ရုတ်တရက် မိုးကြိုးပစ်သံများ ပတ်ဝန်းကျင်တွင် ပြည့်နှက်လာခဲ့၏။ ဝမ်လင်းက အသက်ဝဝ ရှူသွင်း လိုက်ပြီးနောက် သူ့လက်ထဲရှိ အတားအဆီးတစ်ခုကို အပြည့်အဝ အသက်သွင်းလိုက်သည်။
အနီရောင်လိပ်ပြာ၏ အသွင်က ပြောင်းလဲသွား၏။ သူက ဝမ်လင်းလက်ထဲရှိ အတားအဆီးကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ထဲရှိ အမည်းရောင် အရာဝတ္ထုကို ဆက်ကြည့်သည်။ သူမက အရင်တုန်းက လုံးဝခံစားခဲ့ဖူးခြင်း မရှိသည့် အားကောင်းသော အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်။
သူမကသာ ဝမ်လင်းကို သည်နောက်ဆုံး အတားအဆီး တစ်ခုကို ချမှတ်ရန် ခွင့်ပြုပေးလိုက် သည်နှင့် သည်နေ့သည် ကပ်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်တွင် ချီဟူ၏မျက်နှာက ကောင်းကင်ထက်၌ လွင့်မြောနေသော အမည်းရောင် အရာဝတ္ထုကို ကြည့်၍ ဖျော့၍သွားသည်။ သူက တိတ်တဆိတ် သက်ပြင်းချ၍ တွေးမိလိုက်သည်။ “ဒီစန်နူးဆိုတဲ့ ကောင်က ခုထိ သူ့စွမ်းအင်ကို အပြည့်အဝ အသုံးမပြုရသေးဘူးပဲ။ ဒီအမည်းရောင် အရာဝတ္ထုက သူ့အသက်ကယ် ရတနာဖြစ်မယ် …”
ချီဟူက လှမ်းအော်လိုက်သည်။ “ရောင်ရင်း အနီရောင်လိပ်ပြာနဲ့ အစ်ကိုစန်တို့ နှစ်ယောက်လုံးက ငါ့ဧည့်သည်တွေပဲ။ ရောင်ရင်း အနီရောင်လိပ်ပြာက ဆက်လက် တိုက်ခိုက်မယ်ဆိုရင် ငါ့ကိုပါ ရန်လိုနေလို့ပဲ မှတ်ယူရလိမ့်မယ်။ ဒီတော့ ငါက အစ်ကိုစန်နဲ့အတူ ပြန်တိုက်ခိုက်ရ လိမ့်မယ်။ ငါသာ အသက်ရှင်ရက် ပြန်သွားနိုင်ခဲ့ရင် ဘိုးဘေးရှီဇူးကို ဒီအကြောင်း ပြန်တင်ပြမယ် …”
ထိုသို့ပြောပြီးနောက် ချီဟူ၏နောက်၌ ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သည်ပုံရိပ်ယောင်က ပေတစ်ရာခန့်မြင့်သော ဘီလူးတစ်ကောင်ပင်။ ၎င်းက အနီရောင်လိပ်ပြာကို အေးစက်စိမ်းကားစွာ ကြည့်နေ၏။
အနီရောင်လိပ်ပြာက ဝေဝေဝါးဝါး ဖြစ်သွားသည်။ သူက စန်နူး၏နည်းစနစ်များသည် မရိုးရှင်းကြောင်း တွေးမိသည်။ ချီဟူနောက်ရှိ ပုံရိပ်ယောင်ကလည်း တဖြည်းဖြည်း အထည်ဒြပ် ဖြစ်လာ၏။ သူမက ဆက်၍ တိုက်ခိုက်မည် ဆိုလျှင် သည်အစိတ်အပိုင်းသည် ပြိုကျပေတော့မည်။ အနီရောင်လိပ်ပြာက ချီတုံချတုံ ဖြစ်သွားပြီးနောက် ဝမ်လင်းထံသို့ တိုးဝင်နေသော နှင်းဆီပန်းပွင့်ချပ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။
“ကောင်းပြီ … ချီဟူ၊ နင့်အတွက် ဒီနေ့ငါ သူ့ကို မသတ်တော့ဘူး။ ဒါပေမဲ့ ကျောက်စိမ်း ခေါင်းတလားကတော့ ငါ့အတွက်ပဲ …”
ချီဟူက မျက်မှောင်ကြုတ်သွားသည်။ သူက စကားပြောမလို လုပ်လိုက်စဉ်မှာပင် ဝမ်လင်းက ကျယ်လောင်စွာ ထရယ်လိုက်၏။
“အနီရောင်လိပ်ပြာ … ငါကနင့်ကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား…”
ဝမ်လင်းက အပြုံးတုတစ်ခုကို တပ်ဆင်၍ သူ့လက်ထဲက အတားအဆီးကို လေထဲသို့ မြှောက်ကာ ပြောလိုက်သည်။ “ငါက ဒီလက်ထဲက အတားအဆီးတစ်ခုကို ပို့လွှတ်လိုက်ရုံနဲ့ ဒီအစိတ်အပိုင်းက ပြိုကျသွားလိမ့်မယ်။ နင် ငါပြောတာကို ယုံရဲ့လား … အနီရောင်လိပ်ပြာ …”
အနီရောင် လိပ်ပြာ၏ မျက်နှာက ချက်ချင်း ရုပ်ဆိုးသွားသည်။
ချီဟူက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “အစ်ကိုစန် … ငါက ဆုံးဖြတ်ချက်တစ်ခု လုပ်မယ်။ ငါတို့ ဒီချိန်မှာ ရလာတဲ့ အရာအားလုံးကို အညီအမျှ ခွဲဝေကြမယ်။ ဒါဆိုရင် အဆင်ပြေလား …”
“ကောင်းပြီ … ငါက အကိုချီဟူနဲ့ အတူတွဲလုပ်ပေးမယ် …” ဝမ်လင်းက ပြုံးလိုက်၏။ အမှန်တော့ သူက ဖြစ်နိုင်ရင် သည်နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကို အသုံးမပြုချင်ပေ။ သူ့တွင် သည်တစ်ခုသာ ကျန်တော်သည့်အပြင် အသုံးပြုလိုက်သည်နှင့် သည်အစိတ်အပိုင်း ကလည်း ပြိုကျ သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူက လွတ်မြောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်ကို ပြန်ရောက်မှာ သည်အမျိုးသမီးကို သတ်ရန် အကောင်းဆုံး အခွင့်ရေး ရှိလာမည်ကို ယုံကြည်ပေ၏။
ချီဟူက လှည့်၍ အနီရောင်လိပ်ပြာကို ပြောလိုက်၏။ “အနီရောင်လိပ်ပြာ … ကျေးဇူးပြု၍ နင့်ရတနာကို ပြန်သိမ်းလိုက်ပါ…”
အနီရောင်လိပ်ပြာက နှခေါင်းရှုံ့၍ လက်ဝှေ့ယမ်းလိုက်ရာ ပန်းပွင့်ချပ်က ပျောက်ကွယ်သွား၏။
အနီရောင်လိပ်ပြာက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “စန်နူး…ငါတို့ ဟင်္သာပြဒါးဂြိုဟ်ကို ပြန်ရောက်ရင် နင်ငါနဲ့ တိုက်ခိုက်ရဲလား…”
ဝမ်လင်းက ရယ်မောကာ ပြန်ပြေဆိုလိုက်သည်။ “ငါက နင်နဲ့ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိပါတယ်…”
ဝမ်လင်းက သူ့လက်ထဲရှိ အတားအဆီးကို ဖျက်သိမ်းလိုက်ရာ အမည်းရောင် အခိုးအငွေ့များက အလံထဲသို့ ပြန်ဝင်လာခဲ့၏။ မိုးကြိုးသားရဲကိုပါ သူက ပြန်သိမ်းဆည်း လိုက်သည်။ သို့ရာတွင် ၎င်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီး အားနည်းသွားခဲ့ရ၏။ သည်အဖြစ်က ဝမ်လင်း၏စိတ်ထဲရှိ အနီရောင်လိပ်ပြာအား သတ်ဖြတ်လိုမှု စိတ်ဆန္ဒကို ပိုတိုးသွားစေခဲ့သည်။
အနီရောင်လိပ်ပြာက ဝမ်လင်းကို စူးရဲစွာ ကြည့်နေသည်။ သူမက သည်လူသည် သူမနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိကြောင်း ကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ဖြစ်ရသည်။
ချီဟူက ခုမှ စိတ်သက်သာရာ ရသွားပြီး စိတ်ထဲကနေ ပြုံးနိုင်တော့သည်။ သူက သည်နှစ်ယောက်၏ သမိုင်းရန်စကို အစောကတည်းက ကြိုသိခဲ့ရင် မည်သို့ပင်ဖြစ်ဖြစ် သည်နှစ်ယောက်လုံးကို ဖိတ်ခေါ်မိမည် မဟုတ်ချေ။ အနီရောင်လိပ်ပြာက သာမန်သာဖြစ်၏။ သို့သော် စန်နူးကတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်ဖြင့် အနီရောင်လိပ်ပြာလို နောက်ဆုံးအဆင့် ကျင့်ကြံသူကို ယှဉ်တိုက်နိုင်ခဲ့သည်။ သည်လိုလူမျိုးက ဟင်္သာပြဒါးဂြိုဟ်တွင် ကျော်ကြားသင့်သလို ဟင်္သာပြဒါးနိုင်ငံ၏ တပည့်တစ်ယောက်ပင် ဖြစ်လာနိုင်သည်။
ချီဟူက အသက်ဝဝ ရှူသွင်း၍ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ “ကောင်းပြီ … အနီရောင်လိပ်ပြာနဲ့ အစ်ကိုစန်နူး၊ ကျေးဇူးပြု၍ ငါ့နောက်ကလိုက်ခဲ့ပါ။ ကျောက်စိမ်းပြားထဲက နေရာက ဒီနေရာနဲ့ အဝေးကြီးရှိသေးတယ်…” သူက ထိုသို့ ပြောပြီးနောက် လှည့်၍ ပျံသန်း ထွက်ခွာသွားသည်။
အနီရောင်လိပ်ပြာက ဝမ်လင်းကို လှည့်ပင်မကြည့်တော့ပဲ အနီရောင် တိမ်တိုက် တစ်ခုအသွင် ပြောင်း၍ ချီဟူနောက်သို့ လိုက်ပါသွား၏။ သူမက ဝမ်လင်းနောက်မှာ မလိုက်ပါလိုသည်မှာ ရှင်းလင်းလှသည်။
ဝမ်လင်းက လှောင်ပြုံးဟန် ပြုလိုက်ပြီး သူတို့နှစ်ယောက် နောက်သို့ လိုက်လေ၏။
ဝမ်လင်းက စိတ်ထဲ၌ တွေးလိုက်သည်။ “အဆုံးသတ်မှာတော့ သူမစိတ်နှလုံးက မခိုင်မြဲသေးဘူးပဲ။ နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ရောက်တာက အံ့ဖွယ်သရဲ ဖြစ်နေပေမဲ့ ပြဿနာလေး တွေတော့ ရှိနေဆဲပဲ။ သူမစိတ်နှလုံးက အားနည်း လွန်းသေးတယ်…”
“ငါက အခုလက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ သူမကို တိုက်ခိုက်မယ်ဆိုရင် အတားအဆီး အလံနဲ့ နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကို ဆင့်ခေါ်ခြင်းမရှိဘဲ နိုင်မဲ့အခွင့်အရေး မရှိသေးဘူး။ ငါ့သေခြင်းရှင်ခြင်း နယ်ပယ်ကလည်း ခံစားချက်မဲ့ နယ်ပယ်ကို သက်ရောက်နိုင်ဖို့က ခက်ခဲလှတယ်။ ဒါပေမဲ့ ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့် ရောက်သွားရင်တော့ ငါ့နယ်ပယ်က သူမအပေါ် သက်ရောက်မှု ရှိလာနိုင်မှာပဲ။ အဲဒီအချိန်ကျရင် နတ်ဘုရား ပြစ်ဒဏ်ကို မဆင့်ခေါ်ဘဲနဲ့တောင် ငါက နိုင်ဖို့အခွင့်အရေး ၇၀ ရာခိုင်နှုန်းလောက် ရှိတယ် …”
ဝမ်လင်း၏ သေခြင်းရှင်ခြင်း နယ်ပယ်သည် သဘာဝတရားကြီး၏ ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။ သို့သော် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်သာ ရှိသေးသည့်အတွက် ၎င်းစွမ်အားကို အပြည့်အဝ အသုံးမပြုနိုင်သေးချေ။ တကယ်တော့ သူက ကောင်းကင်နှင့် မြေကြီးအကြောင်းကို စတင်နားလည်ရုံသာ ရှိသေး၏။
သို့သော် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ် အဆင့်ကို ရောက်သည့် အချိန်ဆိုလျှင်တော့ သူ့နယ်ပယ်ကလည်း နောက်တစ်ဆင့် မြင့်တက်သွားမည် ဖြစ်သည်။
ဝမ်လင်းက စိတ်ထဲ၌ တွေးမိနေသည်။ “သူမက နည်းစနစ်တွေကို မမှီခိုရတဲ့ အဆင့်ကို ရောက်သွားမလား ဆိုတာ ငါသိချင်လိုက်တာ။ သူမရဲ့ တာအိုနှလုံးသားက မရင့်သန်ဖူး ဆိုရင်တော့ ရောက်မှာမဟုတ်ဘူး။ ကြည့်ရတာ ငါက ဒီအပိုင်းနဲ့ ပတ်သက်ရင် သူမထက် ခြေတစ်လှမ်း ဦးနေတဲ့ပုံပဲ …”
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ပြီး ကတည်းက ဝမ်လင်းက အချို့သော နည်းစနစ်များကလွဲ၍ နည်းစနစ်အများစုသည် အသုံးမဝင်ဟု ခံစားမိလာခဲ့သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတစ်ယောက် သူ့လက်ထဲ၌ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို လွယ်ကူစွာ ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် အရေးကြီးဆုံး အရာက သူတို့က သူတို့၏နယ်ပယ်ကို မည်သို့အသုံးချရမည်ကို နားလည်ရန်သာ လိုသည်။
သေခြင်းရှင်ခြင်း နယ်ပယ်က အမှန်ပင် ခန့်မှန်းဖို့ မလွယ်သည့်အရာ ဖြစ်သည်။ တကယ်တော့ ဝမ်လင်းက အခုမှ ၎င်းနယ်ပယ် အကြောင်းကို နားလည်ရန် စတင်ကြိုးစားနေသည့် အဆင့်သာ ရှိသေးသည်။
သူက သေခြင်းရှင်ခြင်း နယ်ပယ်ကို နည်းစနစ်တစ်ခု အဖြစ်သို့ ပြောင်းလဲ သိပ်သည်းနိုင်သည့် စွမ်းရည်မျိုး ရှိလာမှသာ ကျွမ်းကျင်သည့်သူဟု ယူဆနိုင်မည် ဖြစ်သည်။
သူတို့က ပျံသန်းလာနေရင်း ဝမ်လင်းက အနီရောင်လိပ်ပြာနှင့် တိုက်ပွဲအကြောင်းကို ဂရုတစိုက် ပြန်စဉ်းစား ကြည့်နေ၏။
သူတို့သုံးယောက်က သာမန်လူများ မဟုတ်ကြသဖြင့် အလွန်မြန်ဆန်လို့ နေသည်။ သိပ်မကြာခင်မှာပင် ချီဟူ၏ လမ်းညွှန်မှုဖြင့် အစိတ်အပိုင်း၏ အခြား အစွန်းတစ်ဖက်ပေါ်သို့ ရောက်ရှိလာကြ၏။ ထိုနေရာတွင် တောင်ကြီးတစ်တောင် တည်ရှိနေသည်။
သည်တောင်က နဂါးတစ်ကောင်လို အသွင်ရှိ၍ ၎င်းအထက်တွင်လည်း တိမ်စိုင်များ ရှိနေ၏။ သည်တိမ်စိုင်များက နဂါးခေါင်းကို အစစ်အမှန်မရှိသလို ဖြစ်စေ၏။
ဝမ်လင်းက ခေါင်းမော့၍ တောင်ထိပ်ကို မော့ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အစ်ကိုချီဟူ … ကျောက်စိမ်းပြားထဲက ပြထားတဲ့နေရာကို လူတွေဘာလို့ တစ်ယောက်မှ ရှာမတွေ့ခဲ့တာလဲ။ ငါတို့ကို ရှင်းပြပေးပါ …”
ချီဟူက ပြုံး၍ ပြောလိုက်သည်။ “အမှန်တိုင်း ပြောရရင်တော့ အဲဒီနေရာက ဝဲကတော့ကို ဖြတ်ပြီး ရောက်လာနိုင်တဲ့ နေရာ မဟုတ်လို့ပဲ…”
ဝမ်လင်းမျက်လုံးများက စိတ်ဝင်စားဟန်များ ဖြစ်ပေါ်သွားသည်။
အနီရောင် လိပ်ပြာကလည်း ချီဟူကို အာရုံစိုက်၍ ကြည့်လိုက်သည်။
ချီဟူက ရယ်မောကာ ဆက်၍ ပြောဆိုလိုက်သည်။ “ကျောက်စိမ်းပြားထဲမှာ ပြထားတဲ့ အစိတ်အပိုင်းက အလွန်တရာရှားလှတဲ့ အစိတ်အပိုင်းနှစ်ခု ထပ်နေတဲ့ဟာပဲ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားကြည့်ရာ ချက်ချင်း သဘောပေါက်လိုက်သည်။ ကောင်းကင်ဘုံ နယ်မြေက တစ်စစီပြိုကွဲသည့် အချိန်တွင် အစိတ်အပိုင်းများသည် ကြုံရာနေရာသို့ ပြန့်ကျဲသွားမည် ဖြစ်သည်။ ထို့ကြောင့်လည်း အချို့သော အစိတ်အပိုင်းများက နှစ်ခုသွား၍ ထပ်သည်မှာ ဖြစ်နိုင်ပြီး ရှာတွေ့မိရန် ခက်ခဲမှုကို ဖြစ်စေ၏။
ဝဲကတော့ကို ဖြတ်၍လာသော လူတစ်ယောက်သည် အစိတ်အပိုင်း တစ်ခုပေါ်သို့ ရောက်ရှိသွားမည် ဖြစ်သော်လည်း သူ့အောက်တွင် နောက်ထပ် အစိတ်အပိုင်းတစ်ခု ထပ်မံရှိနေလိမ့်မည်ဟု မည်သို့မှ မျှော်လင့်ထားမိမည် မဟုတ်ချေ။
ချီဟူက ရယ်မောလိုက်သည်။ “ပထမအစိတ်အပိုင်း အလွှာက လွယ်လွယ်ကူကူ သိနိုင်တဲ့နေရာ မဟုတ်ဘူး။ ဒီနေရာမှာက ရာသီဥတု နှောင့်ယှက်မှုတွေကြောင့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်လို့လည်း မရဘူး။ တစ်စုံတစ်ယောက်က ကံကောင်းထောက်မပြီး ရောက်ရှိသွားမယ် ဆိုရင်တောင် သူတို့က သိပ်ကြာကြာနေနိုင်မှာ မဟုတ်ဘူး…”
အနီရောင်လိပ်ပြာက နှခေါင်းရှုံ့ကာ မေးသည်။ “အရှင်ရှီဇူးက အတိတ်တုန်းက ဒီနေရာကို ဘယ်လိုများ ရှာတွေ့နိုင်ခဲ့တာလဲ…”
ချီဟူက မျက်လုံးက လက်ခနဲဖြစ်သွားပြီး သူကပြောသည်။ “အနီရောင်လိပ်ပြာ ဒါက လျှို့ဝှက်ချက်ဖြစ်တယ်၊ ဒါကြောင့် ငါမပြောပြနိုင်ဘူး…”
ဝမ်လင်းက နဂါးပုံစံတောင်ကြီးကို ကြည့်၍ တိတ်ဆိတ်နေလျက် ရှိသည်။
ချီဟူက တောင်ရှိရာသို့ ဆက်၍ ပျံသန်းသွား၏။ သိပ်မကြာခင်မှာပင် သူတို့သုံးယောက်က တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့သည်။ သည်တောင်ထိပ်က နဂါးဦးခေါင်း အသွင်တည်ရှိ၏။ ချီဟူက ထိုတောင်ထိပ်ပေါ်၌ မတ်တတ်ရပ်၍ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်၍ ပြောလိုက်သည်။ “လွန်ခဲ့တဲ့တစ်လက ငါက ဒီနေရာမှာ အကောင်တိုင်း ရှိနေသေးတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီဟာကို အသုံးပြုပြီး ငါတို့သွားချင်တဲ့ အစိတ်အပိုင်းရဲ့ အနီးဆုံးနေရာထိ သွားရောက်နိုင်လိမ့်မယ်…” ထိုသို့ပြောပြီးနောက် ချီဟူက နေရာတစ်ခုအပေါ်သို့ ခြေစုံရပ်လိုက်ရာ သည်နေရာအမှတ်က တောက်ပသွားပြီး သူ့ခန္ဓာကိုယ်လည်း ပျောက်ကွယ်သွားသည်။
အနီရောင်လိပ်ပြာက ဝမ်လင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူမကလည်း စကားတစ်ခွန်းမှ မဆိုဘဲ အစီအရင်ထဲသို့ လှမ်းလျှောက်သွားသည်။
အနီရောင်လိပ်ပြာ ပျောက်ကွယ် သွားပြီးနောက် ဝမ်လင်းကလည်း ထိုအစီအရင်ထံသို့ လှမ်းလျှောက်သွားသည်။
ကောင်းကင်ဘုံ နယ်မြေ၏ အစိတ်အပိုင်းများစွာ ရှိသည့်အထဲတွင် တောင်ဘက်စွန်းပိုင်းရှိ အစိတ်အပိုင်း တစ်ခုက လေအေးများ ခပ်ကြမ်းကြမ်း တိုက်ခိုက်ပြီး မြေပြင်က ရေခဲများဖြင့် ဖုံးအုပ်ထားသည့် အစိတ်အပိုင်း ဖြစ်နေ၏။
ဝမ်လင်းက အစီအရင်ထဲမှ လှမ်းထွက်လာသည့် အချိန်တွင် သူက မျက်မှောင်ကြုတ်မိသွားသည်။ သို့ရာတွင် အနီရောင်လိပ်ပြာကို ကြည့်ရသည်က သက်သောင့်သက်သာ ဖြစ်နေဟန် ပေါ်သည်ကို သူက မြင်လိုက်ရ၏။ သည်ဧရိယာ ပတ်ဝန်းကျင်က သူမကို အန္တရာယ် မဖြစ်စေပဲ ခံစားမှုကိုကောင်းကို ပေးစွမ်းနေ၏။
ချီဟူက အလေးအနက် ပြောလိုက်သည်။ “ရောင်းရင်း အနီရောင်လိပ်ပြာ… ဒီနေရာက အစိတ်အပိုင်းရဲ့ ပထမအလွှာပဲ။ အရှေ့ဘက်အတိုင်း သွားမယ်ဆိုရင် ဒီပထမအလွှာက ကီလိုမီတာ သုံးသိန်းရှိတယ်။ ဒါက ရေခဲနယ်မြေဖြစ်တဲ့ အတွက် ငါတို့က နင့်ရဲ့အစွမ်းနဲ့ အေးစိမ့်မှုကို တားဆီးပေးဖို့ အကူအညီ လိုအပ်တယ်။ ဒီရေခဲကုန်းမြေက ဖြတ်နေတဲ့ အချိန်မှာ ဒီနေရာက ဟင်းလင်းပြင်တစ်ခု ဖြစ်နေလိမ့်မယ်။ ငါတို့သုံးယောက် လမ်းမလွဲသွားဖို့ အတွက်တော့ ငါ့မှာ ကြယ်သံလိုက် အိမ်မြှောင်တစ်ခု ရှိတယ်။ အစ်ကိုစန်၊ မင်းထိန်းချုပ်နိုင်တဲ့ ဝိညာဉ်လိုဟာတွေက ဒီဟင်လင်းပြင်မှာ အသုံးဝင်တယ်။ ဒါကြောင့် ဒါတွေကို ပြန်မသိမ်းဆည်း ထားပါနဲ့။ ငါတို့က ဒီဟင်လင်းပြင်ကို ဖြတ်ကျော်ပြီးတာနဲ့ ပထမအလွှာကို ရောက်ပြီ။ ဒီနေရာမှာ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မရှိတဲ့ အတွက် ငါတို့က ကိုယ်ဘာသာပဲ ကြိုးစား ဖြတ်ကျော်ရမယ် …”
ချီဟူပြောသည်ကို နားထောင်ပြီးနောက် ဝမ်လင်းက ချီဟူသည် ဘာကြောင့် သူ့ကို ဖိတ်ခေါ်ခဲ့သည်ကို နားလည်လိုက်၏။ သူက သူ့လေလွင့် ဝိညာဉ်များအတွက် သူ့ကို ဆင့်ခေါ်ခဲ့ခြင်းပင်။ သည်နေရာတွင် လေလွင့်ဝိညာဉ်များနှင့် လွယ်ကူစွာ ချိုးဖျက်သွားနိုင်မည့် အတားအဆီး အခက်အခဲ တစ်ခုရှိနေသည့်ပုံပင်။
အနီရောင် လိပ်ပြာ၏ လေထဲသို့ ပြန်တက်လိုက်ပြီး အရှေ့ဘက်သို့ လျင်မြန်စွာ တိုးသွား၏။ မျက်စိတစ်မှိတ် အတွင်း သူတို့သုံးယောက်က ပျောက်ကွယ်သွားသည်။ သို့ရာတွင် ကီလိုမီတာ အမြောက်အမြား ပျံသန်းသွားပြီးနောက် ဝမ်လင်းက သူတို့လာခဲ့သော နေရာသို့ ပြန်လှည့်ကာကြည့်သည်။ သူ့အကြည့်၌ သံသယအကြည့် ပါနေခဲ့၏။
သူတို့သုံးယောက် အတွက်ပင် ကီလိုမီတာသုံးသိန်း အကွာအဝေးက အတော်လေး သွားရသည်။
သည်နေ့တွင် သူတို့သုံးယောက်က စမှတ်မှ ကီလိုမီတာသုံးသိန်း အကွာသို့ ရောက်ရှိလာခဲ့ကြသည်။ သည်အစိတ်အပိုင်း၏ အရှေ့ဘက် အစွန်းပိုင်း၌ မြေကြီးသည် စုတ်ပြဲထားခြင်း ခံရသလား မှတ်ရ၏။ သည်မြေကြီးများက ကျော်ကြည့်လျှင် အဆုံးမရှိသော ဟင်းလင်းပြင်များ အလား ဖြစ်နေခဲ့သည်။
***