ချီဟူမျက်လုံးများက တောက်ပသည်ထက် တောက်ပလာခဲ့သည်။ သူက ဟိန်းသံတစ်ချက်ပြု၍ မတ်တတ် ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း အက်ကွဲသံများ ထွက်လာပြီး ကြီးမားလာခဲ့၏။ သူက ပေသုံးဆယ်ခန့်မြင့်သည် ဘီလူးကြီး တစ်ကောင်လို ဖြစ်လာခဲ့သည်။
အပြာရောင် သွေးကြောများက သူ့ခန္ဓာကိုယ်တွင် ထွေးလိမ်နေပြီး သူ့ကို နတ်ဆိုးတစ်ပါးအလား ဖြစ်စေသည်။
သူ့နောက်တွင်တော့ ပုံရိပ်ယောင်တစ်ခု ရှိနေ၏။ သည်ပုံရိပ်ယောင်ကလည်း တဖြည်းဖြည်း အထည်ဒြပ်ဖွဲ့လာခဲ့ပြီး ကျောက်ရီကိုယ်တိုင် တည်ရှိသကဲ့သို့ ဖြစ်လာ၏။
ကျောက်ရီ၏ မူလခန္ဓာကိုယ်ကတော့ ကြာပွင့်သဏ္ဌာန်ထိုင်၍ မျက်လုံး မှိတ်ထားလျက် ရှိသည်။
အနီရောင်လိပ်ပြာကို ကြည့်သည့်အခါတွင်လည်း သူမမျက်နှာက အမည်းရောင်၊ ခရမ်းရောင် ရောထွေးနေသည့် အရောင်များ ဖုံးအုပ်လာသည်။ သူမမျက်နှာပေါ်က မျက်လုံးကိုပင် မမြင်ရတော့ချေ။ သူမဆံပင်များကလည်း လေမတိုက်ဘဲ လွင့်မြောနေခဲ့သည်။
သေခြင်းရနံ့က သူမခန္ဓာကိုယ်ကနေ ဖြန့်ထွက်လာပြီး အနီးအနား ပတ်ဝန်းကျင်သို့ ပြန့်သွားသည်။ သူမနောက်၌လည်း ပုံရိပ်ယောင်တစ်ခု ရှိနေ၏။ သည်ပုံရိပ်ယောင်က အဘိုးအို၏အသွင် မဟုတ်ဘဲ ခပ်ချောချေ လူငယ်တစ်ယောက်၏ အသွင်ရှိသည်။ သို့ရာတွင် အနီးကပ်ကြည့်ပါက သည်လူငယ်သည် အဘိုးအိုနှင့် သွင်ပြင်လက္ခဏာ ဆင်တူလှသည်။
ထိုအခိုက်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက အမည်းရောင် မြူခိုးများဖြင့် ဝန်းရံထားသည်။ သူ့မူရင်းခန္ဓာကိုယ် ကတော့ ခေါင်းတလား အပေါ်၌ ကြာပွင့်သဏ္ဌာန် ထိုင်ကာ မျက်လုံးမှိတ်ထားသည်။
လူငယ်က အမည်းရောင် မြူခိုးများဖြင့် ဝန်းရံထားသော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ် ပုံစံကွက်များကို မြင်နေရသည်။ သည်ပုံစံကွက်များက ဦးချိုတစ်ချောင်းတည်း ရှိသည့် မွန်းစတား တစ်ကောင်နှင့် ဆင်တူသည်။ ၎င်းက အလွန်ကြမ်းကြုတ်ဟန် ရ၏။
ချီဟူက ဟိန်းဟောက်၍ သူ့ခန္ဓာကိုယ်သည် ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်သည် မျှော်လင့်မထား ရလောက်အောင် မြန်ဆန်လှ၏။ သူက လက်သီးဆုပ်လိုက်ရာ ဧရာမဝဲကတော့ တစ်ခုကို ဖြစ်ပေါ်စေသည်။ သည်ဝဲကတော့က စုပ်ယူအားဖြင့် ပြည့်ဝလှ၏။
အနီရောင်လိပ်ပြာ နောက်ဘက်ရှိ လူငယ်က လျင်မြန်စွာဖြင့် လက်လှုပ်ရှားလိုက်ရာ အနီရောင်လိပ်ပြာပါ လိုက်ပါ လှုပ်ရှားသွားသည်။ သေခြင်းအော်ရာက သူမရှေ့တွင် စုစည်းလာ၍ ရှည်လျားသည့် လေးတစ်ခုကို ဖြစ်ပေါ်သည်။
