Switch Mode

အပိုင်း(၄၉)-ဝိညာဉ်ကျောက်တုံးထဲမှ ဝိညာဉ်

နောက်တစ်နေ့တွင် ဖန်ကျိရှင်းသည် ရှီမာယူယူ၏ကျောက်စိမ်းတုံး အခြေအနေအားမေးမြန်းရန် ရှီမာလိုင်အား တွေ့ဆုံလို၍ စစ်သူကြီးအိမ်တော်သို့ရောက်လာပြန်သည်။ သို့သော် သူ့အားတွေ့ဆုံရန် ခန်းမတွင် ပေါ်လာသူမှာ ရှီမာလိုင်မဟုတ်ပဲ ရှီမာယူယူအားမြင်လိုက်ရချိန်တွင်တော့ သူကြက်သေသေသွားခဲ့သည်။

“ဆရာဖန် ထိုင်ပါ” ရှီမာယူယူပြုံးကာ ထိုင်ရန်လက်ဟန်ပြလိုက်ကာ ပြောလိုက်သည်။ “အဘိုးက အခုအလုပ်များနေလို့ ပြီးတော့ အစ်ကိုတွေကလည်း ကိစ္စတစ်ခုကြောင့် မအားလို့ ကျွန်တော်တစ်ယောက်ပဲ ဆရာ့ကို ဧည့်ခံလို့ရမှာ ဖြစ်နေတယ်”

“မင်း မင်း… ဘယ်တုန်းကပြန်ရောက်တာလဲ” ဖန်ကျိရှင်း ကိုယ့်ကိုယ်ကို သတိထားလိုက်ကာ ထိုင်ခုံဆီလာ၍ အံ့သြသောအကြည့်ဖြင့်ကြည့်ကာ ထိုင်လိုက်သည်။ ရှီမာယူယူမှ ဟုတ်ရဲ့လားဟူသော အကြည့်ဖြင့် ရှီမာယူယူ၏ ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။

ရှီမာယူယူ သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ကာ စိတ်ရှည်စွာပြန်ဖြေလိုက်သည်။ “ကျွန်တော် မနေ့ညကမှ ပြန်ရောက်တာပါ”

“တစ်ချိန်လုံး မင်းဘယ်တွေရောက်နေတာလဲ” ဖန်ကျိရှင်း အမှတ်တမဲ့ လက်ဖက်ရည်ခွက်အား အစေခံဆီမှ ယူလိုက်ကာ သောက်ရန်ရည်ရွယ်ချက်မရှိဘဲ အဖုံးအားဖွင့်လိုက်လေသည်။

“အဲဒီ ဖြတ်လမ်းဝင်္ကပါက အရမ်းဝေးတဲ့ တောင်တန်းတွေဆီကို ကျွန်တော့်ကို ပို့လိုက်တာ၊ ပြီးတော့ ကိစ္စတချို့ကြောင့် အချိန်ကြန့်ကြာသွားတာပဲ” ရှီမာယူယူ ပြုံးကာပြောလိုက်သည်။ “ဆရာဖန်ကျွန်တော့်ကို စိတ်အရမ်းပူနေတယ်လို့ကြားတယ်၊ ဆရာ့စိုးရိမ်တယ်ဆိုလို့ စိတ်လှုပ်ရှားမိပါတယ်”

“မင်း ဘာမှမဖြစ်ပဲပြန်လာတယ်ဆို ပြီးတာပါပဲ”  သူမ အဆင်ပြေသည်ဟူသော ရှီမာယူယူ၏ အဖြေကိုကြားမှသာ သူသက်ပြင်းချလိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်လေသည်။ ထို့နောက် သူ လက်ဖက်ရည်ပန်းကန်လုံးအား စားပွဲတွင်ပြန်ထားလိုက်ကာ မေးလိုက်သည်။ “ဒါဆို မင်းကျောင်းကို ဘယ်တော့ပြန်လာမယ်လို့စဉ်းစားလဲ”

“ကျွန်တော်အရင်လုပ်ရဦးမယ့် ကိစ္စလေးတွေရှိသေးလို့ ရက်ပိုင်းလောက်အဲဒါလေးတွေ လုပ်ရဦးမယ်၊ ပျက်ရက်တွေအတွက် ခွင့်တိုင်လို့ရမလား” ရှီမာယူယူမေးလိုက်သည်။

“ရတာပေါ့ မင်းအပြင်ရောက်နေတုန်း ဒုက္ခတွေရောက်ခဲ့မယ်ဆိုတာ ငါခန့်မှန်းမိပါတယ်၊ ခဏပဲဖြစ်ဖြစ် အိမ်မှာ အနားယူလိုက်ဦး” ဖန်ကျိရှင်း လျင်မြန်စွာပြန်ဖြေလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာဖန်” ရှီမာယူယူပြောလိုက်သည်။ “သြော် ဟုတ်သားပဲ ကျွန်တော် ပြန်လာတယ်ဆိုတာကို လျှို့ဝှက်ထားဖို့ ဆရာဖန့်ကို တောင်းဆိုချင်တယ်” သူမ နှုတ်ခမ်းများသည် အဆုံးတွင် တွန့်သွားလေသည်။

“ကောင်းပါပြီ” ဖန်ကျိရှင်း ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ “မင်းဘေးကင်းကင်းနဲ့ပြန်ရောက်ပြီဆိုတော့ ငါကျောင်းကို အရင်ပြန်လိုက်ဦးမယ်၊ ဒီအချိန်အတွင်းမှာ ကိစ္စတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် မင်းပြောချင်တာရှိမယ်ဆိုရင် ငါ့ကိုပြောပါ”

သူပြောဆိုပြီးသည်နှင့် ထိုင်ရာမှ ထကာထွက်သွားလိုက်လေသည်။

ရှီမာယူယူ ဖန်ကျိရှင်း၏နောက်ကျောအားကြည့်ကာ သူမစိတ်ထဲတွင် မေးခွန်းများမေးမိလေသည်။ သို့သော် သူမ သူ့အားသွားမေးပါကလည်း သူပြန်မဖြေမည်ကို သူမသိသည်။

စစ်သူကြီးအိမ်တော်မှ ဖန်ကျိရှင်းထွက်လာပြီးနောက် သူလှည့်ကာ ကြည့်လိုက်ပြီးနောက်ရေရွတ်လိုက်သည်။ “သူမနောက်ဆုံးတော့ပြန်လာပြီပဲ၊ အရင်ကထက်တောင် ပိုသန်မာလာတယ်၊ သူမ တစ်ခုခုနဲ့ မတော်တဆတွေ့ခဲ့တာဖြစ်မယ်”

“သခင်၊ ကောင်းလိုက်တာ အခုထပ်ပြီးစိတ်ပူစရာမလိုတော့ဘူး” သူ့ခေါင်းထဲမှ အသံတစ်သံထွက်လာခဲ့သည်။

“ဟုတ်တယ် စိတ်ပူစရာမလိုတော့ဘူး…” သူပြုံးလိုက်လေသည်။

ရှီမာယူယူ ရှီမာလိုင်ပြန်အလာအားစောင့်ဆိုင်းပြီးနောက် ကိုယ်တိုင်ပင် သူ့အား လျှို့ဝှက်အခန်းအား လိုက်ပို့လေသည်။ လျှို့ဝှက်တံခါးပိတ်သည်ကိုတွေ့ပြီးမှသာ ပြန်လှည့်၍ သူမကိုယ်ပိုင်ခြံဝင်းအားပြန်လာလိုက်လေသည်။

“သခင်လေး”

ရှီမာယူူယူ သူမအစေခံနှစ်ယောက်အား ကြည့်လိုက်လေသည်။ မနေ့ကပင် သူမပြန်လာသည်ကိုတွေ့သည်နှင့် နှစ်ယောက်လုံးမှာ အလွန်အမင်းစိတ်လှုပ်ရှားခဲ့ကြသည်။ သူမအား အရင်ကကဲ့သို့ ကြောက်ရွံ့မှုမရှိတော့သည်ကို တွေ့ရသည်။

“ငါအခန်းမှာ ကျင့်ကြံဖို့နေချင်တယ်၊ အထွေအထူးမရှိရင် မလာခဲ့နဲ့ မနှောင့်ယှက်ကြနဲ့” ရှီမာယူယူ ပြောလိုက်သည်။

သူမ သူတို့ရှေ့တွင် မှော်ဝင်လက်စွပ်အားအသုံးပြုဖူး၍ သူမကျင့်ကြံနိုင်သည်ကို သူတို့သိနှင့်ပြီးသားဖြစ်သည်။ ထို့အပြင် သူတို့သည် သူမ၏သစ္စာခံဖြစ်၍ သူတို့ကို ဖုံးကွယ်ထားရန်စိတ်ကူးမရှိပေ။

ထို့အပြင် သူတို့သည် သူမကိုယ်ပိုင်လူများဖြစ်သည်။ သူမအနာဂတ်အစီအစဉ်ကို သူတို့သိလျှင်ပို၍ သက်တောင့်သက်သာဖြစ်သည်။

“ဟုတ်ကဲ့ပါ”

ရှီမာယူယူ ကိုယ်ပိုင်အခန်းထဲသို့ဝင်ကာ သော့ခတ်လိုက်သည်။ ထို့နောက် သူမ ဝိညာဉ်ပုလဲအတွင်းသို့ဝင်လိုက်လေသည်။

“ဝိညာဉ်လေး” သူမခေါ်လိုက်လေသည်။

“ဘာလဲ” ဝိညာဉ်လေးသည် လေထဲတွင်ပေါ်လာလေသည်။

“အဲတုန်းက ဝိညာဉ်ကျောက်တုံးက ဘယ်မှာလဲ” သူမဝိညာဉ်အတွက် အကျိုးအမြတ်ရှိ၊ မရှိ လေ့လာချင်၍ ရှီမာယူယူ ကျောက်တုံးအားကြည့်ချင်သည်ကို ဝိညာဉ်လေးသိသည်။

“မင်းအဲပစ္စည်းကို စိတ်ဝင်းစားလိမ့်မယ်လို့မထင်ထားဘူး” ထိုသို့ပြောပြီးနောက် အနက်ရောင်ကျောက်တုံးသည် သူတို့ရှေ့တွင်ပေါ်လာလေသည်။

ရှီမာယူယူ သူမလက်ဖဝါးထဲတွင် ဝိညာဉ်ကျောက်တုံးအား ထည့်၍ ပြောလိုက်သည်။ “ဒါက ငါတို့တည်ဆောက်မှုမှာ အချိန်အတော်ကြာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဟာလား”

“ဟုတ်တယ်” ဝိညာဉ်လေးခေါင်းညိတ်လိုက်သည်။

“ဒါဆို ငါ့ဝိညာဉ်အတွက် တစ်ခုခုများကောင်းကျိုးရှိမလား” ရှီမာယူယူ မေးလိုက်သည်။

“အစကတော့ ဟုတ်မှာ ဒါပေမယ့် အခုတော့ မဟုတ်တော့ဘူး” ဝိညာဉ်လေးပြောလိုက်သည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ဝိညာဉ်တစ်ခုက အထဲမှာနေနှင့်ပြီးနေလို့ပဲ” ဝိညာဉ်လေးပြောလိုက်သည်။

“အထဲမှာ ဝိညာဉ်နေနေတယ်ဟုတ်လား” ရှီမာယူယူ ဝိညာဉ်ကျောက်တုံး အား မြှောက်လိုက်ကာ အချိန်အတော်ကြာစွေစောင်းကြည့်သော်လည်း ထူးခြားမှုမရှိခြင်းကိုတွေ့ရလေသည်။

“မင်းက တကယ်တုံးတာပဲ၊ အထဲမှာ ဝိညာဉ်နေနေပါတယ်ဆိုမှ ဒီလိုကြည့်ရုံနဲ့ ဘယ်လိုလုပ်မြင်နိုင်မှာလဲ” ဝိညာဉ်လေး စိတ်ကသိကအောင့်ဖြစ် သွားကာ သူမအားအထင်သေးသော အကြည့်ဖြင့်ကြည့်လိုက်သည်။

“ဒါဆို အထဲမှာ ဝိညာဉ်နေနေမှန်းမင်းဘယ်လိုသိလဲ” ရှီမာယူယူ စိတ်ရှုပ်ထွေးစွာမေးလိုက်လေသည်။

“ငါ ဝိညာဉ်ကျောက်တုံးတွေရဲ့ အမြင့်ဆုံးသူပဲ၊ ငါက ဝိညာဉ်တွေရဲ့ လုပ်နိုင်စွမ်းတွေကို အာရုံခံတာတွေကို ဝမ်းတွင်းပါအနေနဲ့လုပ်နိုင်နေတာ၊ ဒီကျောက်တုံးထဲမှာ ဝိညာဉ်နေနေတယ်ဆိုတာငါသိတာပေါ့”

“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူ သူမလက်တွင် ဝိညာဉ် ကျောက်တုံးအားကိုင်ထားကာ ပြောလိုက်သည်။ “ဒါဆို ပထမဆုံးအကြိမ် ရောက်လာပြီး အမှုထမ်းတာဆိုတော့ ငါထပ်ပြီးမသုံးနိုင်တော့ဘူး”

“အဲလိုဆိုပါတော့” ဝိညာဉ်လေး ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် ငါနဲ့စာချုပ်ချုပ်တာတောင်မင်းရဲ့ ဝိညာဉ်က ပြန်ပြီးအားမပြည့်သေးဘူး၊ အဲဒါကြောင့် ဒီဝိညာဉ်ကျောက်တုံး တစ်တုံးနှစ်တုံးနဲ့တော့ မင်းကို အကူအညီအများကြီးမပေးနိုင်ဘူး”

“ဒါဆို အထဲက နေတဲ့ဝိညာဉ်က ဘာအမျိုးအစားလဲ” ရှီမာယူယူ ထိုဝိညာဉ်အားနိုးရန် ကျောက်တုံးအားလှုပ်ရမ်းလိုက်သည်။

“သူဝင်သွားကတည်းက ပြန်ထွက်မလာဘူးဆိုရင် ငါဘယ်လိုသိမှာလဲ” ဝိညာဉ်လေးလက်ပိုက်လိုက်ကာ ရှီမာယူယူ လုပ်ဆောင်နေသည့်အရာကိုကြည့် ကာ မျက်လုံးအား အမှတ်တမဲ့ လှန်လိုက်သည်။

“ဟေး အထဲက လူ၊ မင်းနိုးနေတယ်ဆိုရင် ထွက်လာပြီး အပြင်မှာ မင်းရဲ့ မျက်နှာကိုပြ” ရှီမာယူယူ ဝိညာဉ်ကျောက်တုံးအား အော်လိုက်လေသည်။

တုန့်ပြန်ခြင်းမရှိ…..

“မင်းမထွက်လာရင် ငါပစ်လိုက်မှာနော်”

တုန့်ပြန်ခြင်းမရှိသေးပေ…

“ဒါဆိုလည်းကောင်းပြီ” ရှီမာယူယူ ကျောက်တုံးအားမြေပေါ်သို့ထား လိုက်ကာ လင်းလုံးအား ထွက်လာရန် ခေါ်လိုက်သည်။

“သခင် လင်းလုံကိုလွမ်းလို့ လင်းလုံကိုခေါ်လိုက်တာလား” လင်းလုံ စိတ်လှုပ်ရှားစွာပေါ်လာကာ ပြောလိုက်သည်။

“မင်း လက်နက်အဖြစ်ပြောင်းပေးပါ” ရှီမာယူယူပြောလိုက်လေသည်။

“ဘယ်လိုလက်နက်လဲ”

“တူ”

လင်းလုံ တူ အဖြစ်သို့ပြောင်းလိုက်လေသည်…..

အချိန်အတိုအတွင်းပင် ရှီမာယူယူလက်ထဲတွင် တူတစ်လက်ပေါ်လာလေ သည်။

သူမ ကိုယ်တိုင်သည် ရုပ်ဆိုးသော ပုံစံပြောင်းသွားသည်ကိုတွေ့ပြီး လင်းလုံသည်စိတ်ထိခိုက်သွားတော့သည်။ ဒီမိန်းကလေးက လက်နက်တွေ အကြောင်းရောသိရဲ့လား၊ ဒီလို တိရိစ္ဆာန်နဲ့တူတဲ့ လက်နက်ကိုဘာလို့ အမြဲပြောင်းခိုင်းနေတာလဲ။

ရှီမာယူယူ ဝိညာဉ်ကျောက်တုံးအား တူဖြင့်ထိလိုက်ကာ ပြောလိုက်သည်။ “မင်းထွက်လာဖို့ ငြင်းနေဦးမယ်ဆိုရင် ဘယ်ချိန်ထိအထဲမှာ နေနိုင်မလဲ စောင့်ကြည့်လိုက်ဦးမယ်

ထိုသို့ပြောပြီးနောက် တူအားလေထဲတွင် မြှောက်လိုက်လေသည်။ ခွဲရန်လုပ်မည်တွင် အသံတစ်သံသည် အပြစ်တင်ပြောဆိုလိုက်သည် “မင်းရဲ့ လက်ကိုရုတ်လိုက်

“သြော် စကားပြောတတ်သေးတာလား” ရှီမာယူယူ အသံကြားသည်နှင့် ယုတ်မာသော အပြုံးအားပြုံးကာ ပြောလိုက်သည် “မင်းအသံက နဲနဲတော့ ကြောက်စရာကောင်းတာပဲ ဒါပေမယ့် ဒီက သခင်ကြီးက လွယ်လွယ်နဲ့မကြောက်တတ်ဘူး၊ ငါ သုံးအထိရေမယ်၊ မင်းထွက်မလာသေးရင် ငါအစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ခွဲလိုက်မှာ တစ် နှစ် သုံး…”

သူမ ဆက်လုပ်မည့်ဆဲဆဲတွင် အနီရောင်မြူခိုးသည် သူမအား ဟန့်တားလိုက်သည်။ ထို့နောက်တွင် မြူခိုးသည် လူတစ်ယောက် အသွင်ပြောင်းလဲသွားတော့သည်။

သူသည် ချောမောသည့်အသွင်အပြင်၊ ပိန်ပါးသည့်ခန္ဓာကိုယ်နှင့် အသက် နှစ်ဆယ်အရွယ်လောက်ရှိမည်။ သူ၏ အဝတ်အစားနှင့် ဆံပင်များသည် မီးတောက်ကဲ့သို့နီရဲနေသည်၊ သူ၏ သူငယ်အိမ်များသည်လည်း ရဲတောက်နေသည်။ သူသည် လုံးဝ နတ်ဆိုးသဖွယ်ပင်။

“ဘုရားရေ၊ ဘယ်လိုလူမျိုးပါလိမ့်၊ မီးလုံးကျနေတာပဲ” ရှီမာယူယူ သူမရှေ့တွင်ပေါ်လာသော ထိုသူအားကြောက်လန့်သွားသည်။

“အသိဉာဏ်မရှိတဲ့ လူသား မင်းတော့ ဖျက်ဆီးခံရတော့မယ်” အနီရောင်အရိပ်သည် ရှီမာယူယူအားကြည့်၍ သူ၏ ခန္ဓာကိုယ်မှ ရောင်ဝါလက္ခဏာသည် ကြီးကျယ်ခမ်းနားစွာတောက်ပသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset