့် လက္ခဏာ ဖြစ်သောကြောင့်ပင်။
“မင်းတို့အားလုံး သွားနိုင်ပြီ …” သူက လှည့်၍ အဆောက်အဦ ရှိရာသို့ ပြန်လာခဲ့၏။ သူက အထဲသို့ မဝင်ခင် ရပ်၍ ပြောလိုက်သည်။ “ငါက စန်နူးဆိုတာကို အပြင်ကို မပေါက်ကြားစေနဲ့။ မင်းတို့ တပည့်အားလုံးကိုလည်း ပြောထားကြ …”
သူတို့က အလျင်အမြန် သဘောတူလိုက်ကြ၏။ ဝမ်လင်း အထဲသို့ ဝင်သွားသည့်အခါ အကြီးအကဲ ခေါင်းဆောင်လိုင်ဖန်၏ မျက်လုံးများသည် တလက်လက် ဖြစ်နေခဲ့၏။ သူက လူတိုင်းက ကြည့်၍ အရေးတကြီးဖြစ်ဟန်နှင့် အေးစက်စွာ ပြောလိုက်၏။ “လူတိုင်း … ကလန်ခေါင်းဆောင်ရဲ့ ပုံရိပ်ကို ထုတ်ဖော်ရင် ဟင်္သာပြဒါးနိုင်ငံက အနီရောင်လိပ်ပြာက ကျိန်သေးပေါက်ရောက်လာလိမ့်မယ်။ ငါတို့ ဒီကိစ္စကို ဂရုမစိုက်လို့ မရဘူး …”
အခြားကလန် ခေါင်းဆောင်တစ်ယောက် ဖြစ်သည့် ထိုင်ယန်က ပြုံးလိုက်၏။ သူက လုဖန်စိတ်ထဲတွင် ရှိနေသည့်အရာကို ချက်ချင်းသိသည်။ သူ့အကြံကလည်း ထိုအတိုင်းပင်။ သူက လျင်မြန်စွာ ပြောလိုက်၏။ “မှန်တယ်။ ကျင့်ကြံမှု အဆင့်နိမ့်တဲ့ တပည့်တွေကို မင်းတို့ကိုယ်တိုင် သူတို့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်။ ထပ်ပြောရရင် သတင်းပေါက်ကြားခဲ့ရင် ငါ့ရက်စက်မှု အတွက် အပြစ်မတင်ကြနဲ့ …”
လိုင်ဖန်နှင့် စုန်ချင်က နဂိုထဲက အပြင်သို့ ပေါက်ကြားစေမည် မဟုတ်ပေ။ သူတို့အကြည့်များက လွန်ခဲ့သော နှစ်တစ်ရာက အကြီးအကဲအသစ် ဖြစ်လာခဲ့သည့် စဦးစိတ်ဝိညာဉ် နှစ်ယောက်ထံသို့ ကျရောက်သွား၏။
ချူယောင်ဇီကတော့ သူတို့က သစ္စာဖောက်မည် မဟုတ်ပေ။ သည်လူက ဆေးပညာကိုသာ အချိန်ပြည့် တွေးနေသူ ဖြစ်သည်။ လွန်ခဲ့သော အချိန်ကတည်းက သူက သည်လိုကိစ္စများကို ဂရုစိုက်လေ့ မရှိတော့ချေ။
စဦးစိတ်ဝိညာဉ်အဆင့် အကြီးအကဲအသစ် နှစ်ယောက်၏ မျက်နှာသည် ဖြူရော်သွား၏။ သူတို့ထဲက တစ်ယောက်က ကောင်းကင်ကို တိုင်တည်၍ ကျိန်ဆို၏။ အခြားတစ်ယောက်လည်း ပထမ တစ်ယောက်ကဲ့သို့ အလျင်အမြန် ကျိန်ဆိုလိုက်သည်။
လုဖန်မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု အငွေ့အသက်တို့ ရှိနေ၏။
လုဖန်က ရယ်မော၍ ခေါင်းညိတ်သည်။ “ကောင်းတယ်။ မင်းတို့နှစ်ယောက်လုံး ငါ့နောက်လိုက်ခဲ့ကြ။ ငါ့မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အတွက် အကြံပြုချက် အချို့ရှိတယ်။ မင်းတို့ အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်တယ် …”
သည်နှစ်ယောက်က ပျော်ရွှင်စွာဖြင့် သူ့နောက်သို့ လိုက်သွား၏။ သို့ရာတွင် သူတို့ထဲက တစ်ယောက် ခဏတာ တုံ့ဆိုင်းသွား၏။ သူ့မျက်လုံးထဲ၌ စိုးရိမ်ဟန် ပေါ်နေသည်။
လုဖန်က ပြုံး၍ ရှေ့သို့ ဆက်လျှောက်၏။ တုံ့ဆိုင်းသွားသော လူသည်လည်း အံကျိတ်၍ လုဖန်နှင့်အတူ အနောက်ဘက် ခြံဝင်းထဲသို့ လိုက်ပါသွား၏။
သည်စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူ အကြီးအကဲ နှစ်ယောက်ကို ထိုနေ့မှစ၍ နောက်ထပ် လုံးဝ မမြင်ရတော့ချေ။ ခုလုဖန်၏နောက်တွင် အမည်းရောင် အခိုးငွေ့များ ဝန်းရံနေသည့် ရုပ်သေးရုပ်နှစ်ခု ရှိနေခဲ့တော့၏။
ဝမ်လင်းက အခန်းထဲသို့ ပြန်ဝင်လာပြီး လီမူဝမ်၏ အိပ်ရာဘေး၌ ထိုင်ချလိုက်၏။ သူက သူမ၏အိပ်ပျော်နေသော မျက်နှာလေးကို ငေးကြည့်နေသည်။ အချိန်အတန်ကြာမှ သူက တိုးတိုး ရေရွတ်လိုက်သည်။ ငါက မင်းရဲ့သက်တမ်းကို ပိုဆန့်ထုတ်နိုင်ဖို့ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်အောင် လုပ်ပေးရမယ်။ ဒါက သိပ်ခက်ခဲမှာ မဟုတ်ပါဘူး။
မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်သွားခဲ့လေပြီ။
ထိုတစ်လ၌ တိမ်ကောင်းကင်ကလန်၏ တပည့်များအားလုံးသည် သူတို့၏ မှတ်ဉာဏ်များကို ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ထို့ကြောင့် သူတို့အားလုံးက ကလန်ခေါင်းဆောင်သည် ဘာကြောင့် တံခါးပိတ် လေ့ကျင့်သည်ကို သိလိုနေခဲ့ကြ၏။
လိုင်ဖန်နှင့် စုန်ချင်က ကလန်ကို စီမံခန့်ခွဲ နေကြ၏။ တိမ်ကောင်းကင်ကလန်က အတိတ်တုန်းကထက် တဖြည်းဖြည်း ပိုမို တောက်ပလာခဲ့သည်။
အကြောင်းမှာ ချူနိုင်ငံ၏ ကလန်အများစုသည် ဖျက်ဆီးခံရသောကြောင့် တိမ်ကောင်းကင် ကလန်က သည်အခွင့်အရေးကို ယူ၍ သူတို့၏ လွှမ်းမိုးနိုင်မှုကို ချဲ့ထွင်နိုင်ခဲ့ကြ၏။
ဝမ်လင်းက လီမူဝမ် ပြန်ကောင်းလာသော ဒုတိယမြောက်နေ့တွင် သူက သူမကို ခေါ်၍ တိမ်ကောင်းကင် ကလန်မှ ထွက်ခွာသွား၏။ သူ့နောက်မှ လုဖန်နှင့် ထိုင်ယန်တို့လည်း လိုက်ပါလာခဲ့ကြသည်။
ဝမ်လင်းနှင့် လီမူဝမ်တို့သည် ချူနိုင်ငံအနှံ့ လှည့်လည် သွားလာနေကြ၏။ သူတို့က လမ်းတစ်လျှောက်တွင် တစ်ယောက်နှင့်တစ်ယောက် ရယ်လိုက်မောလိုက်၊ စကားပြောလိုက်ဖြင့် ရှိနေကြ၏။ လီမူဝမ်က သူတစ်ခါမျှ မခံစားခဲ့ဖူးသည့် ပျော်ရွှင်မှုကို ခံစားနေရကာ အလွန်ကျေနပ်လို့ နေသည်။ သူမက ဝမ်လင်းအနားတွင် တောက်လျှောက် ကပ်နေခဲ့ပြီး ရခါစ ဇနီးငယ်လေးလို့ ပြုမူ၏။
နောက်ဆုံး သူတို့က ချူနိုင်ငံ၏ တောင်များ ထူထဲစွာ ရှိနေသော နေရာ၌ ရပ်တန့်လိုက်၏။
သည်နေရာသည် လူသူလေးပါး ကင်းမဲ့၏။ အနီးစပ်ဆုံးရွာပင် ကီလိုမီတာ တစ်သောင်းခန့် ဝေးလေသည်။
တောင်ကြားတစ်ခု၌ ဝမ်လင်းက သိုလှောင်အိတ်ထဲက စေတီကို ထုတ်ယူ၏။
သည်နေရာသည် ချူနိုင်ငံ၏ ယင်စွမ်းအင်များ စုဝေးသည့် စုံမှတ်တစ်ခု ဖြစ်၏။ ဝမ်လင်းက သည်စေတီကို ယင်စွမ်းအင် ထူထဲသောနေရာ၌ ထားရှိရန် သူ့ကို ပြောခဲ့သည်ကို ပြန်တွေးလိုက်၏။
ကောင်းကင်ဘုံ ကျောက်စိမ်းများနှင့် ပြုလုပ်ထားသည့် စေတီက လေထဲ၌ ပြန့်ကားလာပြီး ပေတစ်ထောင်ထိ ရှည်လျားလာ၏။ ဘန်းခနဲ ပေါက်ကွဲသံ နှင့်အတူ စေတီက တောင်ကြား၌ နေရာကျသွား၏။ ထို့နောက် အလင်းစက်ဝန်းများက စေတီပတ်လည်တွင် ဝန်းရံသွားသည်။
ကျောက်ရီ၏ အာဏာတက်ခြင်းအဆင့် နယ်ပယ်သည် သည်ဧရိယာကို ဖုံးလွှမ်းသွားလေ၏။
***