ဟင်းလင်းပြင်၏ တစ်နေရာ၌ ချီလင်သားရဲပေါ်၌ ထိုင်နေသည့် အဘိုးအိုက သူ့နောက်ဘက်မှ ဓားအစုအဝေးကြီးက နီးကပ်လာပြီး ဓာတေးသံကို ကြားလိုက်ရသည်။
အဘိုးအိုက ကြိုးစားကြည့်၏။ သည်ဓားအားလုံးက ကောင်းကင်ဘုံဓားများပင်။ သူသာ သည်ဓားများကို ယူဆောင်ပြီး သူ့တပည့်တစ်ယောက်စီကို ပေးနိုင်လျှင် တာလောဓားကလန်ကို ထျန်ယွမ်ဂြိုဟ်၏ နံပါတ်တစ်ကလန် ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။
သူက အချိန်အတန်ကြာ ကြိုးစားပြီးနောက်တွင် သက်ပြင်းသဲ့သဲ့ချသည်။ သူက သည်ဓားများကို ပိတ်ဆို့ရန် မကြိုးစားတော့ပဲ ရှောင်ဖယ်ပေးလိုက်၏။
သည်ဓားများက ဓားစိတ်ဝိညာဉ်ကို အရိုအသေပြုရန် ပျံသန်းနေကြခြင်း ဖြစ်သည်။ သူသာ ၎င်းတို့ကို ရပ်တန့်လျှင် သူက အခြားဓားများ၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။ သူက သည်ဓားများ၏ တိုက်ခိုက်မှုတစ်ခုကို ခုခံရှင်သန်နိုင်သော်လည်း ဓားအားလုံးကသာ သူ့ထံသို့ စုပုံကျလာလျှင် သူက ထျန်ယွမ်ဂြိုဟ်သို့ ပြန်သွားရန် တစ်နည်းသာရှိပေလိမ့်မည်။
ရလဒ်အနေဖြင့် သူက မိုးကောင်းကင်ဘုံဓားကို ရရှိနိုင်သည့် အခွင့်ရေးအားလုံးကို လုံးဝ ဆုံးရှုံးသွားပေလိမ့်မည်။
ကောင်းကင်ဘုံဓားများ ဖြတ်ကျော်သွားပြီးနောက် အဘိုးအိုက ၎င်းတို့နောက်သို့ အလျင်အမြန် လိုက်ပါသွားလေသည်။
ပုံမှန်အားဖြင့် ဟင်းလင်းပြင်က အလွန်အန္တရာယ်များ၏။ သို့သော် ဓားလှိုင်းများက ဟင်းလင်းပြင်ကို ဖြတ်သန်းနေစဉ် သည်နေရာရှိ ထူးဆန်းသော အသွင်သဏ္ဌာန်ရှိသည့် အရာများအားလုံးက ရှောင်ဖယ်ပေးရသည်သာ ဖြစ်သည်။ သည့်အတွက်ကြောင့် အခုချိန်တွင် ဟင်းလင်းပြင်က လုံခြုံကာ အန္တရာယ်မရှိသည့်အလား ဖြစ်နေသည်။ တစ်စုံတစ်ယောက်က အလွန်ကံမဆိုးဘူးဆိုပါက သူတို့ ဓားလမ်းကြောင်းနောက်သို့ လိုက်သွားရုံဖြင့် အန္တရာယ်ကြုံနိုင်ချေ အလွန်နည်းပေလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံသူအများကြီးက ဟင်းလင်းပြင်တွင် အလွန်သတိထားလျက် ရှိသော်လည်း ခု ဓားများနောက်သို့ လိုက်နေချိန်၌မူ စိတ်သက်သာရာ ရကြသည်။
သည်နေရာတွင် ရှင်သန်သော ထူးဆန်းသည့် အသွင်အပြင်ရှိသည့် သက်ရှိများအပြင် နောက်ထပ် အန္တရာယ်တစ်ခု ရှိသေး၏။ သည်အရာက ဟင်းလင်းပြင်တွင် လမ်းမပျောက်အောင် လမ်းကြောင်း ရှာဖွေခြင်းပင်။ သို့ရာတွင် ခုချိန်၌ ကျင့်ကြံသူများက ထိုအရာနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဘဲ ဓားအုပ်စုနောက်သို့သာ လိုက်သွားရန်လို၏။
သို့သော် ကောင်းကင်ဘုံဓားများ၏ အမြန်နှုန်းက အလွန်မြန်ဆန်လှသဖြင့် လူတိုင်းက ၎င်းတို့နောက်သို့ လိုက်ပါနိုင်ခြင်း မရှိကြပေ။ ရလဒ်အနေဖြင့် ဟင်းလင်းပြင်ထဲရှိ ကျင့်ကြံသူများသည် သူတို့၏စွမ်းရည်ပေါ် မူတည်၍ ပျံ့နှံ့နေကြသည်။
အချို့ကျင့်ကြံသူများက ကောင်းကင်ဘုံဓားများ အကြောင်းကို သေချာသိကြသည်။ သူတို့က ဓားများကို လှမ်းမြင်လိုက်သည်နှင့် တစ်လက် နှစ်လက်လောက်ကို လောဘကြီးစွာ လိုချင်ကြသည်။ သို့သော် သူတို့က သေဆုံးသွားရသည်သာ ဖြစ်သည်။
သို့ရာတွင် လူများ သေဆုံး ပြီးသွားခဲ့သော်လည်း အခုထိ မယုံကြည်သူများက ဓားများကို အားဖြင့် ဖမ်းယူရန် ကြိုးစားကြည့်သည့် လူများလည်း ရှိနေကြသေးသည်။
အခုချိန်၌ ဟင်းလင်းပြင်ထဲတွင် တကွဲတပြားဖြစ်နေသော ကျင့်ကြံသူရှစ်ယောက်က သူတို့၏ ကိုယ်ပိုင်နည်းစနစ်များကို အသက်သွင်းထားလျက် ရှိသည်။ အကွာအဝေးတစ်ခုကနေ ကောင်းကင်ဘုံဓားများက သူတို့ရှိရာသို့ ပျံသန်းလာနေကြ၏။
သည်ကျင့်ကြံသူများထဲမှ အနည်းငယ်ကသာ အားကောင်းသော နည်းစနစ်များ ရှိကြသည်။ သို့ရာတွင် ကောင်းကင်ဘုံဓားများ ရောက်လာသည့်အခိုက်တွင် ပေါက်ကွဲသံငါးသံနှင့်အတူ သူတို့ထဲက ငါးယောက်က ဓားများ၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားခဲ့ရသည်။ ဓားသုံးလက်သာ ကျန်နေသေးသော လူသုံးယောက်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
အသက်ရှင်ကျန်ခဲ့သော သုံးယောက်၏ နဖူးထက်၌လည်း ချွေးများဖြင့် အေးစက်နေကြသည်။ သူတို့က ကောင်းကင်ဘုံဓားများကို ထိန်းချုပ်ထားစဉ် ထိုဓားများက ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ရူးသွပ်ဖွယ် ရုန်းကန်နေကြသည်။
ထိုသုံးယောက်ထဲမှ အဘိုးအိုတစ်ယောက်၏ မျက်နှာသည် ဖြူရော်နေသည်။ သူက ပြော၏။ “ခိုင်ခိုင်မြဲမြဲ ဆက်ထိန်းချုပ်ထားပါ၊ ငါ့အထင် ဒီဓားတွေကို လုံလောက်အောင် ကိုင်ဆုပ်ထားနိုင်ရင် ဒါတွေက ငါတို့ဟာတွေ ဖြစ်လာလိမ့်မယ် …”
အခြားနှစ်ယောက်က စိတ်ထဲကြိတ်၍ သူ့စကားကို အထွန့်တက်လိုသော်လည်း နှစ်ယောက်လုံးက စိတ်လှုပ်ရှားလို့နေသည်။
ထိုအခိုက်တွင် အခြားကောင်းကင်ဘုံ ဓားအုပ်စုက သူတို့ထံသို့ ပျံသန်းလာကြ၏။ သည်ဓားများက သူတို့နှင့် သိပ်မနီးကပ်ကြ သေးသောကြောင့် သည်ကျင့်ကြံသူသုံးယောက်က ၎င်းဓားအုပ်စုကို တစ်ချက်သာ ကြည့်လိုက်ကသည်။
သို့ရာတွင် သူတို့ထိန်းချုပ်နေသည့် ဓာသုံးလက်ထံမှ အားကောင်းသော ဓားတေးသံကို ထုတ်လွှတ်လာသည်။ ဖြတ်ကျော်သွားတော့မည့် ဓားအုပ်စုက ရုတ်တရက် ရပ်တန့်သွားပြီး ဓားသုံးလက်ရှိရာသို့ ပြန်လှည့်လာ ကြတော့သည်။
ကျင့်ကြံသူသုံးယောက်၏ အသွင်က ပြောင်းလဲသွားသည်။ အဘိုးအိုက ရုတ်တရက် သူ့လက်ထဲရှိ ဓားကို ဆက်လက် မထိန်းချုပ်တော့ပဲ ထွက်ပြေးလေသည်။ သည်အချိန်၌ ဓားအုပ်စု ရောက်လာခဲ့ပြီး သူတို့ကို ဖြတ်တောက်သွားပြီး သူတို့၏ အသွေးအသားများက ပြန့်ကျဲကုန်ကြသည်။ ကြိုတင်ထွက်ပြေးရန် ကြိုးစားသော အဘိုးအိုပင် မလွတ်မြောက်နိုင်ခဲ့ချေ။
မှိန်ဖျော့ဖျော့ အလင်းတစ်ခုက တောက်ပလျက်ရှိသည်။ ဓားအုပ်စု ပျောက်ကွယ် သွားသော်လည်း သိုလှောင်အိတ်နှစ်ခုက မပျက်မစီးကျန်နေခဲ့၏။
အကွာအဝေးတစ်ခုတွင် သည်မှိန်ဖျော့ဖျော့အလင်းက ဝမ်လင်းတို့၏ ကြယ်သံလိုက်အိမ်မြှောင် ဖြစ်သည်။ ချီဟူ၏ လက်ထဲ၌ သိုလှောင်အိတ်နှစ်ခု ရှိနေခဲ့သည်။ သူက ဘေးသို့ ထိုင်ချကာ ပြောသည်။ “အစ်ကိုစန် … ဒါက ငါတို့ရဲ့ ၃၇ခုမြောက် သိုလှောင်အိတ်ပဲ။ ဒီဓားလမ်းကြောင်း တစ်လျှောက် ငါတို့ရဲ့ ရိပ်သိမ်းနိုင်မှုက အရမ်းကောင်းမွန်နေခဲ့ပြီ …”
ဝမ်လင်းက ပြုံး၏။ သည်လမ်းတစ်လျှောက် သူတို့နှစ်ယောက် ဓားများကို ရပ်တန့်ရန် ကြိုးစားသော လူအများကြီးကို တွေ့မြင်ခဲ့ရသည်။ သို့သော် သူတို့ထဲက မည်သူမျှ အောင်မြင်နိုင်ခဲ့ခြင်း မရှိပေ။ အချို့သိုလှောင်အိတ်များက ဓားများ၏ဖျက်ဆီးမှုကို ခံလိုက်ရသော်လည်း အချို့ကတော့ ကျန်နေခဲ့ပြီး သူတို့နှစ်ယောက်က ကောက်ယူခဲ့ကြသည်။
ကြယ်သံလိုက်အိမ်မြှောင်က အလွန်မြန်ဆန်လှသဖြင့် သူတို့အတွက် ၎င်းကိုလိုက်မီရန်မှာ ပြဿနာ မဟုတ်ပေ။ သူတို့၏ အမြန်နှုန်းကို အသုံးပြု၍ လမ်းတစ်လျှောက်ရှိ အချို့ရတနာများကို ကောက်ယူ သိမ်းပိုက်နိုင်ခြင်းက ချီဟူအား အလွန်စိတ်လှုပ်ရှားစေသည်။
ဝမ်လင်းက ကြယ်သုံလိုက်အိမ်မြှောင်ကို ထိန်းချုပ်၍ ချီဟူက သိုလှောင်အိတ်များကို ဖမ်းဆုပ်သည်။ သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်ပင် ချောမွတ်နေ၏။
အချို့လူများက ကြယ်သံလိုက်အိမ်မြှောင် အကြောင်းကို သိရှိ၍ ခိုးယူရန် ကြိုးစားကြသော်လည်း သူတို့က ဝမ်လင်းနှင့်ချီဟူတို့ လက်ချက်ဖြင့် သေကြေရသည်သာ ဖြစ်သည်။
သူတို့က ဆက်လက်ပြီး အကွာအဝေးတစ်ခုကနေ ကြယ်သံလိုက် အိမ်မြှောင်ဖြင့် ကောင်းကင်ဘုံဓားများ နောက်သို့ လိုက်ပါနေသည်။
ထိုအခိုက်တွင် ချပ်ပြားဝိုင်းတစ်ခုပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေသော သက်လတ်ပိုင်းလူကြီး၏ မျက်နှာက ဓားများနောက်သို့ လိုက်နေရင်း ရှုံ့တွနေသည်။ သူက သူ့မြင်ကွင်းမှ ဓားအုပ်စု မပျောက်သွားစေလို သဖြင့် သူတတ်နိုင်သလောက် နီးကပ်စွာ အနောက်မှ လိုက်ပါလာသည်။ ရုတ်တရက် သူက အကွာအဝေးတစ်ခုမှ ဝမ်လင်းနှင့်ချီဟူတို့ကို လှမ်းမြင်လိုက်၏။ သူက သူတို့နှစ်ယောက်အောက်ရှိ ကြယ်သံလိုက် အိမ်မြှောင်ကိုပါ သတိပြုမိလိုက်သည်။ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ချပ်ပြားဝိုင်းက ပျောက်ကွယ်သွားပြီး သူက ဝမ်လင်းနှင့် ချီဟူတို့ထံသို့ ခုန်ဝင်သွား၏။
“ရောင်းရင်းကျင့်ကြံသူတို့ … ငါ့အတွက် ဒီအပေါ်မှာ တစ်နေရာလောက်များ ရနိုင်မလား …” သူက ရည်မွန်စွာ ပြောလိုက်သော်လည်း ခြေလှမ်းကတော့ ကြမ်းတမ်းစွာဖြင့် ရှေ့သို့တိုးလာခဲ့၏။
ချီဟူမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ခပ်တိုးတိုးပြောလိုက်သည်။ “စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် …”
ဝမ်လင်းက တည်ငြိမ်ဆဲပင်။သူက ဆက်ပြော၏။ “အစ်ကိုချီဟူ … ငါတို့ထွက်သွားမလား တိုက်ခိုက်မလား ဆုံးဖြတ်ပါ …” ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်၏ အမြန်နှုန်းအပြည့်ကို အသုံးမပြုရသေးပေ။ သူက မြန်နှုန်းပြည့်ဖြင့် သွားမည်ဆိုလျှင် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ ခါထုတ်ပစ်နိုင်သည်။
ချီဟူက ရယ်မောကာ မတ်တတ်ထရပ်သည်။ သည့်နောက်သူက ပြော၏။ “အစ်ကိုစန်နူးက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်လေးနဲ့ အနီရောင် လိပ်ပြာနဲ့တောင် ယှဉ်တိုက်ရဲတာပဲ။ ငါ … ချီဟူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်နဲ့ နောက်ဆုံးအဆင့်ကို တိုက်ခိုက်ကြည့်ချင်ပါတယ်။ ငါက တိုက်ခိုက်ပြီးမှလည်း ထွက်ပြေးနိုင်ပါသေးတယ် …” သူက လှမ်းအော်လိုက်၏။ “သင်က ကြယ်သံလိုက် အိမ်မြှောင်ကို စီးနင်းချင်ရင် သင့်ခွန်အားကို ကြည့်ပါရစေ …”
သက်လတ်ပိုင်းလူကြီး၏ မျက်နှာက ရှုံ့တွသွားသည်။ သူက ရပ်တန့်ခြင်း မရှိသည့်အပြင် ရှေ့သို့ ပိုမြန်စွာ ဆက်တိုးလာရင်း ပြောလိုက်သည်။ “ဒီတော့ ဘီလူးနတ်ဆိုး ကလန်က တစ်ယောက်ပေါ့ …”
ထိုသို့ပြောပြီးနောက် သူက လက်ညှိုးဖြင့် ညွှန်လိုက်သည်။
မီးခိုးရောင်အခိုးငွေ့ တစ်ခုက ဓားတစ်ချောင်းအသွင် ပြောင်း၍ ချီဟူထံသို့ တိုးဝင်သွားသည်။ သည်အခိုးငွေ့ ထွက်ပေါ်လာသည်နှင့် လေထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်သွားခဲ့၏။
“သတ်ဖြတ်ခြင်းနယ်ပယ် …” အကြည့်တစ်ချက်ဖြင့် ဝမ်လင်းက သည်လူအသုံးပြုလိုက်သာ နယ်ပယ်ကို သိလိုက်၏။ ဝမ်လင်းက သူ့မူရင်းခန္ဓာကိုယ်၏ သတ်ဖြတ်ခြင်း ဆန္ဒလောက် အားကောင်းသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို မမြင်ဘူးချေ။
“သတ်ဖြတ်ခြင်းနယ်ပယ် …” ချီဟူက အော်သံပြု၍ လက်သီးဆုပ်လိုက်ပြီး သူ့ရင်ဘတ်ကို သူထု၏။ ချီဟူခန္ဓာကိုယ်ထံမှ မာနတရား အငွေ့အသက်တစ်ခု ထုတ်လွှတ်လာပြီး သူ့ခန္ဓာကိုယ်ကလည်း အက်ကွဲလာ၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် အဆများစွာ ကြီးထားလာပြီး ဆယ်နှစ်ပေခန့်မြင့်သည့် ဧရာမဘီလူးကြီး အသွင်သို့ ပြောင်းသွား၏။ သူ့နဖူးပေါ်ရှိ ပုဆိန်သည်လည်း တဖျပ်ဖျပ် လင်းလက်နေသည်။
သည်ပုဆိန်က သူ့ကလန်၏ အရေးကြီး ရတနာတစ်ခုပင်။ သည်အရာက ကြယ်သံလိုက်အိမ်မြှောင်နှင့် ခြားနား၏။ သည်အရာသည် ဒြပ်ထုတစ်ခုလိုမျိုး မဟုတ်ပေ။ ကျောက်ရီက သူ့ကို အသုံးပြုပြီး အနီရောင်လိပ်ပြာနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲ၌ ၎င်းက ပျက်စီးသွားခဲ့သော်လည်း အခုအသစ်တစ်ဖန် ပြန်ပေါ်လာခဲ့၏။ သို့ရာတွင် ထိုသို့ တစ်ကြိမ်ပျက်စီးသွားတိုင်း ၎င်းက အနည်းငယ် အားနည်းသွားတတ်၏။
ပုဆိန်ထွက်ပေါ်လာသည့် အခါ ချီဟူက နတ်ဆိုးဘုရင် တစ်ကောင်အလား ထင်မှတ်ရသည်။ သူက မီးခိုးရောင် အခိုးငွေ့များပေါ်သို့ ပုဆိန်ဖြင့် လွှဲခုတ်ချ၏။
ဘန်း …။
မီးခိုးရောင် အခိုးငွေ့များက ပျက်စီးသွား၏။ ချီဟူလက်ထဲရှိ ပုဆိန်ကလည်း တုန်ခါသွားသည်။ ထို့ကြာင့် သူက နောက်သို့ အနည်းငယ်ဆုတ်သည်။ သူက သည်ပုဆိန်ခုတ်ပိုင်းမှုတွင် ထည့်သွင်းထားသော စွမ်းအားကြောင့် သူ့လက်မောင်းပင် သွေးများထွက်ကြရသည်။ သူက ရယ်မောလိုက်၏။ “ဒီလောက်ပဲလား … ထပ်လာဦး …”
သက်လတ်ပိုင်းလူကြီးက ရပ်တန့်သွားသည်။ သူက နှာခေါင်းရှုံ့၍ သိုလှောင်အိတ်ထဲကနေ ရွှေရောင်ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်၏။ သူက ရွှေရောင်ကျောက်တုံးကို လက်ညွှန်လိုက်ရာ ၎င်းက အရည်သို့ပြောင်းသည်။ သူက သူ့လက်ကို ဆုပ်ချေလိုက်ရာ ၎င်းအရည်က စိန်သဏ္ဌာန်သို့ပြောင်း၏။ ထို့နောက် ၎င်းစိန်အသွင်သဏ္ဌာန်ကို အော်ဟစ်၍ ပစ်လွှတ်လိုက်၏။ “ဒါကို စမ်းကြည့်စမ်း …”
သူက ရွှေရောင် ကျောက်တုံးကို မြင်လိုက်သည့် အခိုက်တွင် သူ့နှလုံးသားက အေးစက်သွား၏။
ဝမ်လင်းက ရွှေရောင်ကျောက်တုံးကို ကြည့်ကာ လှမ်းအော်လိုက်၏။ “ချီဟူ … သွားကြစို့ …”
ချီဟူက ရယ်မောသည်။ သူကနောက်သို့ ချက်ချင်းလှည့်၍ ကြယ်သံလိုက် အိမ်မြှောင်ရှိရာသို့ ပြန်သွားရင်း လှမ်းပြော၏။ “ငါက မင်းကို မရိုက်နိုင်ဘူး။ ဒီတော့ မင်းနဲ့ ဆက်မကစားတော့ဘူး …”
သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့၏။ သူက လက်ဖြင့် ထပ်ညွှန်လိုက်ရာ စိန်အသွင်သဏ္ဌာန်က ကြယ်သံလိုက် အိမ်မြှောင်ထံသို့ ပိုမြန်ဆန်စွာ တိုးဝင်သွားသည်။
ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်၍ အကွာအဝေးတစ်ခုသို့ လျင်မြန်စွာ ပျံသန်းသွား၏။ ရွှေရောင်ကျောက်တုံးက အလွန်မြန်ဆန်သော်လည်း ကြယ်သံလိုက်အိမ်မြှောက် လောက်တော့ မမြန်နိုင်ပေ။
သက်လတ်ပိုင်း လူကြီးအသွင်က ပြောင်းလဲသွား၏။ သူက ရွှေရောင်ကျောက်တုံးကို ပြန်သိမ်း၍ ဝမ်လင်းတို့နောက်သို့ လိုက်လေသည်။
အချိန်အတန် ကြာပြီးနောက် သက်လတ်ပိုင်း လူကြီး၏ မျက်လုံးက တလက်လက် ဖြစ်သွားသည်။ သူက ရပ်တန့်၍ ကြယ်သံလိုက်အိမ်မြှောင် ပျောက်ကွယ်သွားသည့် နေရာသို့ လှမ်းကြည့်ကာ နှာခေါင်းရှုံ့၏။
“ဆရာက မိုးကောင်းကင်ဓားဟာ နိုးထလာလိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်။ တာလော့ဓားကလန်က ဒါကို အရယူလိမ့်မယ်လို့လည်း သူပြောခဲ့တယ်။ သူက ငါ့ကို ထျန်ယွမ်ဂြိုဟ်က အင်အားညီမျှနေမှုကို ကာကွယ်ဖို့ ပြောခဲ့တယ်။ ဆိုးလိုက်တာ … ငါက တကယ့်ကို ဒီဂျူနီယာနှစ်ယောက်ရဲ့ ကစားတာကို ခံလိုက်ရတာပဲ။ ဟမ် … တာလော့ဓားကလန်က ငါတို့ ထျန်ယွမ်ကလန်နဲ့ အဆင့်တူတူပဲ။ ဆရာသာ လှုပ်ရှားမယ်ဆိုရင် သူတို့နဲ့ပတ်သက်ပြီး ဘာမှ ပူပန်နေစရာ မရှိဘူး …”
သည်လူက အကွာအဝေးတစ်ခုထံသို့ အေးစက်စွာကြည့်၍ လှည့်ထွက်လာခဲ့သည်။
“ကြယ်သံလိုက်အိမ်မြှောင် အလယ်မှာ ထိုင်နေတဲ့ ဂျူနီယာက ငါ့ရွှေရောင်ကျောက်တုံးကို ဘာလဲဆိုတာသိပုံပဲ။ သူက ဗဟုသုတတော့ ရှိသားပဲ …”
ချီဟူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ကြာပွင့်သဏ္ဌာန် ထိုင်ချပြီးနောက် ဝမ်လင်းကို မေးလိုက်သည်။ အစ်ကိုစန် ဒီစိန်သဏ္ဌာန် ရွှေရောင်ကျောက်တုံးက ဘာကြီးလဲ။ အစ်ကိုက ဘာလို့ ငါ့ကို ဆက်မတိုက်ဘဲ ပြန်ဆုတ်စေချင်တာလဲ။ ဒီလူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက် ဖြစ်နေပေမဲ့ ဘီလူးနတ်ဆိုးကလန်ကလည်း ပေါ့သေးသေး မဟုတ်ပါဘူး။ ငါက သူ့ကို မရိုက်နိုင်ဘူး ဆိုရင်တောင် ကြောက်စရာတော့ မရှိဘူး …”
ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်နေရင်းဖြင့် ပြောလိုက်သည်။ “လူတစ်ယောက်က လူအများကြီး သတ်ဖူးပြီးရင် သူ့အော်ရာက သတ်ဖြတ်ခြင်အော်ရာ ပြောင်းသွားလိမ့်မယ်။ အဲဒီနောက် အစ်ကိုက ပိုသတ်လေလေ ဒီအော်ရာက အရည်အဖြစ် သိပ်သည်းသွားလိမ့်မယ်။ သတ်ဖြတ်လိုမှု အော်ရာက ပိုပြီးထူထဲလာရင် သလင်းကျောက်အဖြစ်ပါ ပြောင်းသွားနိုင်တယ်။ အကိုက သတ်ဖြတ်ခြင်း နယ်ပယ်ကို မလေ့ကျင့်ဘူးဆိုရင် ဒါကို အစ်ကို ထိတွေ့မိတာနဲ့ အကိုရဲ့ မူလစိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်တယ် …”
ချီဟူက အနည်းငယ် စဉ်းစားနေ၏။ သူက သည်ကျောက်တုံးကို မြင်လိုက်သည့်အချိန်၌ ဖြစ်ပေါ်သွားခဲ့သော သူ့စိတ်လှုပ်ရှားမှုကို ပြန်စဉ်းစားကြည့်၏။
ဝမ်လင်းက ကြိတ်၍ တွေးနေမိသည်။ သက်လတ်ပိုင်းလူကြီးရဲ့ ကျင့်ကြံမှုအဆင့်က အနီရောင်လိပ်ပြာထက် နည်းနည်းသာတယ်။ အထူးသဖြင့် သူ့သတ်ဖြတ်ခြင်း နယ်ပယ်ပဲ။ အနီရောင်လိပ်ပြာက ဒီလူကြီးနယ်ပယ်ကို ပိတ်ဆို့နိုင်ဖို့ အတော်လေး အားစိုက်ဖို့ လိုလိမ့်မယ်။ ငါ့မူရင်းခန္ဓာကိုယ်က ဒီလိုတိုက်ခိုက်မှုမျိုးကို လုပ်နိုင်ပါ့မလားတော့ ငါမသိဘူး။ ငါ့မူရင်းခန္ဓာကိုယ်က တတိယမြောက် ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိဖို့ စိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်များများ လိုအပ်နေမလဲ ငါသိချင်မိတယ်။ ငါက ဟင်္သာပြဒါးနိုင်ငံကို ပြန်ရောက်ရင် ငါ့မူရင်းခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုကို ဒီကောင်းကင်ဘုံ ကျောက်စိမ်းတွေနဲ့ တိုးတက်အောင်လုပ်ရမယ် …”
ကြယ်သံလိုက်အိမ်မြှောင်က အလွန်မြန်၏။ ၎င်းက တစ်ပတ်လှည့်၍ ကောင်းကင်ဘုံ ဓားများနောက်သို့ ဆက်၍ လိုက်ပါသွားသည်။ အကွာအဝေးတစ်ခု၌ ကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းတစ်ခုက သူ့မြင်ကွင်းထဲ၌ ပေါ်လာခဲ့၏။
သူတို့က သည်အစိတ်အပိုင်းပေါ်တွင် အဆုံးမဲ့ ဓားစွမ်းအင်များက တောက်ပလျက် ရှိနေသည်ကို တွေ့လိုက်ရ၏။ သည်စွမ်းအင်အလင်များက ၎င်းတို့နှင့် နီးကပ်လာသည့် လူတိုင်းအား ထိုးစိုက်ခံရသည့် ခံစားမှုမျိုးကို ပေးစွမ်းလေသည်။
မရေမတွက်နိုင်သော ဓားများက ရောက်ရှိလာခဲ့၏။ သည်နေရာသည် မိုးကောင်းကင် ဓားစိတ်ဝိညာဉ် ရှိနေသော နေရာပင် ဖြစ်ချေ၏။
***