ချီဟူက သူမထံသို့ ဟိန်းဟောက်၍ တိုးဝင်လာသည့် အခိုက်တွင် သူမမျက်လုံးထဲမှ တစ္ဆေဆန်သည့် အလင်းတန်း တောက်ပသွားပြီး သူမက လေးကြိုးကိုဆွဲသည်။
ဘန်း …။
သူမက ၎င်းကို ရှေ့သို့ တွန်းထုတ်လိုက်ရာ သေခြင်းအလင်းတန်းက မြားတစ်ချောင်းအသွင် ဖြစ်ပေါ်သွားပြီး ချီဟူထံသို့ တိုးဝင်သည်။
ဘန်း …။
မြေကြီးပင် တုန်ခါသွား၏။ သို့သော် ၎င်းက ပြိုကျသွားခြင်း မရှိပေ။ အနီရောင်လိပ်ပြာနှင့် ချီဟူတို့၏ တိုက်ခိုက်မှုသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်၌သာ ရှိသေးကြောင်း သိသာစေ၏။
သို့သော် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများက သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုတွင် ပါဝင်သဖြင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ ပြသထုတ်ဖော်နိုင်သည့် စွမ်းအားတော့ မဟုတ်ပေ။
ချီဟူခန္ဓာကိုယ်က နောက်သို့ ဆယ်နှစ်ပေခန့် ဆုတ်သွားရပြီး သွေးတစ်လုတ် အန်လိုက်ရ၏။ သူ့နောက်ရှိ ပုံရိပ်ယောင်သည် ချက်ချင်း မျက်မှောင်ကြုတ်သွား၏။ သူက ချိတ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ချီဟူကလည်း သူနှင့်အတူ လိုက်ပါလှုပ်ရှားပြီး ထူးဆန်းသည့် ဂါထာမန္တာန်များ စတင်ရွတ်ဆို၏။
ရုတ်တရက် ကောင်းကင်က နက်မှောင်သွားသည်။ ထို့နောက် ထူးဆန်းသော အော်ရာက အက်ကွဲကြောင်း အချို့ထဲက ထွက်ပေါ်လာပြီး ချီဟူထံသို့ လာရောက်စုဝေး၏။
မျက်စိတစ်မှိတ်အတွင်း ဧရာမစက်ဝန်းတစ်ခုက သူ့ရှေ့တွင် ဖြစ်ပေါ်လာသည်။ သည်စက်ဝန်းက အားကောင်းသော ဖိအားတစ်ကို ထုတ်လွှတ်နေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်ရှူနေ၏။ ကောင်းကင်နှင့် မြေကြီးစွမ်းအားကို စုပ်ယူအသုံးပြုခြင်းက ငှားရမ်း အသုံးပြုခြင်းထက် သာ၍ အားကောင်းနေသည်မှာ ရှင်းလင်း၏။
လူငယ်၏မျက်လုံးက လက်ခနဲဖြစ်သွားသည်။ ပုံရိပ်ယောင်အသွင်က အခိုးအငွေ့များ အဖြစ်သို့ ပြောင်းသွားပြီး အနီရောင်လိပ်ပြာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ သူမက ငြင်းပယ်လိုသည့် ဆန္ဒတချို့ရှိနေပြီး နာကျင်စွာ ညည်းတွားကာ သူမခန္ဓာကိုယ်က တုန်ခါလာ၏။
သို့သော် သိပ်မကြာခင်၌ သူမရှေ့တွင် အရောင်စုံ စိတ်ဝိညာဉ်လေးကောင် ပေါ်ထွက်လာသည်။
အနီရောင်လိပ်ပြာ၏ ခန္ဓာကိုယ်က ယောက်ျားတစ်ယောက်၏ အသံသို့ ပြောင်းသွားသည်။ အာ … ဘာလို့ မြေစိတ်ဝိညာဉ်က ပျောက်ရှနေရာတာလဲ…”
ဝမ်လင်းက သည်စိတ်ဝိညာဉ် လေးကောင်ကို မြင်လိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက တွေးတောနေ၏။
စိတ်ဝိညာဉ် ခန္ဓာကိုယ်လေးခုက အနီရောင်လိပ်ပြာ၏ ရှေ့တွင် ပေါ်ထွက်လာပြီးနောက် ချီဟူကလည်း ဟိန်းသံတစ်ချက် ပြုလိုက်၏။သူ့အသွင်က နာကျင်နေဟန်ရပြီး နဖူးပေါ်ရှိ ပုဆိန်မှာလည်း တဖျပ်ဖျပ်ဖြင့် လင်းလက်နေသည်။ ၎င်းတောက်ပမှုက မြန်သည်ထက် မြန်လာခဲ့ပြီး အဆုံး၌ သူ့ခန္ဓာကိုယ်ထဲ၌ ထွက်ခွာသွားပြီး သူ့ရှေ့ရှိ စက်ဝန်းပေါ်သို့ ကျရောက်သွား၏။
ရုတ်တရက် သည်စက်ဝန်းက တုန်ခါသွားပြီးနောက် ထူးဆန်းလှသည့်နည်းဖြင့် လှုပ်ရှားသွားပြီး ကောင်းကင်ကို ခွဲခြမ်းမည့်ပုဆိန်အသွင် ဖြစ်ပေါ်သည်။
ချီဟူခန္ဓာကိုယ်၏ ဒွာရပေါက်တိုင်းမှ သွေးများစိမ့်ထွက်နေပြီး သူ့အသွင်က သွေးလူသားအလား မှတ်ရ၏။ သူက အနီရောင် လိပ်ပြာထံသို့ တိုးဝင်သွားသည်။
ချီဟူနောက်ရှိ ပုံရိပ်ယောင်သည် ခပ်ဖြည်းဖြည်း ပြောလိုက်၏။ “ငါ့နယ်ပယ်က ရူးသွပ်မှုဖြစ်တယ်။ ဒါကြောင့်ပဲ ငါက အချစ်မှာ ရူးသွပ်ခဲ့တာ။ ငါက ရူးသွပ်မှုကို စံနမူနာပြသလို့ ရတဲ့အထိ ရောက်ခဲ့ပြီးပြီ။ ဒီရူးသွပ်မှုက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေလိမ့်မယ်။ ချီဟူ … ငါက မင်းခန္ဓာကိုယ်ကို အသုံးပြုပြီး နှစ်ပေါင်းထောင်ကျော် အသုံးမပြုရတော့တဲ့ ငါ့ရူးသွပ်မှု နယ်ပယ်ကို ထုတ်ဖော်မယ်။ မင်းသေသွားမယ် ဆိုရင်တောင် အေးအေးချမ်းချမ်း သေနိုင်ပါလိမ့်မယ်…”
ချီဟူ၏ ပတ်လည်တွင် ထူးဆန်းသည့် နယ်ပယ်တစ်ခု ဝန်းရံထား၏။ သူ့မျက်နှာပေါ်ရှိ နာကျင်မှုသည် မရှိတော့ဘဲ ထိုအစား ရူးသွပ်မှုတစ်ခု အစားဝင်လာ၏။ သည်အသွင်က လူတိုင်းကို တုန်လှုပ်မှု ပေးနိုင်၏။
သူ့မျက်လုံးက ဆုံးဖြတ်ချက် ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူက အနီရောင်လိပ်ပြာကို ဆက်လက် မကြည့်တော့ဘဲ သူ့လက်ထဲရှိ ပုဆိန်ကိုစိုက်ကြည့်၏။ သူ့တွင် ဆုံးဖြတ်ချက် ပြတ်သားမှု တစ်ခုသာ ရှိ၏။
သည်ရူးသွပ်မှုက လူတစ်ယောက်အတွက် ရှိနေခြင်းမဟုတ်ပေ။ ၎င်းက အရာဝတ္ထုတစ်ခု ဖြစ်နိုင်၏။ ချီဟူအတွက်တော့ ပုဆိန်ဖြစ်သည်။ သူ့တာအိုကလည်း ခုချိန်၌ ပုဆိန်ဖြစ်သည်။ သူက ပုဆိန်တစ်စစီ မကွဲသွားသေးသ၍ တိုက်ခိုက်မှုကို အဆုံးသတ်မည် မဟုတ်ပေ။
သည်ဆုံးဖြတ်မှုက စွမ်းအားကောင်းသော တိုက်ခိုက်ခြင်း အော်ရာသို့ ပြောင်းသွားသည်။ ထိုအခိုက်တွင် ချီဟူက ကောင်းကင်ကို နှစ်ခြမ်းခွဲမည့် ဧရာမ ဘီလူးကြီးကဲ့သို့ တည်ရှိသည်။
“ရူးသွပ်မှုနယ်ပယ်က မဆုတ်မနစ်မှု များပါတယ်။ ကျောက်ရီရဲ့နယ်ပယ်က တကယ့်ထူးဆန်းတာပဲ။ ချီဟူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သာ ဖြစ်သော်လည်း သည်တိုက်ခိုက်မှု အော်ရာက ကောင်းကင်ဘုံ ကျင့်ကြံသူကိုတောင် သတ်ဖြတ်နိုင်လောက်တဲ့ ခံစားချက်ကို ပေးစွမ်းတယ်…” ဝမ်လင်းက သည်ရူးသွပ်မှု နယ်ပယ်၏ စစ်မှန်သော အဓိပ္ပာယ်များကို နားလည်သဖြင့် တုန်လှုပ်သွား၏။
အနီရောင်လိပ်ပြာ၏ မျက်လုံးထဲရှိ တစ္ဆေအလင်းတန်းက ပို၍ တောက်ပလာသည်။ သူမ နှင်းဆီပန်းသည်လည်း ထွက်ပေါ်လာ၏။ သို့သော် နှင်းဆီပန်းက အနီရောင်မဟုတ်ဘဲ အမည်းရောင် ဖြစ်နေသည်။
တုံ့ဆိုင်းခြင်းမပြုဘဲ သူမက နှင်းဆီဝတ်ဆံနှစ်ခုကို ခူးဆွတ်လိုက်ရာ ပွင်ချပ်များသာ ကျန်ခဲ့တော့၏။ ထို့နောက် သူမက စိတ်ဝိညာဉ်ဒြပ်စင် လေးကောင်ထံသို့ ၎င်းဝတ်ဆံနှစ်ခုကို ပို့လွှတ်ကာ အားကောင်းသော ဝဲကတော့ တစ်ခုကို ဖြစ်စေသည်။
တစ်ချိန်တည်းမှာပင် အနီရောင်လိပ်ပြာ၏ မျက်ခုံးကြားမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ သည်အခိုးငွေ့များ ထွက်ပေါ်လာသည်နှင့် ၎င်းက လူငယ်တစ်ယောက် အသွင်သို့ ပြောင်းပြီး သူက ထိုဝဲကတော့ထဲသို့ ဝင်ရောက်သွားသည်။ သည်ဝဲကတော့က လှုပ်ရှားနေရာမှ ရပ်တန့်သွားသည်။ လူငယ်က ဝဲကတော့ထဲ ပေါင်းစပ်သွားသည်နှင့် တုန်ခါသံများ ထွက်ပေါ်လာသည်။
သည်ဝဲကတော့က ထူးဆန်းသည့် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်ပြီး ဝဲကတော့က မကောင်းဆိုးဝါး အသွင်သို့ ပြောင်းသည်။ သည်အသွင်က သွားဖြဲ၍ အော်ဟစ်၏။
အနီရောင်လိပ်ပြာ ခန္ဓာကိုယ်က တုန်ယင်နေ၏။ သည်လူငယ်က ထွက်သွားပြီးနောက် သူမခန္ဓာကိုယ်ထဲရှိ အမည်းရောင် အခိုးငွေ့များ ပျောက်ကွယ်သွား၏။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူမမျက်နှာက ကြောက်မက်ဖွယ် ကောင်းအောင် ဖြူရော်နေပြီး အသိပြန်ဝင်လာခဲ့၏။
ချီဟူ ရောက်ရှိလာစဉ်တွင် သူက သူ့ပုဆိန်ကို ဥက္ကာပြန် တစ်စင်းအလား အောက်သို့ လွှဲရိုက်သည်။ သည်မကောင်းဆိုးဝါး အသွင်က ၎င်း၏လက်သည်းများထဲက တစ်ခုဖြင့် ၎င်းပုဆိန်ကို ရင်ဆိုင်၏။
ဘန်း…။
ပုဆိန်ရိုက်ချက်က လွဲချော်သွား၏။ သည်လက်သည်းမှ ပါဝင်သော အမည်းရောင်ပွင့်ချပ်များ ကလည်း ကြွေကျကုန်သည်။
ချီဟူမျက်လုံးများက ပို၍ ကြမ်းတမ်း ရက်စက်လာပြီး နောက်တစ်ဖန် ပုဆိန်ဖြင့် လွှဲရိုက်ပြန်သည်။
ဘန်း…။
သည်မကောင်းဆိုးဝါး လက်သည်းက တစ်စစီကွဲထွက်သွားပြီး ဝတ်ဆံနှစ်ခု ပေါ်ထွက်လာသည်။
ဘန်း …။ ဘန်း …။ ဘန်း…။
ပုဆိန်ဖြင့် သုံးကြိမ် တိုက်ခိုက်ပြီးနောက် သည်ပန်းဝတ်ဆံများ အားလုံးက ပျက်စီးသွားတော့သည်။ သို့သော် ပုဆိန်ကလည်း ဦးချိုအသွင်ဖြင့် တိုက်ခိုက်မှုကြောင့် ကွဲကြေသွားပြီး အမှုန်အမွှား အဖြစ်သို့ ပြောင်းသည်။
သို့ရာတွင် မကောင်းဆိုးဝါး အသွင်ကလည်း ကွယ်ပျောက်သွားရ၏။ ထိုအခိုက်တွင် ခေါင်းတလားပေါ်တွင် ထိုင်နေသော အဘိုးအိုက အမည်းရောင် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ့အသွင်က ခွန်အားမဲ့သွားသည့် အလား ထင်မှတ်ရ၏။
ချီဟူက သူ့လက်ထဲတွင် မည်သည့်အရာမျှ မရှိသည်ကို မှင်တက်စွာ ငေးကြည့်နေမိသည်။ သူ့ယုံကြည်မှုက သည်ကောင်းကင်ခွဲခြမ်းမည့် ပုဆိန်ထံမှ ဖြစ်တည်လာခြင်းပင်။ သည်တိုက်ပွဲ ဆာလောင်စိတ်ကို ပုဆိန်က မွေးဖွားပေးခြင်းဖြစ်၏။ သူ့တာအိုနှလုံးသားက သည်ပုဆိန်ပေါ်တွင် မူတည်နေသည်။
ပုဆိန်ပျက်စီးသွား၏။ ထို့ကြောင့် ချီဟူခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နေသည့် ကျောက်ရီ၏ ရူးသွပ်မှုနယ်ပယ်ကလည်း ပျောက်ကွယ်သွားသည်။
ချီဟူမျက်လုံးများက ပို၍ ကြည်လင်လာ၏။ သို့သော် သူက ချက်ချင်းပင် ထိတ်လန့်ဖွယ် အော်လိုက်မိသည်။
နာကျင်မှု။ သူ့ခန္ဓာကိုယ်က အဆုံးစွန် နာကျင်မှုကို ခံစားရ၏။
ချီဟူက မြေပေါ်သို့ ခေါင်းစိုက်ကျသွားသည်။ သူ့မျက်နှာက သွေးယောင် မရှိတော့ဘဲ လုံးဝဖြူစွတ်နေသည်။
ဝမ်လင်းက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်၍ လေအေးတစ်ချက် ရှိုက်သွင်းမိသည်။
“ငါ့တာအိုနှလုံးသားက ဘာလဲ…”
အနီရောင်လိပ်ပြာနှင့် ချီဟူတို့က အသိစိတ် ပြန်ဝင်လာခဲ့သည်။ ကျောက်ရီ၏ ပုံရိပ်ယောင်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သို့သော် ထိုအခိုက်တွင် လေထဲမှ အမည်းရောင် လက်သည်းတစ်ခုသည် သူ့အား ဖမ်းဆုပ်လိုက်သည်။
သည်လက်သည်းက ကျောက်ရီခန္ဓာကိုယ်ဖြင့် အလွန်နီးကပ်နေသည်။ သူ့မူလ စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က ချက်ချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲသို့ အတင်းပြေးဝင်သည်။ သူက လက်သည်းကို တိမ်း၍ ရှောင်လိုက်သော်လည်း ထိမှန်ခြင်း ခံလိုက်ရ၏။
ကျောက်ရီ၏ ရင်ဘတ်က လက်သည်းဖြင့်ထိသွားပြီး သွေးများပန်းထွက်လာ၏။ သည်လက်သည်း၏ ကျောက်ရီ၏ ခန္ဓာကိုယ်ပေါ်သို့ မဟုတ်ဘဲ သိုလှောင်အိတ်သာ ဖြစ်၏။
ကျောက်ရီခန္ဓာကိုယ်က လက်သည်းဖြင့် ပွန်းရှသွား၏။ သို့သော် သူ့သိုလှောင်အိတ်ကတော့ လုံးဝ ပျက်စီးသွားသည်။ မရေမတွက်နိုင်သော အရာဝတ္ထုများက ထွက်ပေါ်လာ၏။ စေတီပါ ထွက်ပေါ်လာပြီး လက်သည်းဖြင့် ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
မလုပ်နဲ့ …။ ကျောက်ရီမျက်လုံးများက နီရဲနေသည်။ သူက သူ့ရင်ဘတ်ရှိဒဏ်ရာကို လျစ်လျူရှု၍ ကျယ်လောင်စွာ အော်ဟစ်ရာ ကောင်းကင်ပင် တုန်ခါသွားသလား မှတ်ရသည်။ သည်အော်သံကို ကြားရသည့် လူတိုင်းက ဝမ်းနည်းမှုကို ခံစားရ၏။
သူက သူ့ခန္ဓာကိုယ်ကို ပေးစပ်ဖို့ပင်တုံ့ဆိုင်းခြင်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်က ပျံထွက်လာပြီး စေတီနောက်သို့ လိုက်ဖမ်း၏။
“ထန်အာ …။ ငါက နင့်ကို ငါ့ဆီက ခိုးယူသွားခွင့် မပြုနိုင်ဘူး။ ငါ ခွင့်မပြုနိုင်ဘူး …”
သူ့မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း မပြုသဖြင့် သူ့မူလခန္ဓာကိုယ်က ပြိုလဲကျပြီး ဒဏ်ရာမှ သွေးများစွာ ပန်းထွက်လာသည်။ သူ့မျက်နှာက ခရမ်းရောင်သို့ ပြောင်းသည်။ သူ့ခန္နာကိုယ်က မြေကြီးပေါ်သို့ ထိုးဆိုက်ကြသည်။ ထန်အာက သူ့အတွက် အထိမခံနိုင်သည့် အရာဖြစ်၏။
မူလစိတ်ဝိညာဉ်က လျှပ်စီးတစ်ခုလို စေတီနောက်သို့ လိုက်၏။ သို့သော် ထိုအခိုက်တွင် ခေါင်းတလားပေါ်ရှိ အဘိုးအိုက ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူက ခုန်အုပ်လိုက်ရာ ကျောက်ရီထံသို့ ရောက်လာခဲ့သည်။ ထို့နောက် သူက အားပါးတရ ရယ်မော၏။
“ကျောက်ရီ … မင်းက အမှန် စွမ်းအားကောင်းတာပဲ၊ မင်းကို နောက်နှစ်တစ်ထောင်လောက် အချိန်ပေးမယ်ဆိုရင် အာဏာတက်ခြင်း အဆင့်ကိုတောင် ဝင်ရောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းမသိတာက ဒီအလောင်းကောင် ကလန်အကြီးအကဲက စိတ်ဝိညာဉ်သုံးခု ရှိတာပဲ။ မင်းက စိတ်ဝိညာဉ်တစ်ကောင်ကို သတ်လိုက်မယ်ဆိုရင်လည်း ငါက ဘယ်လိုလုပ် သေနိုင်ပါ့မလဲ …”
သူက ထိုသို့ပြောဆိုပြီးနောက် သူ့နောက်ရှိလက်သည်းက လူငယ်တစ်ယောက် အသွင်သို့ ပြန်ပြောင်းသွားသည်။ လူငယ်က အဘိုးအိုနှင့်ဆင်တူ၏။ သူ့လက်ထဲ၌ စေတီတစ်ခု ရှိနေသည်။
ဝမ်လင်းက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်၍ အသက် မနည်းရှူလိုက်ရသည်။ သူ့အကြည့်က ရုတ်တရက် အားနည်းနေသည့် အနီရောင် လိပ်ပြာထံသို့ ရောက်ရှိသွား၏။
ကျောက်ရီက အဘိုးအိုကို ရူးသွပ်စွာ ကြည့်နေ၏။ သူ့အကြည့်က အချိန်မရွေး ဝါးမျိုပစ်နိုင်သည့် သားရဲတစ်ကောင် အလားပင်။
“ထန်အာ … ငါ့ဆီပြန်လာပါ …”
“ထန်အာ … ဟားဟား …။ ကျောက်ရီ … မင်းက အလောင်းကောင် တစ်ကောင်ကိုတောင် နာမည်တစ်ခု ပေးထားသေးတယ်။ ဒါက ကောင်းကင်ဘုံက ကျင့်ကြံသူပဲ။ သူမက မွေးဖွားလာချိန်တုန်းက မင်းက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲမှာပဲ ရှိနေမှာကို ငါစိုးရိမ်မိတယ် …” အဘိုးအိုက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ့နောက်ရှိ လူငယ်ကလည်း လိုက်ပါရယ်မောပြီး သူ့လက်ထဲရှိ စေတီကို ထုရိုက်လေ၏။
အမျိုးသမီး အလောင်းက ထွက်ပေါ်လာတော့သည်။
***