Switch Mode

အပိုင်း (၃၆၄)

လက်ဆောင်နှစ်ခု

ကျောက်ရီ၏ နဖူး၌ လက်သီးဆုပ်ခန့် အနီရောင်ပုတီးစေ့တစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော် ၎င်းက ချက်ချင်းကြွေမွသွားပြီး လောင်ကြမ်းနေသော ကြယ်ပျံနှင့် ပေါင်းစပ်သွားသည်။

သည်ကြယ်ပျံ ပတ်ပတ်လည်ရှိ မီးတောက်များက ပျောက်ကွယ်သွားပြီး အနီရောင် အလင်းပုံရိပ်တစ်ခုက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်လာခဲ့သည်။ သူ့မျက်နှာက နောင်တရဟန်များဖြင့် ပြည့်နေပြီး သူက အဘိုးအိုထံသို့ လက်ညွှန်လိုက်၏။

အဘိုးအိုက ရှောင်ရှားရန် လုပ်လိုက်၏။ သို့သော် သူက သူ့ခန္ဓာကိုယ်သူ လှုပ်ရှား၍ မရတော့သည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက ဖြူရော်ဖျော့တော့သွားပြီး ကျောက်ရီကို တုန်လှုပ်စွာ ကြည့်၏။

သူက ပြောလိုက်၏။ “အာဏာတက်ခြင်း အဆင့် …”

“ငါက ကောင်းကင်ဘုံ နယ်မြေကို ပထမဆုံး လာရောက်တုန်းက မင်းကို တွေ့ခဲ့တယ်။ ရူးသွပ်ခြင်း နယ်ပယ်က မင်းငါ့အပေါ်ကို တွန်းအားပေးခဲ့တဲ့ တစ်စုံတစ်ခု ဖြစ်ခဲ့တယ်။ ငါက မင်းပန်းတိုင်ကို သိသလို အကုန်လုံးကို နားလည်ခဲ့ပြီ။ ဒါပေမဲ့ ငါနောင်တမရခဲ့ဘူး။ ငါက နောက်ထပ် အခွင့်ရှိခဲ့မယ် ဆိုရင်တောင် မင်းနဲ့တွေ့ဖို့ ရွေးချယ်မိမှာပဲ …” ကျောက်ရီက အဘိုးအိုကို တစ်ချက်တောင် မကြည့်ပေ။ သူက သူ့လက်ထဲရှိ အမျိုးသမီး အလောင်းကိုသာ စူးစိုက်ကြည့်နေ၏။

သူက ဒြပ်စင်ငါးခုကလန်၏ ပါရမီရှင် တပည့်တစ်ယောက် ဖြစ်ခဲ့သည်။ သူက သာမန် လူတစ်ယောက်ထက် ဆုံးဖြတ်ချက်ပို ပြတ်သွား၏။ သူက ဒြပ်စင်ငါးခုနည်းလမ်းကို ကျင့်ကြံခဲ့ပြီး သူ့တပည့်များ၏ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားမှုကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ သူက ကလန်ထဲ၌ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသလို ကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့ကျင့်ကြံမှု အဆင့်ကလည်း ဆက်လက် တိုးတက်ခဲ့၏။

သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် သူ့ဆရာက သူ့ကို မိုးခေါင်းလောင်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ သို့သော် မည်သူကမျှ သူသည် အများကြီး ပြောင်းလဲ သွားလိမ့်မည်ဟု မမျှော်လင့်မိခဲ့ကြချေ။

သူက ကောင်းကင်ဘုံ နယ်မြေထဲ၌ နန်းတော်တစ်ခုထဲသို့ ဝင်ရောက်ခဲ့စဉ်က အမျိုးသမီး အလောင်းတစ်ခုကို တွေ့ခဲ့၏။ ထိုအခိုက်အတန့်တွင် သူက သူမ၏ ဆွဲဆောင်ညှို့ငင်မှုကို ခံခဲ့ရသည်။

သူ့မျက်လုံးထဲ၌ သည်အမျိုးသမီးသည်သာ အရာရာဖြစ်ခဲ့သည်။

သည်အမျိုးသမီး အလောင်းအတွက် သူက ကလန်မှ ထွက်ခဲ့သည်။ သူ့ဆရာက သူချစ်ခင်သော တပည့်ကို မသတ်လိုခဲ့ပေ။ ထို့ကြောင့်လည်း သူက သက်ပြင်းရှည်ချ၍ သူ့ကို သွားခွင့်ပြုခဲ့သည်။

