Switch Mode

အပိုင်း(၃၅၄)

အမျိုးသမီးအလောင်းကောင်ကို ချစ်မြတ်နိုးမှု

ကောင်းကင်ဘုံ နယ်မြေ၏တောင်ဘက်ခြမ်းရှိ အစိတ်အပိုင်းတစ်ခုပေါ်၌ နည်းစနစ်မျိုးစုံက လေထဲတွင် ဝေ့ဝဲလျက်ရှိနေသည်။ သည်နေရာတွင် လူသုံးယောက်သည် ကောင်းကင်ဘုံ ကျောက်စိမ်းပြားအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

သူတို့သုံးယောက်နှင့် ကီလိုမီတာ တစ်သောင်းကွာဝေးသော နေရာတွင် သက်လတ်ပိုင်း လူကြီးက ဘူးသီးခြောက်ထဲက အရက်ကို သောက်နေရင်း မြက်ခင်းပြင်ထဲ၌ မတ်တတ်ရပ်လျက် ရှိနေ၏။ သူက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ထန်အာ …။ စိတ်မပူပါနဲ့။ ငါက မင်းခန္ဓာကိုယ်ကို နှစ်၁၀၀၀လောက်ထိ ဒီပုံစံအတိုင်း ရှိနေဖို့အတွက် ပိုများပြားတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကို မင်းအတွက် ရှာလာပေးမှာပါ …”

သည်လူကြီးက ဟင်္သာပြဒါးဂြိုဟ်မှ လူကြီး ဖြစ်၏။

သူက သောက်နေရင်းဖြင့် အေးဆေးစွာ လျှောက်လှမ်းလာသည်။ အချိန်တစ်ခု ကြာပြီးနောက် သူက မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ရာ သူ့မျက်နှာပေါ်၌ အတိတ်က မှတ်ဉာဏ်ဟောင်းများနှင့် ပြည့်နှက်သွားဟန် ပေါ်သည်။ သူက ပြောလိုက်၏။ “ထန်အာ … မင်းဒီနေရာကို မှတ်မိသေးရဲ့လား။ အတိတ်တုန်းက ဒီနေရာက မင်းနဲ့ငါနဲ့ တွေ့ဆုံခဲ့တဲ့ နေရာလေ။ ဒါပေမဲ့ ခုချိန်မှာတော့ နင်က ထွက်သွားခဲ့ပြီ …”

သူက သက်ပြင်းချ၍ သူ့ညာခြေဖဝါးဖြင့် မြေပြင်ကို အနည်းငယ် ပေါက်လိုက်ရာ သူ့ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ် သွားတော့သည်။ သူက အလွန်ကြီးမားသည့် လိုဏ်ဂူကြီး ရှိရာ၌ ပြန်ပေါ်လာခဲ့၏။သည်လိုဏ်ဂူထဲ၌ မြက်ပင်စိမ်းများ ပတ်ချာလည်မှာ ပေါက်နေသော မျှော်စင်တစ်ခု ရှိလို့နေသည်။

သက်လတ်ပိုင်း လူကြီးက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြက်ပင်များကို ကျော်ဖြတ်၍ မျှော်စင်ထဲသို့ ရောက်ရှိသွား၏။

သည်မျှော်စင်က အလွှာသုံးခုရှိသည်။ အထဲ၌ ရိုးရှင်းပြီး တစ်စုံတစ်ယောက်၏ အိမ်နှင့်ပင် ဆင်တူ၏။ သို့သော် သည်အထဲ၌ သပ်ရပ်ကြော့ရှင်းမှု အငွေ့အသက်တချို့ ရှိနေသေးသည်။

သည်လူက မျှော်စင်ထဲသို့ ဝင်လာပြီးနောက် သူ့အကြည့်က နူးညံ့လျက် ရှိသည်။ သူက အခန်းထဲသို့ ဆက်ဝင်လာခဲ့ပြီး ဧည့်စားပွဲထိုင်ခုံကို ပွတ်သပ်ပြီး ခုံပေါ်တွင် ထိုင်ချကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ထန်အာ … ဒီနေရာက မင်းနဲ့ငါနဲ့ ဆုံခဲ့တဲ့ နေရာလေးလေ …”

