ဝမ်လင်းအနားတွင် ဝန်းရံလျက်ရှိသော လေလွင့်ဝိညာဉ်များသည် ပလက်ဖောင်းပေါ်တွင် ရပ်နေကြသော လူများအား အေးတိအေးစက် ကြည့်နေကြသည်။
သည်လေလွင့်ဝိညာဉ်များသည် ပြင်ပတိုက်ပွဲနယ်မြေမှ လေလွင့်ဝိညာဉ်စစ်စစ်များ ဖြစ်ကြသည်။ ဝမ်လင်းက ပြင်ပတိုက်ပွဲနယ်မြေမှ သည်လေလွင့်ဝိညာဉ်များကို ခေါ်ယူလာနိုင်ရန် အတွက် လောက ဥပဒေသကို ခက်ခက်ခဲခဲ ဖြတ်ကျော်ဖို့ အတော်လေး အားစိုက်ခဲ့ရသည်။
အမှန်တော့ ဝမ်လင်းက ပြင်ပတိုက်ပွဲနယ်မြေမှ လေလွင့်ဝိညာဉ် တစ်သိန်းကို စုဆောင်း ခဲ့သော်လည်း တစ်သောင်းကိုသာ သူနှင့်အတူ ခေါ်ဆောင် လာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက သည်လေလွင့်ဝိညာဉ် တစ်သောင်းနှင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်လား၊ မနိုင်ဘူးလားကိုတော့ ခုထိမစမ်းသပ်ခဲ့ဖူးပေ။
သို့သော် ဝမ်လင်းက ရှေးဟောင်း အင်ပါယာသည် သည်မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များ၏ သတ်ဖြတ်ခြင်းကို ခံရဖူးသည်ကို မြင်ဖူးသည့် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။
သည်လေလွင့်ဝိညာဉ် အများစုနှင့် အသွင်တူသည်ဟု ထင်ရသော်လည်း တကယ်တော့ မတူကွဲပြားသည် တစ်ကောင်ရှိနေသည်။ သည်ကောင်က မကောင်းဆိုးဝါး ရှူလီကောပင်ဖြစ်၏။ သူ့တွင် အခြား လေလွင့်ဝိညာဉ်များနှင့် မတူဘဲ ဉာဏ်ရည်အနည်းငယ် ပိုင်ဆိုင်ထား၏။
သည်ရှူလီကောက သူ့သခင်ဝမ်လင်းသည် သူ့ကို ခုထိ ဂရုတစိုက် ရှိနေသေးသည်ဟု တွေးမိကာ အလွန်ဂုဏ်ယူနေဟန် ရ၏။ တတိယ၊ စတုတ္ထနှင့် ပဉ္စမမြောက် မကောင်းဆိုးဝါးများက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ခုချိန်တွင် သူက သူ့စီနီယာဖြစ်သည့် သည်လေလွင့်ဝိညာဉ်များက သူ့ကို ဝန်းရံထားသည့် အခိုက်တွင် အတော်လေး လုံခြုံသည်ဟု ခံစားမိနေသည်။
ဝမ်လင်းကို ဝန်းရံထားသော လေလွင့်ဝိညာဉ် အစုအပေါင်း ဝဲကတော့က အလွန်ကြီးမားပြီး ပလက်ဖောင်းပေါ်ရှိ လူအများက ၎င်းဝဲကတော့ကြီးကို စူးစိုက် ကြည့်နေကြသည်။ သည်လူအုပ်ထဲရှိ လူတစ်ယောက်က အခြားလူများထက် သည်ဝဲကတော့ကို ပို၍ စိတ်ဝင်စားနေသည်။ သည်လူ၏ မျက်လုံးများက တလက်လက်ဖြစ်နေပြီး သူ့နှဖူးပေါ်ရှိ ပုဆန်သင်္ကေတက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလေသည်။
သည်လူကတော့ ဘီလူးနတ်ဆိုးကလန်မှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။
သည်ပလက်ဖောင်းပေါ်ရှိ လူအများထဲက တစ်ယောက်ကတော့ မီးခိုရောင် အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးများက နက်မှောင်လို့နေပြီး မျက်နှာကလည်း ရှုံ့တွလို့နေ၏။ သူက ဝမ်လင်းရှိနေသော နေရာကို ကြည့်၍ တစ်လှမ်းချင်းရှေ့သို့ တိုးသွားနေသည်။
ဘီလူးနတ်ဆိုးကလန်မှ အဖွဲဝင်ကလည်း သည်လူကြီးကို ကြည့်နေ၏။ သို့သော် သူက ဘာမှတော့ ပြောခြင်းမပြုပေ။ ထိုအစား သူ့မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ဆင်မြန်းထား၏။ သူ့အမြင်အရ သည်လူ၏ ကျင့်ကြံမှုအဆင့်သည် စဦး စိတ်ဝိညာဉ် နောက်ဆုံးအဆင့်သာ ရှိနေသေးသည် မဟုတ်လော။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်၏ အသက်ကို ယူရန် စဦးစိတ်ဝိညာဉ် အဆင့်လောက်ဖြင့် ကြိုးစားခြင်းက ကျောက်တောင်ကို ဘဲဉနဲ့ပေါက်သလိုသာ ဖြစ်နေပေလိမ့်မည်။
မီးခိုးရောင်အင်္ကျီနှင့် လူကြီးက လေလွင့်ဝိညာဉ်များ ရှိရာသို့ တဖြည်းဖြည်းချင်း ဂရုတစိုက်သွားနေ၏။ သူက ဂါထာတချို့ ရွတ်ဆိုလိုက်ရာ သူ့လက်ထဲ၌ အနက်ရောင် မီးလုံးတစ်လုံး ပေါ်လာခဲ့သည်။
သည်မီးလုံးထံမှ အပူလှိုင်းများ ပြန့်နှံ့လာနေ၏။
သူက ဝမ်လင်းကို လောဘကြီးသည့် အကြည့်များဖြင့် ကြည့်နေခဲ့၏။ ထို့နောက် သည်အနက်ရောင် မီးလုံးကို ဝမ်လင်းထံသို့ လှမ်းပစ်လိုက်၏။
ထိုအခိုက်တွင် ဝမ်လင်းကို ပတ်ချာလည်လှည့်နေသော လေလွင့်ဝိညာဉ်များက ရပ်တန့်လိုက်ပြီး မီးခိုရောင်အင်္ကျီနှင့် လူကြီးအား စူးစိုက်ကြည့်လိုက်သည်။ ထိုအကြည့်က သူ့ကိုနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားစေ၏။
သို့သော် လေလွင့်ဝိညာဉ်များက စူးရှစွာအော်ဟစ်၍ ပျံ့နှံ့လာခဲ့သည်။ လေလွင့်ဝိညာဉ် သုံးပုံတစ်ပုံက သည်အနက်ရောင် မီးလုံးအပေါ်သို့ ခုန်အုပ်လိုက်၏။ ကျန်သည့်နှစ်ပုံကတော့ မီးခိုးရောင်အင်္ကျီနှင့် လူကြီးထံသို့ ခုန်အုပ်လိုက်သည်။ သည်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်စေ၏။
မီးခိုရောင်အင်္ကျီနှင့် လူကြီးအသွင်က ပြောင်းလဲသွားပြီး သူက ဓားတစ်လက် ထုတ်လိုက်သည်။ ထို့နောက် သူက လက်ညွှန်လိုက်ရာ သည်ဓားက လေလွင့်ဝိညာဉ်များထံသို့ ပျံသန်း တိုးဝင်သွားသည်။
သို့ရာတွင် လေလွင့်ဝိညာဉ်များက ခံနိုင်ရည်ရှိကြပေသည်။ သည်ဓားက သူ့တို့အား အနည်းငယ် နှေးကွေးသွားစေရုံသာ တတ်နိုင်ပြီးနောက် လေလွင့်ဝိညာဉ်များသည် မီးခိုးရောင်အင်္ကျီနှင့် လူကြီးအား ခုန်အုပ်လိုက်ကြသည်။
လေလွင့်ဝိညာဉ် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်က မီးခိုရောင်အင်္ကျီနှင့် လူကြီးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရာ သူ့အသွင်ကလည်း ပြောင်းလဲသွား၏။ သူက လျင်မြန်စွာ သူ့လျှာသူ ပြန်ကိုက်၍ သွေးအချို့ အန်ထုတ်လိုက်ရာ မီးတောက်များ ဖြစ်ပေါ်လာသည်။ သည်မီးတောက်များက သူ့အား ဝန်းရံလို့ သွားပြီးနောက် သူက ထိုင်ချ၍ သူ့ခန္ဓာကိုယ်ထဲရှိ လေလွင့်ဝိညာဉ်များကို အပြင်ထုတ်ရန် ကြိုးစားနေ၏။
သူ့အား ဝန်းရံထားသော မီးတောက်များ၏ ပတ်လည်ရှိ လေလွင့်ဝိညာဉ်များစွာက မီးနောက်ထဲသို့ ခုန်ဝင်လိုက်ကြသည်။ သည်မီးတောက်များက တဖြည်းဖြည်း အားပျော့သွားတော့လေ၏။
သည့်နောက် မီးတောက်ကြောင့် လေလွင့်ဝိညာဉ် အနည်းငယ် သေဆုံးသွားခဲ့ရပြီး ဝမ်လင်းနှင့် ပေသုံးဆယ်အကွာရှိ မီးလုံးလည်း ပျောက်ကွယ်သွား၏။
ကျန်နေသည့် လေလွင့်ဝိညာဉ်များက ထပ်မံ မတိုက်ခိုက်သေးဘဲ ဝမ်လင်းအား ဝန်းရံထား၍ ပလက်ဖောင်းပေါ်ရှိ လူများအား စူးရဲစွာ ကြည့်နေကြသည်။
မီးခိုးရောင်အင်္ကျီနှင့် လူကြီးက သူ့ကိုယ်သူ ကျိန်ဆဲမိသည်။ သူက သည်နေရာရှိ လူများသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြပြီး သူတို့၏ ဆိုင်ရာဂြိုဟ်များတွင် လူတော်များ ဖြစ်ကြကြောင်းကို သိသော်လည်း ခုလို အလျင်စလို လုပ်ဆောင်မိသည့် အတွက် နောင်တရနေခဲ့သည်။
သို့သော် သူက သည်လေလွင့် ဝိညာဉ်များက ထိုမျှကြောက်လန့်ဖွယ် ကောင်းလိမ့်မည်ဟု မတွေးထင်မိခဲ့ပေ။ သူ့ရန်သူ၏ ကျင့်ကြံမှုအဆင့်ကသာ အပြည့်အဝ ကောင်းမွန်နေလျှင် သည်နေ့သည်နေရာတွင် သူသေဆုံးသွား ပေလိမ့်မည် ဖြစ်၏။
သူက သူ့ကိုဝန်းရံထားသည့် မီးတောက်များသည် အားပျော့လာနေပြီး သည်ထူးဆန်းသော အကောင် (လေလွင့်ဝိညာဉ်)များစွာ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက အံကြိတ်၍ လက်ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် အပြန်လက်မှတ်တစ်ခု ပေါ်လာခဲ့၏။ သူ့မျက်လုံးထဲတွင် သူလာခဲ့သော ဂြိုဟ်ထံသို့ ပြန်မသွားချင်သည့် အရိပ်အယောင်များ ပေါ်နေခဲ့၏။
သို့ရာတွင် သူက သည်အပြန်လက်မှတ်ကို အသက်သွင်းရန် ပြင်ဆင်လိုက်သည်နှင့် ဝမ်လင်းက မျက်လုံး ပွင့်လာခဲ့ပြီးနောက် ရှေ့သို့လျင်မြန်စွာတိုး၍ လက်ဆန့်ထုတ်လိုက်ရာ သည်လက်မှတ်က ဝမ်လင်းလက်ထဲသို့ ရောက်ရှိသွားတော့၏။
မီးခိုးရောင်ဝတ်စုံနှင့် လူကြီး၏အသွင်က အတော်လေး ပျက်ယွင်းနေခဲ့ပြီ ဖြစ်သည်။ သူ့မျက်နှာက ဖြူရော်နေပြီး နှာဖူးထက်၌လည်း ချွေးစို့နေခဲ့သည်။
ဝမ်လင်းအသွင်က နက်မှောင်နေပြီး သူက လက်ဖြင့် ချေညှစ်လိုက်ရာ အားပျော့နေသော မီးတောက်များက လုံးဝ ပျောက်ကွယ်သွားသည်။ သည်မီးတောက်များ ပျောက်ကွယ်သွားသည်နှင့် မီးခိုးရောင်အင်္ကျီနှင့် လူကြီးက အထိတ်တလန့် အော်ဟစ်၍ ဝဲကတော့ ရှိရာသို့ တည်နေရာ ရွှေ့ပြောင်းလိုက်သည်။ သူ့အတွက် အသက်ရှင်သန်နိုင်ရန် တစ်ခုတည်းသော အကြောင်းရင်းက ဝဲကတော့ထဲမှ တစ်ဆင့် ကောင်းကင်ဘုံ နယ်မြေထဲသို့ ဝင်ရောက်ရန်သာ ရှိတော့သည်။
သို့သော် သည်လိုလုပ်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ လေလွင့်ဝိညာဉ်များ၏ အမြန်နှုန်းက သူ့ထက်ပိုမြန်နေခဲ့သည်။ သူက ပြန်ပေါ်လာသည်နှင့် လေလွင့်ဝိညာဉ်များက သူ့နားသို့ ရောက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး ထိတ်လန့်စွာ အော်ဟစ်၍ ပလက်ဖောင်းပေါ်သို့ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်က တွန့်လိမ်နေပြီးနောက် အကြောစွဲ၍ သေဆုံးသွားတော့သည်။
သူ့အသွင်သဏ္ဌာန် ကလည်း အရိုးစုအသွင်သို့ တဖြည်းဖြည်း ပြောင်းသွားခဲ့သည်။ လေလွင့်ဝိညာဉ်များက သူ့ခန္ဓာကိုယ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေပြီး ပျော်ရွှင်နေကြသည်ကို တွေ့ရပေမည်။
ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက အမိန့်အောက်တွင် လေလွင့်ဝိညာဉ်များက သူ့ထံသို့ ပြန်ရောက်လာကြပြီး မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ထိုအခိုက်တွင် ဘီလူးနတ်ဆိုးကလန်မှ လူကြီးက ရယ်မောလိုက်၏။သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုး၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ … စဦးစိတ်ဝိညာဉ်အဆင့် တစ်ယောက်ကတောင် သင့်ကို ထိခိုက်အောင် လုပ်ရဲလောက်အောင် သင်က ဘာကြောင့်များ ဒဏ်ရာ အပြင်းအထန် ရလာခဲ့တာလဲ …”
ဝမ်လင်းက ထိုလူကို ကြည့်၍ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ကောင်းကင်ဘုံ နယ်မြေ အစိတ်အပိုင်းတစ်ခုက ပြိုကျ ပျက်စီးသွားခဲ့လို့ပဲ …”
ဘီလူးနတ်ဆိုးကလန်မှ လူကြီးက မှင်တက်သွား၏။ သူက ဝမ်လင်းကို အံ့ဩဟန်ကြည့်၍ ပြောလိုက်သည်။ “ရောင်းရင်း … ဒီလိုအစိတ်အပိုင်းတစ်ခု ပြိုကျတာကတေ လွတ်အောင် ဘယ်သူမှ မလုပ်နိုင်သေးဘူး၊ လေးစားပါတယ် …။ ငါက ဘီလူးနတ်ဆိုးကလန်က ချီဟူပါ။ ရောင်းရင်းနာမည်က ဘယ်သူများလဲ …”
ဝမ်လင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ဒါက ကံကောင်းသွားလို့ပါ။ ငါ့နာမည်က စန်နူး …” သည်အစိတ်အပိုင်း ပြိုကျခဲ့သည့် အဖြစ်နှင့် ပတ်သက်၍ ဝမ်လင်းက မတုန်လှုပ်မိဘဲ မနေနိုင်ဖြစ်ရသည်။ သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြားကိုသာ အလျင်စလို ဝါးမျိုခြင်း မပြုခဲ့လျှင် သူက သေဆုံးပြီး ဖြစ်နေပေလိမ့်မည်။
“စန်နူး …” ချီဟူက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့မျက်လုံးက အလေးအနက်အသွင် ဖြစ်လာပြီးနောက် ထပ်မေးလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူက ဟင်္သာပြဒါးဂြိုဟ် တောင်ဘက်ခြမ်းမှာ ရှိတဲ့ ကောင်းကင် ဝိညာဉ်အဆင့် ငါးနိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ စန်မိသားစုဝင်ထဲက ကျင့်ကြံသူ တစ်ယောက်လား …”
ဝမ်လင်းက မှင်တက်သွားပြီးနောက် သူက ခေါင်းခါလိုက်သည်။
ချီဟူက အချိန်အတန်ကြာ တွေးနေခဲ့၏။ သူက စန်နူးသည် အဆင့် ငါးနိုင်ငံများထဲက တစ်ခု၏ သေချာ လေ့ကျင့်ပေးထားသော တပည့်တစ်ယောက်လို့သာ ယုံကြည်နေ၏။
တခြားတစ်ဖက်က ပြောရလျှင်တော့ အဆင့်လေးနိုင်ငံက တစ်ယောက်ယောက်ဆိုလျှင် သူမသိဘဲ နေမည်မဟုတ်ချေ။
ဘီလူးနတ်ဆိုးကလန်က အဆင့်လေးနိုင်ငံ ဖြစ်ပေမဲ့ ပါရမီရှင်များစွာ ရှိနေသော နိုင်ငံဖြစ်၏။
ချီဟူက အနည်းငယ် ချီတုံချတုံဖြစ်ပြီးနောက် မေးလိုက်သည်။ “အစ်ကိုစန် … ငါတို့နီးနီးကပ်ကပ် စကားပြောလို့ရလား …”
ဝမ်လင်းက ချီဟူကို တည်ငြိမ်စွာကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
ချီဟူက လျင်မြန်စွာ ရှေ့သို့ လှမ်းလျှောက်သွား၏။ သူက ဝမ်လင်းရပ်နေသော ပလက်ဖောင်းအစွန်သို့ ရောက်လာခဲ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ အလင်းမျက်နှာပြင်အကာ တစ်ခု ဖြစ်ပေါ်သွား၏။
ဝမ်လင်းက အပြင်ပိုင်းတွင် တည်ငြိမ်စွာ ရှိနေ၏။ သို့သော် သူက တိတ်တဆိတ် စောင့်ကြည့်ကာ အသင့်ပြင်ထားလေသည်။
ချီဟူက အေးဆေးစွာ ပြောလိုက်သည်။ “အစ်ကိုစန် … ငါတို့နှစ်ယောက်လုံးက ဟင်္သာပြဒါးဂြိုဟ်ကပဲ။ အစ်ကို ငါ့ကိုကူညီဖို့ မျှော်လင့်ပါတယ်…”
ဝမ်လင်းက ပြုံး၍ ပြန်မေးလိုက်သည်။ “အို … အစ်ကို ချီဟူ … ဘာပြဿနာရှိလို့လဲ ငါ့ကို ပြောနိုင်ပါတယ် …”
ချီဟူက အံ့ကြိတ်၍ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ဝမ်လင်းထံသို့ လှမ်းပစ်ပေးလိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။ “ဒါကို ကြည့်လိုက်ပါ … ရောင်းရင်း နားလည်သွားပါလိမ့်မယ် …”
ဝမ်လင်းကို ကျောက်စိမ်းပြားကို ဖမ်းယူ၍ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်သည်။ ဝမ်လင်းက သူ့စိတ်ခံစားမှု ထိန်းချုပ်မှုအား ခဏတာ လွတ်ကင်းသွားခဲ့ရ၏။ သည်ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသော ပုံရိပ်မှတ်ဉာဏ်များ ပါဝင်နေသည်။ သည်ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသော နေရာသည် အလွန်လှပ၏။ ပန်းများ၊ မြက်ပင်စိမ်းစိုစိုများနှင့် ကြည်လင်သော ရေများက သည်နေရာတွင် ပြည့်နေခဲ့သည်။
မျက်လုံး အဖမ်းစားနိုင်ဆုံးသော အရာကတော့ ရေကန်တစ်ကန်ပင် ဖြစ်သည်။ သည်ရေကန်ကပေါ်တွင် ကျောက်စိမ်းခေါင်းတလား တစ်ခု ရှိနေ၏။
သည်ကျောက်စိမ်း ခေါင်းတလားပေါ်၌ ကောင်းကင်ဘုံ ဓားသုံးချောင်းက စိုက်လျက်ရှိနေ၏။ သည်ဓားများက ဝမ်လင်းလိုဏ်ဂူထဲ၌ တွေ့ခဲ့ရသော အမည်းရောင်အရိုးစု၏ လက်ထဲရှိ ဓားနှင့် ဆင်တူလှသည်။
ဝမ်လင်း၏ သူငယ်အိမ်ပင် ကျုံ့သွားစေသည် အခြားအကြောင်းတစ်ခုမှာ သည်ကျောက်စိမ်း အခေါင်းတစ်ခုလုံးက ကောင်းကင်ဘုံ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်ကိုပါ တွေ့လိုက်ရသောကြောင့် ဖြစ်၏။
သည်ရေကန်အလယ်၌ အပင်အချို့က မြောလွင့်စွာ ပေါက်ရောက်နေကြသည်။ သည်အပင်များက သာမန်မဟုတ်သည်မှာ ရှင်းလင်းစွာ သိနိုင်၏။
ဝမ်လင်းက ကျောက်စိမ်းပြားကို ချီဟူအား ပြန်ပေးလိုက်၏။သူက အနည်းငယ်စဉ်းစား၍ တိတ်ဆိတ်နေဆဲ ရှိနေသည်။
ချီဟူက ဝမ်လင်းကိုကြည်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အစ်ကိုစန်…ဒီနေရာက ငါတို့ ဘီလူးနတ်ဆိုးကလန်ရဲ့ ပါရမီရှင်တွေထဲက တစ်ယောက်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက တွေ့ရှိခဲ့တာပဲ။ သူက ဒီနေရာကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေရာကို အားကောင်းလှတဲ့ အတားအဆီးတွေရယ် ကောင်းကင်ဘုံ သားရဲတွေရယ်က စောင့်ကြပ်နေကြတယ်။ ဒါကြောင့်ပဲ သူက လုံလောက်တဲ့စွမ်းအား မရှိလို့ ဒီနေရာအကြောင်းကို မှတ်တမ်းတင်ပြီးတာနဲ့ ပြန်လာခဲ့ရတယ်…”
ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ “ဒါက နှစ်တွေ ကြာလွန်းနေခဲ့ပြီလေ။ တစ်ယောက်ယောက် ထပ်တွေ့မိသွားနိုင်တာပဲ မဟုတ်လား…”
ချီဟူက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး အစ်ကိုစန်။ ငါ ကတိပေးတယ်၊ ဒီနေရာကို ဘယ်သူမှ မတွေ့သေးဘူးဆိုတာ။ စိတ်မကောင်းပါဘူး အစ်ကိုစန် … အခုချက်ချင်းတော့ ဒီလိုပြောရတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကို မပြောပြနိုင်သေးဘူး …”
***