သည်လိုဏ်ဂူက အခန်းကိုးခန်းရှိ၏။ သည်အခန်း အားလုံးက ဗလာဖြစ်နေသည်။ သို့သော် သည်အခိုက်တွင် ဝမ်လင်းက အကြီးဆုံးအခန်းကို သေချာကြည့်လိုက်ပြီး သူက တွေးတောနေသည်။
သတ္တုအပိုင်းအစထဲတွင် သည်အခန်းများကို မည်သို့ စတင်ဖွင့်ရမည်ကို ရှင်းလင်းစွာ ပြထားသည့်အပြင် အခန်းဆယ်ခန်း ရှိကြောင်းကိုပါ ပြသထား၏။ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားအခန်းသည် ဆယ်ခန်းမြောက်တွင် ရှိနေခြင်း ဖြစ်သည်။
“အခု ကိုးခန်းပဲ ရှိနေတယ်။ ဆယ်ခန်းမြောက်က ဘယ်ရောက်နေတာလဲ …” ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။ သူက နတ်ဘုရားအာရုံဖြင့် ရှာဖွေကြည့်သော်လည်း မည်သည့်အရာကိုမျှ တွေ့ရှိရခြင်း မရှိပေ။
ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ဂူနံရံကို ထိကြည့်လိုက်သည်။ သူက ဂူနံရံ၏အေးစက်မှုကို ခံစားလိုက်ရပြီး အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေသည်။
သူက အနည်းငယ် စဉ်းစားလိုက်ပြီး သိုလှောင်အိတ်ထဲက သတ္တုအပိုင်းကို ထုတ်လိုက်၏။
သည်သတ္တုအပိုင်း ပေါ်လာသည့် အခိုက်တွင် ၎င်းနံရံက အလင်းတစ်ချက် တောက်ပသွားပြီး ပူနွေးလာခဲ့၏။ ဝမ်လင်းက စိတ်လှုပ်ရှားမိသည်။ သူက နောက်သို့ဆုတ်လိုက်ပြီး သတ္တုအပိုင်းကို လေထဲသို့ မြှောက်လိုက်သည်။
ရုတ်တရက် သတ္တုပိုင်း တောက်ပသည်ထက် တောက်ပလာခဲ့ပြီး နောက်ဆုံးတွင် အရည်ပျော်သွား၏။ သို့ရာတွင် မည်သည့် အရည်စက်မှ အောက်သို့ ကျဆင်းခြင်းမရှိချေ။ ထိုအစား ၎င်းက အငွေ့အဖြစ်သို့ ပြောင်းသွားသည်။
မှိုပွင့်သဏ္ဌာန် အခိုးအငွေ့ပုံစံထဲ၌ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနေ၏။ သည်ပုံရိပ်ထဲက လူက အလွန်ခံ့ညားလှ၏။ သူ့ဆံပင်များကလည်း လေမတိုက်ဘဲ လွင့်မြောနေ၏။ သူက ထူးဆန်းအံ့ဖွယ် ခံစားမှုကို ပေးစွမ်း၏။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ခြေလှမ်းအနည်းငယ် ဆုတ်၍ သည်ပုံရိပ်ကို ကြည့်နေလိုက်၏။
သည်ပုံရိပ် ပေါ်လာပြီးနောက် သူ့လက်က ချိပ်ပိတ်ဟန် တစ်ခုကို ပြုလုပ်လိုက်ပြီးနောက် လိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းသည့် ရွှေရောင်အလင်းတန်း တစ်ခုကို ဖန်တီးလိုက်၏။ ရုတ်တရက် လိုဏ်ဂူတစ်ခုလုံးက တုန်ခါလာပြီး တစီစီအသံများပင် ကြားရသည်။
ဝမ်လင်းအောက်ရှိ နေရာသည်လည်း တုန်ခါလာ၏။ သို့သော် သူက တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေဆဲ ဖြစ်၏။
အချိန်တစ်ခု ကြာပြီးနောက် တုန်ခါမှုက ရပ်တန့်သွား၏။ နံရံပေါ်ရှိ တစ်နေရာတွင် ခရမ်းရောင် တောက်ပနေသည့် တံခါးတစ်ခု ပေါ်လာခဲ့၏။
သည်ပုံရိပ်က ထူးဆန်းသည့် ချိပ်ပိတ်ဟန်များ ပြုလုပ်ပြီးနောက် သည်ခရမ်းရောင် တံခါးကို လက်ညှိုးညွှန်လိုက်ပြီး ပျောက်ကွယ်သွား၏။ သတ္တုအပိုင်းသည်လည်း လုံးဝ ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ သည်ခရမ်းရောင် တံခါးကို စူးစိုက်ကြည့်နေ၏။ သည်တံခါးအပါအဝင် ဆိုလျှင် သည်လိုဏ်ဂူသည် အခန်းပေါင်းဆယ်ခု ရှိသွားခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက တိတ်တဆိတ် တွေးလိုက်၏။ “ဒီပုံရိပ်က ကောင်းကင်ရတနာ ကျင့်ကြံသူပင် ဖြစ်ရမယ်။ သူက ရတနာတွေကို သန့်စင်ရာမှာ ဆရာတစ်ဆူပဲ။ လူတွေက ဒီဂူကို ရှာတွေ့မယ် ဆိုရင်တောင် လူအနည်းငယ်ကသာ အခန်းထဲမှာ ရှိတဲ့ရတနာကို ရှာနိုင်လိမ့်မယ် …”
ဝမ်လင်းက ခရမ်းရောင် တံခါးနားသို့ လှမ်းလျှောက်လာ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် စေနကပုံရိပ်က ပြသခဲ့သည့် ချိတ်တံဆိပ်များ ပြုလုပ်လိုက်ပြီး တံခါးပေါ်သို့ ဖိချလိုက်၏။ တံခါးက တဖြည်းဖြည်း ပွင့်လာခဲ့တော့၏။
ဝမ်လင်းက နတ်ဘုရားအာရံကို ဖြန့်ကြက် ကြည့်လိုက်ရာ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။
သည်ဆယ်ခန်းမြောက်က သိပ်မကြီးမားလှချေ။ သည်အခန်းထဲ၌ ပြန့်ကျဲ့နေသာ ကိရိယာ တန်ဆာပလာများ ရှိနေသည့်အပြင် မျက်စိအဖမ်းစားနိုင်သော အရာကတော့ အလယ်ရှိ မွန်းစတား ဆန်သည့် အရာဝတ္ထုသုံးခုပင် ဖြစ်၏။
သည်အရာဝတ္ထုသုံးခုက မွန်းစတားဆန်သည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ အကြောင်းမှာ သည်သုံးခုက သားရဲအရေပြားလို တစ်ခုခုနှင့် ဖုံးအုပ်ထားပြီး ဆူးများ ပြုထွက်နေဟန်ရကာ ဆူးတစ်ခုစီကလည်း လူတစ်ယောက် အရွယ်အစားလောက် ရှိနေသောကြောင့်ပင်။
သည်အရာက သည်အရာသုံးခု၏ အပေါ်ပိုင်းဖြစ်သည်။ အောက်ခြေပိုင်းကတော့ စစ်ရထားကြီး တစ်စင်းနှင့် ဆင်တူပြီး ဘီးလေးဘီးရှိနေ၏။
သည်စစ်ရထားများသည် ဆယ်ပေခန့် ကျယ်ပြောသည်။ အခန်းအလယ်ရှိ သည်ထဲက သုံးခုက အခန်းတစ်ခုလုံစာ နီးပါးကို နေရာယူထားလေ၏။
ဝမ်လင်းက အခန်းထဲသို့ လှမ်းဝင်လာချိန်တွင် သည်စစ်ရထား သုံးစင်းအထက်၌ သားရဲသုံးကောင်၏ စိတ်ဝိညာဉ်သုံးခုက ပေါ်လာခဲ့၏။ သည်သားရဲများက စစ်ရထားထက်ပင် ပို၍ ကြမ်းတမ်းမည့်ဟန် ပေါ်နေခဲ့ပြီး ဝမ်လင်းကို ဟိန်းသံပြုလိုက်သည်။
သည်စိတ်ဝိညာဉ်များတွင် ပါဝင်နေသော စွမ်းအားက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်ယင် သွားစေနိုင်သည်။ သူတို့၏ ဟိန်းသံက ထိုးဖောက်နိုင်သည့် စွမ်းအားများ ပြည့်နေပြီး လိုဏ်ဂူတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။
သည်သားရဲထဲက တစ်ကောင်က တြိဂံပုံဦးခေါင်းရှိပြီး ခန္ဓာကိုယ်က နွားသို့ပုံစံရှိ၏။ ၎င်းနောက်တွင်လည်း အမြီးတစ်ချောင်းရှိနေပြီး အလွန်ရက်စက်မည့်ဟန် ပေါ်နေခဲ့၏။ သည်အမြီးပေါ်၌ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးလို့ ယူဆလို့ရသည့် နေရာတစ်ခု ရှိနေသည်။ ၎င်းက ခေါင်းနှလုံးရှိသည်ဟု ပြောလျှင်ပင် မှားမည်မထင်။
သည်သားရဲကို ကြည့်၍ ဝမ်လင်းက ရှေးဟောင်း နတ်ဘုရားထူစီ၏ မှတ်ဉာဏ်များထဲ၌ ၎င်းနှင့်ပတ်သက်ပြီး ချက်ချင်း ရှာဖွေကြည့်လိုက်သည်။ သို့သော် သူက မည်သည့်အရာမှ မတွေ့ရချေ။ သို့ရာတွင် လောက၌ သားရဲအမျိုးအစားပေါင်းစုံ ရှိနေသည်မဟုတ်လား။ ထို့ကြောင့် ထူစီမတွေ့ကြုံခဲ့သော သာမန်မဟုတ်သည့် သားရဲများလည်း ရှိနေမည်သာ ဖြစ်သည်။
သည်သားရဲဝိညာဉ် သုံးကောင်က အလွန်ဆင်တူသည်။ မတူညီတာဆို၍ ၎င်းတို့၏ အရွယ်အစားသာ ရှိသည်။ အလယ်ရှိ အကောင်က အခြားနှစ်ယောက်ထက် အရွယ်ပိုကြီးသည်။
သည်သားရဲ စိတ်ဝိညာဉ်များ ပေါ်လာပြီးသည်နှင့် သူတို့၏ နီရဲရဲမျက်လုံးမျာဖြင့် ဝမ်လင်းကို ရန်လိုဟန်ကြည့်ကြသည်။ သူတို့က ဟိန်းသံတစ်ချက်ပြု၍ ရှေ့သို့တိုးလာပြီး ဝမ်လင်းကို စားပစ်ရန် ကြိုးစားလာသည်။ ဝမ်လင်းမျက်လုံးများက တည်ငြိမ်ဆဲပင်။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။
သို့သော် သည်သားရဲစိတ်ဝိညာဉ် သုံးကောင် ရှေ့သို့ ခုန်ထွက်လာသည်နှင့် မရေမတွက်နိုင်သော လက်မောင်းလုံးခန့် ထူသည့် ချိန်းကြိုးများက ၎င်းတို့ပေါ်၌ ပေါ်လာခဲ့၏။ သည်ချိန်းကြိုးများက သားရဲစိတ်ဝိညာဉ်များကို ဖြတ်၍ ဝမ်လင်းရှေ့ သုံးပေခန့်ထိ ရှည်ထွက်လာခဲ့၏။
သည်သားရဲ စိတ်ဝိညာဉ် သုံးကောင်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်များ သည်လည်း ချိန်းကြိုးများ၏ တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး စစ်ရထားများထဲ၌ ပြန်ပိတ်မိသွားကြသည်။
အကြီးဆုံး သားရဲစိတ်ဝိညာဉ်ကတော့ နောက်သို့နာကျင်စွာ ပြန်မဆုတ်လိုက်ရခင်မှာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သေးသည်။ သည်အခိုက်တွင် လိုဏ်ဂူက အချိန်မရွေး ပြိုကျတော့မည့် အသွင် ရှိနေခဲ့၏။
ဝမ်လင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုပြင်လိုက်သည်။ သူက သည်သားရဲ စိတ်ဝိညာဉ်များ၏ အမည်ကို မသိသော်လည်း သတ္တုအပိုင်းထဲမှ သည်သားရဲ စိတ်ဝိညာဉ် သုံးကောင်းအား မည်သို့ ထိန်းချုပ်ရမည်ကို သင်ယူပြီး ဖြစ်သည်။ သူက စစ်ရထားတစ်ခုစီသည် သားရဲစိတ်ဝိညာဉ် တစ်ကောင်စီ ရှိကြောင်းသိပြီး သည်ချိန်းကြိုးများက ၎င်းတို့ကို စစ်ရထားနှင့် သုံးပေအကွာထက်ပို မသွားရောက်ရန် ချုပ်ထိန်းထားခြင်း ဖြစ်သည်။
သည်သားရဲသုံးကောင် ရုန်းကန်နေသည်ကို တွေ့သည်နှင့် ဝမ်လင်းက သတ္တုအပိုင်းထဲက အချက်အလက်အတိုင်း ချိတ်တံဆိပ်လက်ဟန်များ ပြုလုပ်လိုက်သည်။ သူက ချိတ်တံဆိပ် ပြုလုပ်လိုက်ရာ သည်တံဆိပ်များက အနက်ရောင်ကွင်းများ အဖြစ်သို့ ပြောင်းသွားလေ၏။
သည်သားရဲ သုံးကောင်က သည်ကွင်းများကို မြင်လိုက်သည်နှင့် ပို၍ ရုန်းကန်ဖိဆန်မှု ပြုလာကြသည်။
တဖြည်းဖြည်းဖြင့် ဝမ်လင်းလှုပ်ရှားမှုများက မြန်သည်ထက် မြန်လာခဲ့ပြီးနောက် အနက်ရောင် ကွင်းများစွာ ဖြစ်ပေါ်လာခဲ့၏။ သိပ်မကြာခင်မှာပင် ကွင်းတစ်ရာကျော် ရှိလာခဲ့ပြီး အခန်းထဲ၌ ပြည့်သွားသည်။ ဝမ်လင်းက ညွှန်ကြားလိုက်ရာ သည်ကွင်းအားလုံးက ရထားတစ်ခုစီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
“ချိပ်ပိတ်ခြင်း”
သည်ကွင်းအားလုံးက မိုးရွာသလို အပေါ်က ကျလာပြီး စစ်ရထားကို လွှမ်းခြုံသွား၏။
ရထားပေါ်ရှိ သားရဲစိတ်ဝိညာဉ်က ဟိန်းသံတစ်ချက်ပြု၍ မချင့်မရဲအသွင်များ ဖြစ်လာကြသည်။ သည်ကွင်းများက သားရဲစိတ်ဝိညာဉ်ကို လွှမ်းခြုံသွားပြီးနောက် စစ်ရထားက လေထဲသို့ လွင့်မြောလာ၏။
၎င်းက လွင့်မြောနေရင်း အရွယ်အစားပါ တဖြည်းဖြည်း ပြောင်းလာခဲ့သည်။ ၎င်းက လက်တစ်ဖဝါးစာ အရွယ်အစားထိ ကျုံ့သွားခဲ့ပြီး ဝမ်လင်းလက်ပေါ်သို့ ရောက်လာခဲ့သည်။
ဝမ်လင်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ဝမ်လင်းက သည်အခန်းထဲရှိ ရထားအားလုံးကို ထိုသို့ပြုလုပ်လိုလျှင် သူက သားရဲ စိတ်ဝိညာဉ်များကို အခုလိုချိုးနှိမ်ရပေမည်။ သို့ရာတွင်သူက ခုလက်ရှိချိန်တွင် သည်လိုလုပ်ရန် လုံလောက်သော စွမ်းအား မရှိသေးပေ။ ထို့ကြောင့်လည်း သူက သည်နည်းလမ်းကို သားရဲစိတ်ဝိညာဉ်များ အိပ်ပျော်နေသည့် အချိန်ကျမှသာ အသုံးပြုနိုင်မည် ဖြစ်သည်။
အမှန်တော့ ကောင်းကင်ရတနာ ကျင့်ကြံသူသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်လက်ထဲသို့ သူ့နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားများ ကျရောက် သွားနိုင်လိမ့်မည်ဟု ထင်ထားမိခဲ့မည် မဟုတ်ချေ။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ အဆင့်တစ်ယောက်ပင် သည်စစ်ရထားများကို ထိန်းချုပ်နိုင်ရုံသာ ရှိလိမ့်မည်ဟု ယုံကြည်ထားခဲ့၏။
သူက သည်ရထားကို သိမ်းဆည်း လိုက်ပြီးနောက် ဘယ်ဘက်ရှိ စစ်ရထား တစ်ခုဘက်သို့ လှည့်လိုက်သည်။ သူက တူညီသော နည်းလမ်းဖြင့် ၎င်းပေါ်ရှိ သားရဲစိတ်ဝိညာဉ်ကို ချိပ်ပိတ်လိုက်သည်။
နောက်ဆုံးတွင် စစ်ရထားတစ်ခုသာ ကျန်ခဲ့တော့၏။ သည်တစ်ခုက အသေးဆုံး သားရဲစိတ်ဝိညာဉ် ဖြစ်သည်။ သို့သော် ဝမ်လင်းက ခုချိန်တွင် ဝမ်လင်းထိန်းချုပ်နိုင်သည့် အရာ တစ်ခုမဟုတ်သေးချေ။
သည်သားရဲ စိတ်ဝိညာဉ်က သူ့အဖော်နှစ်ယောက် အခုလို ချိပ်ပိတ်ခံလိုက်ရသည်ကို တွေ့လိုက်သည်နှင့် ဆက်၍ ဟိန်းဟောက် နေတော့သည်။
၎င်းက ကောင်းကင်ရတနာ ကျင့်ကြံသူ ကိုယ်တိုင် ပြန်ရောက်လာမည် ဆိုလျှင်တော့ အမိန့်နာခံပေလိမ့်မည်။ သို့သော် သူ့တစ်ချက်ရိုက်စာဖြင့်ပင် အသေသတ်ပစ်လို့ ရသည့် ပမွှားကျင့်ကြံသူ တစ်ယောက်က အခုလိုမျိုး ပြုလုပ်နေသည့် အတွက် အလျှော့မပေးဘဲ ဂုဏ်သိက္ခာအရ သူ့ကိုယ်သူ တင်းခံနေသည်။
ဝမ်လင်းက သည်သားရဲကို စူးရဲစွာ ကြည့်လိုက်၏။ သူက စွန့်စားမှုတစ်ခု ပြုလုပ်လိုက်ရမလား၊ မလုပ်လိုက်ရဘူးလား ဆုံးဖြတ်ရန် အခက်တွေ့နေသည်။ သူသာ အနိုင်ရမည်ဆိုလျှင် ယာယီအားဖြင့် သည်သားရဲကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သို့သော် သူသာ ဆုံးရှုံးသွားမည်ဆိုပါက အန္တရယ် ကျရောက်သွားနိုင်သည်။
အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဝမ်လင်းက သူ့လက်ထဲရှိ သားရဲချုပ်နှောင်ခြင်း လက်ကေက်ကို ထိတွေ့လိုက်သည်။ ပုံမှန်အတိုင်းဆိုလျှင် သည်သားရဲချုပ်နှောင်ခြင်း လက်ကောက်သည် အလုပ်လုပ်သင့်၏။ သို့သော် သည်သားရဲက အသက်ရှင်သန်ခဲ့တုန်းက ကောင်းကင်ဘုံသားရဲ ဖြစ်ခဲ့ပေသည်။ ပြဿနာတစ်ခုက ရှိသည်က သည်သားရဲချုပ်နှောင်ခြင်း လက်ကောက်က အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဆင်ပြေသေး၏။ မပြေသည်က သည်သားရဲချုပ်နှောင်ခြင်း လက်ကောက်က စုပ်ယူသော စိတ်ဝိညာဉ်စွမ်းအင်ကို သူတောင့်ခံ နိုင်ပါ့မလားက မသေချာ ဖြစ်နေခြင်းပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက သည်အကြံကို စွန့်လွှတ်ပြီး သည်စစ်ရထားကိုလည်း စောနကနည်းအတိုင်း ချိပ်ပိတ်မှုပြုရန် ဆုံးဖြတ်လိုက်သည်။
“ဒီနတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားက ဘယ်လောက် ကြမ်းမလဲတော့ ငါမသိဘူး။ ဒါပေမဲ့ ကောင်းကင်ရတနာ ကျင့်ကြံသူရဲ့ ယုံကြည်မှုကို ကြည့်ရင်တော့ အရမ်း အားကောင်းလောက်တယ်။ ဒီစစ်ရထားတွေ့ပေါ်မှာ ချိပ်ပိတ်ထားတဲ့ သားရဲ စိတ်ဝိညာဉ်တွေကတောင် အရမ်း အားကောင်းနေတော့ ဒီရထားရဲ့ စွမ်းအားကလည်း ပေါ့သေးသေးဖြစ်မှာ မဟုတ်ဘူး။ စိတ်မကောင်းစွာနဲ့ အခု ငါက အရမ်း အားနည်းနေသေးတော့ ဒါတွေကို အသုံးမပြုနိင်သေးဘူး …”
ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက ဘေးနားရှိ ရတနာသန့်စင်သည့် အရာဝတ္ထုများ အပေါ်သို့ အကြည့်ရွှေ့လိုက်သည်။
သူက သိုလှောင်အိတ်ထဲသို့ သည်အရာအားလုံးကို ထည့်သိမ်းလိုက်၏။ သည့်နောက် သူက ခရမ်းရောင်တံခါးထံသို့ ပြန်လျှောက်လာခဲ့ပြီး အဝင်တုန်းက အသုံးပြုခဲ့သည့်နည်းကို အသုံးပြု၍ လမ်းလျှောက်ထွက်လာခဲ့၏။
ဝမ်လင်းက တွေးလိုက်သည်။ “ဒီစစ်ရထားတွေက တကယ့်ကို အံ့အားသင့်စရာပဲ၊ ဒီရထားတွေကို အသက်သွင်းဖို့ စိတ်ဝိညာဉ် ကျောက်တုံးတွေလည်း မလိုဘူး။ ဒီရထားထဲမှာ ချိပ်ပိတ်ထားတဲ့ သားရဲစိတ်ဝိညာဉ်ရဲ့ စွမ်းအားကို အသုံးပြုလိုက်ရုံပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းတွေတော့ လိုကောင်းလိုနိုင်တယ် …”
“ဒီစစ်ရထားက အသက်သွင်းထားချိန်မှာ သားရဲစိတ်ဝိညာဉ်အပေါ် ဘယ်လို သက်ရောက်မှုမျိုးများ ရှိနေမလဲ။ ပုံမှန်အတိုင်း ဆိုရင်တော့ ကမ္ဘာကြီးပေါ်မှာက မကုန်ဆုံးနိုင်တဲ့ စွမ်းအင်အရင်းအမြစ် ဆိုတာ မရှိဘူး။ ဒီစိတ်ဝိညာဉ် သားရဲတွေကိုလည်း အကြိမ်အတော်များများ အသုံးပြုပြီးရင် ထိခိုက်ပြီး ပျောက်ကွယ် သွားနိုင်တာပဲ။ ကံမကောင်းစွာနဲ့ ကောင်းကင်ရတနာ ကျင့်ကြံသူက ဒါနဲ့ပတ်သက်လို့ ဘာအချက်အလက်မှ ချန်ထားခဲ့ခြင်း မရှိတာပဲ …”
ဝမ်လင်းက ကောင်းကင်ကို မော့ကြည့်၍ အတွေး ဆက်နက်လျက်ရှိသည်။
“ကောင်းကင်ရတနာ ကျင့်ကြံသူက သူသေဆုံးခါနီးမှာ လုံလောက်တဲ့ အချိန်မရခဲ့လို့ ဒီသတ္တုထဲမှာ အချက်အလက် အပြည့်အစုံ မထည့်သွင်းနိုင်ခဲ့တာ ဖြစ်မယ်။ ဒါကြောင့်ပဲ သူက အရေးကြီးတဲ့ အရာတွေလောက်ပဲ ချန်ထားခဲ့တာနေမယ်။ ဒီတော့ငါက စစ်ရထားတွေနဲ့ ပတ်သက်ပြီး သူမချန်ထားခဲ့နိုင်တဲ့ အကြောင်းတွေကို ကိုယ့်ဟာကိုယ် နားလည်အောင် ကြိုးစား ရှာဖွေမှုပြုရမှာပေါ့ …”
“ကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့တဲ့ ဒီခရီးစဉ်ရဲ့ ရိတ်သိမ်းနိုင်တဲ့ အကျိုးအမြတ်က အရမ်း ကောင်းလွန်းနေပြီ။ ဒါပေမဲ့ အန္တရာယ်တွေကလည်း ပြည့်နှက်လွန်းတယ်။ တစ်ခုခုသာ မှားသွားရင် ချက်ချင်း သေသွားနိုင်တယ်။ စွန့်စားမှုအန္တရာယ် ပိုများလေလေ ဆုလာဘ်ကလည်း ပိုကြီးကြီးလေလေပဲ။ ဒီစကားက တယ်မှန်တာပဲ။ ဒါကြောင့်ပဲ ငါက ချီဟူရဲ့ ဖိတ်ခေါ်မှုကို သေချာ စဉ်းစားကြည့်ဖို့လိုနေပြီ …” ဝမ်လင်းက လေထဲသို့ ခုန်တက်၍ ဤသို့တွေးတော နေလေတော့သည်။
***