ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ “ဒီနေရာကို ဝင်ရောက်ဖို့က ငါတို့နှစ်ယောက်တည်းနဲ့ဆို အလွန်ခက်ခဲမှာကို စိုးရိမ်မိတယ်…”
ချီဟူက ပြုံး၍ ပြောလိုက်သည်။ “ဟုတ်ပါတယ် … ဒါပေမဲ့ ငါက နောက်တစ်ယောက်ကိုပါ ခေါ်ထားပြီးပြီး။ ငါတို့သုံးယောက်ဆိုရင်တော့ ဒီနေရာကို သွားဖို့ အတော်လေးယုံကြည်ချက် ရှိနေပြီ…”
ဝမ်လင်းက ပြန်ပြောလိုက်၏။ “ငါခုချိန်မှာ အဖြေမပေးနိုင်သေးဘူး။ ငါ့ကို ရက်အနည်းငယ်လောက် စဉ်းစားခွင့်ပြုပါ …”
ချီဟူက ခေါင်းညိတ်လိုက်၏။ “ဒါပေါ့။ အစ်ကိုစုန်ကသာ သဘောတူမယ်ဆိုရင် ငါတို့တစ်လအတွင်း ပြန်တွေ့ကြမယ်။ တကယ်လို အစ်ကိုစုန် မရောက်လာခဲ့ရင်တော့ ငါက ဆက်စောင့်နေမှာတော့ မဟုတ်ဘူး…”
ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းပြား တစ်ခုကို ဝမ်လင်းအား ထုတ်ပေးလိုက်၏။
ဝမ်လင်းက သည်ကျောက်စိမ်းပြားသည် တာလော့ကလန်ကလို အရာမျိုးဖြစ်ကြောင်း သိလိုက်သည်။ ၎င်းက ကောင်းကင်ဘုံ နယ်မြေတွင် တည်နေရာ ရွှေ့ပြောင်းခြင်း၌ အသုံးပြုနိုင်သည်။ သို့ရာတွင် တာလော့ကလန်က ဟာဖြင့် မတူသည်က သည်ကျောက်စိမ်းပြားက အစိတ်အပိုင်း တစ်ခုတည်းကိုသာ သွားရောက်နိုင်ခြင်း ဖြစ်၏။
“အစ်ကိုက ဝဲကတော့ထဲကို ဝင်တဲ့အချိန်မှာ ဒီကျောက်စိမ်းပြားကို အသက်သွင်းလိုက်ပါ။ ဒါက အစ်ကို့ကို သတ်မှတ်ထားတဲ့ အစိတ်အပိုင်းတစ်ခုစီ ခေါ်သွားပေးလိမ့်မယ်။ အစ်ကိုစန် ငါအဲဒီမှာ စောင့်နေမယ်…” ချီဟူက ထိုသို့ပြောပြီးနောက် လက်နှစ်ဖက်ယှက်၍ ဝမ်လင်းကို နှုတ်ဆက်ကာ ဝဲကတော့ထံသို့ လှမ်းသွားလေတော့သည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်း၍ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူက အတာအဆီးအလံကို ထုတ်၍ သူ့ပတ်လည်၌ ဝန်းရံထားလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်က နာကျင်ဟန်ဖြင့် ဝမ်လင်းခန္ဓာကိုယ်ထဲမှ ထွက်လာခဲ့သည်။ ဆန်စေ့လောက်သာ ရှိသည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားက သူ့မူလ စိတ်ဝိညာဉ်အား ဝန်ပိစေနိုင်ခဲ့သည်။
သည်ကျောက်စိမ်းပြားက သူ့မူလ စိတ်ဝိညာဉ်ကို အားနည်းသွားစေခဲ့၏။ အချိန်အတန်ကြာမှ ဝမ်လင်းက မျက်လုံးပွင့်လာခဲ့သည်။ သူ့ပုံစံက ပင်ပန်းလွန်းနေသည့် အသွင် ဖြစ်နေ၏။
သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက ကျောက်စိမ်းပြားထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို မစုပ်ယူနိုင်သေးပေ။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရောက်မှာသာ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ချိုးဖျက်ရန်အတွက် ၎င်းစွမ်းအင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများက အနည်းငယ်သာ ရှိသည်ဟု ပြော၍ ရပေသည်။ အကြောင်းမှာ လူများစွာက ကောင်းကင်ဘုံ နယ်မြေထဲသို့ ဝင်ရောက်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို အရမယူနိုင်ကြ သောကြောင့် ဖြစ်၏။
အချို့သော ကလန်များတွင်ဆိုလျှင် နှစ်ထောင်ပေါင်းများစွာ ကြာသည့်အထိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို သိမ်းဆည်းထား၏။ သို့သော် အထက်တန်းလွှာများနှင့် အကြီးအကဲများကသာ ၎င်းတို့ကို အသုံးပြုခွင့် ရှိကြသည်။
တစ်စုံတစ်ယောက်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် မတိုင်ခင် စုပ်ယူလျှင် ၎င်းစွမ်းအင်က ရတနာတစ်ခု မဟုတ်ဘဲ အဆိပ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက မချိပြုံး ပြုံးလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်က များစွာ ပျက်စီးသွားခဲ့ရ၏။ သို့သော် ကံကောင်းစွာဖြင့် သူ့တွင် လေလွင့်ဝိညာဉ်များစွာ ကျန်ရှိနေသေးသည်။ အချို့လူများကို ဝါးမျိုပြီးသည်နှင့် သူ့မူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း ပြန်ကောင်း လာပေလိမ့်မည်။
သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားတစ်ခုကို လက်ထဲသို့ ထုတ်ယူလိုက်၏။ သူက ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ စိတ်ဝိညာဉ်ကျောက်တုံးနှင့် ဆင်တူသည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုအား တွေ့လိုက်ရ၏။
သို့ရာတွင် စိတ်ဝိညာဉ် ကျောက်တုံးများက စိတ်ဝိညာဉ် စွမ်းအင်များစွာ စိမ့်ထွက်လျက်ရှိပြီး ကောင်းကင်ဘုံ ကျောက်စိမ်းကတော့ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ စိမ့်ထွက်ခြင်း ဖြစ်၏။
ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ပြီးလျှင် လူတစ်ယောက်၏ တာအိုအပေါ် နားလည်သဘောပေါက်မှု တိုးလာသည့်အပြင် ကမ္ဘာပေါ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ဆက်၍ ကျင့်ကြံလို့ မရတော့သည်ကို သိပေ၏။
ထို့ကြောင့် ဝမ်လင်းက သည်ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည် မည်မျှ အဘိုးတန်ကြောင်း သိ၏။ သည်ကျောက်စိမ်းပြားကိုသာ ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ယူဆောင်သွားပြီး ထုတ်ဖော်လိုက်မည် ဆိုပါက သွေးလွှမ်း သွားပေလိမ့်မည်။ ဟင်္သာပြဒါးနိုင်ငံပင် ၎င်းအတွက် ပါဝင်လာပေလိမ့်မည်။ ဝမ်လင်းက ၎င်းကို တစ်ချက် ကြည့်ပြီးနောက် ပြန်သိမ်းထားလိုက်၏။
သည်ခရီးစဉ်တွင် သူ့မူလစိတ်ဝိညာဉ်က ဒဏ်ရအချို့ ရရှိခဲ့သော်လည်း သူရရှိခဲ့သော ရတနာများဖြင့် နှိုင်းယှဉ်လျှင်တော့ ထိုက်တန်လှ၏။ ဝမ်လင်းက အသက်ဝဝ ရှူသွင်း လိုက်ပြီးနောက် နောက်ထပ် အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။ သည်အရာက အရိုးစုရင်ဘတ်ပေါ်မှ ရရှိခဲ့သော သတ္တုအပိုင်းအစ ဖြစ်၏။
စွန်လိုင်က သည်သတ္တုအပိုင်းသည် အကာအကွယ် ကောင်းကင်ဘုံ ရတနာတစ်ခု ဖြစ်ကြောင်း သူ့ကို ပြောခဲ့၏။ သို့သော် ဝမ်လင်းက ၎င်းကို ကိုင်ဆုပ်ထားချိန်၌ သည်ရတနာသည် ကောင်းကင်ဘုံ ရတနာတစ်ခုတင် မဟုတ်ကြောင်း သိလိုက်၏။ သူက နတ်ဘုရားအာရုံဖြင့် ၎င်းကို သေချာကြည့်ရှူလိုက်၏။
သည်သတ္တုအပိုင်းထဲသို့ သူ့နတ်ဘုရားအာရုံ ဝင်ရောက်သွားသည့် အခိုက်တွင် သူ့စိတ်ထဲ၌ မူးနောက်သလို ခံစားလိုက်ရပြီး အချက်အလက်များက သူ့ခေါင်းထဲသို့ ဝင်လာခဲ့၏။
အချိန်အတန်ကြာသည့် အခါ ဝမ်လင်း၏မျက်လုံးထဲ၌ အံ့ဩမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သည်သတ္တုအပိုင်းထဲရှိ အချက်အလက်များက အမှန်တကယ်သာဆိုလျှင် သည်သတ္တုအပိုင်းသည် အရိုးစုဘေးနားရှိ ပစ္စည်းသုံးခုတွင် အဘိုးတန်ဆုံး ဖြစ်နေပေလိမ့်မည်။
သည်သတ္တု ပိုင်းက ကျောက်စိမ်းပြား တစ်ခုနှင့် ဆင်တူ၏။ ၎င်းထဲတွင် နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားဆိုသည့် နည်းလမ်းတစ်ခု ပါဝင်နေ၏။
သည်သတ္တုထဲရှိ ဖော်ပြချက်များအရ သည်အရိုးစုသည် တစ်ချိန်တုန်းက ကောင်းကင်ဘုံ ရတနာကျင့်ကြံသူဟု လူသိများခဲ့သူ ဖြစ်နေ၏။ သူက ကောင်းကင်ဘုံ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီး ကျင့်ကြံခြင်းကိုပင် လျစ်လျူရှုထားပြီး တစ်ချိန်လုံး ရတနာများကိုသာ သန့်စင်နေခဲ့၏။
အမှန်တော့ သူကောင်းကင်ဘုံ နယ်မြေသို့ ဝင်ရောက်ခဲ့သည့် အကြောင်းက သူ့ဘဝတစ်လျှောက်တွင် အကောင်းဆုံး ရတနာတစ်ခုကို ဖန်တီးနိုင်ရန် အိပ်မက်ကို အကောင်အထည် ဖော်ရန်အတွက် ဖြစ်ခဲ့၏။
ကံမကောင်းစွာဖြင့် သူ့အိပ်မက်က ကောင်းကင်ဘုံ နယ်မြေ ပျက်စီးသွားခြင်းနှင့် အတူ အဆုံးသတ်သွားခဲ့၏။ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားနည်းလမ်းက သူလိုချင်သည့် အဆင့်သို့ ရောက်သည့်အခါ သူက လိုဏ်ဂူထဲ၌ ချိပ်ပိတ်မိသွားခဲ့သည်။
ကောင်းကင်ဘုံ နယ်မြေ မပျက်စီးခင်တုန်းက သူက နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထား နည်းစနစ်အတွက် အချို့လို့အပ်သည့် အရာများကို ရှာဖွေခဲ့ပြီး ဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် သူက ၎င်းနည်းစနစ်ကို ပြန်ယူမဆောင်လာ နိုင်တော့ဘဲ သေဆုံးသွားခဲ့ရသည်။
သူက သူ့ဘဝကို အချည်းနှီး မသေဆုံးလိုခဲ့ပေ။ ထို့ကြောင့် သူမသေခင် သည်သတ္တု အပိုင်းထဲ၌ အချက်အလက်များကို နောက်မျိုးဆက်များ သိရှိရန် ချန်ထားရစ်ခဲ့သည်။
သည်သတ္တုပိုင်းထဲ၌ သည်လူက သူအပြီးမသတ် နိုင်ခဲ့သည့် နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထား နည်းစနစ်၏ အချက်အလက်များကို ချန်ထားခဲ့၏။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သည်စစ်ရထား ပြုလုပ်ရန် နည်းလမ်းက အလွန် ရှုပ်ထွေးလွန်းသည်။ လိုအပ်သော အရာဝတ္ထုများကလည်း ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် စစ်ရထားတစ်ခု ထပ်မံပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။
သို့ရာတွင် ဖော်ပြချက်များအရ ဝမ်လင်းက သည်နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားများထဲက အချို့သည် သူ့လိုဏ်ဂူထဲ၌ ရှိနေသေးသည်ဟု ပြောနိုင်ပေသည်။ သည်အရာက သူ့အား အလွန် စိတ်လှုပ်ရှားမိစေ၏။
သူက အနည်းငယ်စဉ်းစားပြီးနောက် မတ်တတ်ထရပ်လိုက်သည်။သူက အတားအဆီးအလံကို ပြန်သိမ်းလိုက်ပြီးနောက် ဝဲကတော့ ရှိရာသို့ လှမ်းလျှောက်သွားသည်။
ပလက်ဖောင်းပေါ်ရှိ လူများက ဝမ်လင်းလာနေသည်ကို တွေ့သည့်အခါ နောက်သို့ ဆုတ်ကြသည်။ သူတို့အများစုက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဝဲကတော့ထဲသို့ မဝင်ရောက်နိုင်ဘဲ ကောင်းကင်ဘုံနယ်မြေမှ ဒဏ်ရာရလာသော ကျင့်ကြံသူ တစ်ယောက်ယောက်ဆီက ပစ္စည်းများကို လုယူရန်အတွက် သည်နေရာတွင် စောင့်စားနေကြခြင်း ဖြစ်သည်။
ဝမ်လင်းက သူတို့က တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ ဝဲကတော့ထဲသို့ ခုန်ဝင်သွားလိုက်၏။
ဝဲကတော့ထဲ၌ ဝမ်လင်းခန္ဓာကိုယ်က ဆက်၍နစ်မြုပ်နေသည်။ သတ္တုအပိုင်း၏ဖော်ပြထားချက်အရ ဆိုလျှင် သည်လိုဏ်ဂူသည် ကောင်းကင်ဘုံ နယ်မြေ၏ အနောက်ဘက်တွင် ရှိကြောင်း ဖော်ပြထား၏။
သို့ရာတွင် ကောင်းကင်ဘုံ နယ်မြေက ခုချိန်တွင် အစိတ်အပိုင်းများ အဖြစ်သို့ ကွဲထွက်သွားခဲ့ပြီ ဖြစ်သည့်အတွက် သည်လိုဏ်ဂူက မည်သည့်နေရာတွင် ရှိနေကြောင်း သေချာမသိနိုင်ပေ။ တစ်စုံတစ်ယောက်က ၎င်းလိုဏ်ဂူကို ရှာတွေ့ သွားနိုင်သည်လည်း ဖြစ်နိုင်သည်။
ဝမ်လင်းက အရှေ့ဘက်ရှိ အစိတ်အပိုင်း တစ်ခုပေါ်၌ ခြေချလိုက်သည်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ပြီးနောက် ပလက်ဖောင်းပေါ်သို့ တစ်ဖန် ပြန်လာပြန်သည်။
ထို့နောက် သူက နောက်တစ်ကြိမ် ဝဲကတော့ထဲသို့ ဝင်ရောက်ပြန်သည်။ သူက ထိုသို့ အကြိမ်ပေါင်းများစွာ ပြုမူနေပြီးနောက် အနောက်ဘက်ခြမ်းရှိ အစိတ်အပိုင်း တစ်ခုပေါ်သို့ နောက်ဆုံးတွင် ခြေချနိုင်ခဲ့သည်။
ကောင်းကင်ဘုံ ရတနာကျင့်ကြံသူ၏ ဖော်ပြချက်အရ သူနေခဲ့သည့် လိုဏ်ဂူက ကျားပုံစံရှိသည့် တောင်ထဲ၌ ဖြစ်သည်။ ဝမ်လင်းက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကျားပုံစံရှိသည့် တောင်ကို မတွေ့ရပေ။
သူက အနည်းငယ် စဉ်းစားလိုက်၏။ ၎င်းတောင်ကို ရှာတွေ့ရန် ခက်ခဲလှသော်လည်း သူက လက်မလျှော့သေးဘဲ အနီးအနား ပတ်ဝန်းကျင်တွင် ဆက်လက် ရှာဖွေနေသည်။ သည်အချိန်တွင် သူက အခြားကျင့်ကြံသူ နှစ်ယောက်ဖြင့် တွေ့ဆုံခဲ့သေးသည်။ သို့သော် သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ သူ့ကို ဖြတ်ကျော် သွားခဲ့ကြသည်။
ရက်များစွာ ကြာပြီးသည့်အထိ ဝမ်လင်းက မည်သည့်အရာကိုမျှ တွေ့ရှိခြင်း မရှိသေးပေ။ ထို့ကြောင့် သူက ပလက်ဖောင်းပေါ်သို့ ပြန်တက်လာခဲ့ပြီး နောက်ထပ် ဝဲကတော့ထဲသို့ ထပ်ဝင်လိုက်၏။ ပလက်ဖောင်းပေါ်ရှိ လူများက ဝမ်လင်းသည် ဝဲကတော့ထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်သည်။ သူတို့က ဝမ်လင်း ဘာလုပ် ချင်နေသည်ကို မသိကြသလို မေးလည်း မမေးဝံ့ကြချေ။
သည်နေ့တွင် ဝမ်လင်းက သူရောက်ရှိခဲ့ပြီးသော အရှေ့ဘက်ခြမ်းရှိ အစိတ်အပိုင်းပေါ်သို့ ထပ်မံ ရောက်ရှိနေသည်။ သူက သက်ပြင်းချလိုက်၏။ သူက သည်လိုသာ ဆက်၍ရှာနေမည် ဆိုလျှင် နှစ်ပေါင်းမည်မျှ ကြာမည်ကိုပင် မသိနိုင်တော့ချေ။
သည်ကောင်းကင်ရတနာ ကျင့်ကြံသူ၏ လိုဏ်ဂူသည် အလွန်ရှာရ ခက်ခဲလှ၏။
သူက ပျံသန်းမလို လုပ်လိုက်စဉ် အကွာအဝေးတစ်ခုမှ မန္တန်ရွတ်ဆိုသံ အတက်အကျ တစ်ခုကို ခံစားမိလိုက်၏။ ထို့နောက် ဝမ်လင်းက သူရှိရာသို့ ပျံသန်းလာနေသော ပုံရိပ်နှစ်ခုအား တွေ့လိုက်ရ၏။ ရှေ့ကလူ၏ ပတ်ပတ်လည်တွင် အမည်းရောင်တိမ်များ ဝန်းရံထားပြီး သူ့နောက်ရှိ တစ်ယောက်ကတော့ လူငယ်တစ်ယောက် ဖြစ်သည်။ သည်လူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာပေါ်၌လည်း အေးစက်စက် အပြုံးတစ်ခုက ခိုတွဲနေသည်။
ထိုအခိုက်တွင် ရှေ့ကလူက ဝမ်လင်းကို သတိပြုမိသွားသည်။ သူက သူ့ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းလာပြီး လှမ်းအော်၏။ “ရောင်းရင်းကျင့်ကြံသူ … ငါ့ကိုကယ်ပါဦး …”
သည်အဖြူရောင် ဝတ်စုံနှင့် လူငယ်က၏ မျက်နှာက ရှုံ့တွသွားသည်။ သူက ယပ်တောင်ကို ထုတ်၍ ယမ်းလိုက်ရာ ရုတ်တရက် ဧရာမလက်ကြီး တစ်ဖက် ပေါ်ထွက်လာပြီးနောက် သူ့ရှေ့ကလူထံသို့ ဆန့်ထွက်လာခဲ့သည်။
သည်လူအသွင်က ပြောင်းလဲသွားသည်။ သူက ၎င်းလက်ကြီးကို မရှောင်နိုင်တော့ဘဲ အမိခံလိုက်ရသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က မရေမတွက်နိုင်သော အင်းဆက်များ အဖြစ်သို့ ပြောင်းသွားပြီး ထိုလက်ကြီးထံမှ လွတ်မြောက်သွား၏။
သည်လူက ဝမ်လင်းရှေ့ ပေတစ်ရာအကွာသို့ ရောက်လာခဲ့သည်။ ဝမ်လင်းက သည်လူငယ်သည် ဟင်္သာပြဒါးဂြိုဟ်မှ သွေးဆာမှုများ ပြည့်နေသည့် မျက်လုံးပိုင်ရှင် ဖြစ်ကြောင်း သိလိုက်သည်။
ထိုအခိုက်တွင် သူက ဆက်မပြေးတော့ဘဲ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ပြန်လှည့်ကြည့် လိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ဝမ်လင်းကို ကြည့်၍ လေးစားဟန်ပြသည်။ ထို့နောက် သူက ပြောလိုက်၏။ “ရောင်းရင်း … သင်နဲ့ ဒီကိစ္စက ဘာမှမဆိုင်ပါဘူး။ ကျေးဇူးပြု၍ ထွက်သွားပေးပါ …”
သွေးဆာနေသည့် မျက်လုံးပိုင်ရှင် လူငယ်က လျင်မြန်စွာပြော၏။ “ရောင်းရင်း ကျင့်ကြံသူ … သည်လူက ငါ့ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို လိုက်လုနေတာပါ။ ငါ့ကို ကူညီမယ်ဆိုရင် ငါတို့ နှစ်ခြမ်းခွဲယူကြမယ်…”
အဖြူရောင်အင်္ကျီနှင့် လူငယ်၏ မျက်လုံးများက ကျဉ်းမြောင်း သွားပြီးနောက် သူက ပြောလိုက်သည်။ “သောက်အဓိပ္ပာယ် မရှိလိုက်တာ … မင်းသာ ငါ့ဆီက ခိုးသွားတာကွ …”
ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။ သူက သည်ကိစ္စတွင် ဝင်ရောက်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် နောက်ဆုတ်လိုက်ပြီး ပျံသန်း ထွက်ခွာလိုက်၏။
လူငယ်၏အသွင်က ပြောင်းလဲသွားပြီး သူက ဝမ်လင်းနောက်သို့ လိုက်၍ အော်ပြောလိုက်သည်။ “ရောင်းရင်း … ငါတို့က တူညီတဲ့ ဂြိုဟ်တစ်ခုတည်းက လာခဲ့ကြတာပဲ။ တစ်ကြိမ်လောက် ကူညီပေးပါ …”
ဝမ်လင်းအသွင်က နက်မှောင်သွားပြီး သူက ပြန်လှည့်၍ အော်လိုက်သည်။ တိတ်စမ်း … မင်းတို့နှစ်ယောက်ကြားက ကိစ္စထဲ ငါ့ကို ဆွဲမထည့်စမ်းနဲ့။ “မင်းက ငါ့နောက်က ဆက်လိုက်လာမယ် ဆိုရင် ငါ့ရက်စက်မှု အတွက် အပြစ်မတင်နဲ့ …”
လူငယ်အသွင်က ပြောင်းသွားခဲ့ပြီး သူက ကျောက်စိမ်းပြားကို ပစ်၍ ဝမ်လင်းထွက်မသွားခင် လှမ်းပစ်ပေးလိုက်သည်။
“မင်းက ငါ့ကိုကူညီဖို့ ဆန္ဒမရှိမှတော့ ငါကလည်း မင်းကို ဒုက္ခနည်းနည်း ပေးရတော့မှာပေါ့။ ငါက ဒီကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ထပ်မလိုချင်တော့ဘူး …”
အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ မျက်လုံးများက လက်ခနဲဖြစ်သွား၏။ သူ့အကြည့်က ထွက်ပြေးရန် ကြံနေသော လူငယ်ထံမှ ဝမ်လင်းထံသို့ ရောက်သွားသည်။
ဝမ်လင်းက ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ကြည့်ပင်မကြည့်ဘဲ လက်ဝှေ့ယမ်းလိုက်ရာ ၎င်းက အဖြူရောင်ဝတ်စုံဖြင့် လူငယ်ထံသို့ ရောက်ရှိသွား၏။ လူငယ်က မှင်တက်သွားပြီးနောက် သူက လက်နှစ်ဖက်ကို ယှက်၍ လေးစားဟန် ပြလိုက်သည်။ “ကျေးဇူး အများကြီးတင်ပါတယ်။ ငါက စီမာယွမ်ကလန်က ခိုင်ရှူပါ။ ရောင်းရင်းကရော …”
“စန်နူး …” ဝမ်လင်းက ထိုသို့ပြောပြီးနောက် လှည့်ထွက်လာ၏။ သူက သည်နေရာတွင် ကြိုးစားရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သည်နေရာတွင် သူရှာနေသော လိုဏ်ဂူကို မတွေ့လျှင် သူက ဝဲကတော့ထံသို့ ပြန်သွားပြီး အကြိမ်အနည်းငယ် ကြိုးစား ရှာဖွေရပေဦးမည်။ တကယ်လို့ သူရှာချင်နေသော လိုဏ်ဂူကို မတွေ့လျှင်တော့ လက်လျှော့ရုံသာ ရှိတော့၏။
အဖြူရောင်အင်္ကျီနှင့် လူငယ်က လှမ်းအော်လိုက်၏။ “ရောင်းရင်းစန် … ငါက ဒီနေရာမှာ ရှာဖွေနေတာ ရက်အနည်းငယ်ရှိပြီ။ ဘာကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်မှ ရှာမတွေ့ခဲ့ဘူး။ ငါက ရောင်းရင်းရှိမှာ အခြား အစိတ်အပိုင်း တစ်ခုအတွက် တည်နေရာ ရွှေပြောင်းခြင်း အစီအရင်ရှိလား မရှိလားတော့ မသိပါဘူး။ ဒါပေမဲ့ ရှိမယ်ဆိုရင် ငါတို့တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်နိုင်တယ် …”
ဝမ်လင်းက ရပ်တန့်လိုက်၏။ သူက နောက်သို့ ပြန်လှည့်ကြည့်၍ အဖြူရောင်ဝတ်စုံနှင့် လူကို ကြည့်လိုက်သည်။ သည်လူငယ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်တစ်ယောက် ဖြစ်သည်။ သို့သော် သူစောနက ပြသခဲ့သော စွမ်းအားက အလွန် အားကောင်းလှ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် တာလော့ကလန်မှ ရခဲ့သည့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ သူက ၎င်းအထဲသို့ စိတ်ဝိညာဉ် စွမ်းအင်အနည်းငယ် ထည့်သွင်းလိုက်၏။ ထိုအခါ ကောင်းကင်ဘုံ နယ်မြေ၏ မြေပုံပေါ်လာခဲ့သည်။ မြေပုံပေါ်ရှိ အစိတ်အပိုင်း အများစုက နက်မှောင်နေသော်လည်း အစိတ်အပိုင်း သုံးဆယ်ကတော့ လင်းလက်နေ၏။
အဖြူရောင်ဝတ်စုံနှင့် လူငယ်က မြေပုံကို သေချာကြည့်ရှု လိုက်ပြီးနောက် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ၎င်းအထဲသို့ စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်ရာ နေရာ အခုနှစ်ဆယ်ကျော် လင်းလက်နေသော တူညီသည့် မြေပုံတစ်ခု ပေါ်လာခဲ့၏။
ဝမ်လင်းက အဖြူရောင် ဝတ်စုံနှင့် လူငယ်၏ လက်ထဲရှိ မြေပုံပေါ်ရှိ အစိတ်အပိုင်း ငါးခုသည် အနောက်ဘက်ခြမ်းတွင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှား မိသွားသည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်၏။ “ရောင်းရင်းစုန် … ငါ့မြေပုံက အစိတ်အပိုင်း နှစ်ဆယ့်တစ်ခုပဲ ရှိတယ်။ ရောင်းရင်းက နေရာအရေအတွက် တူညီအောင် ဖယ်ရှားပြီးမှ လဲလှယ်ရင်ကော ဘယ်လိုလဲ …”
ဝမ်လင်းက ကျောက်စိမ်းပြား အလွတ်ကို ထုတ်ယူလိုက်ပြီးနောက် ပုံတူပွားလိုက်၏။ ထို့နောက် သူက မြေပုံပေါ်မှ နေရာအနည်းငယ်ကို ဖယ်ရှား ပစ်လိုက်ပြီးနောက် အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ မြေပုံပေါ်ရှိ နေရာအရေအတွက်နှင့် တူအောင် ပြုလုပ်လိုက်၏။
အဖြူရောင်ဝတ်စုံနှင့် လူငယ်ကလည်း ကျောက်စိမ်းပြား အလွတ်ကို ထုတ်၍ သူ့မြေပုံကို ပုံတူကူးလိုက်သည်။ သည့်နောက် သူတို့က တစ်ယောက်နှင့် တစ်ယောက် ပုံတူကူးထားသည့် ကျောက်စိမ်းပြားများကို လှမ်းပစ်ပေးလိုက်ကြသည်။
“ရောင်းရင်း ကျင့်ကြံသူစုန် … သင်က ငါတို့ ပြန့်ကျဲ့ငွေရောင်ဂြိုဟ်ကို လာဖြစ်ခဲ့မယ်ဆိုရင် ငါက ကျိန်းသေပေါက် ကြိုစေနေမယ် …”
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။
“ငါထွက်သွားတော့မယ်။ ဒီခွေးကောင်က ငါ့ရှိကနေ ခိုးသွားရဲခဲ့တယ်။ သူ့ကို ခွင့်လွှတ်ပေးလို့မရဘူး…” အဖြူရောင်ဝတ်စုံနှင့် လူငယ်က ထိုသို့ပြောပြီးပြီးချင်း သည်နေရာကနေ ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကျောက်စိမ်းပြားကို ဖွင့်၍ အနောက်ဘက်ခြမ်းရှိ အစိတ်အပိုင်းထဲက တစ်ခုပေါ်သို့ လက်ညှိုးထိုးလိုက်သည်။ ရုတ်တရက် အစီအရင်တစ်ခု ပေါ်လာခဲ့ပြီး ဝမ်လင်းလည်း ပျောက်ကွယ် သွားတော့သည်။
ကောင်းကင်ဘုံနယ်မြေ၏ အနောက်ဘက်ခြမ်းတွင် ကျားပုံစံတောင်တစ်လုံး ရှိသည့် အစိတ်အပိုင်း တစ်ခု ရှိနေသည်။ သို့သော် သည်အခိုက်တွင် သည်တောင်က နှစ်ခြမ်းကွဲနေခဲ့၏။
ဝမ်လင်းက လေထဲတွင် ပျံဝဲနေရင်း သည်တောင်ကို ကြည့်နေခဲ့၏။
နောက်ဆုံးတွင်တော့ အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ အစီအရင်ထဲရှိ အနောက်ဘက်ခြမ်းရှိ နေရာငါးခုမှ သုံးခုမြောက်တွင် သည်ကျားပုံစံတောင်ကို တွေ့ခဲ့လေသည်။ ၎င်းက သတ္တုပိုင်းထဲက ဖော်ပြထားသည်နှင့် အတိအကျ မတူသော်လည်း ယေဘုယျအားဖြင့်တော့ တူညီလေ၏။
ဝမ်လင်းက ရှေ့သို့တိုး၍ တောင်ရှိရာသို့ ပျံသန်းသွား၏။ တောင်ခြေရင်းတွင် ဝမ်လင်းက ကောင်းကင်ရတနာ ကျင့်ကြံသူ၏ လိုဏ်ဂူအား တွေ့မြင်လိုက်ရ၏။
သည်လိုဏ်ဂူကို ကြည့်၍ ဝမ်လင်းမျက်နှာက နက်မှောင်သွားသည်။
သည်လိုဏ်ဂူနံရံက ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ လိုဏ်ဂူပေါ်တွင်လည်း နည်းစနစ်အချို့ အသုံးပြုထားသည့် အမှတ်အသားများ ရှိနေ၏။ ရှင်းလင်းစွာပင် သည်နေရာသည် လွန်ခဲ့သော နှစ်များစွာက ဖျက်ဆီးခြင်း ခံလိုက်ရသည့်ပုံပင်။ ဝမ်လင်းက လိုဏ်ဂူရှိရာသို့ ခပ်ဖြည်းဖြည်း ပျံသန်းလာနေသည်။
သည်လိုဏ်ဂူက အလွန်ကြီးမားခြင်း မရှိသလို မည်သည့်အရာမှ မရှိတော့သည့်အသွင် ရှိနေ၏။ ဝမ်လင်းက မချိပြုံး ပြုံးလိုက်သည်။သူက သည်လိုဏ်ဂူကို အကြိမ်များစွာ ရှာဖွေခဲ့ပြီး တွေ့သည့်အခါမှာလည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီး ဖြစ်နေ၏။
သို့သော် ထိုအခိုက်တွင် ဝမ်လင်းမျက်လုံများက ရုတ်တရက် လက်ခနဲ ဖြစ်သွားလေ၏။
***