Switch Mode

အပိုင်း (၃၇၇)

မဆင်မခြင် ဟုတ်လား …။

သည်အသံ ထွက်ပေါ်လာသည့်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များပါ နတ်ဆိုးများအလား ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အင်းဆက်များပေါ်သို့ တစ်ဟုန်ထိုး တိုးဝင်ကြကုန်သည်။

လိုင်ဖန်၏ ခန္ဓာကိုယ်ထဲသို့ အင်းဆက်အများအပြား ဝင်ရောက်နေ၏။ သူ့မျက်လုံးများက မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နေသည်။ ထိုအချိန်၌ သူ့အပေါ်သို့ လေအေးတစ်ချက် တိုက်ခတ်သွား၏။ သူ့ခန္ဓာကိုယ်ထဲရှိ အင်းဆက်များက သူတို့၏ သဘာဝရန်သူဖြစ်သည့် သားရဲငှက်များနှင့် တွေ့လိုက်ရသကဲ့သို့ အပြင်သို့ ပြေးထွက်ကြသည်။

လိုင်ဖန်က မှင်တက်သွားသည်။ သူ့အကြည့်က ထန်ဘိုင်နောက်ရှိ ပုံရိပ်ထံသို့ ကျရောက်သွားသည်။

“ဒါက သူပဲ …”

စုန်ချင်မျက်လုံးများက နီရဲနေ၏။ သူက သူ့စိတ်ဝိညာဉ် စွမ်းအင်အများစုကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် သည်အင်းဆက်များက သူ့ထံသို့ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်လက် ရောက်ရှိလာနေသည်။ သူက ဝမ်းနည်းစွာ ပြုံးမိသည်။ သူက စိတ်ဝိညာဉ်စွမ်းအင်များ ပြန်ဖြည့်ရန် ဆေးလုံးများ ထုတ်ယူသောက်ဖို့ အချိန်မရပေ။ ထိုအိုင်တွင် သူ့ခန္ဓာကိုယ်က အင်းဆက်များဖြင့် ဖုံးလွှမ်းသွားတော့၏။

နာကျင်မှုက သူ့ကို ရူးသွပ်သွားလောက်အောင် ပြုလုပ်နေ၏။ သူက နာကျင်စွာပြုံး၍ သူ့စဦးစိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်ရန် လုပ်မလို့ ဟန်ပြင်လိုက်စဉ်မှာပင် လေအေးတစ်ချက် တိုက်ခတ်သွား၏။ သူ့ခန္ဓာကိုယ်က တုန်ခါသွား၏။ သူ့ကိုယ်ထဲရှိ အင်းဆက်များက အပြင်သို့ အလန့်တကြား လျင်မြန်စွာ ပြန်ထွက်လာကြသည်။

စုန်ချင်က မှင်တက်သွား၏။ သူက သူတွေ့ခဲ့ဖူးသော ပုံရိပ်တစ်ခုကို ထန်ဘိုင်၏ နောက်၌ တွေ့လိုက်ရသည်။

“ဒါ… ဒါက သူပဲ …”

ထိုအခိုက်တွင် ကျန်စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် အကြီးအကဲခေါင်းဆောင် နှစ်ယောက်သည်လည်း လေအေးတစ်ချက်ကို ခံစားလိုက်ရသည်။

“ဒါ … ဒါက သူပဲ …”

တိမ်ကောင်းကင်ကလန်၏ တပည့်များ အားလုံးသည်လည်း သူတို့ခန္ဓာကိုယ်ပေါ်သို့ လေအေးတစ်ချက် တိုက်ခိုက်လိုက်သည်ကို ခံစားလိုက်ရသည်။ သူတို့ခန္ဓာကိုယ်ထဲရှိ အင်းဆက်များသည် မြန်ဆန်စွာ ပြန်ထွက်ကုန်ကြသည်။

“သူပဲ …” တပည့်များအာလုံးက ခေါင်းမော့ကြည့်လိုက်တော့ လူတစ်ယောက်ကို တွေ့ရသည်။

လီမူဝမ်က ထန်ဘိုင်နောက်ရှိ လူကို စူးစိုက်ကြည့်နေမိသည်။ သူမမျက်လုံးထဲမှ မျက်ရည်များက အလိုလိုကျဆင်းလာတော့သည်။ ဝမ်လင်းပုံရိပ်က လွန်ခဲ့သောနှစ်တစ်ရာနှင့် အနည်းငယ် ကွဲပြားသွားသော်လည်း သူမက ချက်ချင်းမှတ်မိသည်။

“ဝမ်လင်း …”

ထန်ဘိုင်က အနည်းငယ် တုန်ယင်သွားသည်။ သူက ခုချိန်ထိ သူ့နောက်ရှိလူကို သတိမပြုမိပေ။ သည်လူ့ကျင့်ကြံမှုအဆင့်က သူ့ထက်ပင် မြင့်နေသည်မှာ ရှင်းလင်းနေ၏။

သူကနောက်သို့ လှည့်၍ ကြည့်ရာ ဝမ်လင်းကို မြင်လိုက်သည်။သူ့မျက်နှာက မယုံကြည်နိုင်ဟန် ထွက်ပေါ်နေသည်။ သူက နောက်သို့အလိုအလျောက်ဆုတ်မိ၍ အော်လိုက်မိသည်။ “မင်း…မင်းက စန်နူး …”

ထန်ဘိုင်က စန်နူး ဆိုသည့်နာမည်ကို အော်လိုက်သည့် အခိုက်တွင် တိမ်ကောင်းကင်ကလန်ရှိ လူအားလုံးက ဆူပွက်သွားကြသည်။

“စန်နူး …” တိမ်ကောင်းကင်ကလန်၌ အလွန့်အလွန် နည်းပါးသော လူအချို့သာ သည်နာမည်ကို မသိကြခြင်း ဖြစ်သည်။ ခုချိန်၌ ဟင်္သာပြဒါးဂြိုဟ်၌ အကျော်ကြားဆုံးလူသည် စန်နူး ဖြစ်နေသည် မဟုတ်ပါလား။

“စန်နူး” ကျင့်ကြံမှုအဆင့်နိမ့်သည် တပည့်အချို့က တုန်လှုပ်မိကြသည်။

“စန်နူး …” လိုင်ဖန်က လုံးဝ ကြက်သေသေမိနေသည်။

“စန်နူး …” စုန်ချင်ကစိတ်ထဲ၌ တုန်လှုပ်နေမှုကို ခံစားရသည်။

စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများက ပြူးကျယ်နေသည်။

ဝမ်လင်းမျက်လုံးက အလွန်အေးစက်နေသည်။ သည်လိုအေးစက်မှုက သူ ထျန်မိသားစု၏ သတ်ဖြတ်သည့် အချိန်တုန်းကသာ ပေါ်ထွက်ခဲ့ဖူးသည်။

“ဒီတော့ မင်းက တိမ်ကောင်းကင်ကလန်ကို အမြစ်ဖျက် သုတ်သင်ချင်တယ်ပေါ့ …” ဝမ်လင်းအသံက အေးစက်သည်ထက် အေးစက်လာခဲ့သည်။ မြေအောက်ကမ္ဘာမှ ထွက်ပေါ်လာသည့် လေအေးများအလားပင်။

သည်အေးစက်စက် လေများက ထန်ဘိုင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူက သည်လောက်အေးစက်သည့် လေမျိုးကို မကြုံဖူးပေ။ အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ကို ဖြတ်ယူနိုင်ခဲ့သည့် ဝမ်လင်းသည် ထန်ဘိုင်၏ ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သည်အဖြစ်က ထန်ဘိုင်ကို အလွန်တရာ တုန်လှုပ်စေ၏။

ထန်ဘိုင်ကပြောလိုက်၏။ “စန်… စန်နူး…။ ငါ… မင်းက တိမ်ကောင်းကင်ကလန်က ဆိုတာ မသိခဲ့ဘူး။ ဒီတစ်ခေါက်က ငါ့မဆင်မခြင် ဖြစ်သွားလို့ပါ …”

“မဆင်မခြင် ဟုတ်လား …” ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီးသူက ရှေ့သို့ တစ်ဟုန်ထိုး တိုးသွားသည်။ အတားအဆီအလံကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပြီး ၎င်းက အမည်းရောင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းသွားကာ ထန်ဘိုင်ထံသို့ တိုးဝင်သွား၏။

ထန်ဘိုင်အသွင်က ပြောင်းလဲသွား၏။ သူက နောက်သို့ ချက်ချင်းဆုတ်သည်။

“မဆင်မခြင် ဟုတ်လား …” ဝမ်လင်းက ရူးသွပ်ဖွယ် ရယ်မောသည်။ သူ့လက်က ချိပ်ပိတ်ဟန် တစ်ခုကို ပြုလုပ်၍ ရှေ့သို့ဆက်တိုးသည်။ အမည်းရောင် အခိုးငွေ့များက နဂါးများအသွင်သို့ ပြောင်း၍ ဝမ်လင်းရှေ့၌ လှံရှည်တစ်ခုအဖြစ် သိပ်သည်းသွား၏။

သည်လှံက အနီရောင်လိပ်ပြာကိုပင် တုန်လှုပ်စေခဲ့သော အရာဖြစ်၏။ သူမက သည်လှံကို ယှဉ်နိုင်ရန် သူမ၏ အသက်ကယ် ရတနာကိုပင် အသုံးပြုခဲ့ရသည်။

သည်လှံပေါ်လာသည့် အခိုက်တွင် ကောင်းကင်က နက်မှောင်လာသည်။ အမည်းရောင် မြူခိုးများက ကောင်းကင်အနှံ့ ဖုံးအုပ်ကာ အင်းဆက်များအားလုံးသည် စူးရှစွာအော်ကြသည်။

ထန်ဘိုင်အသွင်က အကြီးအကျယ် ပြောင်းလဲနေသည်။သူက နောက်သို့သာ ဆက်၍ဆုတ်နေ၏။

ဝမ်လင်းကို လှံရှည်ကိုဆွဲကိုင်၍ ထန်ဘိုင်နောက်သို့ လိုက်သည်။

“အချိန် …” ဝမ်လင်းက သည်လို တစ်ချက်အော်လိုက်ရာ သစ်သားရုပ်ကိုးခုက ပျံသန်းထွက်လာခဲ့၏။ သူတို့က တဖြည်းဖြည်းချင်း လူတစ်ယောက် အရွယ်လောက် ကြီးမားလာခဲ့ပြီး လေထဲ၌ ပျံ့နှံ့သည်။

နောက်ဆုတ်နေသော ထန်ဘိုင်၏ အရှိန်သည် နှေးကျသွားသည်။

“မဆင်မခြင်ဟုတ်လား …”

ထန်ဘိုင် အရှိန်လျော့သွားသည့် အခိုက်တွင် ဝမ်လင်းလှံရှည်က မိုးကြိုးပစ်သံအလား ထိုးစိုက်လာသည်။

ထန်ဘိုင်က အော်ဟစ်လိုက်သည်။ သူ့လက်က ချိပ်ပိတ်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူ့နဖူးအလယ်မှ ကင်းခြေများ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော ခြေတံများသည် ထန်ဘိုင်ခန္ဓာကိုယ်ပေါ်၌ ပေါ်ထွက်လာကြပြီး သူ့အား ပိုးအိမ်သဖွယ် ဝန်းရံစေသည်။

လှံရှည်၏စွမ်းအားက ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ရှားနိုင်စွမ်းရှိသည်။

ဘန်း…။

ဘန်းခနဲပေါက်ကွဲသံနှင့် အတူ လှံရှည်သည် ပိုးအိမ်ပေါ်သို့ ကျ‌ရောက်လာသည်။ အတားအဆီးအလံက ပိုးအိမ်ကို ကြမ်းကြုတ်စွာ တူးဆွ၏။ ပိုးအိမ်က လျင်မြန်စွာ ပျက်စီးလာခဲ့သည်။ ထိုအခိုက်၌ ထန်ဘိုင်က ပိုးအိမ်ထဲမှ အလျင်အမြန်ထွက်လိုက်၏။သူက သွေးများစွာ အန်ထုတ်လိုက်ရသည်။

သူ့သွေးထဲ၌ မရေမတွက်နိုင်သော လောက်များ ရှိနေသည်။

“စန်နူး… ငါ့ကို အရမ်းဖိအားမပေးနဲ့ …” ထန်ဘိုင်မျက်လုံးများက နီရဲနေ၏။ သူ့အသံကလည်း ကွဲအက်နေသည်။ သူက လုံးဝတုန်ခါနေသည်။ ဝမ်လင်း၏ လှံချက်ကြောင့် သူ့နယ်ပယ်ထဲရှိ ဒဏ်ရာများက ပိုဆိုးလာခဲ့၏။ သူ့နယ်ပယ်ကသာ အထူးနယ်ပယ်တစ်ခု မဟုတ်လျှင် ဝမ်လင်းက အစောကတည်းက ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ဖြစ်နေပေမည်။

“အနိုင်ကျင့်ခြင်းလား… ဒီနေ့ငါမင်းကို အနိုင်ကျင့်ပြမယ် …” ဝမ်လင်းမျက်လုံးများက အေးစက်နေဆဲပင်။ သူက ညာလက်ကို ရှေ့သို့ညွှန်လိုက်ရာ သာမန်ဟုထင်ရသည့် စိတ်ဝိညာဉ် စွမ်းအင်များက ထန်ဘိုင်ထံသို့ တိုးဝင်သွား၏။

“နယ်ပယ်တိုက်ခိုက်မှု …” သူ့အသွင်က အလွန်ရုပ်စိုးနေ၏။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ လွတ်မြောက်ရန် နောက်သို့ လှည့်ပြေး၏။

ဝမ်လင်းက သူ့ကို အဘယ်ကြောင့် လွတ်လပ်ခွင့် ပေးနိုင်ပါ့မည်နည်း။ သူက ထန်ဘိုင်နောက်သို့ လိုက်၍ လက်ညွှန်လိုက်၏။ ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဉ်များက ထန်ဘိုင် နောက်ဆုတ်နေသော လမ်းကြောင်းကို တားဆီးကြသည်။

ထန်ဘိုင်မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူက တည်နေရာ ရွှေ့ပြောင်းခြင်းဖြင့် လွတ်မြောက်အောင် လုပ်ရန်ဟန်ပြင်လိုက်စဉ် ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။ ဝမ်လင်းက သူ့လက်ကို အောက်သို့ချလိုက်ရာ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။

ထန်ဘိုင်က တည်နေရာ ရွှေ့ပြောင်းရန် ကြိုးစားလိုက်စဉ် အက်ကွဲကြောင်းက သူ့နား၌ ပေါ်လာသည်။ သူက တည်နေရာ ရွှေ့ပြောင်းလိုက်လျှင် သူက သည်အက်ကွဲကြောင်းက သူ့ခန္ဓာကိုယ် တစ်ပိုင်းကို ဆုတ်ဖြဲပစ်ပေလိမ့်မည်။

“အရူး …” ထန်ဘိုင်က အလွန်ကြောက်လန့်နေ၏။ သူက တည်နေရာရွှေပြောင်းခြင်း မပြဘဲ ရပ်တန့်လိုက်၏။

အေးစက်စက်လေများက အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည်။ မြေကြီးက တုန်ခါသွား၏။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက နစ်မြုပ်နေသည်။

ထန်ဘိုင်က ရူးသွပ်ဖွယ်လူများကို မြင်ဖူး၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူများကို အစတုန်းက သတ်ဖြတ်ခဲဖူး၏။ သို့သော် ဝမ်လင်းကို သူက ကြောက်ရွံ့မိနေပြီ။ ဝမ်လင်းက သူရင်ဆိုင်ခဲ့ဖူးသည့် လူများတွင် တိုက်ပွဲအတွေ့အကြုံ အရှိဆုံး ဖြစ်နေခဲ့၏။

သည်လိုမျိုး အက်ကွဲကြောင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများသာ လုပ်နိုင်သည့်အရာ ဖြစ်သည်။ သို့ရာတွင် သူက တည်နေရာ ရွှေ့ပြောင်းခြင်းကို တားဆီးသည့် သည်အက်ကွဲကြောင်းကို ပထမဆုံး တွေ့ဖူးခြင်းပင်။

သည်အက်ကွဲကြောင်းကြီးက ချူနိုင်ငံ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဆုံးရှုံးစေ၏။ သည်အရာက ရူးသွပ်ဖွယ်ပင်။

ဝမ်လင်းမျက်လုံးများက အေးစက်နေဆဲပင်။ သူက ရှေ့သို့ဆက်၍ တိုးလာခဲ့ပြီး ကောင်းကင်ထက်ကို လက်ညွှန်၏။ သူ့နောက်၌ အလင်းကွင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး အမည်းရောင်နှင့် အဖြူ‌ရောင်ရောနေသည့် စာလိပ်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“မင်း ကံကောင်းတယ်။ မင်းက သေခြင်းရှင်ခြင်း နယ်ပယ်ကြောင့် သေရမယ့် ဒုတိယမြောက်လူပဲ …” ဝမ်လင်းအသံက အေးစက်နေ၏။ သူက ညာလက်ဖြင့် ထန်ဘိုင်ထံသို့ ညွှန်ကာ ပြောလိုက်၏။ “သေခြင်းရှင်ခြင်း ပြောင်းလဲခြင်းများ …”

သူ့နောက်ရှိ စာလိပ်က လက်ကြီးတစ်ဖက်ဖြင့် ဆွဲဖြဲခံရသည့်အလား ပွင့်လာခဲ့သည်။ သည်စာလိပ်က တစ်ဆယ် ကီလိုမီတာကျော်ထိ ဖုံးလွှမ်းသွားသည်။ သည်အရာက အံ့ဖွယ်ပင်။ စာလိပ်၏ စွမ်းအားကြောင့် အက်ကွဲကြောင်းပင် ပိတ်သွားသည်။

မီးခိုးရောင် အမျှင်တန်းများက စာလိပ်ထဲမှ ပျံ့နှံ့လာသည်။

သည်တစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက သူ့နယ်ပယ်၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်ခြင်းဖြစ်၏။ သူက သူနားလည် သဘောပေါက်ခဲ့သည့် သေခြင်းရှင်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း၏ စွမ်းအားအာနိသင်များက သည်တိုက်ခိုက်မှု၌ ပါဝင်နေ၏။

ထန်ဘိုင်က ကြိတ်၍ ညည်းညူမိသည်။ သို့သော် သူသည်လည်း ဂုဏ်ယူရသည့် လူတစ်ယောက်သာ ဖြစ်သည်။ သူ့မျက်လုံးများက နီရဲနေပြီး သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနီရောင် အင်းဆက်အစုအအုံ တစ်ခု ဖြစ်ပေါ်စေသည်။

ထန်ဘိုင်က အော်ဟစ်၏။ “စန်နူး … ငါတို့နှစ်ယောက်ကြားမှ အသေအကျေ ဖြစ်ရလောက်တဲ့ထိ ရန်ငြိုးမရိဘူး။ မင်းဘာလို့ ခုလောက် လုပ်နေရတာလဲ။ ငါက မင်း တိမ်ကောင်းကင်ကလန်ရဲ့ တပည့်အနည်းငယ်ကိုပဲ သတ်ခဲ့တာပါ …”

“အခုရှိသွားပြီ …” ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ထန်ဘိုင်ထံသို့ လက်ညွန်သည်။ စာလိပ်ထံမှ မိုးကြိုးသံအလား ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ဝဲကတော့ တစ်ခု ဖြစ်တည်လာသည်။ သည်ဝဲကတော့က ထူထဲသော မီးခိုးရောင် အခိုးငွေ့များဖြင့် ဝန်းရံထား၏။

အနီးကပ်ကြည့်လျှင် သည်ဝဲကတော့ထဲ၌ လူအများ၏ မျက်နှာများကို မြင်တွေ့ရမည်ဖြစ်သည်။ သူလူများက ဝမ်လင်းလက်ချက်ကြောင့် သေဆုံးခဲ့သည့်သူများ ဖြစ်လေ၏။

သည်အရာသည်ပင် ဝမ်လင်း၏ သေခြင်းရှင်ခြင်း နယ်ပယ်ပင်။ ထန်ဘိုင်၏နယ်ပယ်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်သို့ မရောက်ရှိနေခဲ့ဘူး ဆိုရင် သူ့ခုခံမှုက အချည်းနှီးဖြစ်ပေမည်။

ထန်ဘိုင်ဘေးနားရှိ အင်းဆက်များက ထိတ်လန့်ဖွယ် အော်ဟစ်၍ မြေပေါ်သို့ ကျဆင်းသည်။ အင်းဆက်ပိုးကောင် တစ်ကောင်ချင်းစီသည် မီးခိုးရောင် အခိုးအငွေ့၏ ဖမ်းဆီးခြင်းကို ခံရပြီး ဝဲကတော့ထဲသို့ စုပ်ယူခြင်းကို ခံရသည်။

ထန်ဘိုင်၏မျက်လုံးထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်နေ၏။ သူက အော်သံတစ်ချက်ပြု၍ သူ့နဖူးကို လက်ဖြင့်ထိသည်။ သူ့နဖူးအလယ်က ဟသွားပြီး သက်တံရောင် အခိုးအငွေ့များက သူ့နဖူးပေါ်၌ ဖြစ်တည်လာ၏။

သည်အခိုးအငွေ့များက မီတာတစ်ရာခန့် ရှည်လျားသည့် ကင်းခြေများတစ်ကောင် အဖြစ်သို့ ပြောင်းသွား၏။ သည်ကင်းခြေများ၏ ဦးခေါင်းအောက်၌ နောက်ထပ်ဦးခေါင်းတစ်ခု ထပ်ရှိနေ၏။ သည်နောက်ထပ်ရှိနေသည့် ဦးခေါင်းက ထန်ဘိုင်၏ ဦးခေါင်းနှင့်ဆင်တူလှသည်။

သည်အရာသည် သူ့မူလစိတ်ဝိညာဉ်ပင်။

သူ တစ္ဆေကိုးကောင်ပျက်စီးခြင်း တောင်ကြားတွင် ရှိခဲ့သည့်အချိန်တုန်းက သူသည် သည်သားရဲစိတ်ဝိညာဉ်နှင့် ပေါင်းစပ်၍ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူနားလည် သဘောပေါက်ခဲ့သော နယ်ပယ်သည် အင်းဆက်သားရဲ၏ လမ်းကြောင်းဖြစ်၏။ သူက သည်သားရဲ၏ ခန္ဓာကိုယ်ကိုအသုံးပြု၍ ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကို အသုံးပြုနိုင်သည်။ ကောင်းကင်နှင့် မြေကြီးက ရက်စက်ကြမ်းကြုတ်သည်။ လူသားများက သားရဲများကို သတ်သည်။သားရဲများက လူသားများကို ပြန်သတ်သည်။ လူသားများက သားရဲများကို စားသည်။ သားရဲများက လူသားများကို ပြန်စား၏။

လူသားများက အင်မောတယ် ဖြစ်လာလျှင် သားရဲများသည်လည်း အင်မောတယ် ဖြစ်လာခဲ့၏။

ထန်ဘိုင်၏တာအိုသည် သားရဲစိတ်ဝိညာဉ်ကို အရင်းအမြစ်ထားခြင်း ဖြစ်၏။

သူ့မူလစိတ်ဝိညာဉ် ထွက်ပေါ်လာသည်နှင့် သူက ဟိန်းသံတစ်ချက်ပြု၍ သူ့ခန္ဓာကိုယ်မှ ထွက်ခွာလာသည်။ ၎င်းက လေထဲသို့ ပျံသန်း တက်လာခဲ့သည်။ ထို့နောက် ပါးစပ်ဟ၍ ဝဲကတော့ထံသို့ ဦးတည်တိုးဝင်သည်။

ဝမ်လင်းမျက်လုံးက တဖျပ်ဖျပ် တောက်ပနေသည်။ သူက ပြောလိုက်၏။ “မောက်မာလိုက်တာ …”

ဘုန်းခနဲပေါက်ကွဲသံနှင့် အတူ ဝဲကတော့ ပိုကျယ်ပြန့်လာခဲ့ပြီး ထန်ဘိုင်၏ မူလစိတ်ဝိညာဉ်ကို ကြမ်းကြုတ်စွာ ဝါးမျိုသည်။ ဝဲကတော့ထဲ၌ ထိတ်လန့်တကြား အော်ဟစ်သံများစွာ ထွက်ပေါ်လာ၏။ သို့သော် ၎င်းအသံများက ပြန်ပျောက်ကွယ်သွားသည်။ စာလိပ်လည်း ပျောက်ကွယ်သွား၏။ အရာအားလုံးက ဘာမှမဖြစ်ပျက်ခဲ့သည့် အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ထန်ဘိုင်၏ ခန္ဓာကိုယ်သည် အသွေးအသားပုံကြီး အဖြစ်သို့ ပြိုကျသွားတော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ လောက်ကောင်များသည်လည်း နေရာအနှံ့ ပြန့်ကျဲသွားပြီး ဆိုးရွားလှသော အနံ့အသက်များ ထွက်ပေါ်နေလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset