အခန်း ( ၁၂ )

ဒါ ကျုပ် ခင်ဗျားကို ပြုစုတာ ( ၁ )

ရွှီချင်းသည် တိုက်ပွဲကွင်းပြင်ပတ်လည်ကို လေ့လာနေစဉ်အတောအတွင်း လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများ ဟိန်းထွက်လာသည်။ မကြာသေးခင်က ရွှီချင်းနှင့်တခြားလူများ လျှောက်လာခဲ့သည့် ဝင်ပေါက်သည် ဝုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ပျက်စီးသွားသည်။ ယင်းအသံသည် စစ်တံပိုးမှုတ်လိုက်သည့်အလား ဘေးပတ်လည်ရှိ ရတနာမုဆိုးများကို ပို၍ စိတ်လှုပ်ရှားသွားစေသည်။

ရွှီချင်းသည် ရှေ့တည့်တည့်ရှိ စင်မြင့်ပေါ်၌ ချည်ထည်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို သတိထားမိလိုက်သည်။ ထိုလူသည် အမြင့်ဆုံးထိုင်ခုံပေါ်တွင် ထိုင်နေပြီး သူ့နောက်တွင် လူတစ်စု ရှိနေသည်။

အလွန်ဝေးကွာသောနေရာတွင် ရှိနေသည်ဖြစ်၍ သူ့ရုပ်ရည်သွင်ပြင်က ဝိုးတဝါး ဖြစ်နေသည်။ ထိုလူသည် လွန်စွာ ဂုဏ်အရှိန်အဝါကြီးမားသော လူတစ်ယောက်ဖြစ်မှန်း သိသာလှသည်။

ထိုသို့ အဝေးတစ်နေရာတွင် ရှိနေသော်လည်း ရွှီချင်းသည် ထိုလူထံမှ သိပ်သည်းစွာ ထွက်ပေါ်နေသော ဝိညာဉ် စွမ်းအားများကို အာရုံခံမိနေပြီး ယခင်က သူတွေ့ဖူးသည့် လူအားလုံးထက် သာလွန်နေသည်။ ယင်းသည် ရွှီချင်းကို စိုးရိမ်စိတ်ဝင်သွားစေ၏။ တချိန်တည်းမှာပင် သူ့ရင်ထဲတွင် ထိုလူသည် စခန်းခေါင်းဆောင်ဖြစ်ရမည်ဟုသော ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။

ထိုသို့ ရွှီချင်းခန့်မှန်းလိုက်ရခြင်းသည် ယမန်နေ့က သူ တွေ့ခဲ့သော မုတ်ဆိတ်မွေးသုံးစုနှင့်လူသည် ထိုလူအား ကိုင်းညွှတ်၍ အကျိုးအကြောင်း တင်ပြနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

စခန်းခေါင်းဆောင်က လက်ကာပြလိုက်သောအခါ မုတ်ဆိတ်မွေးသုံးစုနှင့်လူသည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး အောက်ရှိလူများကို လက်ဟန်ပြလိုက်သည်။

မကြာခင် သားရဲစိန်ခေါ်ပွဲကွင်းပြင်ဘေးရှိ သစ်သားဂိတ်တံခါး ပွင့်သွားသည်။ ထိုတံခါး၏ အတားအဆီးမရှိတော့သည်ဖြစ်၍ သားရဲဟိန်းသံများက ပို၍ ရှင်းလင်းပြတ်သားစွာ လွင့်ပျံလာသည်။

ထိုအော်မြည်သံများ ဟိန်းထွက်လာသည်နှင့်အတူ ရတနာမုဆိုးတစ်စု ပေါ်လာ၏။

သူတို့သည် သုံးယောက်တစ်စုနှုန်းဖြင့် အဖွဲ့လေးဖွဲ့ရှိပြီး တစ်ဖွဲ့စီက တဖြည်းဖြည်း ထွက်လာရင်း သံလှောင်အိမ်ကြီးများကို သယ်ဆောင်လာကြသည်။

သံလှောင်အိမ်တစ်လုံးစီ၌ သံလှောင်အိမ်ကို တစစီကိုက်ဖြဲပစ်ချင်နေသည့်အလား ဟိန်းဟောက်နေသော သားရဲတစ်ကောင်စီ ရှိလေသည်။

ရွှီချင်းသည် သံလှောင်အိမ်လေးလုံးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

ခပ်ကြီးကြီးဝံပုလွေတစ်ကောင်နှင့် ခပ်ငယ်ငယ် ဝံပုလွေတစ်ကောင်ကို သူ မြင်လိုက်ရသည်။ ဝံပုလွေများ၏အစွယ်များက လွန်စွာ စူးရှချွန်ထက်သည်။ သူတို့ခန္ဓာကိုယ်များက မည်းနက်နေပြီး သူတို့အကြည့်များက သွေးရောင်ဝင်းလက်နေသည်။

သူတို့ပါးစပ်များထဲမှ သားရေများစီးကျနေပြီး ရွှီချင်းတခြားလူလေးယောက်ကို ကြည့်လိုက်သည့် သူတို့၏အကြည့်များထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အငွေ့များ ယှက်သန်းနေသည်။

အနီရောင်အမွေးများနှင့် ဝက်ဝံတစ်ကောင်လည်းရှိသည်။ ၎င်း၏လက်မောင်းတုတ်တုတ်ကြီးများက အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ပေါင်လုံးထက်ပင် ပို၍ ကြီးမားနေသည်။ ၎င်းသည် ဝူးဝူးဝါးဝါး အော်ဟစ်၍ သံအိမ်ကြီးကို အဆက်မပြတ် ထုနှက်နေသည်။

ရတနာမုဆိုးသုံးယောက်တစ်အုပ်စုသည် ထိုသံလှောင်အိမ်ကြီးကို အားသွန်ခွန်စိုက် သယ်ဆောင်နေရကြောင်း သိသာလှသည်။

နောက်ဆုံးသံလှောင်အိမ်ထဲရှိ သားရဲ၏အငွေ့အသက်မှာမူ ရှေ့သံလှောင်အိမ်များထဲမှ သားရဲများနှင့်ယှဉ်လျှင် သိသိသာသာ အားပျော့နေသည်။

ယင်းသည် မျောက်လွှဲကျော်တစ်ကောင်ဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်တွင် ပြည်တည်အဖုလေးများဖြင့် ပြည့်နေပြီး ထိုအဖုလေးများသည် ထိလိုက်ရုံနှင့် ပေါက်ကွဲသွားမည့်ဟန်ရှိသည်။ အထူးသဖြင့် မျောက်လွှဲကျော်သည် ပြင်းပြင်းထန်ထန် နာကျင်ခံစားနေရဟန်တူသည်။ ၎င်းသည် သံလှောင်အိမ်ကို ခန္ဓာကိုယ်ဖြင့် တဝုန်းဝုန်း တိုက်နေပြီး ပြည်တည်အဖုလေးများ ဖောက်ခနဲ ပေါက်ကွဲနေလေရာ အံ့သြတုန်လှုပ်စရာ မြင်ကွင်းတစ်ရပ်ပင်။

ထိုသတ္တဝါများ ထွက်ပေါ်လာခြင်းသည် ပတ်ဝန်းကျင်ရှိ ပရိသတ်ကြီးကို ပွက်ပွက်ညံသွားစေသည်။

ရွှီချင်း၏ဘေးရှိ လူငယ်နှစ်ယောက်၏မျက်နှာများမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ မိန်းကလေး၏ မျက်ဝန်းများထဲတွင်လည်း ကြောက်လန့်တုန်ရီနေဟန် အရိပ်အယောင်များ အထင်းသား ပေါ်နေသည်။ ရတနာမုဆိုးတစ်ယောက်ဖြစ်သော လူငယ်လေးမှာမူ များစွာ စိတ်လှုပ်ရှားလာသည်။

“ ဘာလို့ လေးကောင်ပဲ ရှိရတာတုန်း ”

ရွှီချင်းသည် တအံ့တသြဖြစ်သွားပြီး သစ်သားဥမင်လှိုဏ်ခေါင်းကို လှမ်းကြည့်လိုက်သည်။

သူ လှမ်းကြည့်လိုက်သည့်အခိုက် လှောင်အိမ်များထဲတွင် ရုန်းကန်အော်ဟစ်နေသော သားရဲလေးကောင်စလုံး ငြိမ်ကျသွားသည်။ ၎င်းတို့ ကြောက်လန့်တုန်ရီသွားကြသည့်အလားပင်။

တချိန်တည်းမှာပင် ယခင်လှောင်အိမ်များထက် နှစ်ဆကြီးမားသော သံလှောင်အိမ်ကြီးကို ရတနာမုဆိုးခြောက်ယောက်က သစ်သားဂိတ်တံခါးမှတစ်ဆင့် သယ်ဆောင်လာသည်။

သံလှောင်အိမ်ကြီး ပေါ်လာသောအခါ ဘေးပတ်လည်ရှိ ကြည့်ရှုနေကြသူများက တအံ့တသြ အော်ဟစ်လိုက်ကြသည်။

“ ချိုကြီးစပါးအုံမြွေပဲဟ ”

“ ဒီတစ်ခေါက်တော့ စခန်းခေါင်းဆောင်က ချိုကြီးစပါးအုံးမြွေတစ်ကောင်ကို တကယ်ကြီး ဖမ်းလာနိုင်တာပဲ။ ဒါပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒီစပါးအုံးမြွေကြီးလဲ သိပ်အဖိုးတန်မှာ မဟုတ်ဘူး ”

“ ဒီစပါးအုံမြွေကြီးနဲ့ ကျတဲ့ ကလေးတွေတော့ သေချာပေါက် သေရမှာပဲ။ တောနက်ကြီးထဲ အဲဒီကောင်ကြီးကိုသာ တွေ့ရင် လူနှစ်ယောက်လောက်စတေးမှပဲ ဒီကောင်ကြီးကို သတ်နိုင်လောက်မယ် ”

လှောင်အိမ်ထဲရှိ သားရဲကြီးသည် အမှန်တကယ်ပင် စပါးအုံးမြွေကြီးတစ်ကောင်ဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်လုံးပတ်က အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ခါးတစ်ဖက်စာမျှရှိပြီး ၎င်း၏အရောင်မှာ မီးခိုးရောင်နှင့်အနက်ရောင် ရောယှက်နေသည်။ အနက်ရောင်အရေးအကြောင်းများအား အနီးကပ်ကြည့်လိုက်မည်ဆိုပါက အနိမ့်အမြင့်မညီညာသော တောင်ထိပ်များအလား ထင်ရမည် ဖြစ်ပေသည်။

ထိုစဉ် မြွေကြီးသည် လှောင်အိမ်ထဲ မလှုပ်မယှက် ခွေနေသည်။ ထို့နောက် ခေါင်းကြီးက တဖြည်းဖြည်း အမောက်ထောင်လာပြီး ၎င်း၏အဝါရောင်မျက်ဝန်းအိမ်များသည်လည်း အေးစက်စက်အငွေ့အသက်များဖြင့် ဝင်းလက်နေကာ ပြင်ပလောကကို ကြည့်နေလေသည်။

ထိုသွေးအေးသောအကြည့်အောက်တွင် ဝံပုလွေကြီးများဖြစ်စေ၊ မျောက်လွှဲကျော်ဖြစ်စေ ၎င်းတို့အားလုံး တုန်ရီနေကြ၏။

ဝက်ဝံနီတစ်ကောင်သည်သာ ရန်စသည့်အနေဖြင့် အော်သံတိုးတိုး မြည်တမ်းလိုက်သည်။ ယင်းသည် ရန်စလိုက်ရသည့်အတွက် မည်သို့မှဖြစ်ဟန်မတူပါသော်လည်း ယင်း၏ခန္ဓာကိုယ်မှာမူ နောက်သို့ တရွေ့ရွေ့ ဆုတ်နေသည်။ ထိုသို့ဖြင့် သံလှောင်အိမ်၏ အနောက်ဘက်နံရံကို ကပ်သွားတော့သည်။

“ အဲဒီအကောင်ကြီးနဲ့ ငါ မကျပါစေနဲ့။ ကျေးဇူးပြုပြီး အဲဒီအကောင်ကြီးနဲ့ မကျပါစေနဲ့ ”

ရွှီချင်းနောက်ရှိ လူငယ်နှစ်ယောက်သည် ချက်ချင်းတုန်ရီလာကြ၏။ သူတို့နှစ်ယောက်သည် ခပ်တိုးတိုး ဆုတောင်းနေကြစဉ် ရွှီချင်း၏မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အလင်းတန်းတစ်တန်း ဖျတ်ခနဲ လက်သွားသည်။

ချိုကြီးစပါးအုံးမြွေအကြောင်းကို သူ ကြားဖူးထားသည်။ ဆင်းရဲသားရပ်ကွက်တွင် ရှိစဉ်အခါက လူတစ်ယောက်သည် ထိုစပါးအုံးမြွေကြီးကို အမဲလိုက်ခဲ့ပြီး အသေကောင်ကို ပြန်ယူလာခဲ့ဖူးသည်။

ထိုအချိန်က ထိုစပါးအုံးမြွေကြီးသည် အလွန် အားကောင်းသည်ဟု အတွေ့အကြုံရင့်ကျက်သော လူတစ်ယောက်ပြောသည်ကို သူ ကြားခဲ့ဖူးသည်။ ထိုမြွေကြီး၏ ရစ်ပတ်ခံလိုက်ရသည်နှင့် သစ်ပင်ကြီးတစ်ပင်သည်ပင် ကျိုးကျေသွားရသည်။ ထို့ပြင် ၎င်း၏အရေပြားသည်လည်း လွန်စွာ ထူထပ်သည်။

သို့သော်လည်း ၎င်း၏ခန္ဓာကိုယ်ကြီးသည် ကိုးရိုးကားယားဖြစ်နေ၍ ၎င်း၏အမြန်နှုန်းက မြန်ဆန်လှသည်ဟု မဆိုနိုင်ပေ။ ယင်းအပြင် ၎င်း၏သည်းခြေသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး လူတစ်ယောက်၏ ဓာတ်နှောများကို သန့်စင်​ပေးနိုင်သည်။ မြွေအသားသည်လည်း လွန်စွာ အာဟာရဖြစ်စေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ခေါင်းဆောင်လဲ့သည် မြွေသားစားချင်ကြောင်း ပြောခဲ့သည်ကို ရွှီချင်း ပြန်လည်အမှတ်ရသွားသည်။

ရွှီချင်းသည် ငယ်စည်ကတည်းက မြွေများကို ဖမ်းခဲ့ဖူးသည်ဖြစ်၍ မချုပ်တည်းနိုင်ဘဲ လျှာသပ်မိလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ သန္ဓေပြောင်းအမှတ်သည်လည်း သူ ပို၍ ကျင့်ကြံလာသည်နှင့်အမျှ မည်းနက်သည်ထက် မည်းနက်လာသည်။ ယမန်နေ့က သူ ကျင့်ကြံနေစဉ်အတောအတွင်း ထိုနေရာမှ စူးခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

ရွှီချင်းသည် စပါးအုံးမြွေကြီး၏သည်းခြေကိုသာ စားရမည်ဆိုပါက သန္ဓေပြောင်းအမှတ်ထဲရှိ အညစ်အကြေးအများအပြား လွင့်ပြယ်သွားမည်ဖြစ်ကြောင်း တွေးနေမိသည်။

ရွှီချင်းက ငေးကြည့်နေစဉ် စတင် မဲနှိုက်ရလေသည်။

မုတ်ဆိတ်မွေးသုံးစုနှင့်လူ စီစဉ်ပေးထားသော ရတနာမုဆိုးတစ်ယောက်သည် ဝါးခြမ်းပြားငါးခုကို ယူ၍ လျှောက်လာသည်။ ဝါးခြမ်းပြားတစ်ခုစီတွင် ဤသားရဲစိန်ခေါ်ပွဲကွင်းပြင်ရှိ သားရဲများ၏အမည်များကို ရေးထိုးထားသည်။

အသက်အကြီးဆုံးလူငယ်က အရင်ဆုံး မဲနှိုက်ရသည်။ သူ ယူလိုက်သည့် ဝါးခြမ်းပြားကို ကြည့်လိုက်သောအခါ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ထို့နောက် လူငယ်နှစ်ယောက်နှင့် မိန်းကလေးအလှည့်ဖြစ်သည်။

လူငယ်နှစ်ယောက်သည် ရှုံ့မဲ့နေသော မျက်နှာများဖြင့် ဆုတောင်းကာ ဝါးခြမ်းပြားများကို ယူလိုက်ကြသည်။ မိန်းကလေးသည် သူမ ယူလိုက်သည့် ဝါးခြမ်းပြားအားကြည့်၍ စိတ်ဓာတ်ကျသွားသည်။

သူမ၏လက်ထဲရှိ ဝါးခြမ်းပြားသည် ချိုကြီးစပါးအုံးမြွေမှလွဲ၍ တခြားမဟုတ်ပေ။ သို့ဖြစ်၍ ငါးခုမြောက် ဝါးခြမ်းပြားသည် ခပ်သေးသေးဝံပုလွေ ဖြစ်ပေသည်။ ယင်းသည် သားရဲငါးကောင်အနက် အားအနည်းဆုံး သားရဲလည်း ဖြစ်ပေသည်။

ရွှီချင်းသည် ထိုဝါးခြမ်းပြားကိုယူကာ မျက်မှောင်ကြုတ်သွားသည်။

မကြာခင် ရတနာမုဆိုး ထွက်ခွာသွားသည်။ ထို့နောက် တိုက်ခိုက်ရေးသမားများသည် ထောင့်စွန်းတစ်နေရာရှိ အတားအဆီးနောက်တွင် စီတန်းလိုက်ကြသည်။ ဘေးပတ်လည်ရှိ ပရိသတ်များထံမှ အော်ဟစ်အားပေးသံများ ဟိန်းထွက်လာသည်နှင့် ပထမပွဲ စတင်လေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset