မရေမတွက်နိုင်သော လျှပ်စီးများ အလင်းတန်းများသည် ဝဲကတော့ထဲမှ နေရာအနှံ့သို့ ပျံ့နှံ့နေ၏။
အဘိုးအို၏ အသွင်က ပြောင်းလဲသွားသည်။ သူက သူ့တပည့်ကို ဆွဲခေါ်၍ နောက်သို့ ဆုတ်သည်။ တစ်ချိန်တည်းမှာ သူ့လက်က ချိတ်တံဆိပ်ကို ဖြစ်ပေါ်စေလိုက်ရာ ရှစ်ထောင့်ပုံ ကြေးမုံတစ်ချပ်က သူ့ရှေ့၌ ပေါ်လာခဲ့၏။ သည်ကြေးမုံက လျင်မြန်စွာ စတင်လှည့်ပတ်သည်။
အက်ကွဲသံများနှင့်အတူ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ကြေးမှန်ပေါ်၌ ပေါ်လာခဲ့ပြီး ၎င်းက ကွဲကြေသွားသည်။
အဘိုးအိုက သည်ဆုံးရှုံးမှုအတွက် ဝမ်းနည်းနေရန် အချိန်မရှိပေ။ သူက ကြေးမှန် ပေါက်ကွဲသွားသည့်အားကို အသုံးပြု၍ နောက်သို့ ပိုဆုတ်သွားသည်။ သို့ရာတွင် ကြမ်းတမ်း လျှပ်စီးတန်းများက သူတို့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။
အဘိုးအို၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နေသည်။ သူက နှုတ်ခမ်းကို အနည်းငယ်ကိုက်၍ မိန်းမပျိုကို နောက်သို့ တွန်းထုတ်လိုက်သည်။ “သွား … နင့်ဆရာက နင့်အတွက် တားဆီးပေးထားမယ် …။ သွားတော့ …”
ဆရာ …။ မိန်းမပျိုလေး၏ မျက်လုံးများက နီရဲလာခဲ့သည်။ သူမက တစ်စုံတစ်ခုကို ပြောဟန်ပြင်သည်။
သို့ရာတွင် ထိုအခိုက်၌ သူတို့ထံသို့ တိုးဝင်လာသော လျှပ်စီးအလင်းတန်းများက ရပ်တန့်သွားသည်။ သည့်နောက် သည်အလင်းတန်းက မျက်လုံးအသွင်သို့ ကျုံ့သွား၏။ တစ်ချိန်တည်းမှာပင် အလင်းတန်းမျက်လုံးက ဖျတ်ခနဲတောက်ပသွားပြီး အဖြူရောင်ဆံပင်နှင့် လူငယ်တစ်ယောက် ထိုအလင်းတန်းမှ ထွက်ပေါ်လာ၏။
အဘိုးအိုနှင့် သူ့တပည့်က သည်မြင်ကွင်းကို မှင်တက်စွာ ကြည့်နေမိကြသည်။ သူတို့က အချိန်အတန်ကြာသည့် အထိ ဆွံ့အနေသည်။
လူငယ်က တည်ငြိမ်စွာဖြင့် ထိုလျှပ်စီးမျက်လုံးထဲမှ လမ်းလျှောက်၍ ထွက်လာသည်။ သူက အသက်ဝဝရှူသွင်း၍ ပတ်ဝန်းကျင်ကို ကြည့်သည်။ သူ့အကြည့်က အဘိုးအိုနှင့် သူ့တပည့်ပေါ်သို့ ကျရောက်သွား၏။
သည်ဆံပင်အဖြူရောင်နှင့် လူငယ်က ဝမ်လင်းပင်။
“ဟင်္သာပြဒါးဂြိုဟ် … ငါပြန်လာပြီ …” ဝမ်လင်းက သူကိုယ်သူ ခပ်တိုးတိုးပြော၏။ ထို့နောက် သူက အဘိုးအိုနှင့်မိန်းမပျိုကို ညင်သာစွာပြုံးပြ၍ မေးလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ … ဟင်္သာပြဒါးနိုင်ငံမှာ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့သေးလား …”
ဝမ်လင်းက အနီရောင်လိပ်ပြာ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ရောက်သည်နှင့် အချို့သော ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်မည်ကို ကြိုတွက်ထားသည်။
မိန်းမပျို၏ ရှေ့တွင် ရပ်နေသောအဘိုးအိုက သတိကြီးစွာထား၍ လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။ “စီနီယာ … ဟင်္သာပြဒါးနိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းတွေက ကိစ္စတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ စီနီယာက ဘယ်ကိစ္စကိုများ သိချင်တာလဲ …”
ဝမ်လင်းက ပြုံး၍ ပြောသည်။ “ ဖြစ်ပျက်ခဲ့သမျှ အားလုံး ပြောပြပါ …”
အဘိုးအိုက ပြောမလိုဟန်ပြင်လိုက်စဉ် သူ့နောက်ရှိ မိန်းမပျိုက ချက်ချင်းပြောလိုက်သည်။ “အကြီးမားဆုံးကိစ္စကတော့ စန်နူးဆိုတဲ့ လူအကြောင်းပဲ …”
“စန်နူး …” ဝမ်လင်းက မှင်တက်သွား၏။ သူက သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ချက်ချင်း နားလည်လိုက်သည်။
မိန်းမပျိုက သူ့ဆရာ၏ အကြည့်ကို လျစ်လျူရှု၍ ခပ်မြန်မြန်ဆက်ပြောသည်။ “ဟုတ်တယ် … စန်နူးပဲ။ သူ့ကြောင့် အနီရောင်လိပ်ပြာက လက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လေ …”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ သူက ထိုသို့ဖြစ်လာလိမ့်မည်လို့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ တုန်လှုပ်ခြင်း မဖြစ်မိပေ။ သူက ထပ်မေးလိုက်၏။ “စန်နူးက ဘယ်လိုပုံစံရှိလဲ။ သူ့ကို ဟင်္သာပြဒါးနိုင်ငံက လိုချင်တာလား …”
အမျိုးသမီးက ပြောမလို ဟန်ပြင်လိုက်စဉ် သူ့ဆရာက တားလိုက်၏။ အဘိုးအိုက ဝမ်လင်းကို ဂရုတစိုက်ကြည့်၍ ဖြေလိုက်သည်။ “စီနီယာ ဟင်္သာပြဒါးနိုင်ငံက စန်နူးကို ဖမ်းဖို့ ဘာအမိန့်မှ မပေးထားဘူး …”
ဝမ်လင်းက အားပါးတရ ရယ်မောလိုက်သည်။ သူက အဘိုးအိုကိုကျော်၍ မိန်းမပျိုထံသို့ ကြည့်ကာ ပြောလိုက်သည်။ ကလေးမလေး … နင်က ရိုးသားပြီးတော်တယ်။ မဆိုးပါဘူး။ နင့်ဆရာထက်တော့ သာတယ် …။ ဒီဆေးပုလင်းက နင့်ကို အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ရောက်ဖို့အတွက် အကူအညီ ဖြစ်စေလိမ့်မယ်။ ဒါက မင်းအတွက် ငါ့လက်ဆောင်ပါ …”
ဝမ်လင်း ပျောက်ကွယ်သွားခြင်းနှင့် အတူ လျှပ်စီးဝဲကတော့က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ မိုးကတော့ ဆက်လက်၍ သည်းနေတုန်းပင်။
အဘိုးအိုက ခုမှ အသက်ဝဝရှူနိုင်တော့သည်။ သူ့နှလုံးသားက ခုထိ ဂနာမငြိမ် ဖြစ်ရသည်။ သည်စီနီယာက တစ်ချိန်လုံး ပြုံးနေသော်လည်း သူက သူ့ရှေ့တွင် နတ်ဘုရားတစ်ယောက် ရောက်နေသလို ခံစားနေရ၏။ သည်လူငယ်က လက်ဝှေ့ယမ်းရုံဖြင့် သူက သေဆုံးသွားနိုင်ပေသည်။
မိန်းမပျိုက သူ့လက်ထဲရှိ ဆေးပုလင်းကို ကိုင်ထားရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ “ဆရာ … ဒီဆေးလုံးက ဘာဆေးလုံးမျိုးလဲ …”
အဘိုးအိုက ဆေးပုလင်းကို ယူ၍ အထဲသို့ ကြည့်လိုက်သည်။ သူ့အသွင်က ချက်ချင်း ပြောင်းလဲသွား၏။ သူက ဆေးတစ်လုံးကို ထုတ်ယူ၍ အနံ့ခံကြည့်သည်။ သူ့တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူက ချက်ချင်းပင် ဆေးလုံးကို ဆေးပုလင်းထဲ ပြန်ထည့်၍ သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သည့်နောက် သူက သူ့တပည့်ကို ဆွဲခေါ်၍ သည်နေရာကနေ ထွက်ခွာသွား၏။
မိန်းမပျိုက မကျေမနပ် ခံစားနေရသည်။ သူတို့က ၁၀ ကီလိုမီတာကျော်သို့ ရောက်လာသည့်အချိန်တွင် သူမက ဆက်မချုပ်တီး နိုင်တော့ပဲ ထပ်မေးလိုက်ပြန်သည်။
အဘိုးအိုက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တဖျပ်ဖျပ်တောက်ပနေသည်။ သူက ပြောလိုက်၏။ “တပည့် … သူပေးခဲ့တဲ့ ဆေးလုံးကသာ အမှန်ဆိုရင် ဒီလူက အရမ်း စွမ်းအားကောင်းတဲ့လူ ဖြစ်လိမ့်မယ်။ ဒီဆေးလုံးတွေကို မြေကွဲအက်ခြင်းဆေးလုံးလို့ ခေါ်တယ်။ ဒီဆေးလုံးတွေက အမြုတေဖွဲ့တည်ခြင်း အဆင့်အတွက် အရမ်းအကျိုးရှိတယ်။ ဒီပုလင်းထဲမှာ ဆေးသုံးလုံးရှိတယ်။ ဒီဆေးသုံးလုံးတည်းက ငါတို့ ရေဆိုးကလန်ကို ကပ်ဘေးတစ်ခု ဖြစ်ပွားနိုင်စွမ်း ရှိတယ် …”
မိန်းမပျိုက ကြောင်ငေးသွား၏။
ဝမ်လင်းက အခုချိန်တွင် နတ်ဆိုးပင်လယ်အနားရှိ ချူးနိုင်ငံဆီသို့ သွားလျက်ရှိသည်။ သူက လက်စားပြန်ချေပြီးနောက် ကောင်းကင်ဘုံနယ်မြေသို့ သွားခဲ့သည်။ သူ့အတွက် အိမ်ပြန်ရန် အချိန်ကျလေပြီ။
ဝမ်လင်းက စိတ်ထဲ၌ စဉ်းစားနေသည်။ “အပြန်လက်မှတ်သာ မမှားခဲ့ဘူးဆိုရင် ငါက ပိုစောပြီး ဟင်္သာပြဒါးဂြိုဟ်ကို ရောက်နှင့်နေလောက်ပြီ။ ဒီလက်မှတ်က ငါ့ကို အပျက်အစီး ဂြိုဟ်တစ်ခုကို ပို့လိုက်မယ်လို့ မမျှော်လင့်မိဘူး …”
ဝမ်လင်းက အပြန်လက်မှတ်က အနည်းငယ် ပြဿနာရှိသွားသဖြင့် ဟင်္သာပြဒါးဂြိုဟ်နှင့် သိပ်မဝေးသော ဂြိုဟ်တစ်ခုပေါ်သို့ ရောက်သွားခဲ့သေးသည်။ သူမှား၍ ရောက်သွားသော ဂြိုဟ်သည် နက်မှောင်နေခဲ့၏။
“တကယ်တော့ လဆိုတာကလည်း ဂြိုဟ်တစ်မျိုးပဲ။ ပိုသေးငယ်တာပဲ ရှိတာ …” ဝမ်လင်းက ကောင်းကင်ကို ဖြတ်၍ လျင်မြန်စွာ ပျံသန်းလျက်ရှိသည်။
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူကတွေးနေမိသည်။ “ဒီဂြိုဟ်က စိတ်ဝိညာဉ်စွမ်းအင်တွေ လုံးဝ မရှိတော့ပေမဲ့ ငါက မြေကြီးအောက်မှာ ထူးဆန်းတဲ့အားတစ်ခု ရှိနေတယ်လို့ ခံစားမိနေတယ်။ ငါ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် သန်မာလာတဲ့ အချိန်ကျရင် ဒီကိုပြန်လာပြီး စစ်ဆေးကြည့်ရမယ် …”
ဝမ်လင်းက လမ်းတစ်လျှောက်တွင် ရပ်တန့်ခြင်းမပြုပေ။ သို့ရာတွင် သူသွားလိုသော ချုနိုင်ငံသည် အလွန်ဝေးကွာနေသေး၏။ ထို့ကြောင့် သူက ရှေးဟောင်းတည်နေရာ ကူးပြောင်းခြင်း အစီအရင်အနည်းငယ်ကို အသုံးပြုခဲ့ရသည်။
ကြယ်သံလိုက်အိမ်မြှောင်က ဟင်းလင်းပြင်နှင့် ကြယ်များကြား သွားလာခြင်းတွင်သာ သုံးလို့ရကြောင်း ဝမ်လင်းက တွေ့ရှိခဲ့သည်။ သူက ဟင်္သာပြဒါးနိုင်ငံတွင် ၎င်းကို အသုံးမပြုနိုင်ချေ။
“ဒီကြယ်သံလိုက် အိမ်မြှောင်က ထောင့်တစ်ခု ပျောက်နေတယ်။ ဒီလိုဖြစ်ရတာ ခုထိ သတ္တုတစ်ခု ပျောက်နေလို့ပဲ။ ငါက ဟင်္သာပြဒါးဂြိုဟ်မှာ ဒီသတ္တုကို ရပြီးနောက် ဒီကြယ်သံလိုက် အိမ်မြှောင်ကို အသုံးပြုနိုင်ရင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေရဲ့ လက်ကနေတောင် ထွက်ပြေးနိုင်စွမ်း ရှိလိမ့်မယ် …”
ဝမ်လင်းက တွေးနေမိသည်။ “ဒါ့အပြင် ဟင်္သာပြဒါးနိုင်ငံက ငါ့ခေါင်းအတွက် ဘာလို့ ဆုကြေး မထုတ်သေးရတာလဲ …” ဝမ်လင်းက ပျံသန်းနေရင်းဖြင့် ကောက်ရိုးဦးထုပ်ကို ထုတ်၍ ဆောင်းလိုက်သည်။
“ဒီဦးထုပ်ပေါ်မှာ ငါအသက်မသွင်းနိုင်တဲ့ အတားအဆီးတွေ၊ အစီအရင်တွေ အများကြီး ရှိနေသေးတယ်။ ငါ ချူနိုင်ငံကို ပြန်ရောက်ရင်တော့ ဒါကို သေချာလေ့လာရမယ်။ ဒါ့အပြင် ငါ့ရှိမှာ တာလော့ဓားကလန်ရဲ့ တပည့်ဆီကနေ ရခဲ့တဲ့ ရတနာဓားတွေ ရှိသေးတယ်။ ဒီရတနာဓားတွေနဲ့ဆိုရင် ငါ့အတားအဆီး အလံပေါ်မှာ ပိုများပြားတဲ့ အတားအဆီးတွေ ထပ်ထည့်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါက ရတနာဓားသုံးလက်ပဲ ကောက်ယူနိုင်ခဲ့တယ် …”
ဝမ်လင်းက တာလော့ဓားကလန်၏ တပည့်တစ်ယောက်ကို သတ်၍ သူ့ထံမှ ရတနာဓားတစ်လက်ကို ရခဲ့ခြင်း ဖြစ်သည်။ ကျန်သည့်နှစ်လက်ကတော့ သူက ချီဟူနှင့်အတူ ဟင်းလင်းပြင်ထဲ၌ သိုလှောင်အိတ်များကို လိုက်ကောက်ယူတုန်းက ရခဲ့ခြင်းဖြစ်၏။
ဝမ်လင်းက အနည်းငယ်ပြုံးသည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ရောက်ဖို့ ငါက တံခါးပိတ် လေ့ကျင့်ရမယ်။ ပြီးရင် ကြယ်သံလိုက်အိမ်မြှောင် အတွက် ပျောက်နေတဲ့ သတ္တုအပိုင်းတွေကို ရှာရမယ်။ ကောက်ရိုးဦးထုပ်ကိုလည်း လေ့လာရဦးမယ်။ အတားအဆီး အလံပေါ်မှာလည်း အတားအဆီးတွေကို ထပ်ထည့်ရဦးမယ်။ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ် …”
ဝမ်လင်းက စိတ်ထဲ၌ တွေးနေမိ၏။ “ရှေးဟောင်း နတ်ဘုရားနယ်မြေက ထဆန်လည်း ရှိသေးတယ်။ နှစ်များစွာ ကြာပြီးရင် သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်ထိ ရောက်နိုင်နေမလဲ ငါမသိဘူး။ ငါက သူမထွက်လာနိုင်ခင်မှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ စွမ်းအား ရအောင် လုပ်ရမယ် …”
ထဆန်အကြောင်း တွေးနေရင်းဖြင့် ဝမ်လင်းက ထျန်ယွမ်ဇီအကြောင်းကိုပါ တွေးမိသွား၏။
“ငါက ဒီခရီးစဉ်မှာ ငါ့အနာဂတ်ဆရာနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ စီနီယာ ထျန်ယွမ်ဇီက တာလော့ဓာကလန်နဲ့ ရန်သူပဲ။ ချီဟူကို တိုက်ခိုက်ခဲ့တဲ့လူ အသုံးပြုခဲ့တဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ သလင်းကျောက်က ထျန်ယွမ်ဇီကလန်ရဲ့ ရတနာဖြစ်ရမယ်။ ဒီလူက စီနီယာ ထျန်ယွမ်ဇီရဲ့ တပည့်များ ဖြစ်နေမလား။ ငါက စီနီယာထျန်ယွမ်ဇီဆီ သွားရင် သူက ငါ့ကို ရန်ငြိုးများ ထားနေမလား …”
ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။
တာလော့ဓားကလန်က အဘိုးအိုကလည်း အရမ်းသန်မာလွန်းတယ်။ သူက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်များ ဖြစ်နေမလား။ ကံမကောင်းစွာနဲ့ ငါက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို မမြင်ဘူးခဲ့တော့ ခန့်မှန်းနိုင်ရုံလောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူ့စကားအရ သူက စီနီယာထျန်ယွမ်ဇီထက် အနည်းငယ်အားနည်းတဲ့ပုံပဲ။ ဒါကြောင့် ငါ့ကို နှစ်တစ်ရာအတွင်း သူ့ရဲ့ ဂုဏ်ယူရတဲ့ တပည့်အဖြစ် သတ်မှတ်မဲ့ စီနီယာ ထျန်ယွမ်ဇီရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်များ ဖြစ်နေမလဲ။ စီနီယာက ငါ့ကို ကောင်းကင်ဘုံ နယ်မြေမှာကော သတိထားခဲ့မိလားကို ငါသိချင်မိတယ် …”
“ကောင်းကင်ဘုံနယ်မြေကို သွားခဲ့တဲ့ ခရီးစဉ်မှာရခဲ့တဲ့ အကျိုးမြတ်က အရမ်းကောင်းလွန်းခဲ့တယ်။ အမျိုးသမီးအလောင်းနဲ့ စေတီကပဲ ငါ့ကို အခက်အခဲနည်းနည်း ဖြစ်စေလိမ့်မယ်။ ငါက စီနီယာကျောက်ရီရဲ့ တောင်းဆိုမှုကို သဘောတူခဲ့တဲ့အတွက် ငါ့စကားကို ငါပြန်ရုပ်သိမ်းလို့တော့ မရဘူး။ ပြီးတော့ တာလော့ဓားကလန်ရဲ့ အဘိုးအိုနောက်ကို လိုက်သွားတဲ့ စီနီယာကျောက်ရီရဲ့ အခြေအနေကလည်း ဘယ်လိုဖြစ်နေမလဲ ငါမသိရပြန်ဘူး …”
ဝမ်လင်းက ပျံသန်းနေရင်းဖင့် သူ့ခေါင်းထဲ၌ အတွေးများစွာ တွေးနေခဲ့သည်။
“မိုးကောင်းကင်ဘုံဓား … ငါက ချူနိုင်ငံပြန်ရောက်ရင် ဒီဓားကို ထုတ်ယူနိုင်လားလည်း ကြည့်ရဦးမယ် …”
ဝမ်လင်းက ပျံသန်းနေရာမှ အသက်ဝဝရှူသွင်း၍ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ့အောက်၌ ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုရှိနေ၏။ သူ့နှလုံးသားက နာကျင်ရသည်။ အကြောင်းမှာ သူက သည်အစီအရင်ကို အသက်သွင်းရန် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူအသုံးပြုရမည် ဖြစ်သောကြောင့်ပင်။ ဝမ်လင်းက ၎င်းကျောက်တုံးကို ထုတ်ယူ၍ အစီအရင်ပေါ်သို့ တင်လိုက်၏။ ထို့နောက် အစီအရင်က ပွင့်သွားပြီး သူလည်း ပျောက်ကွယ်သွားသည်။
ကီလိုမီတာ သန်းပေါင်းများစွာ အကွာအဝေး၌ ဝမ်လင်းက ပြန်ပေါ်လာခဲ့၏။ သူက သိုလှောင်အိတ်ကိုပုတ်၍ တွေးနေမိသည်။ “ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးတွေက သိပ်အများကြီး မကျန်တော့ဘူး။ ကံကောင်းစွာနဲ့ ငါက ငါရှာတွေ့ခဲ့တဲ့ သိုလှောင်အိတ်တွေထဲကနေ အချို့တစ်ဝက် ရခဲ့တယ်။ ဒါပေမဲ့ ချီဟူနဲ့ ခွဲဝေပြီးနောက်မှာ အခုနှစ်ဆယ်လောက်ပဲ ကျန်ခဲ့တယ်။ ဒီကျောက်တုံးကို အခုကစပြီး ငါက ချွေချွေတာတာ သုံးတာ အကောင်းဆုံးပဲ။ ဒီကျောက်တုံးတွေက အနာဂတ်မှာ သေချာပေါက် အသုံးဝင်လာနိုင်တယ် …”
ဝမ်လင်းက ရပ်တန့်ခြင်း မရှိပေ။ သူက လျင်မြန်စွာဖြင့် တည်နေရာ ရွှေ့ပြောင်း၍ အိမ်သို့ အသည်းအသန် ပြန်နေခဲ့သည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွား၏။ တစ်လခန့် ကြာပြီးနောက် ဝမ်လင်းက နောက်ထပ် တည်နေရာ ရွှေ့ပြောင်းခြင်း တစ်ခုထံသို့ ရောက်လာခဲ့သည်။ သူက နောက်ထပ်ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးတစ်ခုကို ထုတ်ယူမလို လုပ်ပြီးမှ ရပ်တန့်လိုက်သည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ အနီးအနား ပတ်လည်ကို တစ်ယောက်ယောက် ရှိနေသလားလို့ စစ်ဆေးကြည့်သည်။ သူက သူတစ်ယောက်တည်း ရှိသည် သေချာသွားမှ ကောင်းကင်ဘုံ ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
“ကောင်းကင်ဘုံ ကျောက်စိမ်းက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးထက် ပိုအဆင့်မြင့်တယ်။ ငါက ဒါကို အသုံးပြုမယ်ဆိုရင် ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်လှစ်နိုင်မလား သိချင်မိတယ် …” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို အစီအရင်ထဲသို့ ထည့်လိုက်၏။
ကောင်းကင်ဘုံ ကျောက်စိမ်းပြားက အစီအရင်ပေါ်သို့ ရောက်သွားသည့် အခိုက်တွင် ၎င်းအစီအရင်က အစောတုန်းကထက်ပို၍ တောက်ပလာခဲ့သည်။ သည်အစီအရင်ကလည်း တုန်ခါလာခဲ့ပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာ မြေပုံတစ်ခုက ဝမ်လင်းရှေ့၌ ပေါ်လာခဲ့သည်။ ၎င်းမြေပုံပေါ်၌ အလင်းစက်ရှစ်ခု ရှိနေသည်။
ဝမ်လင်းက မှင်တက်သွားသည်။ သည်အက်ကွဲကြောင်းများက ပို၍စိုးလာနေသဖြင့် သူက စဉ်းစားရန် အချိန်မရှိတော့ပေ။ သူက မြေပုံကို တစ်ချက်ကြည့်ပြီးနောက် အလင်းစက်ထဲက တစ်စက်ထံသို့ လက်ညှိုး ညွှန်လိုက်သည်။
ဘုန်းခနဲ့ အသံနှင့်အတူ အစီအရင်က ပြိုကျသွားသည်။ အစီအရင်က ပြိုကျသွားသည့် အခိုက်တွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားက ပြန်ကန်ထွက်လာပြီး ဝမ်လင်းက ဖမ်းဆုတ်၏။ တစ်ချိန်တည်းမှာပင် အစီအရင်ထံမှ ထူးဆန်းသော အလင်းများက သူ့ကို ဝန်းရံသွားပြီး သူလည်း ပျောက်ကွယ်သွား၏။
ဝမ်လင်း ပျောက်ကွယ် သွားပြီးနောက် လေတစ်ချက် တိုက်ခိုက်လိုက်ခြင်းနှင့် အတူ သည်ရှေးဟောင်း အစီအရင်သည် ဖုန်မှုန်အဖြစ်သို့ ပြောင်းသွားတော့သည်။
***