ထန်ဘိုင်မျက်လုံးထဲ၌ ကောင်းကင်ဘုံနယ်မြေသို့ သွားသည့် ခရီးစဉ်သည် သူ့အတွက် အရှက်ရဖွယ်ဖြစ်ခဲ့၏။ စန်နူးက သူ့ကို လစ်လျူရှုခဲ့ပေသည်။ စန်နူးသာ သူ့ကိုကူညီလျှင် သူက သူ့နောက်ကို လိုက်ဖမ်းခဲ့သော သူ၏ သတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရမည် မဟုတ်ပေ။
“စန်နူးဆိုတဲ့လူက အနီရောင်လိပ်ပြာရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့တာ ငါတော့ မထင်ဘူး။ ဒီလူက ဟင်္သာပြဒါးဂြိုဟ်အနှံ့ ကျောက်ကြားနေခဲ့တယ်။ ဒီကျော်ကြားမှုက ငါ ပိုင်ဆိုင်ရမှာ။ စန်နူး…စောင့်နေပါ။ တစ်နေ့ကျ ငါတို့ တိုက်ပွဲ ရောက်လာဦးမှာပါ …”
ထန်ဘိုင်က နှာခေါင်းရှုံလိုက်၏။ သည့်နောက်သူက မျက်မှောင်ကြုတ်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “စန်နူးရဲ့ မိုးကြိုးဖားပြုတ်က ငါ့အင်းဆက်တွေရဲ့ သဘာဝရန်သူပဲ။ ဒါက နည်းနည်းတော့ အခက်ခဲ ဖြစ်စေလိမ့်မယ် …” သူ့မျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူကစိတ်ထဲ၌ တွေးလိုက်၏။ သူက တစ္ဆေကိုးကောင် ပျက်စီးခြင်းတောင်ကြား ပြန်ရောက်ပြီး အင်းဆက်ဘုရင်ကို ဖန်တီးမည်ဖြစ်သည်။ သည်အင်းဆက်ဘုရင်နှင့် ဆိုလျှင် မိုးကြိုးသားရဲ၏ သက်ရောက်မှုက ဆုံးရှုံးသွားပေလိမ့်မည်။
“ဒီအဖြစ်အပျက်တွေ မဖြစ်ခဲ့ပဲ ငါလည်း စန်နူးကို ဒေါသမထွက်ခဲ့ရဘူး ဆိုရင်တော့ ပိုကောင်းတယ်။ ဒီလူက အနီရောင်လိပ်ပြာရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့တယ် ဆိုရင် သူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့် မကလောက်ဘူး။ ဒါပေမဲ့ ဟင်္သာပြဒါးနိုင်ငံ အကျယ်ကြီးပါ။ ငါသူ့ကို သွားနှောင့်ယှက်မယ် ဆိုရင်တောင် သူက ငါ့ကို ရှာတွေ့နိုင်ဖို့ ခက်ခက်မှာပဲ …”
တိမ်ကောင်းကင်ကလန်သည် တိမ်ဖြူဖြူများဖြင့် ဝန်းရံထား၏။ သည်တိမ်များက သဘာဝအလျှောက် ဖြစ်တည်နေခြင်း မဟုတ်ဘဲ ကလန်၏အကာအကွယ် အစီအရင်တစ်ခုသာ ဖြစ်ချေသည်။သည်အစီအရင်သည် အကာအကွယ်ဖြစ်ရုံသာမက အတွင်းဘက်ရှိ စိတ်စွမ်းအင် ယိုစိမ့်မှုကိုပါ ကာကွယ်ပေး၏။
ထန်ဘိုင်က လေထဲတွင် ပျံဝဲလျက်ရှိ၏။ သူ တိမ်ကောင်းကင်ကလန်ကို ကြည့်သည်။ ထို့နောက် အထင်သေးဟန်ပြုံး၍ အော်လိုက်၏။ “တိမ်ကောင်းကင်ကလန်က ဂျူနီယာတွေ… ကောင်းကောင်း နားထောင်ကြ။ ဒီအကာအကွယ်အစီအရင်ကို ဖွင့်ပြီး မင်းတို့ရဲ့ ဆေးလုံးတွေယူလာခဲ့ကြ။ မင်းတို့ ကလန်ခေါင်းဆောင် ကိုယ်တိုင် ငါ့ကိုလာပြီး ကြိုဆိုစမ်း …”
တိမ်ကောင်းကင်ကလန်၏ လုံးဝ တိတ်ဆိတ်နေ၏။ ခဏအကြာတွင် အားနည်း ညင်သာသောအသံတစ်ခုက ကလန်ထဲမှ ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် သည်အသံ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပါဝင်နေ၏။
“စီနီယာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ငါတို့ကလန်လေးကို ဘာလိုများ ခက်ခဲအောင် လုပ်ရတာလဲ။ ဆေးလုံးတစ်ခုခု လိုတယ်ဆိုရင်လည်း ငါတို့ကို မေးနိုင်ပါတယ်။ ငါ့တိမ်ကောင်းကင် ကလန်က သင့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါ …”
ထန်ဘိုင်က လှောင်ပြောင်ဟန်ဖြင့် ပြောသည်။ “အို … ငါထင်တာတော့ မင်းက တိမ်ကောင်းကင် ကလန်ရဲ့ ခေါင်းဆောင်ဖြစ်ရမယ် …”
“ဟုတ်ပါတယ်။ စီနီယာ ကျေးဇူးပြုပြီး ငါတို့ကလန်လေးကို ခက်ခဲအောင် မလုပ်ပါနဲ့ …” လီမူဝမ်အသံက ဆက်လက်ပျံ့နှံ့လာ၏။ သည်အသံထဲ၌ ညှို့ဓာတ်နှင့် ညင်သာမှုများ ပြည့်နေခဲ့သည်။
ထန်ဘိုင်က နှာခေါင်းရှုံ့၍ ပြောသည်။ “ဒီတိမ်ကောင်းကင် ကလန်ရဲ့ ခေါင်းဆောင်က ဘယ်လောက်လှလဲ ငါကြည့်ချင်နေပြီ …” ထိုသို့ပြောပြီးနောက် သူက တိမ်ဖြူဖြူများ ရှိရာသို့ ဆက်တိုးသွား၍ ဖမ်းဆုပ်သည်။
အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် တိမ်များက ပြိုကျပျောက်ကွယ် ကုန်သည်။ သို့သော် ၎င်းတိမ်ဖြူများက လျင်မြန်စွာပင် ပြန်ဖြစ်ပေါ်၏။
“ဒါက ဘာလဲဟ။ ဒီအစီအရင်က ထူးဆန်းလှချည်လား။ ဒါက နင်တို့ တိမ်ကောင်းကင် ကလန်က လုပ်ထားတာ ဟုတ်ရဲ့လား …” ထန်ဘိုင်မျက်လုံးက လက်ခနဲဖြစ်သွားသည်။
လီမူဝမ်က သက်ပြင်းချကာ ပြောသည်။ “စီနီယာ … ဒီအစီအရင်က ဘီလူးနတ်ဆိုးကလန်က ငါတို့ တိမ်ကောင်းကင်ကလန် အတွက် အကာအကွယ် လုပ်ပေးခဲ့တာပဲ။ ဘီလူးနတ်ဆိုးကလန်ရဲ့ မျက်နှာကိုထောက်ပြီး ငါတို့ကို ခက်ခဲအောင်မလုပ်ပါနဲ့ …”
“ဘီလူးနတ်ဆိုးကလန် …” ထန်ဘိုင်က အနည်းငယ် စဉ်းစားပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့နားတွင် ဝန်းရံနေသော အင်းဆက်များက ၎င်းတိမ်အကာအကွယ်ကို တိုက်ခိုက်တော့၏။
အဖြူရောင် တိမ်များထံမှ ခပ်မြုံမြုံအသံများ ထွက်ပေါ်လာသည်။ သည်အသံများက ပို၍ကျယ်လောင်လာပြီး အင်းဆက်များ တဝီဝီမြည်သံများကို ဖုန်းလွှမ်းသွား၏။
“ဘီလူးနတ်ဆိုးကလန်က ဘာမလို့လဲ။ ချီဟူကိုယ်တိုင် လာမယ်ဆိုရင်တောင် ဒီလိုကလန်လေး အတွက် ငါ့ကို ဒေါသထွက်နိုင်မှာ မဟုတ်ဘူး …” ထန်ဘိုင်က ပြုံး၍ ဆက်လက်ပြီး တိုက်ခိုက်သည်။
ဘန်း…။
ကျယ်လောင်သောအသံနှင့် အတူ အဖြူရောင်တိမ်များထဲက တစ်ခုက ပြိုကျသွားသည်။ အခြား တိမ်များသည်လည်း ပျောက်ကွယ်သွားရ၏။ တုန်ခါလှိုင်းများ ပျံ့နှံ့လာ၏။
တိမ်ဖြူများ ပျောက်ကွယ်သွားခြင်းနှင့် အတူ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် တည်ဆောက်ထားသော အဆောက်အဦများ ထန်ဘိုင်ရှေ့၌ ပေါ်လာခဲ့၏။
အဆုံးမဲ့ဟန်ရသည့် အဆောက်အဦတိုင်များသည် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်ကို ကြည့်ပြီး ထန်ဘိုင်ပင် မျက်လုံးပြူးသွားသည်။ သူက အချိန်အတန်ကြာ ငေးကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မော၏။ “တိမ်ကောင်းကင်ကလန်က အရမ်းချမ်းသာတာပဲ။ ဒီလိုနေရာမျိုးက ဟင်္သာပြဒါးနိုင်ငံမှာ အများကြီးမရှိဘူး။ ဟားဟား …ဒီနေ့ကစပြီး ဒီနေရာက ငါ့အပိုင်ပဲ …”
ကလန်အကာအကွယ် အစီအရင်သည် လွယ်ကူစွာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ တိမ်ကောင်းကင် ကလန်ထဲရှိ လူများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။
ထန်ဘိုင်က ခြေတစ်လှမ်းလှမ်း၍ ကလန်ထဲသို့ ဝင်လာသည်။ သူ့ပတ်လည်တွင် ပေတစ်ရာခန့်ထူသည့် အင်းဆင်နံရံကြီး တစ်ခုက ဝန်းရံထား၏။ အချို့အမျိုးသမီး ကျင့်ကြံသူများသည် ကြောက်လန့်၍ ငိုယိုကြသည်။
ထန်ဘိုင်က ရှေ့သို့ လက်ဆန့်ထုတ်သည်။ သူ တိမ်ကောင်းကင်ကလန်၏ တပည့်အချို့ကို ဖမ်းယူသည်။ အင်းဆက်များက သည်တပည့်များပေါ်သို့ ခုန်တိုးဝင်သွား၏။ ထိတ်လန့်ကြောက်မက်ဖွယ် အသံများက ပဲ့တင်ထပ်သွားတော့သည်။ သည်အင်းဆက်များက သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တွားသွားနေပြီး အချို့က ခန္ဓာကိုယ်ထဲသို့ပင် ဝင်ရောက်ကြသည်။
စူးစူးဝါးဝါး အော်သံများက တိမ်ကောင်းကကလန်၏ တပည့်များထံမှ ထွက်ပေါ်လာ၏။ သည်အော်သံများက သူတို့၏ နှလုံးသားကိုပင် ဆွဲဖြဲခံရလုနီးပါး ဖြစ်သည်။
“ရပ်လိုက် …” လီမူဝမ်က လေထဲသို့ ခုန်တက်၏။ သူမပတ်လည်တွင် လူအချို့ရှိနေကြသည်။ သူတို့အားလုံးက ထန်ဘိုင်ကို စိတ်ဆိုးစွာ ကြည့်နေ၏။
ထန်ဘိုင်က လှောင်ပြုံးပြုံးသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ တပည့်များထံမှ စူးရှစွာအော်သံများက ပိုကျယ်လောင်လာခဲ့၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အင်းဆက်များက သူတို့၏ ခန္ဓာကိုယ်များထဲက ပြန်ထွက်လာကြသည်။ သည်တပည့်များက အလွန်အားနည်း၏။
လီမူဝမ်မျက်နှက ဖြူရော်နေသည်။ သူမက မှင်တက်စွာ ကြည့်နေနိုင်ခဲ့၏။ သွေးများက သူမပါးစပ်ထောင့်မှ စီးကျလာပြီး ခန္ဓာကိုယ်မှာလည်း တုန်ရင်နေတော့၏။ သူမက အမုန်းတရားများ ပြည့်နေသော မျက်လုံးဖြင့် ထန်ဘိုင်ကို ကြည့်သည်။
သူမ၏ အကျင့်စရိုက်အရ လူတစ်ယောက်ကို အခုလိုအမုန်းဖြင့် ကြည့်ခြင်းသည် ဖြစ်ခေါင့်ဖြစ်ခဲပင်။
ထန်ဘိုင်အကြည့်က လီမူဝမ်ပေါ်သို့ ကျရောက်လာ၏။ သူက ပြောလိုက်သည်။ “မဆိုးပါဘူး …။ မင်းက တကယ်လှတာပဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ …”
လီမူဝမ်က ငြိမ်သက်နေဆဲ။
“အို… စကားမပြောနိုင်ဘူးလား။ ဆိုးလိုက်တာ …” ထန်ဘိုင်က ပြုံး၍ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနားရှိအင်းဆက်များက တိမ်ကောင်းကင်ကလန်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေ၏။
ထန်ဘိုင်က တိမ်ကောင်းကင်ကလန်ရှိ သက်ရှိများအားလုံးကို အင်းဆက်များ ဝါးမျိုစားသောက်ရန် သူ့လက်တစ်ဝှေ့သာ လိုသည်။
သေချာကြည့်လျှင် ထန်ဘိုင်၏မျက်လုံးများသည် အင်းဆက်များနှင့် ဆင်တူနေသည်ကို တွေ့ရပေမည်။
“ရပ်လိုက်စမ်း… ငါ့နာမည်က လီမူဝမ် …” လီမူဝမ်က အရှက်တရားကို ခံစားနေရသည်။ သူမသည် ရွေးချယ်စရာမရှိပေ။ သူမက တိမ်ကောင်းကင်ကလန်၏ တပည့်များ သေဆုံးနေသည်ကို မကြည့်ရက်နိုင်ပေ။
လွန်ခဲ့သောရက်အချို့က သူက သည်တပည့်များကို အဝေးသို့ စေလွှတ်ခဲ့၏။ သို့သော် တပည့် ထောင်ပေါင်းများစွာက ကလန်တွင်သာနေရန် ဆုံးဖြတ်ခဲ့သည်။ သူတို့နေရသည့် အကြောင်းပြချက်က တိမ်ကောင်းကင်ကလန်သည် သူတို့၏အိမ်ဖြစ်သည်။ သူတို့က သူတို့အိမ်အတွက် တိုက်ခိုက်ရန်ဆန္ဒရှိ၏။ သူတို့ သေဆုံးသွားမည် ဆိုရင်ပင် ထိုအရာအတွက် နောင်တရမည် မဟုတ်ပေ။
လိုင်ဖန်နှင့်စုန်ချင်အပြင် ကလန်၏ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် အကြီးအကဲ နှစ်ယောက်ကပါ နေခဲ့ရန်ဆုံးဖြတ်ခဲ့ကြသည်။
အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်က ရှေ့သို့တိုး၍ လီမူဝမ်ကို ကာကွယ်ပြီး ထန်ဘိုင်အား ပြော၏။ “စီနီယာ…သင် တောင်းဆိုစရာ တစ်ခုခုရှိရင် ကျေးဇူးပြု၍ ပြောပါ …”
ထန်ဘိုင်မျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူက အဘိုးအိုကိုကြည့်ကာ အထင်သေးဟန်ဖြင့် ပြောသည်။ “ငါတောင်းဆိုမှုလား…၊ ဒါက ရိုးရှင်းပါတယ်။ ငါက မင်းတို့အားလုံးကို သတ်ပြီး ဆေးလုံးတွေကို ယူမယ်။ ဒီနေရာကို ငါ့ကိုယ်ပိုင်နေရာအဖြစ် ချိပ်ပိတ်ပစ်မယ်။ မင်း…မင်းက လီမူဝမ်နော်။ မင်းက လှလွန်းတယ်။ တင့်တယ်ပြီး ကျက်သရေရှိတယ်။ မင်းက ငါ့အစေခံဖြစ်ရမယ် …”
စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများထဲက တစ်ယောက်က အော်ပြော၏။ မင်း အရမ်းလွန်သွားပြီ …” သူမက လီမူဝမ်ကြောင့် စဦးစိတ်ဝိညာဉ်အဆင့်သို့ ချိုးဖျက် ရောက်ရှိခဲ့သူဖြစ်သည်။ ထန်ဘိုင်က သည်စကားလုံးများကို ပြောကြားသည့်အခါ သူမ၏ ဒေါသကို ဆက်လက်ထိန်းချုပ်နိုင်စွမ်း မဲ့သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်း ဖြစ်၏။
ထန်ဘိုင်အသွင်က နက်မှောင်သွားသည်။ သူ့မျက်လုံးများက သွေးဆာသည့် အရိပ်အယောင်များ ဖြစ်လာ၏။ သူကပြောသည်။ “ကြည့်ရတာ …ငါက ကြင်နာလွန်းနေပြီ တူတယ်။ ကောင်းပြီလေ။ ငါ မင်းတို့ တိမ်ကောင်းကင်ကန်ကို ဖျက်ဆီးပစ်ရမှာပေါ့ …” ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အင်းဆက်များက လူတိုင်းကို စတင်တိုက်ခိုက်တော့သည်။
အဘွားအိုကတော့ ထန်ဘိုင်လက်ဝှေ့ယမ်းလိုက်ပြီး အင်းဆက်များစွာက သူမထံသို့ တိုးဝင်တိုက်ခိုက်ကြ၏။ သူမက ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ သူမက စဦးစိတ်ဝိညာဉ်ပင် ဝါးမျိုခံရ၏။
သည်မြင်ကွင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေသည်။
တိမ်ကောင်းကင်ကလန်ထဲ၌ ထိတ်လန့်ဖွယ် အသံများသာ ပြည့်နေတော့သည်။ လီမူဝမ်က ဝမ်းနည်းစွာ ပြုံးမိသည်။ သူမက ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူမ အောက်နှုတ်ခမ်းအား ကိုက်ထားသည်။
အကြီးအကဲများက မရေမတွက်နိုင်သော အင်းဆက်များ၏ တိုက်ခိုက်မှုကို ခံရ၏။ သူတို့အားလုံးက အကောင်းဆုံး ခုခံရန်ကြိုးစားနေကြသည်။ သို့သော် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် အကြီးအကဲနှစ်ယောက်ပင် ဒုက္ခများစွာ ရောက်နေရသည်။
သည်အင်းဆက်များက ထူးဆန်းလှ၏။ ရတနာများ၊ မန္တန်များက ၎င်းတို့အပေါ်သို့ သက်ရောက်ခြင်း မရှိကြပေ။
ထိုအခိုက်တွင် လီမူဝမ်မှလွဲ၍ ကလန်၏လူအားလုံးသည် အင်းဆက်များ၏ တိုက်ခိုက်ခြင်းကို ခံနေရ၏။
လီမူဝမ်က အောက်နှုတ်ခမ်းကို ပိုတင်းတင်း ကိုက်မိသည်။ သူမမျက်လုံးထဲ၌ မျှော်လင့်ချက် ပျက်သုဉ်းခြင်းများ ပြည့်နေခဲ့၏။
ထန်ဘိုင်က လီမူဝမ်ကို စိတ်ဝင်စားစွာကြည့်သည်။ သူက သူ့မေးစေ့ကိုပွတ်၍ ပြောလိုက်၏။ “ရိုးရိုးသားသား ပြောရရင် ငါက ကလန်အများစုကို အမြစ်ဖျက် သုတ်သင်ခဲ့ပြီးပြီ။ မင်းက လေးယောက်မြောက် အမျိုးသမီး ကလန်ခေါင်းဆောင်ပဲ။ မင်း ကျင့်ကြံမှုအဆင့်က သိပ်မကောင်းပေမဲ့ ငါ့အင်းဆက် ကပ်ပါးကောင်တွေ အတွက် ကောင်းကောင်း ဧည့်ခံနိုင်တာပဲ …”
ထိုသို့ပြောပြီးနောက် သူက လက်ညှိုးထိုးလိုက်ရာ သွေးတစ်စက်က သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာ၏။ သည်သွေးစက်က ကြမ်းကြုတ်သော အင်းစက်တစ်ကောင် အသွင်သို့ ပြောင်းသွားပြီး လီမူဝမ်ကို ခုန်အုပ်လေသည်။
သို့ရာတွင် သည်အင်းဆက် ခုန်အုပ်လိုက်ချင်းချင်း အမည်းရောင် ဒြပ်ထုတစ်ခုက သူမရှေ့၌ ပေါ်လာခဲ့၏။ သည်အမည်းရောင်ဒြပ်ထုက သေးငယ်သော အသွင်အပြင်တစ်ခုသို့ ပြောင်း၍ သွေးအင်းဆက်ကို ဝါးမျိုပစ်သည်။
သွေးအင်းဆက်က စူးရှစွာအော်ဟစ်၍ ပျောက်ကွယ်သွားတော့၏။ သည်သေးငယ်သော အသွင်လေးက လီမူဝမ်နားတွင် ဝန်းရံထားပြီး ထန်ဘိုင်ကို ကြမ်းကြုတ်စွာ စူးစိုက်ကြည့်နေ၏။
ထန်ဘိုင်က တုန်လှုပ်သွားသည်။ သူက သေးငယ်သော အသွင်လေးကို ကြည့်၍ ခပ်တိုးတိုးပြော၏။ “ဝိညာဉ်သားရဲ …”
လီမူဝမ်က တွေးနေခဲ့သည်။ သူမက အရှေ့ကို လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “အစ်ကိုဝမ် … ငါတို့ နောက်ဘဝကျမှ တွေ့ကြတာပေါ့ …”
အကိုဝမ်…။ ဟားဟား…။ နင်ပြောတဲ့ဝမ်က ဝမ်လင်းလား …” ထန်ဘိုင်က ရယ်မော၏။ သူက ချူနိုင်ငံသို့ ရောက်လာပြီးနောက် သည်ဝမ်လင်းနာမည်ကို လူအချို့ထံမှ ကြားခဲ့ရသည်။ သူက ဒီနာမည်ကို အခြားကလန်များထံမှ ကြားပြီးတိုင်း သူတို့က သေဆုံးသွားရသည်သာ ဖြစ်သည်။
“နင်တို့ ချူနိုင်ငံက အရမ်းထူးဆန်းတယ်။ ဒီဝမ်လင်းက တကယ်ကျော်ကြားတာပဲ။ သူက ဘယ်သူလဲ …” ထန်ဘိုင်က အားပါးတရ ရယ်သည်။ သူ့ရယ်သံ၌ မောက်မာမှုများ ပါ၏။ သူ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး အထင်သေးဟန်ဖြင့် ပြော၏။ ငါတကယ့်ကို ဝမ်လင်း ဘယ်သူလဲဆိုတာ သိချင်မိတယ်။ နင်က နင့်ကျင့်ကြံမှု အဆင့်လောက်နဲ့ စဦးစိတ်ဝိညာဉ် အဆင့်တွေက နင့်အတွက် သေပေးရဲအောင် ဘယ်လိုများလုပ်ခဲ့လဲပါ သိချင်မိတယ် …”
“ဘာလို့လဲဆိုတော့ သူက ငါ့မိန်းမဖြစ်ပြီး ငါ … နာမည်က ဝမ်လင်းမလို့ပဲ …” အေးစက်သော အသံတစ်ခုက ထန်ဘိုင်နောက်မှ ထွက်ပေါ်လာလေ၏။
***