Switch Mode

အပိုင်း (၃၇၁)

အဆင့်ချိုးဖျက်ခြင်း

သူရှင်သန်ရင် … သူမသေဆုံး။ သူမရှင်သန်ရင် … သူသေဆုံး။

သည်အခြင်းအရာသည် သေခြင်းရှင်ခြင်း၏ နောက်ထပ် အဓိပ္ပာယ်ပင် ဖြစ်၏။ ထိုအခိုက်တွင် ဝမ်လင်းက တစ်စုံတစ်ခုကို နားလည်သွားသလို ခံစားမိ၏။

“သင်က တောင်ကိုမြင်ရင် တောင်အဖြစ်၊ ရေကိုမြင်ရင် ရေအဖြစ် မြင်နိုင်ရမယ် …” သည်စကားလုံးများထံမှ ဝမ်လင်းက နောက်အဓိပ္ပာယ်တစ်ခုကို ရလိုက်၏။

ရှင်သန်ခြင်းကို ရှင်သန်ခြင်း၊ သေဆုံးခြင်းကို သေဆုံးခြင်းဟု မြင်အောင် ကြည့်နိုင်ခြင်းသည် သေခြင်းရှင်ခြင်း နယ်ပယ်၏ ပထမအလွှာသာ ဖြစ်၏။

အတိတ်တုန်းက မဟာမိတ်ကလန်လေးခု အမြစ်ဖျက် သုတ်သင်ခံရသည်ကို သူ့မျက်စိရှေ့၌ တွေ့မြင်ခဲ့သည်။ သူက သေခါနီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုလည်း မျက်မြင်တွေ့ခဲ့သည်။ သူ့နှလုံးသားက တုန်ခါလာ၏။ သည်အရာသည် အဆင့်ကျော်ဖြတ်ရန် လက္ခဏာတစ်ခုဖြစ်၏။

ဝမ်လင်းမျက်လုံးများက တလက်လက် တောက်ပသည်ထက် တောက်ပလာသည်။

ကျောက်ရီ၏ သေဆုံးခြင်းက ထန်အာကို အသက်ရှင်စေခဲ့၏။သို့သော် ထန်အာ၏သေဆုံးခြင်းကလည်း ကျောက်ရီ၏အသက်ကို ပြန်ယူဆောင်လာပေးသည်။

သို့ရာတွင် သေခြင်းရှင်ခြင်းက သည်နှစ်ယောက်ဖြင့် အဆုံးမသတ်ပေ။ သူတို့က ခုချိန်တွင် သူတို့နှလုံးသားထဲ၌ ဘဝသစ်တစ်ခုအဖြစ် တည်ရှိနေသည် မဟုတ်လော။

ဝမ်လင်းမျက်လုံးက ကြည်လင်နေသည်။ သူက နားလည်သွား၏။

သူက သေခြင်းရှင်ခြင်းနယ်ပယ်ကို ဖြတ်၍ မြင်နိုင်လိုက်သည့်ပုံပင်။ သေခြင်းရှင်ခြင်းအပေါ် သူ့နားလည်မှုက လျင်မြန်စွာ ထိုးတက်လာသည်။ သူက အသက်ဝဝရှူသွင်း၏။ သူက သူ့ကျင့်ကြံမှုအဆင့်သည် ချိုးဖျက်တော့မည်ကို သိသည်။ သူ့အတွက် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့်က သိပ်မဝေးတော့ပေ။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိပြီးသည့်အခါ တစ်စုံတစ်ယောက်သည် သူ့နယ်ပယ်အကြောင်းကို နားလည်ခြင်းက သော့ချက်ဖြစ်လာ၏။

ထိုအခိုက်တွင် လင်းထျန်ဟူက အမျိုးသမီး အလောင်းအနားသို့ လျင်မြန်စွာ ပျံသန်းလာ၏။ သူက လက်ဆန့်ထုတ်၍ အမျိုးသမီး အလောင်းအနားရှိ ကောင်းကင်ဘုံ ဓားနှစ်လက်ကို ယူဆောင်ရန် ကြိုးပမ်းသည်။

ကျောက်ရီက သူ့ရှေ့တွင်လဲကျနေသော အမျိုးသမီးအလောင်းကို မှင်သေစွာ စူးစိုက်ကြည့်နေသည်။ သူ့စိတ်ထဲ၌ ဗလာဟင်းလင်း ဖြစ်နေသည်။ သူ့ခေါင်းထဲ၌လည်း မည်သည့်အတွေးမှ မရှိပေ။ သို့ရာတွင် အဘိုးအို၏ လှုပ်ရှားမှုက ဆီပူပေါ်သို့ ရေအေးလောင်းထည့်သလို ဖြစ်သွားစေ၏။ သည်အပြုအမူက သူ့ဒေါသကို မီးစထိုးပေးခြင်းပင်။

သူ့ခန္ဓာကိုယ်က ရှေ့သို့ထိုးတက်၍ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်သည်။ သူက ရှေ့သို့တိုးနေစဉ် ဓားပုံရိပ်တစ်ခုက သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။

သည်ဓားပုံရိပ် ထွက်ပေါ်လာသည်နှင့် ကောင်းကင်က နက်မှောင်လာ၏။ မြေကြီးက စတင်အက်ကွဲသည်။

အဘိုးအို၏အသွင်က ပြောင်းလဲသွားသည်။ သူက သည်ဓားနှစ်လက်ကို မယူဝံ့တော့ချေ။ သူက သည်ဓားပုံရိပ်၏ အထဲရှိ စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်သည်ဟု ခံစားမိနေ၏။

တုံ့ဆိုင်းခြင်းမရှိဘဲ အဘိုးအိုက ပြန်လည့်၍ ဟိန်းသံပြုသည်။ သူက မျက်လုံးကိုမှတ်၍ လက်ဟန်တချို့ ထုတ်ဖော်သည်။ သူ့လက်နှစ်ဖက်ကြား၌ ဓားတစ်လက်ပေါ်လာ၏။ သူက သည်ဓားကို ကျောက်ရီထံသို့ ပစ်လွှတ်သည်။

ဘန်း …။

အဘိုးအို၏ဓားက အစိတ်စိတ် ကွဲသွား၏။ သူ့ရင်ဘတ်ပေါ်ရှိ လက်ဝါးရာသည်လည်း ပိုကြီးလာသည်။

“ဒီကောင်းကင်ဘုံ လက်ဝါးက အရမ်းအားကောင်းတယ်။ ငါက ဒီနေ့ ဒဏ်ရာရပြီးသွားပြီ။ ဒါကြောင့် ငါ့စွမ်းအားအပြည့်အဝ အသုံးမပြုနိုင်ဘူး။ ငါက ကောင်းကင်ဘုံ ဓားတစ်လက်ကိုလည်း ရပြီးသွားပြီပဲ ငါထွက်သွားတော့မယ် …” အဘိုးအိုက နောက်သို့ ဆုတ်၏။ ထို့နောက်သူက လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။ အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်၌ ပေါ်လာသည်။ သည်အက်ကွဲကြောင်းထဲ ဝင်လိုက်သည်နှင့် တာလော့ဓားကလန်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။ အဘိုးအိုက သည်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ရန် ပြုသည်။

သို့သော် ထိုအခိုက်တွင် ကျောက်ရီ၏ ဓားက ပို၍မြန်ဆန်လာပြီး အဘိုးအိုထံသို့ အင်ပြည့်အားပြည့် တိုးဝင်သွားသည်။

အဘိုးအိုအသွင်က လုံးဝပြောင်းလဲ၍ သူက လျင်မြန်စွာ တည်နေရာ ရွှေ့ပြောင်းပေးနိုင်သည့် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လိုက်သည်။ သူက အထဲသို့ ဝင်ရောက်သည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ ခုချိန်ထိ မြေကြီးပေါ်တွင် လှဲနေသော ချီလင်သားရဲက ခေါင်းမော့လာသည်။ ၎င်းကလည်း အလင်းတန်းတစ်ခု အသွင်ပြောင်း၍ အဘိုးအိုထံသို့ ပြန်သွားသည်။

အက်ကွဲကြောင်းက လျင်မြန်စွာ ပြန်ပိတ်နေသည်။ သို့သော် ကျောက်ရီက ၎င်းအက်ကွဲထဲသို့ မပိတ်ခင် ဝင်ရောက်လိုက်နိုင်သည်။ သူက အဘိုးအိုကို မသတ်ရသေးသ၍ ပြန်မလာနိုင်ပေ။

ကျောက်ရီက အဘိုးအိုနောက်သို့ သတ်ဖြတ်ရန် လိုက်ပါလာခြင်းက တာလော့ဓားကလန်အတွက် ဘေးကပ်ဆိုးတစ်ခု ကျရောက်လာခြင်း မည်၏။

သည်အဖြစ်အပျက်များက အသက်ရှူချိန် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ သည်အက်ကွဲကြောင်း ပျောက်ကွယ် သွားပြီးနောက် အမျိုးမျိုးသော ကျင့်ကြံမှုအဆင့်ရှိသည့် ကျင့်ကြံသူတစ်ရာကျော်၏ မျက်လုံးက မြေပြင်ပေါ်ရှိ အမျိုးသမီး အလောင်းထံသို့ ကျရောက်သွားသည်။

အမျိုးသမီးအလောင်း ဘေးနားက ဓားနှစ်လက်သည် လူတိုင်းကို အသက်ရှူ လေးလံစေ၏။

သို့ရာတွင် အမျိုးသမီး အလောင်းနှင့် ဓားနှစ်လက်သည် ရုတ်တရက် ဝမ်လင်းရှိရာသို့ အလင်းတန်းအဖြစ် ပျံသန်းလာခဲ့သည်။

ဝမ်လင်းက မှင်တက်သွားသည်။ သူက လက်သီးဆုပ်၍ စေတီကို ထုတ်ယူ၏။ အမျိုးသမီးအလောင်းနှင့် ဓားနှစ်လက်သည် စေတီထဲ၌ ပျောက်ကွယ် သွားကြသည်။

လူတိုင်း၏ အကြည့်က ဝမ်လင်းထံသို့ ရောက်လာ၏။ သူတို့မျက်လုံးများက လိုချင် တက်မက်မှုများဖြင့် ပြည့်နေသည်။

ချီဟူအသွင်က အလွန်နက်မှောင်နေပြီး သူက မတည်မငြိမ် ဖြစ်နေသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် နောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်သည်။

ဝမ်လင်းအသွင်ကလည်း သုန်မှုန်နေ၏။ သူက အခုလိုဖြစ်လိမ့်မည်လို့ မမျှော်လင့်ထားမိပေ။ အခုတော့ သူက လူတိုင်း၏ပစ်မှတ်တစ်ခု ဖြစ်လာရသည်။

ထိုအခိုက်တွင် အမည်းရောင်ဝတ်စုံနှင့် အသက်ကြီးကြီး တစ်ယောက်က လှမ်းလျှောက်လာပြီး ပြောသည်။ “ရောင်းရင်း ကျင့်ကြံသူ … သင်က ငါ့ကို ဓားတစ်လက်ပေးမယ် ဆိုရင် ဟုန်ယွမ်ကလန်က ငါတို့ရှစ်ယောက်လုံးက သင့်ကို ကာကွယ်ပေးမယ် …”

သူ့နောက်တွင်လည်း လူခုနစ်ယောက် ထွက်ပေါ်လာ၏။ သူတို့မျက်လုံးများက လောဘဖြင့် ပြည့်နေသည်။ သူတို့က ရှေ့သို့ ဆက်တိုးလာကြသည်။

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် သုံးယောက်၊ အလယ်အလတ်အဆင့် ရှစ်ယောက်၊ နောက်ဆုံး တစ်ယောက်က အစောပိုင်းအဆင့် …” ဝမ်လင်းက အသက်ဝဝရှူသွင်း၍ သူ့ပတ်ပတ်လည်ကို အေးစက်စွာကြည့်သည်။ သူ့နှလုံးသားကတော့ တုန်လှုပ်နေ၏။

သူ့ပတ်လည်တွင် အနည်းဆုံး ကျင့်ကြံသူ အယောက်တစ်ရာကျော်ရှိ၏။ သူတို့အားလုံးကလည်း အနည်းဆုံး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်များ ရှိကြသည်။ သူအခြေအနေက သူကိုင်တွယ်နိုင်သည့် အရာ မဟုတ်ပေ။

အပြာရောင်ဝတ်စုံနှင့် လူကြီးတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက ဟုန်ယွမ်ကလန်က လူတွေကို ကြည့်၍ ပြောသည်။ “ဟုန်ယွမ်ကလန်…။ သူတို့က အမှိုက်တွေပဲ။ ရောင်းရင်း … သင်သာ ငါ့ကို ဓားတစ်လက်ပေးရင် ငါ့ကောင်းကင်နတ်ဆိုး ကလန်က သင့်လုံခြုံမှုအတွက် အာမခံတယ် …”

“ဟုန်ယွမ်ကလန်ကော၊ ကောင်းကင်နတ်ဆိုး ကလန်ကောက ငတုံးတွေ၊ လူပြတ်တွေနဲ့ပြည့်နေတာ။ ဒီကောင်းကင်ဘုံ ဓားနှစ်လက်ကို ငါ့ရဲ့ အရာအားလုံးကလန်က ပိုင်ဆိုင်ရမယ် …” ကျယ်လောင်သော အသံက လူအုပ်ကြီးထဲမှ ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်သည် ဝမ်လင်းရှေ့သို့ ရောက်လာခဲ့၏။

သည်လူ လှုပ်ရှားလိုက်သည့် အခိုက်တွင် ၎င်းက အတန်းလိုက် လှုပ်ရှားမှုကိုပါ ဖြစ်သွားစေ၏။ ကျင့်ကြံသူ တစ်ရာကျော်ကလည်း တစ်ပြိုင်နက်တည်း ဝမ်လင်းထံသို့ တိုးဝင်လာသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ ဦးဆုံးလူက သူ့ရှေ့ညာဘက်ခြမ်းတွင် ရောက်နေ၏။ သည်လူက ဆံဖြူ အဘိုးအိုဖြစ်သည်။ သူ့မျက်လုံးထဲ၌ သည်ဓားက မည်မျှလိုချင်ကြောင်း ဖော်ပြနေသည်။ သည်လူ၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်သာ ရှိသေးသည်။

အဘိုးအို နီးကပ်လာသည်နှင့် ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက နောက်သို့ဆုတ်လို့ မရတော့ကြောင်းသိသည်။ သူသာ ခုချိန်၌ နောက်ဆုတ်လျှင် ပို၍ အန္တရာယ် များသွားနိုင်သည်။ သူက လက်မြှောက်၍ အဘိုးအိုထံသို့ ညွှန်၏။ သူ့သေခြင်းရှင်ခြင်း နယ်ပယ်က ထုတ်လွှတ်ထား၏။

အဘိုးအိုက နီးကပ်လာသည်နှင့် သူ့မျက်လုံးများက အလေးအနက် ဖြစ်လာသည်။ ဝမ်လင်း၏ လှုပ်ရှားမှုတွင် မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ မတွေ့ရချေ။ သို့သော် ထူးဆန်းသော နယ်ပယ်တစ်ခုက အဘိုးအိုပေါ်သို့ ကျဆင်းလာသည်။

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်က သူ့နယ်ပယ်ကို ငါ့ရှေ့မှာ ပြသရဲတာလား …” အဘိုးအို၏ မျက်နှာပေါ်၌ အထင်သေးဟန် ပေါ်လာသည်။ သူက ရပ်တန့်ရမည်အစား ရှေ့သို့ပိုမြန်အောင် တိုးဝင်လာသည်။

အဘိုးအိုက နယ်ပယ်ကို အသုံးပြု၍ တိုက်ခိုက်ခြင်း နည်းလမ်းသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များသာ အသုံးပြုနိုင်ကြောင်းသိသည်။ သို့သော် သူက သည်လိုတိုက်ခိုက်မှုက အလွန် အန္တရာယ်များကြောင်းလည်း သိ၏။

သို့သော် သူ့လို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် တစ်ယောက်ကို အစောပိုင်းအဆင့်က နယ်ပယ်ဖြင့် တိုက်ခိုက်ခြင်းက ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုသာ ဖြစ်နေမည် မဟုတ်လား။

“မင်းသေဖို့ စောင့်နေတော့ …” အဘိုးအိုက ရှုံ့တွသွားသည်။ သူက ဝမ်လင်း၏ နယ်ပယ်အား ဖယ်ရှားပစ်ရန် သူ့မူလစိတ်ဝိညာဉ်မှ နယ်ပယ်ကို အသက်သွင်းလိုက်သည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေဆဲပင်။ သူက ညင်သာစွာပြော၏။ “ရှင်သန်ခြင်းက ဘာလဲ …”

သူ့မျက်လုံးများက သည်အခိုက်အတန့်တွင် လုံးဝကြည်လင်နေ၏။ သူ့နှလုံးသားထဲ၌လည်း ရွှမ်ယွဲ့နိုင်ငံကို တိုက်ခိုက်ခဲ့သော မဟာမိတ်ကလန်မှ ကျင့်ကြံသူများသည် ပိုးဖလံမျိုး မီးကိုတိုးသည့်နှင့် အလားသဏ္ဌာန် တူကြောင်းတွေးနေ၏။

အဘိုးအို၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ သည်နယ်ပယ်က အလွန်ထူးဆန်းသည်။ သူက သူ့နယ်ပယ်ကို မည်မျှ အသုံးပြုသည်ဖြစ်စေ ၎င်းနယ်ပယ်ကို မရပ်တန့်နိုင်ဖြစ်ရသည်။ သိပ်မကြာခင်မှာ သူက ကောင်းကင်နှင့် မြေကြီးကြားရှိ သေခြင်းရှင်ခြင်း စက်ဝိုင်းထဲ၌ မသိလိုက်မသိဘာသာ နစ်မြုပ်သွားသည်။

သူက ထိတ်လန့်၍ နောက်သို့ ပြန်ဆုတ်ချင်နေသည်။ သို့သော် သူက ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့မျက်နှာက သေလောက်အောင် ဖြူရော်သွားသည်။ သူ့ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာသည်။ သူအလျင်အမြန် ထိုင်ချ၍ မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်သည်။

ဝမ်လင်းနောက်ဘက်၌ မီးခိုးရောင် အဝန်းအဝိုင်းများ ပေါ်ထွက်လာသည်။ ၎င်းအဝန်းအဝိုင်းက တဖြည်းဖြည်း ကြီးမားလာ၏။ မှုန်ဝါးဝါးပန်းချီကား တစ်ချပ်က ထိုအဝန်းအဝိုင်းထဲ၌ ထွက်ပေါ်နေ၏။ သည်အဝန်းအဝိုင်းနှင့် ပုံရိပ်က လေတိုက်လျှင် ပျောက်ကွယ် သွားတော့မည့် အလား ရှိနေ၏။

သည်ပန်းချီကားသည် အဖြူနှင့်အမည်း ရောစပ်ထားသည်။ ထို့ကြောင့် ၎င်းပန်းချီက အလွန်ရိုးရှင်း၏။ သို့သော် လူတိုင်းက သည်ပုံရိပ်ကို မြင်လိုက်သည်နှင့် သူတို့အားလုံးက ရှေ့တိုးလာရာမှ ရပ်တန့်သွားသည်။ သူတို့မျက်လုံးထဲ၌ တုန်လှုပ်မှုများဖြင့် ပြည့်နေသည်။

“ဒါက ဘယ်လိုနယ်ပယ်မျိုးလဲ …”

“ဒီလူက ဘယ်လိုနယ်ပယ်ကို အသုံးပြုပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ခဲ့တာလဲ။ ဒီအဖြူနဲ့အမည်း ပန်းချီကားက ငါ့ကို ဘာလို့ ကြောက်ရွံ့အောင် လုပ်နိုင်ရတာလဲ …”

“ပြန်လည်မွေးဖွားခြင်း၊ ဒါက သေခြင်းရှင်ခြင်း ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းပဲ …”

အဖြူနှင့်အမည်းက ရိုးရှင်းသော်လည်း အမည်းက သေခြင်းကို ကိုယ်စားပြု၍ အဖြူက ရှင်သန်ခြင်းကို ကိုယ်စားပြုသည်။

အဖြူနှင့်အမည်း ပန်းချီကားရှေ့၌ ဝမ်လင်း၏ အသွင်က ကောင်းကင်နှင့် မြေကြီး၏ ပြန်လည်မွေးဖွားခြင်း ခံစားချက်ကို ပေးစွမ်းနေသည်။ သူက အဘိုးအိုကို ကြည့်၍မေးလိုက်သည်။ “သေခြင်းကဘာလဲ …”

ပုံရိပ်တန်းများက အဘိုးအို၏နောက်တွင် ဖြစ်ပေါ်၏။ သည်ပုံရိပ်များ အတွင်း၌ အဖြူရောင်ဆံပင်နှင့် အဘိုးအိုနှစ်ယောက်သည် သူတို့ရှေ့၌ ဒူးထောက်နေသော သက်လတ်ပိုင်း လူကြီးအား ကြင်နာစွာ ကြည့်နေသည်ကို တွေ့နိုင်၏။ သည်သက်လတ်ပိုင်း လူကြီးက အဘိုးအို၏ လူငယ်အသွင်ဖြစ်သည်။ သူတို့နှစ်ယောက် အလွန်တူ၏။

သည်လူ၏ နယ်ပယ်သည် ရိုသေကိုင်းရှိုင်းမှု ဖြစ်၏။

သို့ရာတွင် သည်နယ်ပယ်သည် လျင်မြန်စွာ ပျက်စီးသွား၏။ ထိုနယ်ပယ်အစား အဖြူနှင့်အမည်း ပန်းချီကားသည် အစားထိုးဝင်လာခဲ့သည်။

အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူ့တစ်ကိုယ်လုံးသည်လည်း အားနည်းသွား၏။ သူ့မျက်လုံးများက မှိန်ဖျော့သွားသည်။ သူ့နယ်ပယ်က ပျက်စီးသွာပေပြီ။ သူ့တာအို နှလုံးသားကလည်း ကြမ်းတမ်းစွာ ဖယ်ရှားခံလိုက်ရသည်။ သူ့ကျင့်ကြံမှု အဆင့်သည်လည်း ထိုးကျသွားသည်။ သူက ခုချိန်တွင် နယ်ပယ်မရှိတော့သည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဝမ်လင်းက သက်ပြင်းချ၏။ သူက ရှေ့သို့ လှမ်းလျှောက်လာပြီး အဘိုးအိုမျက်ခုံးကြားသို့ လက်ညွှန်သည်။

ဘန်း …။

အဘိုးအို၏ ခေါင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး သွေးများ ပြန့်ကျဲကုန်သည်။ သူ့ခန္ဓာကိုယ်ကလည်း ချက်ချင်း ပြိုလဲကျသွား၏။

“ငါ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့် ဆိုပေမဲ့ ငါ့နယ်ပယ်ကတော့ အလယ်အလတ် အဆင့်ကို ရောက်နေခဲ့ပြီး။ ငါ့သေခြင်းရှင်ခြင်း နယ်ပယ်က ဒုတိယအဆင့်ကို ရောက်ရှိသွားတော့ အနီရောင်လိပ်ပြာနဲ့တောင် ယှဉ်ဝံ့နေပြီ …” ဝမ်လင်းမျက်လုံးများက ထူးဆန်းအလင်းများဖြင့် ပြည့်နေ၏။ သူက ပတ်ဝန်းကျင်ကို ဝေ့ဝှိုက်ကြည့်သည်။

သည်အကြည့်တစ်ချက်က လူတိုင်းကို စဉ်းစားသွားစေ၏။ သူတို့၏ လောဘများက အနည်းငယ် လျော့ကျသွားသည်။

သူတို့မျက်လုံးထဲ၌ ဝမ်လင်း၏ နယ်ပယ်က သန်မာလှသော်လည်း သူက တစ်ယောက်တည်းသာ ဖြစ်သည်။ ထို့ကြောင့် သူက မည်သို့ပင် ဖြစ်စေကာမူ သေရပေမည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ရှိ၏။ သူက ညင်သာစွာ မေးလိုက်သည်။ “ခုထိ ထွက်မလာသေးဘူးလား …”

***

Comment

Leave a Reply

Options

not work with dark mode
Reset