သူ့မျက်လုံးများက ချစ်ခြင်းမေတ္တာများနှင့် ပြည့်နေခဲ့ပြီး သူက သိုလှောင်အိတ်ထဲက စေတီတစ်ဆူကို ထုတ်ယူလိုက်သည်။ သူက စေတီကို လက်ဖြင့် သပ်ချလိုက်ရာ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။

အဖြူရောင် အလင်းများ ပျောက်ကွယ် သွားပြီးနောက် အမျိုးသမီး တစ်ယောက်၏ ခန္ဓာကိုယ်က သူ့လက်မောင်းပေါ်၌ ပေါ်လာခဲ့သည်။ သူက ပြုံး၍ ပြောလိုက်သည်။ “ကြည့်စမ်းပါဦး ထန်အာ … ခုငါတို့အိမ်မှာလေ …”

သည်အမျိုးသမီးက အလွန်လှ၏။ သူမအသားအရည်က ဖြူဖွေးနေရုံသာမက အနီရောင် ခပ်သန်းသန်း ရှိသည်။ တစ်စုံတစ်ယောက်ကိုသာ သူမသည် အသက်ရှင်နေတုန်းဟု ပြောလျှင် ထိုလူသည် အမှန် ယုံကြည်ပေလိမ့်မည်။

သက်လတ်ပိုင်း လူကြီးက သည်သေဆုံးနေသည့် အမျိုးသမီး၏ မျက်နှာလေးကို ညင်သာစွာ ထိကိုင်လိုက်သည်။ သူက ခပ်တိုးတိုးလေး ရေရွတ်မိ၏။ “ငါတို့ ပထမဆုံး စတွေ့ကတည်းက မင်းက ငါ့ဇနီးဖြစ်လာမယ် ဆိုတာ ငါသိခဲ့တယ်။ ငါမမှားခဲ့ပါဘူး။ ထန်အာ…ဒီနာမည်ကို နင်သဘောကျရဲ့လား။ ဒါက နင့်အတွက် ငါပေးထားခဲ့တာ…”

သူက ထိုသို့ ခပ်တိုးတိုး ပြောနေရင်း အမျိုးသမီး၏ နှာဖူးလေးအား နူးညံ့့စွာ နမ်းရှိုက်လိုက်သည်။

“နင့်အတွက် … ကလန်ခေါင်းဆောင် နေရာကို ငါပယ်ရှားခဲ့တယ်။ နင့်အတွက် ငါ့ဆရာကို သစ္စာဖောက်ခဲ့တယ်။ ငါ ဒါတွေကို နောင်တမရဘူး။ နင့်အတွက် လုပ်ခဲ့တာမှန်သမျှ ငါဘာကိုမှ နောင်တမရဘူး။ သူတို့က ငါ့ကို ရူးနေလို့ပြောလည်း ငါဂရုမစိုက်ဘူး။ ငါက မရူးသေးပါဘူး ထန်အာ …”

သူက အမျိုးသမီး၏ မျက်နှာလေးကို အချိန်အတန်ကြာ ငေးမောနေပြီးနောက် မတ်တတ် ထရပ်လိုက်သည်။

“ထန်အာ… ငါတို့ အပေါ်ထပ်ကို သွားကြရအောင်။ အဲဒီမှာ မင်းအတွက် မှန်တင်ခုံတစ်ခု ရှိတယ်။ မင်းယောက်ျားက မင်းကို ကိုယ်တိုင် အလှပြင်ပေးခွင့် ပြုမှာလား …”

သည့်နောက် သူက အမျိုးသမီးကို သယ်ဆောင်၍ အပေါ်ထပ်သို့ တက်သည်။

သည်မှန်တင်ခုံ၏ ဘေးတွင် သူက အမျိုးသမီးကို အောက်သို့ ချလိုက်သည်။ သူက မျက်ခုံးမွေးတံကို ယူလိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်ပြန်သည်။ “ထန်အာ … နင်ကော ပြောရဲ့လား။ ငါတော့ အရမ်း ပျော်ရွှင်နေရတယ်…”

“နင် ငါ့ကို ဘာလို့ စကားမပြောတာလဲ။ ကျေးဇူးပြု၍ ပြန်ပြောပါ။ နင်မပျော်ရွှင်ဘူးလား…”

“ကျေးဇူးပြုပြီး ပြောပါ …”

“ကျေးဇူးပြုပြီး ခုပြန်ပြောပေးပါ…”

“နင် ဘာလို့ စကား မပြောရတာလဲကွာ…”

သက်လတ်ပိုင်း လူကြီးအသံက ကျယ်သည်ထက် ကျယ်လာခဲ့သည်။ သူက ဘေးနားရှိ မျက်ခုံးမွေးတံကို လွှင့်ပစ်လိုက်သလို သူ့လက်ထဲရှိ အမျိုးသမီးကို လှုပ်ရင်းနေရင်း အသံကလည်း ကျယ်သည်ထက် ကျယ်လောင်လာခဲ့သည်။

အချိန် အတန်ကြာသည့်အခါ ရုတ်တရက် သူက တုန်လှုပ်လို့သွားသည်။ သူက လျင်မြန်စွာပင် အမျိုးသမီးကို ထွေးပွေ့လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ “တောင်းပန်ပါတယ် …. ထန်အာ။ ငါ့ … ငါ့ကို အပြစ်မတင်ပါနဲ့။ ငါမှားမှန်း သိပါတယ်။ ငါဘယ်တော့မှ နင့်ကို ထပ်ပြီး မအော်တော့ပါဘူး။ ဘယ်သူ့မှ မင်းကို ငါ့ဆီက ယူဆောင်သွားလို့ မရဘူး။ ဘယ်သူ့မှပဲ။ ဒီလိုလုပ်ရဲတဲ့လူ ရှိလာရင် ငါ အကုန်လုံးကို သတ်မယ် … သတ်ပစ်မယ် … သတ်မယ် …”

သူက အသက်ဝဝ ရှူသွင်းပြီးနောက် အမျိုးသမီး၏ မျက်နှာလေးကို အကြိမ်အနည်းငယ် ထပ်မံ နမ်းရှိုက်လိုက်ပြန်သည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်၏။ “ထန်အာ … ကြည့်ကြည့် … ဒီမျှော်စင်က ပုံမှန်ဆိုရင် ပြိုကျတော့မှာ။ ဒါပေမဲ့ ငါက ဒါကို ထိန်းသိမ်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါက နင့်ရဲ့အိမ်ပဲ … အမ်…ငါတို့အိမ်မို့လို့ပဲ…”

“ထန်အာ … နင်… ပင်ပန်းနေမှာပဲ။ နည်းနည်း အနားယူလိုက်ဦး …” သက်လတ်ပိုင်း လူကြီးက ထိုအမျိုးသမီးကို အိပ်ရာပေါ်သို့ သယ်ဆောင်လိုက်သည်။ သူက အိပ်ရာဘေးတွင် ထိုင်၍ အမျိုးသမီးကို နူးညံ့စွာ ကြည့်နေသည်။

“ထန်အာ…ငါမင်းကို ပထမဆုံးတွေ့တုန်းက မင်းက ဒီလိုလေး လှဲလျောင်းနေခဲ့တာလေ။ ခုထိ ဘာမှ မပြောင်းလဲသေးဘူးနော်။ ထန်အာ … နင် မှတ်မိသေးရဲ့လား။ ငါတို့ ကောင်းကင်ဘုံနယ်မြေကို ပထမဆုံး လာတုန်းက ငါက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို လာရှာတာလေ။ ဒါပေမဲ့ ငါက မင်းကို ဒီနေရာမှာ တွေ့ခဲ့ရတာ။ မင်းကို ငါပထမဆုံး တွေ့ခဲ့ကတည်းက နင်က ငါ့ဇနီးက သိလာခဲ့တယ်။ ဒါကြောင့်ပဲ ငါက ဒီမှာ နင်နဲ့အတူ အချိန်အကြာကြီး နေခဲ့တာ…”

သူက ထိုသို့ပြောနေရင်းဖြင့် အမျိုးသမီး၏ လက်လေးကို ဆုပ်ကိုင်ထားသည်။ သူက သူ့လက်ကလေးကို ပွတ်သပ်နေလျက် ပြောလိုက်သည်။ “နင်က … တကယ့်ကို ပြည့်စုံလွန်းတယ်။ နင်က ငါ့အတွက်ပဲ။ နင်ကို ငါ့ဆီက ဘယ်သူမှ ခိုးသွားလို့မရဘူး။ ထန်အာ … ငါ့ကို ပြောပါ။ နင်လည်း ငါ့ကို ချစ်တယ်မလား …”

“ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ ယှဉ်ရင်လည်း နင်ကသာ တကယ့်ရတနာအစစ်ပဲ…”

သက်လတ်ပိုင်း လူကြီက ပြုံး၍ အမျိုးသမီး၏ဘေးတွင် သူပါ လှဲလျောင်းလိုက်၍ ခပ်တိုးတိုး ပြောနေပြန်သည်။ “ထန်အာ … ငါတို့ ဒီည အနားယူကြစို့။ မနက်ဖြန်ကျရင် မင်းယောက်ျားက မင်းအတွက် ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ သွားရှာပေးရဦးမယ်။ အိပ်တော့ … ဘာကိုမှ မစိုးရိမ်၊ မကြောက်လန့်နဲ့။ ငါနင့်ဘေးမှာ ရှိနေတယ် …”

ဝမ်လင်းက လေထဲသို့ ပျံတက်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း ဆုံးဖြတ်ပြီးသည့်ဟန် ရှိသည်။ တစ်လ အကန့်အသတ်က ပြည့်တော့မည် ဖြစ်သည်။ သူက ချီဟူရှိနေသော နေရာသို့သွားရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်ဘုံ ဓားသုံးချောင်းကို လျစ်လျူရှုလိုက်မည် ဆိုလျှင်ပင် သည်ခေါင်းတလားက ကာင်းကင်ဘုံ ကျောက်စိမ်းပြားများဖြင့် ပြုလုပ်ထားသည့် အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီး ပိုင်ဆိုင်ထားမည်ဆိုလျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရန် အတော်လေး လွယ်ကူသွားပေ လိမ့်မည်လို့ ယုံကြည်သည်။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က ဝမ်လင်းအတွက် မတူညီသော အဓိပ္ပာယ်များ ရှိနေသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွားပါက စစ်ထူနန်က နိုးလာမည် ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းက ခုချိန်တွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်သာ ရှိသေးပြီး နောက်ဆုံးအဆင့်နှင့် ဝေးကွာဆဲ ဖြစ်၏။ သူက နောက်ဆုံးအဆင့်သို့ ဘယ်အချိန် ရောက်မည်မှန်း မသိချေ။ သို့သော် သူက ထိုအရာအတွက် စိတ်ပူပန်မှုမရှိပေ။ အရာအားလုံးက သူ့အချိန်ရောက်လျှင် ဖြစ်လာလိမ့်မည် မဟုတ်လား။

အချို့ကောင်းကင်ဘုံ ဆေးပင်များကလည်း ဝမ်လင်းကို ဆွဲဆောင်နေ၏။ သူက သည်ဆေးပင်များကို လီမူဝမ်အတွက် ပြန်ယူသွားပေးပြီး သူမက ထိပ်တန်း အရည်အသွေး ဆေးလုံးအချို့ကို ပြုလုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ သည်အရာ သူမ၏ ကျင့်ကြံမှု အဆင့်ကိုလည်း များစွာ တိုးတက် သွားစေလိမ့်မည် ဖြစ်၏။

ဆေးလုံးများ၏ အကျိုးသက်ရောက်မှုက ဝမ်လင်း အခုလက်ရှိ အဆင့်အတွက်တော့ အရေးမပါတော့ပေ။ သူ့ကျင့်ကြံမှုအဆင့်၌ ကိုယ်ပိုင် နားလည်ခြင်းကသာ အဓိကကျတော့သည်။

သို့သော် ကောင်းကင်ဘုံ နယ်မြေမှ ဆေးပင်များနှင့် ပြုလုပ်ထားသည့် ဆေးလုံးများကတော့ မတူတော့ပေ။

သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးနောက် လေထဲသို့ ထိုးတက်သွား၍ ဝဲကတော့ ရှိရာသို့ ပျံသန်းသွားလိုက်သည်။

သူက ထိုဝဲကတော့ထဲသို့ ဝင်ရောက်သည့် အချိန်တွင် ချီဟူပေးခဲ့သော ကျောက်စိမ်းပြားကို အသုံးပြုလိုက်သည်နှင့် တွေ့ဆုံရန် ချိန်းထားသော နေရာသို့ ရောက်ရှိသွားမည် ဖြစ်၏။

ထိုအခိုက်တွင် ကောင်းကင်ဘုံ နယ်မြေ၏ အလယ်ဗဟိုရှိ အစိတ်အပိုင်း တစ်ခုပေါ်၌ ချီဟူ မတ်တတ်ရပ်လျက် ရှိသည်။ သူ့ဘေး၌ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုလည်း ရှိနေ၏။

ချီဟူမျက်လုံးများက တည်ငြိမ်လျက် ရှိသည်။ သူက သည်နေရာတွင် စောင့်ဆိုင်းနေသည်မှာ ခုနစ်ရက် ရှိနှင့်ပြီး ဖြစ်သည်။ သည်ခုနစ်ရက်အတွင်း လူရှုပ်အချို့ ရောက်လာခဲ့သော်လည်း သူက သတ်ပစ်ခဲ့၏။

သူက သည်နေရာတွင် လူနှစ်ယောက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ချီဟူက သည်နှစ်ယောက် ရောက်လာမည်ကို ၇၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိ၏။

သည်နှစ်ယောက်သည် ကျောက်စိမ်း ခေါင်းတလားကို တွေ့ပြီးနောက် သည်အရာက သူတို့နှစ်ယောက်ကို ဆွဲဆောင် နိုင်လိမ့်မည်ဟု ချီဟူက ယုံကြည်နေ၏။ တကယ်တော့ သည်ဆွဲဆောင်မှုက လူတိုင်းငြင်းဆိုရန် ခက်ခဲပေလိမ့်မည် မဟုတ်လား။

ထို့ကြောင့်လည်း ချီဟူက အလျင်လိုခြင်း မရှိဘဲ အေးဆေး စောင့်စားနေခြင်း ဖြစ်၏။

သည်နှစ်ယောက်ကို သူရွေးချယ်ခဲ့သည့် အကြောင်းက ပထမတစ်ယောက်သည် ကျော်ကြားရုံသာ မကဘဲ သူတို့ဘီလူးနတ်ဆိုး ကလန်နှင့်လည်း ဆက်နွှယ်မှု ရှိသောကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယတစ်ယောက် ကတော့ စန်နူးဆိုသည့်လူ ဖြစ်သည်။ ချီဟူက သူ့ကိုဖြတ်၍ မမြင်နိုင်ဖြစ်ရသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း သူ့ထံမှ အန္တရာယ် အငွေ့အသက်ကို ခံစားရ၏။

အချိန်အတန်ကြာ တွေးပြီးနောက် သူက စန်နူးကို ဖိတ်ခေါ်ခဲ့ခြင်း မည်၏။ တကယ်တော့ သူတို့က ပို၍သန်မာလေလေ အောင်မြင်နိုင်သည့် အခွင့်လမ်းလည်း ပိုမြင့်လေမဟုတ်လား။ သည်နှစ်ယောက် ရတနာများအတွက် သူ့ကိုသတ်ရန် ကြိုးစားသည် ဖြစ်စေ၊ မကြိုးစားသည် ဖြစ်စေ ချီဟူက သူ့အစွမ်းအစနှင့် ဆိုလျှင် လုံခြုံစွာ ရှောင်တိမ်း နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ သည်နေ့တွင် အစီအရင်က လက်ခနဲ တောက်ပ လာပြီးနောက် သည်ဧရိယာတစ်ခုလုံး တဖြည်းဖြည်းချင်း တောက်ပလာသည်။

သည်အလင်းများက ချီဟူအပေါ်၌ မည်သည့် သက်ရောက်မှုမှ မဖြစ်စေချေ။ သူက အစီအရင်ဘတ်ကို လှည့်ကြည့်၍ စိတ်ထဲက တွေးလိုက်သည်။ “သူတို့လာပြီ …” သို့သော် သူက မည်သူအရင် ရောက်လာသနည်း ဆိုသည်ကိုတော့ မသိပေ။

အစီအရင်က ပြန်လည် မှိန်ဖျော့သွားပြီးနောက် သိပ်မကြာခင်မှာ ပုံရိပ်တစ်ခု ပေါ်လာ၏။ သည်ပုံရိပ်က အလွန်လှသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သို့သော် သူမမျက်နှာက အလွန်အေးစက်လှသည်။

ချီဟူမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူမက တွေးလိုက်သည်။ “ဒါက … သူမပဲ …”

သူက ရယ်မော၍ လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူ အနီရောင်လိပ်ပြာ … ငါမင်းကို စောင့်နေတာ အချိန်ကြာနေခဲ့ပြီ …”

သည်အမျိုးသမီးက ရွှမ်ယွဲ့မှ ပါရမီရှင် အနီရောင်လိပ်ပြာပင် ဖြစ်သည်။

သူက ချီဟူကို အေးစက်စွာ ကြည့်၍ အစီအရင်ထဲမှ လမ်းလျှောက်ထွက်လာပြီး ပြောလိုက်သည်။ “နင်ပြောထားခဲ့တဲ့ အတိုင်း မဟုတ်ရင် ငါ နင့်ကို ဒီတိုင်းခွင့်လွှတ်မှာ မဟုတ်ဘူးနော် …”

ချီဟူက ယုံကြည်မှုရှိရှိ ပြုံး၍ ပြောသည်။ “ရောင်းရင်း အနီရောင်လိပ်ပြာ … စိတ်အေးအေးထားပါ။ နင်ရောက်လာပြီ ဆိုတော့ ငါနင့်ကိုပြောနိုင်ပါပြီ။ ဒီကျောက်စိမ်းပြားက ငါတို့ ဘီလူးနတ်ဆိုး ကလန်ရဲ့ ဘိုးဘေး ရှီဇူး ဟာပဲ။ သူက လိမ်စရာ အကြောင်းမရှိဘူး …”

“ရှီဇူး …” အနီရောင် လိပ်ပြာ၏မျက်နှာက စိတ်သက်သာရ ရသွားသည်။ သည်ရှီဇူးက သူမဆရာ၏ စီနီယာတစ်ယောက် ဖြစ်ပြီး သူတို့ချင်းလည်း အဆက်အသွယ် ရှိကြသည်။ တကယ်တော့ ဘီလူးနတ်ဆိုး ကလန်နှင့် ရွှမ်ယွဲ့ကလန်တို့သည် ဟင်္သာပြဒါးဂြိုဟ်၏ ဒေသခံကလန်များ မဟုတ်ကြပေ။

ထို့ကြောင့် သည်ကလန်နှစ်ခုက ဆက်ဆံပတ်သက်မှု အချို့ ရှိကြ၏။ သည်ကလန်နှစ်ခုက မဟာမိတ်ဖွဲ့ထားသည် ဟုပင် ပြော၍ ရသည်။

“ဒါက ရှီဇူးကိုယ်တိုင်ရဲ့ မှတ်တမ်းပဲ၊ ဒါကြောင့် ငါက ဒီခရီးကို မင်းနဲ့သွားဖို့ ယုံကြည်မေးလိုက်ပြီ။ ကောင်းကင်ဘုံ ကျောက်စိမ်း ခေါင်းတလားကလွဲလို့ ကျန်တဲ့ ရတနာတွေလည်း မလိုချင်ဘူး …” အနီရောင်လိပ်ပြာ၏ အသံက ဆုံးဖြတ်ချက် ပြတ်သားစွာ ထွက်ပေါ်လာသည်။

ချီဟူက မျက်မှောင် ကြုတ်မိသွားသည်။ သည်အနီရောင် လိပ်ပြာက အလွန် မောက်မာသည်ဟု ကြိတ်၍ တွေးလိုက်သည်။ သူက ကောင်းကင်ဘုံ ကျောက်စိမ်း ခေါင်းတလားကို စိတ်ဝင်စားသော်လည်း သည်ကောင်းကင်ဘုံ ဓားသုံးလက်သာ သူရပေတော့မည်။ သို့သော် စန်နူးအတွက် ဘာမှမကျန်တော့ပေ။

ချီဟူက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ “ရောင်းရင်း အနီရောင်လိပ်ပြာ။ ဒီကိစ္စက လွယ်လွယ် ဆုံးဖြတ်လို့မရဘူး။ တကယ်တော့ ငါတို့နှစ်ယောက်အပြင် နောက်ထပ် တစ်ယောက်ကိုပါ ငါက ဖိတ်ခေါ်ထားသေးတယ် …”

အနီရောင်လိပ်ပြာက တည်ငြိမ်စွာ မေးလိုက်သည်။ “အို … ဘယ်သူများလဲ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset