Switch Mode

အပိုင်း(၃၇၂)

ဟင်္သာပြဒါးဂြိုဟ်၏ ကြယ်ပွင့်သစ်

ဝမ်လင်းက သည်စကားလုံးများကို ပြောလိုက်သည့်နောက် ကောင်းကင်က တုန်ခါသွားပြီး ဧရာမခရမ်းရောင် ခေါင်းတလားကြီးက သူ့အထက်၌ ပေါ်လာခဲ့သည်။ သည်ခေါင်းတလားက ဝမ်လင်းရှေ့ ဆယ်နှစ်ပေခန့်သို့ ကောင်းကင်ထက်မှ ကျဆင်းလာသည်။

၎င်းက နေရာအသီးသီးသို့ ပျံ့နှံ့သွားသော တုန်ခါမှုလှိုင်းများကို ဖြစ်စေ၏။

ကျင့်ကြံသူအားလုံးက မသေမချာ ဟန်ပန်များဖြင့် နောက်သို့ဆုတ်သည်။

အဘိုးအို တစ်ယောက်က ထိုခေါင်းတလားပေါ်၌ ထိုင်နေသည်။ သူက စိတ်ရှုပ်ထွေးသည့် ဟန်ပန်ဖြင့် ဝမ်လင်းကို တည်ငြိမ်စွာကြည့်သည်။

အဘိုးအိုက ဖြည်းညင်းစွာပြောသည်။ “ငါဒီနေရာမှာ ရှိနေတာ မင်းသိတယ်ပေါ့ …”

ဝမ်လင်းက လှောင်ပြောင်ဟန်ဖြင့် ပြောသည်။ “တကယ်တော့ ငါက မင်းငါ့နောက်ကို တစ်ချိန်လုံး လိုက်နေတာကိုပါ သိတယ် …”

အဘိုးအိုက နှခေါင်းရှုံ့လိုက်သည်။

ကျင့်ကြံသူများထဲက တစ်ယောက်က သည်အဘိုးအိုက သိရှိကာ အော်လိုက်၏။ “အလောင်းကောင် ကလန် …”

အလောင်းကောင်ကလန် ဆိုသည့်စကား ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ ဟန်ပန်အသွင်က ပြောင်းလဲသွားကြသည်။

“တိတ်စမ်း …” အဘိုးအိုက အလွန်စိတ်ရှုပ်သွားပြီး သူ့လက်ကို ဝှေ့ယမ်းသည်။ ထိုအခါ သူနှင့်နီးကပ်စွာ ရှိနေသော ကျင်ကြံသူ နှစ်ယောက်သည် သွေးတစ်လုတ် အန်ထုတ်ကာ နောက်သို့ လွင့်ထွက်သွားသည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း …” အနီးအနားရှိ ကျင့်ကြံသူများက အသက် မနည်းရှူလိုက်ရပြီး နောက်သို့ ဆုတ်သွားကြသည်။

အလောင်းကောင်ကလန်မှ အဘိုးအိုသည် သူ့မျက်လုံးကို ကစား၍ ဝမ်လင်းသို့ စူးစိုက်ကြည့်သည်။ သူက ရုတ်တရက်ပြုံး၍ ပြော၏။ “ကောင်လေး … ငါတို့ သဘောတူညီမှုတစ်ခု လုပ်ရင် ဘယ်လိုလဲ။ ငါက မင်းကို ဒီကောင်တွေကို သတ်ဖို့ ကူညီပေးမယ်။ မင်းက ငါ့ကို နှစ်ပေါင်းတစ်ထောင် ကြာတဲ့အထိ လွတ်လပ်မှု ပေးရမယ်။ ဒီနှစ်ပေါင်းတစ်ထောင် အတွင်း ငါလည်း မင်းကို လာမရှာဘူး။ မင်းကလည်း ငါ့စိတ်ဝိညာဉ်ကို မဖျက်ဆီး ပစ်ရဘူး။ ဒါဆို အဆင်ပြေလား …”

ဝမ်လင်းက ရယ်မောလိုက်သည်။ “နှစ်တစ်ထောင်က ကြာလွန်းတယ်။ ငါက နှစ်တစ်ထောင်အတွင်း သေချင် သေသွားနိုင်တယ် …”

အဘိုးအိုက မှင်တက်သွားသည်။ သူက သူ့ဆံပင်ကိုကိုင်၍ ပြောသည်။ “ကျောက်ရီ … ငါကမင်းရဲ့ လှည့်စားမှုကို ခံလိုက်ရတယ်။ သူသာ နှစ်ပေါင်းတစ်ထောင်ကြာ အသက်မရှင်ခဲ့ရင် ငါ့စိတ်ဝိညာဉ်ကလည်း သူနဲ့အတူ ပျက်စီးသွားရလိမ့်မယ် …”

ထိုအခိုက်တွင် အဘိုးအိုက သူ့အခြေအနေကို သူသိသွား၏။ သူ့မျက်လုံးများက နီရဲနေပြီး သူ့စိတ်ထဲရှိ မကျေနပ်မှုကြောင့် သူက ရူးသွပ်သွားအောင် လုပ်နေသည်။ သူက ဝမ်လင်းကို ကြမ်းတမ်းစွာ ကြည့်ပြီးနောက် အနီးအနားရှိ ကျင့်ကြံသူများထံ ခုန်ဝင်သွားသည်။

ကျင့်ကြံသူများက လွတ်မြောက်ရန်အလို့ငှာ နောက်သို့ တစ်ယောက်ပြီး တစ်ယောက် ဆုတ်ပြေးကြသည်။ သို့သော် သူတို့က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူ၏ စမ်းအားကို ခုခံနိုင်စွမ်းမဲ့ရသည်။

သည်အရာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင်။

ချီဟူက တစ်စစီဖြစ်သွားသော ကျင့်ကြံသူများကို ကြည့်၍ မှင်တက်နေသည်။ သူက အလွန်တုန်လှုပ်နေသည်။

ဝမ်လင်းအသွင်ကတော့ မပြောင်းလဲပေ။ သူက သူ့ပတ်ပတ်လည်ကို တည်ငြိမ်စွာ ကြည့်နေ၏။ သို့သော် စကားတစ်ခွန်းမျှ မဆိုပေ။

အချိန်အတန်ကြာပြီးနောက် အဘိုးအိုက သန်မာသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် သူ့နားသို့ ပြန်ရောက်လာ၏။ သူ့မျက်လုံးများက စောနကထက် ပို၍နီရဲနေသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်၏။ အချိန်အတန်ကြာသည့်အခါ သူက ကျောက်စိမ်းပြား တစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးသည်။ ဝမ်လင်းက ၎င်းကို ဖမ်းယူ၏။

“ဒီနှစ်တစ်ထောင် အတွင်းမှာ ငါက မင်းကို တစ်ကြိမ် ကာကွယ်ပေးမယ်။ မင်းက ငါ့အတွက် ကောင်းကောင်း အသက်ရှင်နေဖို့ လိုတယ် …” အဘိုးအိုက ထိုသို့ပြောပြီးနောက် ခေါင်းတလားပေါ်သို့ လှမ်းတက်၍ ပျောက်ကွယ် သွားတော့၏။

ဝမ်လင်းက အနည်းငယ်စဉ်းစား၍ သိုလှောင်အိတ်ထဲက ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်ယူသည်။ သူက ၎င်းပေါ်သို့ ခုန်တက်၍ ချီဟူကိုကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုချီဟူ … တက်။ ငါတို့ ဟင်္သာပြဒါးဂြိုဟ်ကို ပြန်ကြစို့ …”

ချီဟူကလည်း ကြယ်သံလိုက် အိမ်မြှောင်ပေါ်သို့ ခုန်တက်၏။ သူက ပါးစပ်ဟ၍ တစ်ခုခုပြောမည့်ဟန် ပြုသည်။ သို့သော် မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ။

သူက အစောပိုင်းတုန်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခဲ့သည်။ သည်အရာက ခြေလှမ်းအနည်းငယ် ဆိုသော်လည်း သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို အဖုအထစ် ဖြစ်စေနိုင်သည် မဟုတ်လား။

ဝမ်လင်းက ဘာမှ ထပ်မပြောတော့ချေ။ သူက ကြယ်သံလိုက် အိမ်မြှောင်ကို ထိန်းချုပ်၍ ဝဲကတော့ရှိရာသို့ ဦးတည်သွားသည်။

အချိန် အတန်ကြာသည့်အခါ ချီဟူက ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် …”

ဝမ်လင်းက ပြုံး၏။သို့သော် မည်သည့်စကားမျှ ပြန်မဆိုပေ။သူက ချီဟူဆိုလိုသည့် အဓိပ္ပာယ်ကို သိသည်။ အစောပိုင်းတုန်းက သူက စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် စွန်ထိုင်က ချီဟူကို သတ်ပစ်နိုင်သည်။ သို့သော် ဝမ်လင်းက မလုပ်ခဲ့ချေ။

ချီဟူက အသက်ဝဝရှူသွင်း၍ ပြောသည်။ “ရောင်ရင်း စိတ်အေးအေးထားလို့ ရပါတယ်။ ငါဒီနေ့ဖြစ်ပျက်ခဲ့တာကို ဘယ်သူ့ကိုမှ မပြောပါဘူး။ ငါ … ချီဟူက ဘီလူးနတ်ဆိုးကလန်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် …”

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ ကြယ်သံလိုက် အိမ်မြှောင်၏ အမြန်နှုန်းဖြင့်ဆိုလျှင် သူတို့က ဝဲကတော့သို့ ရောက်ရန် အချိန်အများကြီး မလိုချေ။

အချို့သော ကျင့်ကြံသူများက ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်နိုင်သည့် ဝဲကတော့ဘေးရှိ ပလက်ဖောင်းပေါ်တွင် ကောင်းကင်ဘုံဓားများ အကြောင်းနှင့် ပတ်သက်၍ စကားပြောဆို နေကြသည်။

သို့ရာတွင် စွန်ထိုင်က လူတိုင်းကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ဝမ်လင်းက ကောင်းကင်ဘုံဓားများကို အဆုံးသတ်တွင် ရသွားကြောင်း မည်သူမျှ မသိတော့ချေ။

သူတို့နှစ်ယောက်က ဝဲကတော့နှင့် နီးကပ်လာသည်နှင့် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ပြန်သိမ်းလိုက်၏။ သူနှင့်ချီဟူက ကိုယ်တိုင်ပျံသန်းလာခဲ့ပြီး ဝဲကတော့အောက်ခြေရှိ ပလက်ဖောင်း တစ်ခုပေါ်သို့ ရောက်ရှိလာကြ၏။

သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်သည်။ ဝမ်လင်းက လက်နှစ်ဖက်ယှက်ကာ ပြောသည်။ အစ်ကိုချီဟူ ငါတို့ ဟင်္သာပြဒါးဂြိုဟ်မှာ ပြန်တွေ့ကြတာပေါ့ …” ထိုသို့ပြောပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အပြန်လက်မှတ်ကို ထုတ်ယူလိုက်၏။

ချီဟူကလည်း အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက ဝမ်လင်းကို လေးစားစွာကြည့်၍ပြော၏။ “အစ်ကိုစန် … အစ်ကိုက ငါ့ဆီ အလည်လာရမယ်။ ပြီးရင့် ငါတို့ တစ်ခွက်တစ်ဖလား ချကြမယ် …”

ဝမ်လင်းက ရယ်မောကာ ခေါင်းညိတ်ပြသည်။ သူက အပြန်လက်မှတ်ကို အသက်သွင်းလိုက်ရာ သူ့ရှေ့၌ ဝဲကတော့ တစ်ခုပေါ်လာသည်။ သူက ကောင်းကင်ဘုံနယ်မြေကို အကြိမ်ကြိမ် ကြည့်နေရင်းဖြင့် ဝဲကတော့ထဲသို့ ဝင်‌ရောက် ပျောက်ကွယ် သွားတော့၏။

ချီဟူကလည်း သိုလှောင်အိတ်ထဲက အပြန်လက်မှတ်ကို ထုတ်ယူလိုက်သည်။ သူက ၎င်းကိုအသက်သွင်း၍ ဝမ်လင်းကဲ့သို့ ပျောက်ကွယ် သွားတော့သည်။

ပြီးခဲ့သောလများက အရာများစွာ ဖြစ်ပျက်ခဲ့ပေသည်။ သို့သော် အဆင့်လေးနိုင်ငံနှင့် ထိုထက်မြင့်သော အဆင့်ရှိသည့် နိုင်ငံများရှိ လူတိုင်းကို တုန်လှုပ်သွားစေသော အဖြစ်အပျက် တစ်ခုကတော့ ဟင်္သာပြဒါးနိုင်ငံ၏ အဓိကတပည့်ဖြစ်သူ အနီရောင်လိပ်ပြာသည် လက်တစ်ဖက် ဆုံးရှုံးသွားရသည့် အကြောင်းဖြစ်၏။

မဟာမိတ် ကလန်လေးခုနိုင်ငံကို ဖျက်ဆီး သိမ်းပိုက်ပြီးနောက် ရွှမ်ယွဲ့နိုင်ငံက အဆင့်ငါးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ထို့အတူ အနီရောင်လိပ်ပြာ၏ ကျောက်ကြားမှုကလည်း ဟင်္သာပြဒါး ဂြိုဟ်တစ်ခုလုံးတွင် ပျံ့နှံ့လာ၏။

ပြောကြသည်က သူမသည် နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ခဲ့ပြီး ဟင်္သာပြဒါးနိုင်ငံ၏ အဓိက တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သည်အခြင်းအရာသည် ကျင့်ကြံသူများ၏ ပါးစပ်ဖျားတွင် ခုထိ ပြောဆိုနေကြတုန်းပင်။

လူအများက အနီရောင်လိပ်ပြာသည် မိုးကောင်းကင်ဘုံနယ်မြေ ဝင်ခွင့်လက်မှတ်ဖြစ်သည့် မိုးခေါင်းလောင်းကို ရရှိခဲ့ပြီး ထိုနယ်မြေသို့ ဝင်ရောက်ခဲ့သည်ကို သိပ်မသိကြပေ။ သို့သော် လွန်ခဲ့သော ငါးလခန့်က အဆင့်ငါးနိုင်ငံများသည် ဟင်္သာပြဒါးနိုင်ငံတွင် အဆင့်ငါးနိုင်ငံများ စုဝေးကြပြီး နှစ်တစ်ရာတိုင်း ကျင်းပသည့် အစည်းအဝေးတစ်ခု ပြုလုပ်သည်။

သည်အစည်းအဝေးပွဲ ကျင်းပနေစဉ်တွင် ဝဲကတော့တစ်ခုက ကောင်းကင်ထက်တွင် ပွင့်ထွက်လာပြီး အနီရောင်လိပ်ပြာက ထိုအထဲမှ ပြုတ်ကျလာခဲ့သည်။ သူမက လက်မောင်းတစ်ဖက်ပါ ဆုံးရှုံးခဲ့ပြီး သူမက စကားတစ်ခွန်းသာ ဆို၍ သတိလစ် သွားခဲ့သည်။

“စန်နူး …”

သည်နာမည်က သူမ သတိမလစ်သွားခင် အံကြိတ်၍ ပြောခဲ့သော စကားတစ်ခွန်းဖြစ်သည်။

အဆင့်ငါးနိုင်ငံမှ သံတမန်များ အားလုံးသည် မှင်တက်သွားကြသည်။ သိပ်မကြာခင် အနီရောင်လိပ်ပြာ၏ လက်တစ်ဖက် ဆုံးရှုံးလိုက်ရသည့် သတင်းနှင့် စန်နူး၏ နာမည်တို့သည် အလျင်အမြန် ပျံ့နှံ့သွား၏။

စန်နူးဆိုသည့် နာမည်သည် အနီရောင် လိပ်ပြာထက်ပင် ပို၍ ကျော်ကြားလာ၏။ သည်နာမည်က ဟင်္သာပြဒါးဂြိုဟ်တွင် တောက်ပသော ကြယ်တစ်လုံး ဖြစ်လာ၏။

လူတိုင်းက စန်နူးသည် မည်သည့်ဂြိုဟ်မှ လာခဲ့သည်ကို ခန့်မှန်းနေကြသည်။

အနီရောင်လိပ်ပြာက ပြန်သတိရလာသော အခါ စန်နူး၏အသွင်အပြင်ကို ပြောပြခဲ့၏။

“ဒီစန်နူးက ဟင်္သာပြဒါးဂြိုဟ်ကပဲ။ သူက စန်မိသားစုက လာခဲ့တာ …” သည်သတင်းက ထွက်လာသည့် အခိုက်တွင် ဂြိုဟ်တစ်ခုလုံးက တုန်လှုပ်သွားကြ၏။

သည်သတင်း ထွက်ပေါ်လာသည်နှင့် စန်မိသားစု ဘိုးဘေးများသည် သူတို့၏ မိသားစုမျိုးရိုး ဇယားကို ရှာဖွေကြည့်ကြသည်။ သူတို့က စန်နူးဆိုသည့်နာမည်ကို တွေ့ခဲ့၏။ သို့သော် သည်မိသားစုဝင် စန်နူးသည် အသက်သုံးဆယ် မကျော်သေးပဲ အခြေခံ တည်ဆောက်ခြင်း အဆင့်၌သာ ရှိ၏။ ဘိုးဘေးက ထိုမိသားစုဝင်ကို ခေါ်ပြီး မိသားစု မျိုးရိုးဇယားကိုပါ ယူဆောင်ကာ ဟင်္သာပြဒါးနိုင်ငံကို သူတို့၏ အပြစ်ကင်းစင်မှုနှင့် ပတ်သက်၍ သက်သေပြခဲ့သည်။

ရလဒ်အနေဖြင့် စန်နူးနှင့် ပတ်သက်သည့် ကောလာဟလများက ကျင့်ကြံသူများကြားတွင် ထိပ်တန်း ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ကျင့်ကြံသူအများစုက သည်ထူးဆန်းသော ကျင့်ကြံသူ၏ ပုံပန်းသဏ္ဌာန်ကို အနီးအနားတွင် ရှာဖွေကြသည်။ သို့သော် သူတို့က အောင်မြင်မှုမရခဲ့ပေ။

စန်နူးဆိုသည့်နာမည်က ဟင်္သာပြဒါးနိုင်ငံတွင် နံပါတ်တစ် လူငယ်ကြယ်ပွင့် ဖြစ်လာခဲ့၏။

စန်မိသားစုက သူတို့မိသားစုဝင် ဖြစ်သည့် စန်နူးသည် အများပြောသည့် စန်နူးမဟုတ်ကြောင်း ပြောခဲ့သော်လည်း လူအနည်းငယ်ကသာ ယုံကြည်ကြသည်။ လူအများစုကမူ စန်မိသားစုရှိ အခြေခံတည်ဆောက်ခြင်း အဆင့်သာ ရှိသည့်စန်နူးဆီသို့ လာရောက် လည်ပတ်ကြသည်။

သည်လိုလည်ပတ်မှုက စန်မိသားစုက စန်နူးကို ကြောက်လန့်မှု ဖြစ်စေ၏။ သို့သော် သူက အနည်းငယ်လည်း သူ့ကိုယ်သူ ဂုဏ်ယူမိနေသည်။

သည်စန်မိသားစုကိစ္စသည် လွန်ခဲ့သောသုံးလက ဘီလူးနတ်ဆိုး ကလန်မှ လူငယ်ဆရာသခင် ပြန်လာသည့်အခါ တိမ်မြှုပ်သွားသည်။ ချီဟူ ပြန်လာပြီးနောက် ဘီလူးနတ်ဆိုး ကလန်သို့ လူအများ လာရောက် လည်ပတ်မှုကို ဖြစ်စေခဲ့သည်။ ဟင်္သာပြဒါးနိုင်ငံကပင် စန်နူးနှင့် ပတ်သက်သည့် ကိစ္စကို စုံစမ်းရန် လူတစ်ယောက် လွှတ်ခဲ့၏။

ချီဟူက စန်နူးနှင့် ပတ်သက်သည့် အကြောင်းကို တစ်ခွန်းမှ မပြောဆိုခဲ့ပေ။ သို့သော် ဟင်္သာပြဒါးနိုင်ငံမှ တမန်တော် လာရောက်သည့် အခါတွင်တော့ သူ့ကို ဖိအားပေးခံရသည်။ သူက အကြောင်းအရာတစ်ခုသာ ပြောဆိုခဲ့၏။

“ငါက သူ့နာမည်အမှန်ကို မသိရဘူး။ သူနာမည်ကို စန်နူးလို့ခေါ်တာပဲ သိရတယ်။ ဒီလူရဲ့ကျင့်ကြံမှုက သိရခက်ပြီး နက်နဲလှတယ်။ သူနဲ့ အနီရောင်လိပ်ပြာကြားက ရန်ငြိုးက ဘာလဲတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ငါမြင်ခဲ့ရသလောက် ဆိုရင် ရောင်းရင်းကျင့်ကြံသူ အနီရောင်လိပ်ပြာက သူ့ကို တောက်လျှောက်လိုက်ပြီး ဆန့်ကျင်နေတာပဲ။ နောက်ဆုံးမှာ စန်နူးက အတင်းအကျပ် ဖိအားပေးခံရပြီး ပြန်တိုက်ခိုက်ခဲ့တာ။ ငါပြောတာ မုသားပါရင် ငါ့စိတ်ဝိညာဉ်က တစ်စစီဖြစ်ပါစေ …”

ချီဟူက ထိုသို့ပြောဆိုပြီးနောက် သူက တံခါးပိတ် ကျင့်ကြံသွားပြီး မည်သည့်ဧည့်သည်ကိုမှ လက်ခံမတွေ့တော့ချေ။

ချီဟူ၏ စကားက တောမီးလို ပျံ့နှံ့သွား၏။ စန်နူး၏နာမည်ကလည်း နေရာတိုင်းတွင် ထင်ပေါ်လာပြီး ပို၍ ကျော်ကြားလာခဲ့သည်။

အနီရောင် လိပ်ပြာကလည်း ပြန်ကောင်းမွန်လာခဲ့ပြီး သူမက ဟင်္သာပြဒါးဂြိုဟ် တစ်ခုလုံးကို သတင်းစကားတစ်ခု ပြောခဲ့လေ၏။

“စန်နူး … ငါတို့ကြားက တိုက်ပွဲက မပြီးသေးဘူး။ နင် လာရှာမှာကို ငါစောင့်နေတယ် …”

“စန်နူးက ဘယ်လိုကောင်လဲ …” သည်မေးခွန်းက လူတိုင်း၏ စိတ်ထဲ၌ ရှိနေသည်။ မည်သူက စန်နူးအစစ်အမှန် ဖြစ်သနည်း။

အနီရောင်လိပ်ပြာက စန်နူး၏ ပုံတူကို ပြောခဲ့သော်လည်း ဟင်္သာပြဒါးနိုင်ငံက ၎င်းကို ထုတ်ဖော်ခြင်းမပြုပေ။ ဟင်္သာပြဒါးနိုင်ငံက မည်သို့ တွေးနေသည်ကို မည်သူမျှမသိကြချေ။

အဆင့်လေးနိုင်ငံ၏ ကလန်လေးတစ်ခုတွင် သက်လတ်ပိုင်းလူကြီးက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ “စန်နူး… ဒီနာမည်က ငါ့အဖေနာမည်ပဲ။ သူ့နာမည်က စန်တနူး …”

ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ခဲ့သည့် နေရာ၌ ကောင်းကင်ထက်တွင် တိမ်များ ဖုံးလွှမ်းနေ၏။ ထိုနေရာ၌ မိုးကြိုးလျှပ်စီးများကလည်း ကောင်းကင်အနှံ့ရှိနေပြီး မိုးများက သည်းထန်စွာ ရွာသွန်းနေသည်။

သည်မုန်တိုင်းက လွန်ခဲ့သော တစ်လကတည်းက ရှိနေခဲ့ခြင်းပင်။ အလွန်နည်းသော ကျင့်ကြံသူများကသာ မိုးသည်းထဲသို့ ထွက်ကြသည်။

တစ်နေ့ ဓားနှစ်လက်က ကောင်းကင်ထက်၌ ပျံဝဲလာ၏။ ညင်သာသော အလင်းတစ်ခုက မိုးသီးမိုးပေါက်များကို ထွင်းဖောက်နေသည်။ သည်အလင်းထဲ၌ အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက် ရှိနေသည်။

အဘိုးအိုက ခေါင်းပေါ်တွင် ဆံပင်တစ်ဝက် ဖြူဖွေးနေပြီး သူ့မျက်နှာပေါ်၌လည်း အရေးအကြောင်းများ ရှိနေ၏။ မိန်းမပျိုလေးက ၁၇၊ ၁၈ သာရှိသေးပြီး အတော်လေးလှ၏။

မိန်းမပျိုလေးက ရယ်မောလိုက်သည်။ “ဆရာ … ဒီလိုမိုးထဲမှာ ခရီးသွားလာရတာက စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး သုံးစွဲရတယ်နော်။ ဒါက ကောင်းမွန်တဲ့ လေ့ကျင့်ခြင်း တစ်ခုပဲ …”

အဘိုးအိုကလည်း ရယ်မောလိုက်သည်။ “မှန်တာပေါ့။ တပည့်က ဒီလိုကြိုးကြိုးစားစား ဆက်လုပ်မယ်ဆိုရင် အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ဆယ်နှစ်အတွင်း ရောက်နိုင်လိမ့်မယ် …”

အမျိုးသမီးက ရုတ်တရက် မေးလိုက်၏။ “ဆရာ … အနီရောင်လိပ်ပြာရဲ့ လက်တစ်ဖက်ကို ဖြတ်တောက်ခဲ့တဲ့ စန်နူးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ထိ ရောက်နေတယ်လို့ ထင်လဲ။ သူက ဒဏ္ဍာရီထဲက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကိုများ ရောက်နေခဲ့တာလား …”

“စန်နူး … သူက ငါတို့အထက်မှာရှိတဲ့ စီနီယာတစ်ယောက်ပဲ။ ဒီလို လူတစ်ယောက်ကို ငါက ဘယ်ဝေဖန်နိုင်ပါ့မလဲ။ ဒါပေမဲ့ ငါ့အထင်တော့ သူသာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ဆိုရင် အနီရောင်လိပ်ပြာက သေနေလောက်ပြီ။ ဒီတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ဖြစ်လောက်တယ် …”

အဘိုးအို၏ စကားဆုံးသွားသည့်အခါ သည်ဆရာတပည့် နှစ်ယောက်က မိုးကြိုးပစ်သံ တစ်ခုကို ကြားလိုက်ရသည်။

ရုတ်တရက် လျှပ်စီးများက ကောင်းကင်ထက်တွင် ပိုမိုလင်းလက်လာပြီး ထိုလျှပ်စီးများအတွင်း၌ ဝဲကတော့ကြီး တစ်ခု ထွက်ပေါ်လာလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset