Switch Mode

အပိုင်း (၃၇၅)

ငါ့နာမည် ဝမ်လင်း (၁)

သူက နတ်ဆိုးပင်လယ်ရှိရာသို့ လျင်မြန်စွာ သွားနေသည်။

လမ်းတစ်လျှောက် ဝမ်လင်းက အရှိန်လျှော့ခြင်းမပြုဘဲ ဆက်လက်သွားနေ၏။ သူက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်အချို့ကို ဖြတ်သန်းပြီးနောက် မြို့နှင်း ကီလိုမီတာ တစ်ထောင်အကွာသို့ ရောက်လာခဲ့သည်။

သည်မြို့ကို နတ်ဆိုးပုန်ကန်ခြင်း မြို့ဟုခေါ်၏။ သည်မြို့သည် နတ်ဆိုးပင်လယ်၏ အဓိက မြို့ဆယ်မြို့ထဲက တစ်ခု ဖြစ်သည်။ မြို့ဆယ်မြို့တွင် သည်မြို့က အဆင့်သုံးနေရာတွင် ရှိသည်။ သည်မြို့သည် ဝမ်လင်းမြင်ဖူးခဲ့သော မြို့များထက် အဆများစွာ ပို၍ကြီးမားသည်။

ဝမ်လင်းတွင် ရှိသော မြေပုံတွင်ပင် သည်မြို့နှင့်ပတ်သက်သည့် တချို့အကြောင်းများကို ဖော်ပြထားသည်။ သို့သော် သည်အချက်အလက်များသည် နတ်ဆိုးပင်လယ် ကျူးကျော်ခြင်း မခံရခင်က အကြောင်းများ ဖြစ်သည်။ အခု အခြေအနေတွင်တော့ အင်အားစုများစွာ ရောထွေးနေသဖြင့် မြို့၏ နိုင်ငံရေးအခြေအနေကို ဝမ်လင်း သေချာမသိတော့ပေ။

သို့ရာတွင် သူ့ရည်ရွယ်ချက်က ပြဿနာဖြစ်စေရန် မဟုတ်ဘဲ လီမူဝမ်အတွက် သည်မြို့တွင် လက်ဆောင်ဝယ်ရန်သာ ဖြစ်သည်။

ဝမ်လင်းက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ် ပေးပြီးနောက် နတ်ဆိုးပုန်ကန်ခြင်း မြို့ထဲသို့ ဝင်လာခဲ့သည်။

မြို့ထဲ၌ ကျင့်ကြံသူများစွာ ရှိနေကြသဖြင့် မြို့က အသက်ဝင်လှသည်။ ဝမ်လင်းက သူ့ခေါင်းပေါ်တွင် ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး မြို့ကို လှည့်ပတ်ကြည့်နေသည်။ အကွာအဝေးတစ်ခုတွင် ရှိနေသော အထပ်ငါးထပ်ရှိသည့် အဆောက်အဦတစ်ခုကို သူမျက်စိကျသွားသည်။ သည်အဆောက်အဦ၏ အပေါ်၌ ရတနာသန့်စင်ခြင်း ခန်းမဟု ရေးထွင်းထားလေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သည်ရတနာခန်းမသို့ ဦးတည်သွားလိုက်သည်။

သည်ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် သူက ဒုတိယအလွှာသို့ ချက်ချင်း တက်သွားသည်။ ဒုတိယအလွှာတွင် သူ့မျက်စိကျသောအရာ တစ်ခုမျှ မရှိသည့်အတွက် ဝမ်လင်းက တတိယအလွှာသို့ ဆက်တက်သွား၏။

တတိယအလွှာ၌ ရှေးဟောင်း စာလိပ်တစ်ခုကို ဖတ်နေသော သက်လတ်ပိုင်းလူကြီး တစ်ယောက်ထိုင်နေ၏။ သူက စာဖတ်နေရင်း ကျေနပ်နေပုံရသည်။ သူက ဝမ်လင်းကို မြင်လိုက်သည့်အခါ သူ့စာလိပ်ကို ချ၍ ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်းဖောက်သည် … သင်က ဘာများအလိုရှိလဲ …”

ဝမ်လင်းက လှည့်ပတ်၍ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဆေးလုံးဖော်စပ်နည်း”

သက်လတ်ပိုင်းလူကြီးက ပြုံး၍ ထပ်မေးလိုက်သည်။ “ငါတို့ ရတနာသန့်စင်ခြင်း ခန်းမမှာ ဆေးလုံး ဖော်စပ်နည်းတွေ အများကြီးရှိတယ်။ ရောင်းရင်းက ဘယ်လိုအမျိုးစားကိုများ လိုချင်တာလဲ …”

ဝမ်လင်းက သည်လူကြီးဘေးနားရှိ ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ချ၍ ပြော၏။ “အဆင့်ငါး … ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ဟာ …”

သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက အလေးအနက် ဖြစ်သွား၏။ သူက ခပ်မြန်မြန် မတ်တတ်ထရပ်၍ ဝမ်လင်းကို လက်ဘက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။ “အဆင့်ငါး ဆေးလုံးဖော်စပ်နည်းက အရမ်း စျေးကြီးတယ်။ ငါတို့ ရတနာခန်းမမှာတောင် သုံးစုံပဲရှိတယ်။ ခဏစောင့်ပါ ငါသွားယူပေးမယ် …”

ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းလူကြီးက အပေါ်ထပ်သို့ တက်သွား၏။ သိပ်မကြာခင်မှာ သူက သေတ္တာသုံးခုနှင့် အတူ ပြန်ဆင်းလာခဲ့သည်။ သူနှင့်အတူ အဘိုးတစ်ယောက်လည်း ပါလာပြီး သည်အဘိုးအိုထံမှ စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်လျက်ရှိ၏။

အဘိုးအိုက ဝမ်လင်းကို တည်ငြိမ်စွာကြည့်၍ တိတ်ဆိတ်စွာ စဉ်းစားနေသည်။

ဝမ်လင်းကလည်း အဘိုးအိုကို သေချာ ကြည့်ရှုလိုက်ပြီးနောက် သူ့အကြည့်က သက်လတ်ပိုင်း လူကြီး၏ လက်ထဲရှိ သေတ္တာသုံးခုပေါ်သို့ ကျရောက်သွားသည်။

သက်လတ်ပိုင်း လူကြီးက သေတ္တာကို အောက်သို့ချ၍ ပြုံးကာ ပြောသည်။ “ဒီအဆင့်ငါး ဆေးလုံးဖော်စပ်နည်း သုံးခုမှာ နှစ်ခုက တိမ်ကောင်းကင်ကလန် ချူနိုင်ငံကပဲ။ အခြားတစ်ခုကတော့ တာမိုရဲ့ ကမ္ဘာအဆုံးကလန်က။ ဒီထဲမှာ ဆေးလုံးရဲ့ သက်ရောက်မှုတွေကို ဖော်ပြထားတဲ့ ထန်စိမ်းပြားပါတယ်။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ ရောင်းရင်း ဖောက်သည် …” ထိုသို့ပြောပြီးနောက် သူက လက်လှည့်လိုက်ရာ ထန်စိမ်းပြားသုံးခု ထွက်ပေါ်လာ၏။ သူက သည်ထန်စိမ်းပြားသုံးခုကို သေတ္တာသုံးခုပေါ်၌ တင်လိုက်သည်။

ဝမ်လင်းက ထန်စိမ်းပြား တစ်ခုချင်းစီကို ကောက်ယူကြည့်သည်။ သည်ထန်စိမ်းပြားများထဲ၌ ဆေးလုံးများ၏ သက်ရောက်မှု အကြောင်းသာ ပါဝင်ပြီး ဆေးညွှန်မပါဝင်သေးပေ။ ဆေးညွှန်းများကတော့ သေတ္တာထဲ၌ ရှိနေ၏။

ဝမ်လင်းက တိမ်ကောင်းကင် ကလန်မှ ထွက်မလာခင်တွင် သူက အဆင့်ငါး ဆေးလုံး ဖော်စပ်နည်းများကို တွေ့မြင်ဖူး၏။ သူက ထန်စိမ်းပြားနှစ်ခုကို သမကာလျှံကာ ကြည့်ရှုပြီးနောက် ကမ္ဘာအဆုံးကလန်မှ ဆေးလုံးကို အာရုံစိုက်၍ ကြည့်သည်။

အချိန်အတန် ကြာပြီးနောက် ဝမ်လင်းက ထန်စိမ်းပြားကို အောက်သို့ပြန်ချ၍ ပြောလိုက်သည်။ “ငါ ကမ္ဘာအဆုံးကလန်ရဲ့ မူလသို့ပြန်ခြင်း ဆေးလုံး ဖော်စပ်နည်းကို လိုချင်တယ်။ မင်းတို့ ရတနာခန်းမမှာ အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်းကို ရှိသေးလား …”

သက်လတ်ပိုင်း လူကြီးက တုံ့ဆိုင်းသွားပြီး အဘိုးအိုထံသို့ ကြည့်၏။ အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ သက်လတ်ပိုင်း လူကြီးက အလျင်အမြန်ပြုံး၍ ပြောသည်။ “အဆင့်ခြောက် ဆေးလုံးက တန်ဖိုး သတ်မှတ်လို့မရဘူး။ ငါ့ရတနာခန်းမမှာ တစ်ခုပဲရှိတယ်။ ဒါကို နတ်ဆိုးပင်လယ်ရဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ လေလံပွဲမှာပဲ ရောင်းချတယ်။ ရောင်းရင်းက နှစ်လလောက် စောင့်နိုင်မလား။ နောက်နှစ်လဆိုရင် လေလံပွဲစမှာ …”

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ “ထားလိုက်တော့ …။ အဆင့်ငါးဆေးလုံး အညွှန်းက ဘယ်လောက်ကျလဲ …”

သက်လတ်ပိုင်းလူကြီးက ပြုံးကာ ပြောသည်။ “ရောင်းရင်းဖောက်သည် … သင်က ဒီပစ္စည်းအတွက် တစ်ခုခုနဲ့လဲချင်လား၊ ဒါမှမဟုတ် စိတ်ဝိညာဉ်ထန်တုံးတွေနဲ့ ဝယ်ယူချင်လား …”

ဝမ်လင်းက ပြန်ဖြေလိုက်သည်။ “စိတ်ဝိညာဉ်ထန်တုံး …”

သက်လတ်ပိုင်း လူကြီးက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်၏။ “ဒါ… ဒီလောက်တန်ဖိုးရှိတဲ့ အဆင့်ကို ရောက်နေတဲ့ ပစ္စည်းတွေကို စိတ်ဝိညာဉ်ထန်တုံးနဲ့ ရောင်းလေ့မရှိဘူးလေ …”

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက မတ်တတ်ထရပ်၏။ ထို့နောက် သိုလှောင်အိတ်ထဲက ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်သည်။ ထို့နောက် သူလိုချင်သော ထန်စိမ်းပြားပါသည့် သေတ္တာကိုယူ၍ အောက်သို့ ဆင်းသွားလိုက်၏။

အဘိုးအိုက မှင်တက်သွားပြီးနောက် ရှေ့သို့တိုးလိုက်သည်။ သို့သော် သူက ဝမ်လင်း၏ ကောက်ရိုးဦးထုပ်မှ ထွက်ပေါ်လာသည့် အေးစက်စက် အော်ရာကြောင့် ခြေလှမ်းတန့်သွားသည်။

အဘိုးအိုက ရုတ်တရက် ကြောင်ရီသွားသည်။ သူ့စဦး စိတ်ဝိညာဉ်သည်ပင် ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်လော။ သူက နောက်သို့ပြန်ဆုတ်၍ ဝမ်လင်းကို ထပ်မံတားဆီးရန် မကြိုးစားတော့ချေ။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်းပစ်ပေးခဲ့သော ပစ္စည်းကို ဖမ်းလိုက်သည်။ သူက ၎င်းပစ္စည်းကို ကြည့်၍ တုန်လှုပ်သွားမိသည်။ သူ့မျက်နှာပေါ်၌လည်း မယုံကြည်ဟန် ဖြစ်ပေါ်လာခဲ့သည်။

“ဒါက … ထိပ်တန်းစိတ်ဝိညာဉ်ထန်တုံး တစ်ဝှက်လား …”

ဝမ်လင်းက သည်ထိပ်တန်း စိတ်ဝိညာဉ် ထန်တုံးတစ်ဝက်သည် သည်အဆင့်ငါး ဆေးလုံးဖော်စပ်နည်း အတွက် လုံလောက်သည်ကို သိ၏။ သည့်အပြင် ဝမ်လင်းက တစ်ဝက်ပေးခဲ့ခြင်း မဟုတ်ဘဲ လေးပုံတစ်ပုံသာ ပေးခဲ့ခြင်းပင်။

လွန်ခဲ့သောရက်အချို့က ကောက်ရိုးဦးထုပ် ဆောင်းထားသော လူတစ်ယောက်သည် မြို့များစွာရှိ ရတနာခန်းမဆိုင်များသို့ သွား၍ ဆေးလုံးအညွှန်းများ ဝယ်ယူခဲ့ပေသည်။

အစဦး၌ ဆိုင်အများစုသည် သင့်တင့်သောစျေးနှုန်း ရှိသော်လည်း နောက်ထပ် ဆိုင်အသစ်များက ဆေးကို မြင့်သည်ထက် မြင့်လာခဲ့ကြသည်။ ထို့နောက် ဆိုင်တစ်ဆိုင်ဆိုလျှင် မိုးထိမြင့်သည့် စျေးနှုန်းဖြင့် ခေါ်ယူခဲ့သည်။ သူတို့က ရောင်းရန်ကျရှုံးခဲ့ပြီး အတင်းအကျပ်လုပ်ရန် ကြိုးစားသည်။ သို့ရာတွင် သူတို့က အပျက်အစီးနှင့်သာ ကြုံလိုက်ရ၏။

သည့်နောက် ကောလာဟလတစ်ခု ဖြစ်လာသည်မှာ သည်ကောက်ရိုးဦးထုပ်နှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ၏ အမြန်နှုန်းရှိသည် ဟူ၍ဖြစ်၏။ သည်သတင်းသည် ဝမ်လင်းအတွက် ကောင်း၏။ သူ့အတွက် ဆေးလုံး ဖော်စပ်နည်းများကို အရင်ထက် လွယ်လွယ်ကူကူ ဝယ်လို့ရခဲ့၏။

ဆယ်ရက်အတွင်း ဝမ်လင်းက နတ်ဆိုးပင်လယ်၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အကူအညီဖြင့် ချူနိုင်ငံ၏ နယ်စပ်သို့ ရောက်လာခဲ့သည်။ သည်အချိန်၌ သူ့တွင် အဆင့်ငါးဆေးလုံး ဖော်စပ်နည်း ရှစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။

“ဝမ်အာ … ဒီဆေးညွှန်းတွေကို မြင်ရင် သူတကယ်ပျော်ရွှင်မှာပဲ …” ဝမ်လင်းက ပြုံး၍ ပြောသည်။ သူက ချူနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်သည်။ သူက သူ့ကိုယ်သူ ဖုံးကွယ်ထားရန် မလိုတော့ချေ။

သို့ရာတွင် ဝမ်လင်းက ချူနိုင်ငံထဲသို့ ဝင်လာပြီးနောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများကလည်း အကွာအဝေး တစ်ခုရှိ အေးစက်သွား၏။ ထို့နောက် သူကပြောလိုက်၏။ “သူက သေဖို့ စောင့်နေတာပဲ …” ထို့နောက် သူက သည်နေရာကနေ ပျောက်ကွယ်သွား၏။

ထန်ဘိုင် သည် အဆင့်ငါးနိုင်ငံ ဖူလီမှ နာမည်တစ်ခုဖြစ်၏။ ဖူလီ၏ အဓိပ္ပာယ်သည် သွေးဆာသော လူသတ်သမားဖြစ်၏။

ဖူလီနိုင်ငံ၏ အင်းဆက်နတ်ဆိုးကလန်မှ ပါရမီရှင် ထန်ဘိုင်သည် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ဖြစ်သည်။ သူက အင်းဆက်နတ်ဆိုးကလန်မှ အလေးအမြတ် လက်ရေးစာသားကို ခိုးယူခဲ့ပြီး သူ့ကလန်ကို သစ္စာဖောက်ခဲ့၏။

အင်းဆက် နတ်ဆိုးကလန်သည် သူ့နောက်သို့ လိုက်လံဖမ်းဆီး ကြသော်လည်း သူက လွတ်မြောက်အောင် စွမ်းဆောင် နိုင်နေသေး၏။ သူတို့က သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သော်လည်း သည်လို လိုက်လံဖမ်းစီးရာ၌ ကလန်၏ တပည့်များစွာ သေကျေခဲ့ရသည်။

ကလန်၏ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူအဆင့်၏ လိုက်လံဖမ်းဆီးမှု အောက်တွင်တော့ သူက တစ္ဆေကိုးကောင် ပျက်စီးခြင်း တောင်ကြားသို့ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း ကျင့်ကြံသူ၏ လက်ထဲမှ လွတ်မြောက်လာပြီးနောက် သူက ထိုနေရာတွင် နှစ်ပေါင်းတစ်ရာ ကျော်နေထိုင်ခဲ့ပေသည်။

သူက သည်နေရာတွင် နှစ်တစ်ရာမည်သို့ ရှင်သန်နေထိုင် နိုင်ခဲ့သည်ကို မသိကြပေ။ သို့သော် သူထွက်လာသော အချိန်၌ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့ကြောက်မက်ဖွယ် ကောင်းမှုမှာ အဆိပ်ရှိသော အင်းဆက်ပိုးမွှား မျိုးစုံကို မွေးမြူ၍ ယဉ်ပါးအောင် လုပ်ထားသောကြောင့် ဖြစ်သည်။

သူက ပြန်လည် ထွက်ပေါ်လာသည်နှင့် အင်းဆက် နတ်ဆိုးကလန်သို့ သွားသည့်လမ်းတစ်လျှောက် သတ်ဖြတ်ခြင်းများ ပြုသွားတတ်သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ပင် သူ့အင်းဆက် မြောက်မြားစွာကြောင့် သေဆုံးခဲ့ရလေသည်။

အင်းဆက် နတ်ဆိုးကလန်မှ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့်နှင့် နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် သူလာနေသည်ကို သိကြ၏။ သည်အရာက သည်လူသည် မည်မျှမောက်မာကြောင်း ရှင်းလင်းစေသည်။

သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်ရှိသည့် သူ့စီနီယာ၏ အမဲလိုက်ခြင်းကို ထပ်မံခံခဲ့ရသည်။ သူက သူ့ကလန်ဟောင်း၏ စီနီယာကိုပါ တစ္ဆေကိုးကောင် ပျက်စီးခြင်း တောင်ကြားသို့ သွေးဆောင် ခေါ်သွားခဲ့ပြီး နှစ်ယောက်လုံး ပျောက်ကွယ်သွားကြသည်။

လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ထန်ဘိုင်က သည်တောင်ကြားကနေ ပြန်ထွက်ပေါ်လာ ခဲ့ပြန်သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်သာ ရှိနေသေးသည်။

သည်လူက သူ့ကလန်ဟောင်းကို လက်စားချေရန် လက်လျှော့ခဲ့ပြီး သူ့နိုင်ငံမှ ထွက်ခွာလာခဲ့သည်။ သူက အနှံ့လျှောက်သွားနေပြီး သူသွားခဲ့သည့် နေရာတိုင်းတွင် ယုတ်မာဆိုးရွားသည့် လုပ်ဆောင်မှုများကို ကျူးလွန်ခဲ့သည်။ သူ့လက်ထဲ၌ မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးခဲ့ရသည်ဟုပင် ပြော၍ ရ၏။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်များပင် သူနှင့်ရင်ဆိုင်ရန် ခေါင်းခဲရသည်။ အကြောင်းမှာ သူက နည်းလမ်းအချို့ကို ကျင့်ကြံခဲ့ပြီး သည်နည်းလမ်းက သူ့ကိုသတ်ရန် မဖြစ်နိုင်အောင် ပြုလုပ်ပေးသည်။ သူတို့က သူ့ကို သတ်ဖြတ်လိုက်ပြီဟု တွေးလိုက်တိုင်း ၎င်းက သူ့အင်းဆက် ကိုယ်ပွားတစ်ခုသာ ဖြစ်နေခဲ့သည်။

သည့်အပြင်သူက မိုးခေါင်းလောင်းကို ရရှိခဲ့ပြီး ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်နိုင်သည့် လူအများထဲက တစ်ယောက်ပင် ဖြစ်လာခဲ့သည်။

ကောင်းကင်ဘုံနယ်မြေ၌ သူက တစ်စုံတစ်ယောက်နှင့် မတွေ့သည့်အထိ အကန့်အသတ် မဲ့နေသေးသည်။ သူသွားရှုပ်လို့မရသည့် လူတစ်ယောက်က ဆီကနေ သူက ကောင်းကင်ဘုံ ကျောက်စိမ်းကို ခိုး၍ ထွက်ပြေးလာစဉ်တွင် ဝမ်လင်းနှင့်တွေ့ခဲ့၏။ သူက ဝမ်လင်းကို အကူအညီ တောင်းခဲ့သော်လည်း ဝမ်လင်းက သူ့အား မကူညီခဲ့ပေ။ ထို့ကြောင့် သူက လွတ်မြောက်ရန်အတွက် အင်းဆက် ကိုယ်ပွားများစွာ ဆုံးရှုံးခဲ့ရသည်။ သူက အပြန်လက်မှတ်ကို အသုံးပြု၍ အတင်းအကျပ် ပြန်လာခဲ့ရသည်။

သည်လူသည် ဟင်္သာပြဒါးနိုင်ငံသို့ ပထမဆုံး ပြန်ရောက်လာခဲ့သည့်လူ ဟူ၍ပင်‌ ပြော၍ ရသည်။

သူက ပြန်ရောက်လာသည့်အခါ အပြန်လက်မှတ်ပြဿနာမျိုး ကြုံတွေ့ခဲ့ရသေးသည်။ သူက ဝမ်လင်းထက်တော့ ကံကောင်းခဲ့ပြီး ဟင်္သာပြဒါးနိုင်ငံသို့ တိုက်ရိုက် ရောက်ရှိလာနိုင်ခဲ့သည်။

သို့ရာတွင် သူက ကောင်းကင်ဘုံနယ်မြေသို့ သူဝင်ရောက်ခဲ့သော နေရာသို့ ပြန်ရောက်လာခြင်း မဟုတ်ဘဲ နတ်ဆိုးပင်လယ်သို့ ကျဆင်းသွားခြင်း ဖြစ်သည်။

သူက ကောင်းကင်ဘုံနယ်မြေတွင် သူ့အင်းဆက် ကိုယ်ပွားများစွာကို ဆုံးရှုံးခဲ့ရသည့်အတွက် သူ့သတ်ဖြတ်ခြင်းကို တစ်ဖန်စတင်ခဲ့သည်။ သူနှင့် ဆုံတွေ့ခဲ့သော ကျင့်ကြံသူအများစုသည် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

သူက သည်ကျင့်ကြံသူများ၏ သွေးအစီအနှစ်ကို စုပ်ယူပြီးနောက် သူ့အင်းဆက်များကို ဆက်လက် မျိုးပွားနိုင်ခဲ့ပြီး ချူနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူက ကလန်အများစုကို အမြစ်ဖျက် သုတ်သင်ရခြင်းသည် သူ့အင်းဆင်များကို အစာကျွေးရန် ဖြစ်၏။ သူ့အင်းဆက်များသည် သေမျိုးများ၏ အသွေးအသားများဖြင့် မလုံလောက်ပေ။ ထို့ကြောင့်လည်း ချူနိုင်ငံသည် အခုလို ဘေးဒုက္ခနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

ဘီလူးနတ်ဆိုးကလန်မှ တမန်တော်သည် ထန်ဘိုင်ရောက်လာသည်ကို တွေ့သည်နှင့် သူက ကြိတ်၍ ညည်းတွားခဲ့ရသည်။ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ့ကိုယ်ပိုင် နားလည်မှုနှင့် အဆင့်ချိုးဖျက်ခဲ့ခြင်း မဟုတ်ဘဲ အခြားတစ်ယောက်၏ နားလည်မှုကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။ သည်လိုစွမ်းအားမျိုးဖြင့် သူက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို အနိုင်ကျင့်နိုင်သော်လည်း ထန်ဘိုင်ကဲ့သို့ စွမ်းအားကောင်းသော လူတစ်ယောက်ဖြင့် တွေ့သည်နှင့် ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။

ထန်ဘိုင်က ခုချိန်၌ တောင်ထိပ်တစ်ခုတွင် ရပ်လျက်ရှိသည်။ သူ့ပတ်လည်တွင်လည်း မရေမတွက်နိုင်သော အင်းဆက်များဖြင့် ဝန်းရံထား၏။ သူမျက်လုံးများက အကွာအဝေးတစ်ခုရှိ ကလန်တစ်ခုကို သွေးဆာစွာ ကြည့်နေသည်။

“တိမ်ကောင်းကင်ကလန်…။ ချူနိုင်ငံရဲ့ နံပါတ်တစ်ကလန်။ ဆေးလုံးဖော်စပ်ခြင်းမှာ ကောင်းမွန်လှတဲ့ကလန်။ ဟမ် … ဒီနေ့ပြီးရင် ဒီကလန်ရဲ့ ဆေးလုံးအားလုံးက ငါ့ဟာဖြစ်သွားပြီ။ တခြားကလန်တွေရဲ့ အပြောအရ ဒီကလန်ရဲ့ ကလန်ခေါင်းဆောင်က အလွန်လှတယ်တဲ့။ ငါသိချင်သေးတယ်။ သူက ငါ့အင်းဆက်တွေ ထွင်းဖောက်ခံနေရချိန်ကော လှနိုင်ပါ့ဦးမလား …”

ထန်ဘိုင်က ကလန်ရှိရာသို့ ပျံသန်းသွားလေ၏။ သူ့ပတ်လည်တွင် ဝန်းရံနေသော အင်းဆက်များက ခြိမ်းခြောက်မှုကို ပေးစွမ်းနေသည်။

“လွန်ခဲ့တဲ့ ခုနှစ်ရက်က တိမ်ကောင်းကင်ကလန်ရဲ့ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ဂျူနီယာတစ်ယောက်ကို ငါ့အင်းဆက်တွေအတွက် အစာကျွေးခဲ့တယ်။ ဒီဂျူနီယာက သူသေခါနီးမှာ ဝမ်လင်းက ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဟမ် … ဒီဝမ်လင်းက ဘယ်သူလဲ။ ငါတစ်ခါမှ မကြားဖူးဖူး။ ပြီးတော့ ချူနိုင်ငံ အဆင့်သုံးနိုင်ငံတစ်ခုပဲ။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ရှိနေစရာ အကြောင်းမရှိဘူး။ ဒီဝမ်လင်းက အလွန်ဆုံးမှ စဦးစိတ်ဝိညာဉ်အဆင့် နောက်ဆုံးအဆင့်ထက် နည်းနည်းပိုမြင့်တာပဲ ရှိမယ်။ ဟက် … ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူအချို့ကိုတောင် သတ်ခဲ့ပြီးပြီး …”

ထန်ဘိုင်က နှာခေါင်းရှုံ့လိုက်၏။ “ငါက ချူနိုင်ငံကို အမြစ်ဖျက် သုတ်သင်ပြီးရင် တစ္ဆေကိုးကောင်ပျက်စီးခြင်း တောင်ကြားကို ပြန်တဲ့ လမ်းတစ်လျှောက်မှာလည်း သတ်ရဦးမယ်။ ဒီအချိန်ပြီးရင် ငါက အင်းဆက်ဘုရင်ကို မွေးဖွားရမယ်။ အင်းဆက်ဘုရင်ကို ငါ့ခန္ဓာကိုယ်ထဲ ထည့်သွင်းနိုင်ရင် ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ရောက်သွားလိမ့်မယ်…။ စန်နူး မင်းက ငါ့ကိုထပ်ပြီး ရိုက်နိုင်ဦးမလား ကြည့်ရတာပေါ့ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset