သည်တည်နေရာ ကူးပြောင်းခြင်က ဝမ်လင်းကို ကောင်းကင်ဘုံ နယ်မြေသို့ တည်နေရာ ကူးပြောင်းစဉ်ကနှင့် တူညီသော ခံစားချက်ကို ပေးစွမ်း၏။ သို့ရာတွင် အခု သည်ခံစားချက်က အချိန်တိုလေးသာ ဖြစ်၏။ ဝမ်လင်းက တည်နေရာ ကူးပြောင်းခြင်း အစီအရင်၏ ကီလိုမီတာ မရေမတွက်နိုင်အောင် ဝေးသောနေရာ၌ ပြန်ပေါ်လာခဲ့၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည်။ သူ့စိတ်ဓာတ် ခိုင်မာမှုဖြင့်တောင် သူက မကြောက်ရွံ့ပဲ မနေနိုင်ဖြစ်သွား၏။
သည်နေရာသည် နတ်ဆိုးပင်လယ်နှင့် ကီလိုမီတာ ရှစ်သိန်းဝေးသောနေရာ ဖြစ်နေ၏။ သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များစွာ အသုံးပြုခဲ့ဖူးသည်။ ဝမ်လင်းက သူသည် နတ်ဆိုးပင်လယ်သို့ ရောက်ရန် ကီလိုမီတာသန်းချီ၍ သွားရဦးမည် ဖြစ်ကြောင်း ခန့်မှန်းထား၏။ အခု သူက ပုံမှန်ဆိုရင် တစ်လလောက် သွားရဦးမည့်ခရီးက မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့ပေသည်။ သည်အမှန်တရားက ဝမ်လင်းကို ကြက်သေ သေသွားစေ၏။
သူက လက်ထဲရှိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ငုံ့ကြည့်၏။ ၎င်းက အဖြူသပ်သပ် မဟုတ်တော့ပဲ မီးခိုးရောင်အနည်းငယ် ရောနေသည်ကိုပါ တွေ့လိုက်ရ၏။ ၎င်းကျောက်စိမ်းပြားထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ၁၀ ရာခိုင်နှုန်းသည် ကုန်ဆုံးသွားခဲ့၏။
သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်ဝင်အောင်လုပ်ခဲ့စဉ် ပေါ်လာခဲ့သော မြေပုံကို ပြန်စဉ်းစားကြည့်ရာ တစ်ခုခုကို နားလည်သွားခဲ့၏။ ဖြစ်နိုင်သည်က ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းရန်အတွက် မှန်ကန်သော နည်းလမ်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ အသုံးပြုလျှင် တည်နေရာ တစ်ခုကိုသာ ဖွင့်လှစ်နိုင်ပြီး ကောင်းကင်ဘုံ ကျောက်စိမ်းကို အသုံးပြုလျှင် တည်နေရာ အားလုံးကို ဖွင့်လှစ်နိုင်သည် ဖြစ်ရပေမည်။
“ ငါ့မှာ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ လုံလောက်အောင် ရှိပေမဲ့ ဒီအရာအတွက် ဖြုန်းတီးမပစ်နိုင်ဘူး။ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို အသုံးပြုပြီး တည်နေရာ ကူပြောင်းနိုင်တဲ့လူက ဟင်္သာပြုဒါးဂြိုဟ်မှာ သိပ်မရှိလောက်ဘူး …”ဝမ်လင်းက သူ့ကိုယ်သူ လှောင်ရယ်၍ လေထဲသို့ ခုန်တက်ကာ ရှေ့သို့ဆက်၍ ပျံသန်းသွားသည်။
အမှန်တရားသည် ဝမ်လင်း တွေးထင်ခဲ့သလိုနှင့် အနီးစပ်ဆုံး ရှိပေလိမ့်မည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား အသုံးပြု၍ ဖွင့်လှစ်နိုင်သည့် လူသည် အမှန်ပင် နည်းပါးပေလိမ့်မည် မဟုတ်လား။
ဟင်္သာပြဒါးဂြိုဟ်၏ အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူ လေးယောက်သာလျှင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို အသုံးပြု၍ တည်နေရာ ရွှေ့ပြောင်းရာ၌ စိတ်မနာမကျင် ရှိမည် ဖြစ်သည်။
ဝမ်လင်းက ပျံသန်းနေစဉ် သူ့လက်ကောက်ဝတ်ရှိ သားရဲချုပ်ထိန်းခြင်း လက်ကောက်ကို ထိလိုက်သည်။ အနီရောင်လိပ်ပြာနှင့် ဒုတိယကြိမ်မြောက် တိုက်ခိုက်နေစဉ်တွင် မိုးကြိုးသားရဲသည် ဒဏ်ရာများစွာ ရရှိခဲ့၏။ သူက သေဆုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ၎င်းသားရဲက သားရဲထိန်းချုပ်ခြင်း လက်ကောက်ထဲ၌ ရှိနေသေးသော်လည်း လအနည်းငယ်အတွင်း စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်သာ စုပ်ယူနေနိုင်သည်။
ဝမ်လင်းက သူသာ စိတ်ဝိညာဉ်စွမ်းအင်ကို သားရဲထိန်းချုပ်ခြင်း လက်ကောက်ထဲသို့ ဆက်လက်ပြီး ထည့်သွင်း ပေးမနေလျှင် ၎င်းမိုးကြိုးသားရဲက သေဆုံးနှင့်နေပြီ ဖြစ်သည်။
“ငါက ချူနိုင်ငံ ပြန်ရောက်ရင် ဝမ်အာက ဒီသားရဲကို ပြန်ကောင်းအောင် ကူပေးနိုင်မလား မသိဘူး။ ဒီသားရဲ အခြေအနေက ငါ့ကြောင့် ဆိုးရွားသွားခဲ့ရတာ ဒါကြောင့် ငါက လက်လွတ်စပယ် ထားလို့မရဘူး …”
သူက ဤကဲ့သို့ တွေးမိနေစဉ် သူ့လက်ကောက်ဝတ်မှ နူးညံ့သော လှိုင်းတစ်ခုဖြင့် တုံ့ပြန်လာသည်။
ထိုအချိန်၌ ချူနိုင်ငံ တိမ်ကောင်းကင် ကလန်၌ လီမူဝမ်က ကလန်၏ အရှေ့ဘက်ခြမ်းတွင် ထိုင်နေပြီး ဗျပ်စောင်းတီးခတ်နေ၏။ သူမ၏ ကျောက်စိမ်းရောင် လက်ချောင်း သွယ်သွယ်လေးများက ဒုံမင်းပေါ်၌ လူးလားခတ်ဆန် ဖြစ်နေပြီး လှပသော တေးသွားတစ်ခုကို ဖန်တီးနေသည်။ ညင်သာနူးညံ့သော သံစဉ်တေးသွားလှိုင်းများက တစ်စုံတစ်ရာကို တစ်သသ ပြန်လည် အောက်မေ့နေမှုကို ဖော်ကျူးနေ၏။
နှစ်တစ်ရာဆိုသော အချိန်က ဝမ်လင်းအတွက် ခဏတာသာ ဖြစ်သော်လည်း လီမူဝမ်အတွက်ကမူ ရှည်ကြာလွန်းလှ၏။
သူမ၏ အသွင်အပြင်သည်လည်း အစကနှင့် မတူဘဲ အသက်ကြီးလာသည့် အရိပ်လက္ခဏာများ ပြနေပြီ ဖြစ်သည်။ သူမအသက်အရွယ်နှင့် ဆိုလျှင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲရှိ နှင်းစက်ရည်များကြောင့်သာ မဟုတ်လျှင် ခုဆို အရိုးပုံ ဖြစ်နေလောက်ပြီ။
“ဒီနှစ်တစ်ရာအတွင်း ငါ့ရဲ့ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့တည်ခြင်း အဆင့်မှာပဲ တစ်နေခဲ့တယ်။ နင်ပေးခဲ့တဲ့ နှင်းစက်ရည်တွေကလည်း ဆက်လက် သက်ရောက်မှု မရှိတော့ဘူး။ ငါ့ခန္ဓာကိုယ်ကလည်း တစ်နေ့တခြား အားနည်းလာတယ်လို့ ခံစားနေရပြီ …။ ငါက နောက်ဆယ်နှစ် အတွင်းမှာ စဦးစိတ်ဝိညာဉ်အဆင့်ကို မရောက်ရှိနိုင်ခဲ့ဘူး ဆိုရင် ငါ …” လီမူဝမ်က သူမကိုယ်သူမ မျက်ရည်များ ကျဆင်းမလာအောင် အတင်းအကျပ် ထိန်းချုပ်လိုက်ရ၏။
သို့ရာတွင် ဗျပ်စောင်းအသံက သူမ၏ စိတ်တွင်း ခံစားချက်များကို လှစ်ဟပြနေ၏။ သည်သံစဉ်တွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နေသည်။ သည်ဂီတသံကို ကြားရသည့်လူတိုင်း၏ နှလုံးသားကို လေးလံမှုအား ခံစားပေးစွမ်းနေ၏။
“ဝမ်လင်း … နင် ခုဘယ်ကိုများ ရောက်နေတာလဲ …” လီမူဝမ်မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပို၍ အားကောင်းလာခဲ့သည်။ သူမနှလုံးသားက အလွန်ပင် နာကျင်ရ၏။
ဝမ်လင်းနှင့် အတူရှိခဲ့သည့် အချိန်များသာ သူမစိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ သည်အကြောင်း ကြောင့်လည်း သူမက ခုလို အသက်ရှင်နေရခြင်းသာ။ သူမ၌ သည်မှတ်ဉာဏ်များသာ မရှိတော့လျှင် သူမခန္ဓာကိုယ်က အကောင်းတိုင်း ရှိနေတောင် နှလုံးသားက သေဆုံးသွားပေလိမ့်မည်။
“ဝမ်လင်း … နင်ပြန်လာတဲ့ အချိန်ကျရင် ငါတို့နှစ်ယောက်ကို သေခြင်းရှင်ခြင်းက ခွဲခွာသွားမှာ စိုးမိတယ် …” လီမူဝမ်က ဆက်လက်ပြီး သူမမျက်ရည်များကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။ မျက်ရည်စီးကြောင်း နှစ်ခုက သူမ ရင်ဘတ်ပေါ်သို့ ကျဆင်းလာတော့၏။
ထိုအခိုက်တွင် ခြံဝင်းအပြင်ဘက်၌ လူနှစ်ယောက် မတ်တတ်ရပ်နေ၏။ သူတို့နှစ်ယောက်လုံး၏ ဦးခေါင်းများက ဆံပင်များ စွတ်စွတ်ဖြူနေသည်။
အဘိုးအိုထဲက တစ်ယောက်က သူ့ခေါင်းကိုခါ၍ ပြောလိုက်သည်။ “ကလန်ခေါင်းဆောင်ရဲ့ ဗျပ်စောင်းသံထဲမှာ သေခြင်းတရား အငွေ့အသက်တွေ ပါဝင်နေတယ် …”
“လိုင်ဖန် … လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ကလန်ခေါင်းဆောင်က စဦး စိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်ဖို့ သုံးကြိမ်တိုင်တိုင် ကျဆုံးခဲ့တယ်။ သူမက လူတစ်ယောက်ကိုတွေ့ဖို့ စောင့်နေတာ မဟုတ်ဘူးဆိုရင် လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကတည်းက သေသွားခဲ့လောက်ပြီ …”
“စုန်ချင် … မင်းပြောတဲ့လူက ခုထိ အသက်ရှင်နေသေးတယ်လို့ ထင်လား …” လိုင်ဖန်၏စိတ်ထဲ၌ အေးစက်စက် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်တစ်ရာက အဖြစ်အပျက်ကို သူက ခုထိ မမေ့သေးပေ။
“စုန်ချင်က စဉ်းစား၍ သက်ပြင်းချလိုက်သည်။ လွန်ခဲ့တဲ့နှစ်တစ်ရာက သူက စဦး စိတ်ဝိညာဉ် အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ သူက ဘယ်လိုလုပ် သေနိုင်ပါ့မလဲ။ ငါ့အထင်တော့ သူက စဦး စိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ …”
လိုင်ဖန်စိတ်ထဲရှိ ကြောက်ရွံ့မှုက ပိုစိုးသွားခဲ့၏။ သူက လွန်ခဲ့သော နှစ်တစ်ရာက အဖြစ်အပျက် မြင်ကွင်းကြောင့် အိပ်ပျော်နေရာမှ လန့်လန့်နိုးတတ်သည့် အထိ ဖြစ်ခဲ့သည်။
သည်မြင်ကွင်းက သူ့စိတ်ထဲရှိ နတ်ဆိုးလို ဖြစ်လာခဲ့သည်။
“သူက စဦး စိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို ရောက်နေတယ် ဆိုရင်တောင် တိမ်ကောင်းကင် ကလန်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး …” လိုင်ဖန်၏ မျက်နှာက ခါးသီးမှုဖြင့် ပြည့်နေ၏။
စုန်ချင်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခါးသီးစွာပြုံး၍ ပြောလိုက်သည်။ “ဒီတစ်စိမ်းကျင့်ကြံသူက အပြာရောင် ကောင်းကင်ကလန်ကို လွန်ခဲ့တဲ့ သုံးရက်က အမြစ်ဖျက် သုတ်သင်ခဲ့တယ်။ နောက်တစ်လှည့်က ဘယ်သူ့အလှည့်များ ဖြစ်နေမလဲ ငါသိချင်လိုက်တာ …”
လိုင်ဖန်က ခါးသီးစွာ ပြော၏။ “တမန်တော်တောင် ဒီလူရဲ့နည်းစနစ်ကို ကြောက်လန့်နေရတာ။ တိမ်ကောင်းကင် ကလန်ရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ …”
“စဦး စိတ်ဝိညာဉ်အဆင့် စီနီယာအကြီးအကဲ လေးယောက်ထဲမှာလည်း အကြီးအကဲ လိုင်ချောင်က လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကတည်းက သေဆုံးသွားခဲ့ပြီ။ အခု ဂုန်စွန်လည်း သေမလား၊ ရှင်မလား မသိရသေးဘူး …”
ထိုအခိုက်တွင် ဗျပ်စောင်းသံက ရပ်တန့်သွား၏။ သည့်နောက် လီမူဝမ်၏ ညင်သာသော အသံက ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
“စီနီယာ … ကျေးဇူးပြု၍ စကားပြောကြစို့။ ဝမ်အာက ခံစားချက် ကောင်းကောင်း ရှိမနေဘူး။ ဒါကြောင့် ထွက်မလာနိုင်တာပါ …”
လိုင်ဖန်နှင့် စုန်ချင်က လျင်မြန်စွာ ပြန်ပြော၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ ခြံဝင်းထဲသို့ ဝင်လာခဲ့၏။
လီမူဝမ်က ဗျပ်စောင်းကို ကြည့်နေ၏။ သူမက ခေါင်းယမ်း၍ သူ့အကြည့်ကို အဘိုးအို နှစ်ယောက်ထံသို့ ရွှေ့လိုက်သည်။
လိုင်ဖန်က စိတ်ရှုပ်ထွေးဟန် ဟန်ပန်ဖြင့် ပြောလိုက်သည်။ “ကလန်ခေါင်းဆောင် … နင့်ရဲ့ကျင့်ကြံမှုက အလွန်အရေးကြီးတယ်။ ဗျပ်စောင်းတီးခတ်ခြင်းက နင့်စိတ်ကို ဒဏ်ဖြစ်စေလိမ့်မယ် …”
လီမူဝမ်က သက်ပြင်းချ၍ ပြုံးကာပြော၏။ ငါ့ ခန္ဓာကိုယ်က အလွန်အားနည်းနေပါပြီ။ “ဗျပ်စောင်းမတီးလည်း ငါက ဆယ်နှစ်ထပ် ပိုနေရတော့မှာ မဟုတ်ဘူး …”
လိုင်ဖန်က တိတ်တဆိတ် သက်ပြင်းချမိသည်။
လီမူဝမ်က တည်ငြိမ်စွာ ပြော၏။ “အကြီးအကဲ ဂုန်စွန်ရဲ့ သတင်းကို ကြားမိသေးလား …”
“အကြီးအကဲ ဂုန်စွန်က လွန်ခဲ့တဲ့ ခုနစ်ရက်က ပြင်ပကျင့်ကြံသူကို သွားရှာခဲ့ပြီး ခုထိ ပြန်မလာသေးဘူး။ ငါ စိုးရိမ်တာက …” စုန်ချင်၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့နှင့် ပြည့်နေ၏။ သူက ဆက်၍ စကား မဆိုနိုင်တော့ပေ။
လီမူဝမ်က အနည်းငယ် စဉ်းစားလိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ဝမ်းနည်းပြုံးဖြင့် ပြောသည်။ “သင်တို့အားလုံးက ဒီပြင်ပကျင့်ကြံသူက ဘယ်နိုင်ငံက လာခဲ့လဲ သတင်းတစ်ခုခု မကြားရဘူးလား …”
လိုင်ဖန်က ခပ်တိုးတိုးပြော၏။ “ငါတို့က ဒီလူက အသက် သိပ်မကြီးသေးတာရယ်၊ အဆိပ်အမျိုးမျိုး ရှိတဲ့ အင်းဆက်တွေ အသုံးပြုတာရယ်ပဲ သိတယ်။ သူက သွေးဆာနေတဲ့ ပုံစံလည်း ရှိတယ်။ လွန်ခဲ့တဲ့ တစ်လက သူက ချူနိုင်ငံကို ရုတ်တရက် ရောက်လာခဲ့ပြီး ခုနစ်ရက်အတွင်း ကလန်သုံးခုကို ဖျက်ဆီးခဲ့တယ်။ လွန်ခဲ့တဲ့ သုံးရက်ကလည်း အပြာရောင် ကောင်းကင်ကလန်လည်း ဖျက်ဆီးခြင်း ခံလိုက်ရတယ်။ သူတို့မိသားစုဆီ ပြန်နေတဲ့ အပြင် တပည့်အနည်းငယ်ပဲ အသက်ရှင် ကျန်ခဲ့တယ် …”
လီမူဝမ်က ပြတင်းပေါက်သို့ ငေးကြည့်နေ၏။ အချိန်အတန် ကြာပြီးနောက် သူမက စကားပြောမလိုဟန် ပြင်ပြီးမှ မျက်နှာ ရဲတက်လာသည်။ သူမခန္ဓာကိုယ်ကလည်း တုန်ခါသွားပြီး အပြင်းအထန် ချောင်းဆိုးသွား၏။
လိုင်ဖန်နှင့် စုန်ချင်တို့သည် စိုးရိမ်သွားကြသည်။
လီမူဝမ်က သူမနှုတ်ခမ်းရှိ သွေးများကို သုတ်လိုက်၏။ သူမက အချိန်တစ်ခုကြာ ချောင်းဆိုးပြီးမှ ရပ်သွားသည်။ သူမက လက်ထဲရှိ သွေးစများကို တုန်လှုပ်စွာ ကြည့်နေမိသည်။ သူမက ၎င်းတို့ကို သန့်ရှင်း၍ ဆက်ပြော၏။ “နောက်ထပ် ရက်အနည်းငယ်ကြာလို့ ငါခံစားရတာ သက်သာလာရင် နင်တို့ရဲ့ သွေးဝိညာဉ် အဆီအနှစ်ကို ပြန်ပေးပါ့မယ်။ အဲဒီကျရင် နင်တို့အားလုံး ဝေးဝေးပြေးကြ…’
“ကလန်ခေါင်းဆောင် …” လိုင်ဖန်နှင့်စုန်ချင်တို့က တစ်ပြိုင်နက်တည်း ခေါ်လိုက်၏။ သူတို့မျက်လုံးများက ဝမ်းနည်းမှုများဖြင့် ပြည့်နေခဲ့သည်။ သူတို့နှစ်ယောက်လုံး၏ သွေးဝိညာဉ် အဆီအနှစ်များက လီမူဝမ်၏ လက်ထဲ၌ ရှိနေသော်လည်း သူမက သူတို့ကို မည်သည့်အခါမျှ ဆန့်ကျင်ခြင်း မပြုခဲ့ပေ။ ထိုအစား သူမက သူတို့က စီနီယာများကဲ့သို့သာ ဆက်ဆံလေ့ရှိသည်။ သူတို့သည်လည်း သစ်သားများဖြင့် ပြုလုပ်ထားသည် မဟုတ်သောကြောင့် ရှိခဲ့သော စိတ်ထဲရှိ အဖုအထစ်သည် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“ကလန်ခေါင်းဆောင်။ ချူယောင်ဇီက သက်တမ်းဆွဲဆန့်ခြင်း ဆေးလုံးကို လွန်ခဲ့တဲနှစ်တွေက ကတည်းက လေ့လာနေခဲ့တယ်။ သူသာ အောင်မြင်မယ်ဆိုရင် နင်လည်း ပိုကြာကြာ အသက်ရှင်လို့ ရမှာပါ …”
လီမူဝမ်က ခေါင်းရမ်း၍ ပြောသည်။ “နည်းလမ်းမရှိဘူး။ ဒါက ငါ့ကို ကူညီနိုင်တယ် ဆိုရင်တာင် ငါ့သက်တမ်းက နှစ်အနည်းငယ်လောက်ပဲ တိုးမှာပါ။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ငါ့ခန္ဓာကိုယ်ရဲ့ အိုမင်းလာမှုကို ခံစားနေမိပြီ။ နောက်နှစ်အနည်းငယ် ဆိုရင် ငါ့ဆံပင်က အဖြူရောင် ပြောင်းသွား နေလောက်ပြီ။ ဒါ့အပြင် တိမ်ကောင်းကင် ကလန်အတွက် ဒီကပ်ဆိုးကလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး …”
စုန်ချင်က ခါးသီးစွာပြော၏။ “ကလန်ခေါင်းဆောင်၊ ငါတို့ ဘီလူးနတ်ဆိုး ကလန်ကနေ အကူအညီ တောင်းရင်ရော။ ဒီပြင်ပကျင့်ကြံသူက ဘီလူးနတ်ဆိုးကလန်ရဲ့ တမန်တော်ကိုတော့ ကြောက်မှာပဲ …”
ဘီလူးနတ်ဆိုး ကလန် …။ လီမူဝမ်က ခပ်တိုးတိုးပြော၏။ သူမက ခေါင်းရမ်းလိုက်ပြန်သည်။ “ဘီလူးနတ်ဆိုး ကလန်က ငါတို့ကို ဆေးဝါးတွေအတွက်ပဲ အသုံးပြုတာ။ စန်နူးနဲ့ ဘီလူးနတ်ဆိုး ကလန် လူငယ်ဆရာရဲ့ ကြားထဲမှာလည်း ကိစ္စတွေရှိသေးတယ်။ ဒါကြောင့် သူတို့က ငါတို့ကို ကူညီနိုင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး …”
လိုင်ဖန်က ပြော၏။ “စန်နူး … ဒီလူကြောင့်သာ မဟုတ်ရင် ဘီလူးနတ်ဆိုးကလန်က ငါတို့ကို ပစ်ထားမှာ မဟုတ်ဘူး …”
စုန်ချင်က လှောင်ပြောင်ဟန် ဖြင့်ပြော၏။ “စန်နူးသာ ငါ့နိုင်ငံကို ရောက်လာခဲ့ရင် ဒီကပ်ဆိုးကြီးက ဖြေရှင်းပြီးသား ဖြစ်သွားပြီ …” စုန်ချင်က သူ့ကိုယ်သူ လှောင်ရယ်လိုက်၏။ ဒီလိုဖြစ်လာဖို့က အပုံတစ်သောင်းမှ တစ်ပုံသာ ရှိသည်။
လိုင်ဖန်က ခါးသက်စွာ ပြုံး၏။ “စန်နူး … ဒီစီနီယာက အနီရောင် လိပ်ပြာရဲ့ လက်မောင်းတစ်ဖက် ကိုတောင် ဖြတ်နိုင်ခဲ့တယ်။ သူက ချူနိုင်ငံဆိုတာ ကိုတောင် မကြားဖူးမှာ ငါစိုးရိမ်မိတယ် …”
လီမူဝမ်က ခပ်တိုးတိုးပြော၏။ “နင်တို့အားလုံး ဒီကလန်ကနေ ထွက်သွားနိုင်တယ်။ ငါဆုံးဖြတ်လိုက်ပြီ။ မြင့်မြတ်တဲ့ အကြီးအကဲ နှစ်ယောက်ကို တံခါးပိတ် လေ့ကျင့်နေရာကနေ သွားခေါ်မယ်။ ငါပြန်လာရင် နင်တို့ရဲ့ သွေးဝိညာဉ် အဆီအနှစ်ကို ပြန်ပေးပြီး နင်တို့ ဒီနေရာကနေ ထွက်သွားနိုင်ပြီ …”
လိုင်ဖန်က မေးလိုက်၏။ “ကလန်ခေါင်းဆောင် … နင်ကရော။ ငါတို့နဲ့ အတူ လိုက်မလာဘူးလား …”
လီမူဝမ်၏ မျက်လုံးထဲ၌ အလွန်ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ထိုအခိုက်တွင် သူ့နှလုံးသားက ကြောက်ရွံ့မှုဆိုတာ မရှိတော့ပေ။ တိမ်ကောင်းကင်ကလန်က ပျက်စီးသွားမယ် ဆိုရင်ပင် သူမက ထွက်ခွာသွားရန် ဆန္ဒမရှိပေ။ သူမက သေဆုံးရမည်ဆိုရင်ပင် သည်နေရာတွင်သာ သေဆုံးမည် ဖြစ်၏။ သည်အရာသည် သူမနှင့်ဝမ်လင်း၏ သဘောတူညီချက် ဖြစ်နေသည် မဟုတ်လော။
သူမက မည်သို့မျှ စကားပြန်မဆိုပေ။ သို့သော် သူမက ညင်သာစွာ ခေါင်းယမ်း၏။ သူမက အပြင်ဘက်ရှိ အပြာရောင် မိုးသားကောင်းကင်ကြီးကို ငေးကြည့်နေ၏။ သူမစိတ်ထဲ၌ ဝမ်လင်း၏ပုံရိပ် ရှိနေသည်။
“အစ်ကိုဝမ် …”
လက်သီးဆုပ်ခန့် အသွင်တစ်ခုက လီမူဝမ်၏မျက်ခုံးကြားမှ ထွက်ပေါ်လာ၏။ ၎င်းက သူမအနား၌ ခဏတာ ဝဲပတ်နေပြီးနောက် ဗျပ်စောင်းပေါ်သို့ ရောက်ရှိသွား၏။
လီမူဝမ်က သည်အသွင်လေး၏ ခေါင်းကို ပွတ်သပ်၍ ခပ်တိုးတိုးပြောသည်။ “လင်း အသေးစားလေး … နင့်ဆရာက ဘယ်ရောက်နေပီလဲ …”
ဝမ်လင်းက ကီလိုမီတာ ရှစ်သိန်းတောက်လျှောက် ပျံသန်းရာ၌ ရပ်နားခြင်း မရှိပေ။ သူက နတ်ဆိုးပင်လယ်၏ အစွန်းတွင်ရပ်၍ ချူနိုင်ငံသို့ လှမ်းမျှော်ကြည့်နေ၏။ သူ့စိတ်ထဲ၌လည်း အချို့အကြောင်းများကြောင့် အနည်းငယ် တုန်ယင်နေသည်။
သူက ခုလိုတုန်ယင်မှုမျိုးက ဘယ်တုန်းကမှ မခံစားဖူးပေ။ သည်ခံစားမှုက သူ့အတွက် ပထမဆုံး အကြိမ်ပင်။
“စိတ်ထဲကနတ်ဆိုး …” မဖြစ်နိုင်ပါဘူး။ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် သာမန ်အတွင်းနတ်ဆိုးက ငါ့ မူလစိတ်ဝိညာဉ်ထဲကို မဝင်နိုင်ပါဘူး …” ဝမ်လင်းက ထိုအကြောင်းကို တွေးနေ၏။ သူက နတ်ဆိုး ပင်လယ်ထဲသို့ ဝင်ရောက်လာသည်။
“ငါ… ဝမ်အာကိုမမြင်ရတာ နှစ်တွေအကြာကြီး ရှိနေပြီ။ ငါ သူမအတွက် တစ်ခုခု ဝယ်သွားသင့်တယ် …”
ဝမ်လင်းက ပြုံးလိုက်၏။
***