အလောင်းချစ်သူ၊ အရူး စသဖြင့် သူနှင့်ပတ်သက်သည့် ပြောစမှတ်မှားက ဟင်္သာပြဒါးနိုင်ငံတွင် ပျံ့နှံ့ခဲ့သည်။ သို့ရာတွင် ထိုအရာအားလုံးက သူ့အပေါ်တွင် သက်ရောက်မှုမရှိခဲ့ပေ။ သူက အရာအားလုံးအတွက် နောင်တမရခဲ့ပေ။

ရူးသွပ်မှု နယ်ပယ်ကြောင့် သူ့ကျင့်ကြံမှု အဆင့်သည် ပို၍ စွမ်းအား ကောင်းလာသည်။ သူက နောက်ဆုံးတွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ထိ ရောက်ရှိလာနိုင်ခဲ့၏။

သူ့ဆရာက အာဏာတက်ခြင်း အဆင့်သို့ တက်ရောက်ရန် ကျရှုံးခဲ့ပြီး သက်တမ်းကုန်ဆုံးမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ သူ့ဆရာ သေဆုံးသွားခဲ့သည့် တစ်နေ့တွင် ကျောက်ရီက ဒြပ်စင်ငါးခု ကလန်ရှေ့၌ ခုနစ်ရက်ကြာကြာ ဒူးထောက်ခဲ့သည်။

သူက ဒြပ်စင်ငါးခုကလန်ကို သုံးကြိမ်သုံးခါ ကယ်တင်ခဲ့သည်။ သို့သော် သူက မည်သည့်တပည့်ကိုမျှ လက်ခံခဲ့ခြင်း မရှိပေ။

ထိုအခိုက်တွင် ကျောက်ရီစိတ်ထဲ၌ အထက်ပါ အခြင်းအရာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဘိုးအိုက ရုန်းကန်ခြင်း မပြုနိုင်တော့ပေ။ သူက အာဏာတက်ခြင်း အဆင့်ကို ဆန့်ကျင်ရန် မည်သည့်အခွင့်မှ မရှိချေ။ နယ်ပယ်ကွာခြားခြင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်လား။

ကျောက်ရီမျက်လုံးက ရှင်းလင်း တည်ကြည်နေသည်။ သူ့မျက်လုံးထဲ၌ စွမ်းအားကောင်းသော နယ်ပယ်နှင့် ပြည့်နှက်နေခဲ့သည်။ သူက ခေါင်းငုံ့၍ အမျိုးသမီး အလောင်း၏နဖူးကို နမ်းရှုံ့လိုက်သည်။ ထို့နောက် သူ့အကြည့်က ဝမ်လင်းနှင့်ချီဟူတို့ထံ ရောက်ရှိသွားသည်။ သူက ချီဟူကို သေချာကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ညီငယ်လေး … ငါ့ဇနီးကို ကူညီပြီး စောင့်ရှောက် ပေးနိုင်မလား …”

ချီဟူခန္ဓာကိုယ်က ထူးဆန်းသည့်အားများဖြင့် ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ သူက ကျောက်ရီကို ထိတ်လန်စွာ ကြည့်နေ၏။

“ဒါက …”

ကျောက်ရီက မျက်မှောင်ကြုတ်သွားသည်။

ချီဟူက စိတ်ထဲ၌ မချင့်ပြုံးပြုံးနိုင်သည်။ တကယ်တော့ သူက သည်အလောင်းကို မလိုချင်ပေ။ သူ့ကလန်ကာသာ သည်အကြောင်းကို သိလျှင် သူ့အတွက် သက်ရောက်မှုများစွာ ဖြစ်ပေလိမ့်မည်။ သို့သော် အခုချိန်၌ သေခါနီး အာဏာတက်ခြင်း ကျင့်ကြံသူ၏ တောင်းဆိုမှုဖြစ်သည်။ သူက မည်သို့မျှ မငြင်းဆန်ရဲပေ။

ချီဟူက အသက်မနည်းရှူ၍ ပြောလိုက်ရသည်။ “ဂျူနီယာက ဆန္ဒရှိပါတယ် …”

ကျောက်ရီက ခေါင်းခါ၍ ပြောလိုက်သည်။ “မင်းက ဘီလူးနတ်ဆိုး ကလန်ရဲ့ လူငယ် ဆရာတစ်ယောက်။ ဒီတော့ မင်းက ငါ့ခြေရာအတိုင်း နင်းရမှာကို စိုးရိမ်မိတာ သဘာဝပဲ။ ထားလိုက်ပါ …”

ထိုသို့ပြောပြီးနောက် သူ့အကြည့်က ဝမ်လင်းထံသို့ ရောက်သွားသည်။ သူက ညင်သာစွာ ပေးလိုက်၏။ “ညီငယ်ကရော ငါ့ကိုကူညီဖို့ ဆန္ဒရှိလား …”

ဝမ်လင်းက သူ့ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်နေသော ဖိအားက လျော့နည်းသွားသည်ကို ခံစားမိသည်။ သူက အနည်းငယ် စဉ်းစားနေ၏။

ကျောက်ရီက ဝမ်လင်းကို ကြည့်၍ ထပ်မံပြောဆိုပြန်သည်။ “ငါ့ဇနီးက ကောင်းကင်ဘုံ ကျောက်စိမ်းတွေ ထည့်သွင်းပေးဖို့ လိုအပ်တယ်၊ဒါမှ သူ့ခန္ဓာကိုယ်က မပြောင်းလဲပဲ ရှိနေမှာ။ နှစ်တစ်ထောင်တိုင်း မင်းက ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ထောင် လိုအပ်လိမ့်မယ်။ ဒါက နည်းနည်းခက်ခဲရုံပါ။ မင်း ငါ့ကို ကူညီဖို့ ဆန္ဒရှိလား …”

ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ပြန်ပြောလိုက်၏။ “ဂျူနီယာက ဒီပမာဏ ကောင်းကင်ဘုံ ကျောက်စိမ်းပြားရမယ် ပေးနိုင်မယ်လို့ ကတိမပေးဝံ့ပါဘူး …”

ကျောက်ရီက ပြုံး၍ ကောင်းကင်ထက်ကို မော့ကြည့်လျက် ဆက်ပြောပြန်သည်။ “ကောင်းတယ် ညီငယ်လေး။ ငါက မင်းကို ဘာမှမပေးဘဲ နှစ်ထောင်ပေါင်းများစွာ အကူအညီတောင်းဖို့ မလုပ်ပါဘူး …”

ဝမ်လင်းက ကျောက်ရီကို စူးစိုက်ကြည့်နေ၏။ သို့သော် သူက စကားတစ်ခွန်းမှ မဆိုပေ။

ကျောက်ရီက လက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်ရာ ခုထိမပြိုကျသေးသော နန်းတော်က ပြိုကျသွားပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြား အပိုင်းအစများစွာက ပျံသန်းလာခဲ့၏။

လေထဲ၌ သည်ကောင်းကင်ဘုံ ကျောက်စိမ်းပြားများက စေတီတစ်ခုအသွင် ဖြစ်ပေါ်သွားသည်။ ကျောက်ရီက အမျိုးသမီး အလောင်းကို နောက်ဆုံးအကြိမ်ကြည့်၍ ထိုစေတီထဲသို့ ပစ်သွင်းလိုက်သည်။ ထို့နောက် ကျောက်ရီက လက်ညွှန်လိုက်ရာ သည်စေတီက ဝမ်လင်းထံသို့ ပျံသန်းလာခဲ့၏။

သည်က သည်စေတီကို ထိလိုက်သည့်အခိုက်တွင် ထူးဆန်းသော အားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ အခု သူ့မူလစိတ်ဝိညာဉ်၌ အပိုအမှတ်အသားတစ်ခု ရှိလာခဲ့သည်။

“ဒီစေတီထဲမှာ ငါ့နယ်ပယ် ရှိနေတယ်။ မင်းက အေးဆေးတဲ့ နေရာတစ်ခုကို ရှာဖွေပြီး ဒီစေတီကို ထုတ်ဖော် ချခင်းလိုက်ရင် ၎င်းက မီတာတစ်ရာ အကျယ်ရှိတဲ့ အရန်အတားတစ်ခုလို ဖြစ်ပေါ်လာလိမ့်မယ်။ အခု ငါ့လက်ရှိ ကျင့်ကြံမှုအဆင့်ထက် မြင့်တဲ့ တစ်စုံတစ်ယောက် မဟုတ်ဘူးဆိုရင် သူတို့က မင်းခွင့်ပြုချက်မရှိဘဲ ဒီအရန်အတားကို ဖြတ်ကျော်နိုင်စွမ်းရှိမှာ မဟုတ်ဘူး …”

ကျောက်ရီက ဝမ်လင်းကို ပြုံးကြည့်၍ သူ့မျက်ခုံးကြားကို လက်ညှိုးဖြင့် ထောက်လိုက်သည်။ လက်သည်းခွံခန့်ရှိသည့် အနီရောင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ထွက်လာပြီး ဝမ်လင်းထံသို့ တိုးဝင်သွား၏။

သည်အနီရောင် ကျောက်စိမ်းပြား ပေါ်ထွက်လာသည့် အခိုက်တွင် ပြိုကျနေသော အစိတ်အပိုင်းပင် ခဏရပ်တန့်သွားပုံရ၏။ သည်အနီရောင် ကျောက်စိမ်ပြားက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ထုတ်လွှတ်နေ၏။

ဝမ်လင်းက သည်အနီရောင် ကျောက်စိမ်းပြာကို မြင်လိုက်သည့်အချိန်တွင် သူက သေမျိုးတစ်ယောက်အသွင် ပြောင်းစဉ်က ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း၏ ဥပဒေသကို ထိတွေ့ဖူးသည့် ခံစားချက်ကို ပြန်အမှတ်ရလိုက်၏။ သည်ကျောက်စိမ်းပြားက ထိုသို့သော စွမ်အားများပွင်နေခဲ့၏။

“ဒါက မင်းအတွက် ပထမလက်ဆောင်။ အာဏာတက်ခြင်း သလင်းကျောက် ဖြစ်တယ်။ ဒီပစ္စည်းက အခုချိန်မှာ မင်းအတွက် အသုံးမဝင်သေးပေမဲ့ တစ်နေ့မင်းက အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိလုနီးပါး ဖြစ်လာမယ်ဆိုရင် မင်းအတွက် အကူအညီ ပေးနိုင်လာလိမ့်မယ် …”

အဘိုးအိုက ကျောက်စိမ်းပြားကို လိုချင်သည့်စိတ်ဆန္ဒဖြင့် ငေးကြည့်နေသည်။

တကယ်တော့ သည်ပစ္စည်းက မည်သည့်စွမ်းရည်မှ မရှိသော်လည်း ကျင့်ကြံသူတစ်ယောက်က အာဏာတက်ခြင်း အဆင့်သို့ ရောက်သည့်အခါ ၎င်းက ဖြစ်ပေါ်လာမည် ဖြစ်သည်။ ၎င်းပစ္စည်းထဲ၌ သူတို့၏ ကောင်းကင်နှင့် မြေကြီးအပေါ် ထိုးထွင်း သိမြင်ခြင်းများသာ ပါဝင်သည်။ ဝမ်လင်းက သည်ပစ္စည်းကို ရလျှင် သူ့အတွက် အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိရန် အခွင့်ရေး သုံးဆယ်ရာခိုင်နှုန်းခန့် တိုးတက်လာမည် ဖြစ်သည်။

အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူက သူတို့၏ အာဏာတက်ခြင်း သလင်းကျောက်ကို ဆုံးရှုံးရလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်သည် နိမ့်ဆင်းသွားပြီး အဆုံးသတ်၌ သေဆုံးရမည် ဖြစ်သည်။ သည်သလင်းကျောက်က သူတို့၏အသက်မှ ထုတ်ယူထားခြင်း ဆိုလျှင်လည်း မမှားပေ။

ချီဟူက အာဏာတက်ခြင်း သလင်းကျောက်ကို မှင်တက်စွာ ငေးကြည့်နေ၏။ တကယ်တော့ သူက ဘီလူး နတ်ဆိုးကလန်၏ လူငယ်ဆရာသခင် တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူက သည်သလင်းကျောက် အကြောင်း သိပေသည်။ သူက သည်သလင်းကျောက်ကို တစ်ချက်ကြည့်ရုံဖြင့် မည်သည့်အရာ ဖြစ်သည်ကို သိလိုက်သည့် အတွက် နောင်တရခြင်းကြီးစွာပင် ခံစားမိနေသည်။ သူက ကျောက်ရီသည် သူ့ဇနီးအတွက် အခမဲ့ စောင့်ရှောက်ပေးရန် တောင်းဆိုမည်မဟုတ်မှန်း သိသော်လည်း ကျောက်ရီက အခုလို လက်ဆောင်မျိုးကို ထုတ်ပေးလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားမိချေ။

ကျောက်ရီက သည်သလင်းကျောက်ကို ပထမလက်ဆောင်ဟု ပြောခဲ့သည့်အတွက် နောက်ထပ်ဒုတိယ၊ တတိယ လက်ဆောင်များ ရှိလာဦးမည် ဖြစ်သည်။

ချီဟူနှလုံးသားထဲရှိ နောင်တရပူဆွေးမှုက အကန့်အသတ်သို့ပင် ရောက်လာခဲ့ရသည်။

ကျောက်ရီက အဘိုးအိုထံသို့ လက်ညှိုးထိုးလိုက်ရာ အဘိုးအို၏ခန္ဓာကိုယ်က ကျောက်ရီ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာ၏။

ကျောက်ရီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ဒုတိယလက်ဆောင်က ဒီလူပဲ။ အလောင်းကောင် ကလန်ရဲ့ အကြီးအကဲ … ငါက မင်းအသက်ကို ချမ်းသာပေးနိုင်တယ်။ ဒါပေမဲ့ မင်းက သူ့အတွက် နှစ်တစ်ထောင်ကြာ အစေခံအဖြစ် နေပေးရမယ်။ မင်းဆန္ဒရှိလား …”

စစ်မှန်သော စွမ်းအားအောက်၌ အလောင်းကောင်ကလန်၏ အကြီးအကဲက ရွေးချယ်စရာ ညနှစ်ခုသာ ရှိနေသည်။ “သေမလား …၊ ရှင်မလား …”

အဘိုးအိုက မဖြစ်ညစ်ကျယ် ပြန်ပြောလိုက်သည်။ “ငါ့သက်တမ်းက နောက်ထပ် နှစ်တစ်ရာတောင် မရှိတော့ဘူး။ ငါက ဘယ်လိုလုပ် နှစ်တစ်ထောင်လောက် အစေခံ ဖြစ်နိုင်တော့မှာလဲ။ မင်း ငါ့ကို သတ်ပစ်နိုင်တယ် …”

“မင်းက သေချင်တယ်ဆိုရင်တော့ ငါကူညီပေးရမှာပေါ့။ ငါ့လက်ကျန်စွမ်းအားနဲ့ ဆိုရင် မင်းကို ရုပ်သေးရုပ်တစ်ရုပ် အဖြစ် သန့်စင် ပေးနိုင်သေးတယ်။ မင်းက ကျင့်ကြံမှုအဆင့်က လျော့ကျသွားမှာ ဖြစ်ပေမဲ့ ၎င်းကို ငါ့ဒုတိယ လက်ဆောင်အဖြစ် မှတ်ယူနိုင်တုန်းပဲ …”

ထိုသို့ပြောပြီးနောက် ကျောက်ရီက အဘိုးအိုနဖူးထံသို့ လက်ညွှန်လိုက်သည်။

သူက အဘိုးအို၏နဖူးထံသို့ လက်ညွှန်လိုက်သည်နှင့် သည်အလောင်းကောင် ကလန်က အကြီးအကဲက သေဆုံးသွားမည် ဖြစ်သည်။

လက်ညှိုးက ပို၍ တဖြည်းဖြည်းချင်းနီးကပ်လာသည်။ အဘိုးအို၏နဖူးက ချွေများစိုရွှဲနေပြီဖြစ်သည်။ သေခြင်းရနံ့က သူ့ထံသို့ တိုးလာခဲ့သည်။ သူက နှစ်တစ်ရာသာ အသက်ရှင်သန်ရမည် ဖြစ်သော်လည်း သူသာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်သည်နှင့် သူ့သက်တမ်းကလည်း တိုးလာမည် ဖြစ်သည်။ ထို့ပြင် အလောင်းကောင် ကလန်၏ နည်းလမ်းများဖြင့်လည်း သူ့သက်တမ်းကို ဆွဲဆန့်ထားနိုင်သေး၏။

လက်ညှိုးက သူ့အား ထိတွေ့တော့မည့် အခိုက်တွင် သူက မချိတင်ကဲ ပြောလိုက်၏။ “ငါသဘောတူတယ် …”

ကျောက်ရီလက်က ရပ်တန့်ခြင်းမရှိဘဲ ပို၍ပင်မြန်ဆန်လာခဲပြီး သူ့နဖူးထံသို့ တိုးဝင်သွားသည်။ သူ့နောက်လက်တစ်ဖက်က ဝမ်လင်းထံသို့ ညွှန်လိုက်ရာ ဝမ်လင်းခန္ဓာကိုယ်က အလိုအလျောက် သူ့ထံသို့ ပျံသန်းလာခဲ့၏။

ထူးဆန်းသော အလင်းများက အဘိုးအိုနဖူးမှ ထွက်ပေါ်လာပြီး ကျောက်ရီထံသို့ ပျံသန်းလာ၏။ ကျောက်ရီက သည်အလင်းများကို ဝမ်လင်းထံသို့ လမ်းလွှဲပေးလိုက်သည်။

ဝမ်လင်းက အလောင်းကောင်ကလန်၏ အကြီးအကဲ၏ ပြုလုပ်လိုသည့် ရည်ရွယ်ချက်များကို အာရုံခံနိုင်သည်ဟု ခံစားလိုက်ရ၏။ ထို့ပြင် သူက အတွေးတစ်ချက်ဖြင့်ပင် အဘိုးအို၏ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်လာသည်။

အဘိုးအိုက သက်ပြင်းချ၍ ဝမ်လင်းထံသို့ သွားရောက်၍ လေးစားစွာ ပြောလိုက်သည်။ “ဒီအစေခံအိုကြီး စွန်ထိုင်က ဆရာသခင်ကို နှုတ်ဆက်ပါတယ် …” အဘိုးအို၏ စိတ်ထဲရှိ ခါးသီးမှုကတော့ ဖော်ပြ၍ပင် မရနိုင်ပေ။

ချီဟူက သူ့ရှေ့က မြင်ကွင်းကို ငေးကြည့်နေမိသည်။ သူ့စိတ်ထဲရှိ နောင်တတရားကလည်း အလွန်ဆိုးဝါးသော အဆင့်သို့ပင် ရောက်လာခဲ့သည်။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် အစေခံ …၊ ဒါ… ဒါက …။ ငါသာ ဒီလို အစေခံမျိုးနဲ့ ကလန်ကို ပြန်ရရင် လူငယ်ဆရာတောင် မဟုတ်တော့ပဲ ကလန်ခေါင်းဆောင်တောင် ဖြစ်လာလိမ့်မယ်။ ဒီလိုလူများသာ ငါ့လက်ခုပ်ထဲမှာ ရှိရင် ငါက ဟင်္သာပြဒါးနိုင်ငံကလွဲလို့ ဂြိုဟ်တစ်ခုလုံးမျာ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်နေပြီ။ ငါ ကျောက်ရီ တောင်းဆိုခဲ့တုန်းက တုံ့ဆိုင်းတုံ့ဆိုင်း မလုပ်သင့်ခဲ့ဖူး …”

ကျောက်ရီ၏ ခန္ဓာကိုယ်က အဆုံးသတ်သို့ ရောက်လာခါနီးနေပြီ ဖြစ်သည်။ သူက အချိန်မရွေး ပျောက်ကွယ် သွားတော့မည်ပုံ ရှိနေ၏။ သူက ဝမ်လင်းကို ကြည့်၍ ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သူမကို ဂရုစိုက်ပေးပါ …”

ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ခေါင်းညိတ်ပြလိုက်သည်။ ဖြစ်ပျက်သွားသော အရာအာလုံးက မြန်ဆန်လွန်းလှ၏။ ခုချိန်ထိ သူက သူရရှိခဲ့သော လက်ဆောင်နှစ်ခုအတွက် မယုံနိုင်ဖြစ်နေသေးသည်။

ကျောက်ရီက ဝမ်လင်း ခေါင်းညိတ်လိုက်သည်ကို တွေ့သည့်အခါ ပြုံးလိုက်၏။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်က စတင် ပျောက်ကွယ်လာခဲ့သည်။ ကျောက်ရီခန္ဓာကိုယ်က ခြေထောက်မှစ၍ ပျောက်ကွယ်သွားပြီး သူ့မျက်နှာပေါ်ရှိ အပြုံးတစ်ခုသာ ကျန်ခဲ့တော့သည်။

“ဆရာ … နောက်ဘဝသာ ရှိခဲ့မယ်ဆိုရင် ငါက သင့်တပည့် ဖြစ်ချင်နေဆဲပါ …”

ထိုအခိုက်တွင် စေတီက ဝမ်လင်းလက်ထဲသို့ ပျံသန်းလာခဲ့ပြီး ချဲ့ထွက်လာ၏။ ၎င်းက အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းအထဲမှ အမျိုးသမီး အလောင်းသည် ထွက်ပေါ်လာပြီး လေထဲ၌ မြောလွင့်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset