စွန်လိုင်၏ တွက်ချက်မှုက ကောင်းမွန်လှသည်။ သူက ယပ်တောင်၏စွမ်းအားကို ထုတ်ဖော်ရန် သည်အချိန်ထိ စောင့်နေခဲ့ခြင်းဖြစ်၏။ သူ့ရည်ရွယ်ချက်က ဝမ်လင်းကို တည်ကြက်ဖြစ်စေပြီး ကောင်းကင်ဘုံသားရဲ အစာများက သူ့နောက်သို့ တရကြမ်းလိုက်နေစဉ်မှာ သူက လွတ်မြောက်နိုင်ရန် ဖြစ်၏။
မဟုတ်လျှင် သူက ရတနာကို ရခဲ့မည်ဆိုလျှင်ပင် ကောင်းကင်ဘုံ သားရဲအစာများ၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။ တကယ်တော့ သူက သူ့လက်ထဲတွင် ရာတနာကို ဆုပ်ကိုင်လိုက်သည်နှင့် ထိုသားရဲများစွာက အရင်အကြိမ်များထက် ပို၍ သူ့နောက်သို့ လိုက်ပါလာလိမ့်မည် ဖြစ်၏။
စွန်လိုင်က သည်လိုဖြစ်လာမည်ကို တွေးမိပြီးသားဖြစ်သည်။ သူက ရတနာကို ရသည်နှင့် အရိုးစုကို ဝမ်လင်း ရှိရာသို့လှမ်း ပစ်လိုက်မည်ဖြစ်သည်။ သို့ဖြစ်လျှင် သည်အစာများက ပိုနီးသော ဝမ်လင်းကို ပစ်မှတ်ထားပေလိမ့်မည်။
ဝမ်လင်းမျက်လုံးများက တလက်လက် တောက်ပနေသည်။ သူကလည်း စွန်လိုင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းသာ ဖြစ်၏။ ထို့ကြောင့် စွန်လိုင်ကို အောင်မြင်ခွင့် မည်သို့ပေးနိုင်မည်နည်း။ သည်ရေခဲနက်များက အမှန်ပင် ထူးဆန်းလှသော်လည်း သူက သူ့လက်ထဲတွင် အဘိုးအို၏ သစ်သားပန်းပုရုပ်ကို အသင့် ကိုင်ဆောင်ထားခဲ့ပြီး ဖြစ်သည်။
ရေခဲနက်များက သည်ဧရိယာကို ချိပ်ပိတ်သွားသည့် အခိုက်တွင် သည်သစ်သား ပန်းပုရုပ်ထဲမှ အချိန်ဖြတ်ကျော်ခြင်း နယ်ပယ်က အပြင်သို့ စိမ့်ထွက်လာခဲ့ပြီး ဖြစ်နေ၏။
အချိန်ရှေ့သို့ ကုန်ဆုံးခြင်း၊ အချိန်နောက်ပြန်ရွှေ့ခြင်းနှင့် အချိန်ရပ်တန့်ခြင်းတို့က အချိန်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း အချိန်နှင့်ပတ်သက်သည့် နယ်ပယ်က စွမ်းအားကောင်းနေခြင်း ဖြစ်၏။ သည်အချိန်နယ်ပယ်က အချိန်ကို ကျွမ်းကျင်စွာ ကြိုးကိုင် ခြယ်လှယ်နိုင်၏။
ဝမ်လင်းက ကောင်းကင်ဘုံ ပုတီးစေ့ထဲတွင် အချိန်အတန်ကြာ ကျင့်ကြံဖူးသဖြင့် အချိန်နှင့်ပတ်သက်၍ ကြိုးကိုင်ကစားရာ၌ ကောင်းစွာ ဖမ်းဆုပ်နိုင်သည့်သူ ဖြစ်သည်။ ထို့ကြောင့်လည်း သူက အချိန်ဖြတ်ကျော်ခြင်း နယ်ပယ် ပါဝင်သည့် သစ်သား ပန်းပုရုပ်ကို ထွင်းထုခဲ့ခြင်း ဖြစ်၏။
ထူးဆန်းအံ့ဖွယ် အလင်းတန်းတစ်ခုက သည်ပန်းပုရုပ်ထံမှ ပျံ့နှံ့လာပြီး ရေခဲနက်နှင့် တွေ့ဆုံသွား၏။ သည်ရေခဲနက်များက သန်မာလှသော်လည်း သည်အလင်းတန်းကို ခုခံနိုင်ခြင်း မရှိပေ။
သည်အချိန်နယ်ပယ်ထဲမှ စွမ်းအင်အမျှင်တန်း ထွက်ပေါ်လာပြီးနောက် ဝမ်လင်းက စွန်လိုင် တွေးထင်ထားသလို ရေခဲနက်များ၏ ပိတ်ဆို့ထားခြင်းကို မခံရတော့ပေ။ သည့်နောက် ဝမ်လင်းက လျှပ်တစ်ပြတ်ဖြင့် စွန်လိုင်ကို ကျော်သွားလိုက်ပြီး ကောင်းကင်ဘုံ သားရဲအစာများကို ဖြတ်ကျော်၍ လိုဏ်ဂူဝင်ပေါက်တွင် ပေါ်လာခဲ့၏။
“ရောင်းရင်းကျင့်ကြံသူ သင်က ငါ့ကို သန့်စင်ခြင်းသစ်သား မပေးရသေးဘဲနဲ့ ဘာလို့အလျင်လိုပြီး လိုဏ်ဂူထဲ ဝင်ချင်နေရတာလဲ…”
စွန်လိုင်က မှင်တက်သွားကာ သူ့မျက်နှာကလည်း ရုပ်ဆိုးလို့သွား၏။ သို့ရာတွင် သူက ဆုံးဖြတ်ချက် ပြတ်သားသော လူတစ်ယောက်သာ ဖြစ်၏။ သည်လိုဖြစ်လာသည်နှင့် သူ့သိုလှောင်အိတ်ထဲမှ သန့်စင်ခြင်း သစ်သားကို ဝမ်လင်းထံသို့ ချက်ချင်း ပစ်ပေးလိုက်လေသည်။
ဝမ်လင်းက ၎င်းကိုဖမ်း၍ လိုဏ်ဂူအထဲသို့ လျှောက်လှမ်းဝင်သွား၏။
စွန်လိုင်က ဝမ်လင်းကို စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ သို့သော် အချိန်အနည်းငယ်သာ ရသည်ကို သိသည့်အတွက် သူက လိုဏ်ဂူထဲသို့ အလျင်အမြန် လိုက်ဝင်သွားလေသည်။
သူက အထဲရောက်သည်နှင့် ဝမ်လင်းက အရိုးစုလည်းပင်းပေါ်မှ သတ္တုအပိုင်းကို ကောက်ယူ ထားလိုက်သည်။ သူက ကောင်းကင်ဘုံ ဓားကိုတော့ ထိပင်မထိသေးချေ။
သည့်နောက် ဝမ်လင်းက သူ့ကို ကြည့်ပင်မကြည့်တော့ဘဲ သည်ဂူထဲမှ ထွက်သွားသည်။ သူက အတားအဆီးအလံကို ထုတ်လိုက်ရာ အမည်းရောင် အခိုးငွေ့များက သူ့အား ဝန်းရံသွားပြီးနောက် ဝမ်လင်းက ဂူနံရံတစ်လျှောက် အပေါ်သို့ လျင်မြန်စွာ ပျံတက်သွား၏။
စွန်လိုင် မျက်လုံးများက နီရဲနေသည်။ သူက ဝမ်လင်းကို ဂရုစိုက်ချိန်မရှိဘဲ ထိုကောင်းကင်ဘုံဓားကို ဆုပ်ကိုင်လိုက်၏။ သည်အခါ သူက နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့လက်ကို အကြိမ်များစွာ တစ်ခုခုနှင့် ထိုးစိုက်နေသလို ခံစားလိုက်ရ၏။ ဓားထံမှ စွမ်းအင်အချို့ ထွက်ပေါ်လာပြီးနောက် သူ့လက်ကို ထိုးဖောက်သွားပြီး လည်းပင်းကို ရိုက်ခတ်ပြန်သည်။ သည်စွမ်းအင်အချို့က သူဝတ်ဆင်ထားသော ငွေရောင် ချပ်ဝတ်ကိုပင် အရည်ပျော်ကျ သွားစေခဲ့၏။
စွန်လိုင်က သူ့လက်ကို နောက်သို့ အလျင်အမြန် ပြန်ရုတ်လိုက်ပြီး ဓားကိုမယူတော့ဘဲ လက်လျှော့လိုက်သည်။ သူက ဒေါသတကြီးအော်၍ လိုဏ်ဂူထဲမှ တစ်ဟုန်ထိုး ထွက်သွားလေသည်။ သူက အသက်ရှူကြိမ် ရှစ်ခါစာလောက်သာ လိုဏ်ဂူထဲမှထွက်ပြီး အပေါ်သို့ရောက်ရန် အချိန်ရတော့သည်ကို သိလိုက်၏။ သူက သည်ထက်နောက်ကျမှ ထွက်ခွာလျှင် အန္တရာယ် ရှိလာတော့မည် ဖြစ်သည်။
သို့သော် ပြီးပြီးစုံသော ကြိုတင် တွက်ချက်မှုဆိုတာ မရှိပေ။ အမည်းရောင် ကောင်းကင်ဘုံ အစာများက ရေခဲနက် အရံအတားကို ချိုးဖျက်၍ စူးရှစွာအော်ဟစ်ကာ စွန်လိုင်ထံသို့ တိုးဝင်လာတော့သည်။
စွန်လိုင်အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက မယုံနိုင်ဖြစ်နေ၏။ သူ့ဆရာက သည်ရတနာသည် သည်ဧရိယာကို အသက် ဆယ်ကြိမ်ရှူစာလောက် အေးခဲနိုင်သည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ အခု ဘာကြောင့်များ သည်ကြာချိန်ထက် နည်းသွားရသနည်း။
စွန်လိုင်က တုန်လှုပ်နေသည်။ သူ့တွက် ရှောင်ပြေးရန် အချိန်မရှိပေ။ သူက သေခြင်းတရားသည် သူနှင့်နီးကပ်လာသည်ဟု ခံစားနေရ၏။
သူ့မျက်လုံးများက ရူးသွပ်မှုများ ပြည့်နေ၏။ သူက နှာဖူးကို လက်ဖြင့်သပ်လိုက်ရာ အနက်ရောင် အစေ့တစ်စေ့ ထွက်ပေါ်လာသည်။ သူ့ပုံစံက ရူးသွပ်ကြေကွဲနေသည့် အသွင် ဖြစ်နေသည်။
သည်အနက်ရောင် အစေ့က သူ နှစ်ရာပေါင်းများစွာ ကျင့်ကြံပြီးနောက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ရောက်သည့်အချိန်ကျမှ အစိုင်အခဲတစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့သည့် အရာပင်။ သူ့ကလန်၏ ကျင့်ကြံမှုနည်းလမ်းအရ သည်အနက်ရောင် အစေ့သည် ဒုတိယ မူလစိတ်ဝိညာဉ် ဖွဲ့တည်ရန်အတွက် သော့ချက်တစ်ခု ဖြစ်၏။ သူက သည်အနက်ရောင် အစေ့ကို ဆုံးရှူံးသွားသည်နှင့် သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့်မှ စဦး စိတ်ဝိညာဉ်အဆင့်သို့ လျော့ကျသွားမည် ဖြစ်၏။
စွန်လိုင်က မျက်လုံးမှိတ်ကာ ပြောလိုက်၏။ “ပေါက်ကွဲစမ်း…”
အနက်ရောင်အစေ့က အမည်းရောင် အလင်းများ ထုတ်လွှတ်လာပြီး ရုတ်တရက် ပေါက်ကွဲသွား၏။
ထိုအခါ ကောင်းကင်ဘုံ သားရဲအစာများသည် ပျောက်ကွယ် သွားတော့၏။
အနီးအနား ပတ်ဝန်းကျင်ရှိ လိုဏ်ဂူများပါ ချက်ချင်း ပျောက်ကွယ် သွားခဲ့ရသည်။
သည်အစေ့၏ ပေါက်ကွဲစွမ်းအားက သည်အစိတ်အပိုင်း၏ ခုခံနိုင်သော အကန့်အသတ်ကို ရောက်သွားခဲ့၏။ ထို့ကြောင့် သည်အစိတ်အပိုင်းက စတင် ပြိုကျလာခဲ့တော့သည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ကလည်း ကောင်းကင်ထက်တွင် ပေါ်လာခဲ့ပြီး ပိုကြီးသည်ထက် ကြီးလာခဲ့ကြသည်။
မြေပြင်ပေါ်ရှိ ချော်ရည်ပူများကလည်း လေထဲသို့ တိုင်အောင် ပေါက်ကွဲကုန်ကြသည်။ ကောင်းကောင်နှင့် မြေကြီးသည် တုန်ခါလှုပ်ယမ်းနေပြီး သေခြင်းတရားက သိပ်မကြာခင်မှာပင် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ နေရာ အများအပြားသည် ပျောက်ကွယ် သွားခဲ့လေ၏။
စွန်လိုင်က သည်အနက်ရောင် အစေ့ကို ပေါက်ကွဲလိုက်သည်နှင့် တစ်ပြိုက်နက် သူ့ခန္ဓာကိုယ်ကလည်း ပျောက်ကွယ် သွားလေ၏။
ဝမ်လင်းကတော့ လွတ်မြောက်ရန် ကြိုးစားနေစဉ်မှာပင် သူ့အောက်မှ အဖျက်အစီးအား တစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရ၏။ သည်ထူးဆန်းသော အဖျက်အစီးအားက တည်နေရာ ရွှေ့ပြောင်းခြင်းကို ဟန့်တားထားသည့် ထူးဆန်း စွမ်းအားကိုပါ ပျက်စီးသွားစေ၏။
ဝမ်လင်းက ရုတ်တရက် တုန်လှုပ်သွား၏။ သူက တည်နေရာ ရွှေ့ပြောင်းခြင်းကို ပြုလုပ်မလို ဟန်ပြင်ပြီးမှ သူ့ကိုယ်သူ အတင်းပြန်ရပ်တန့် လိုက်၏။ သူက ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံးက တုန်ခါပြီး ပလုံစီနေသော အသံများလည်း ထွက်ပေါ်နေသည်ကို ခံစားမိသည်။
“ဒီကောင်းကင်ဘုံနယ်မြေ အစိတ်အပိုင်းက ပြိုကျနေတာလား …” ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းခြင်း မပြုတော့ပေ။ မဟုတ်လျှင် သူက အထူး အက်ကွဲကြောင်းထဲသို့ ကျရောက် သွားနိုင်သည် မဟုတ်လော။
ဝမ်လင်းက ကြိတ်၍ ကျိန်ဆဲလိုက်သည်။ သူက အတားအဆီးအလံကို သူ့အား ဝန်းရံထားစေပြီး အလင်းတန်းအလား ရှေ့သို့ တစ်ဟုန်ထိုး ဆက်သွားသည်။ သည်အခြေအနေကြောင့် သူ့အမြန်နှုန်းက ပုံမှန် အခြေအနေသို့ ပြန်အသုံးပြုလို့ ရနေခဲ့ပြီ ဖြစ်သည်။
သို့သော် ပြိုကျသည့်နှုန်းက ပို၍ မြန်ဆန်လာသည်။ ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက်ကြည့်လိုက်ရာ ပေတစ်ထောင် အတွင်းတွင် တစ်ခုတည်းသော ရှိနေသည့်အရာက အနက်ရောင် ဟင်းလင်းပြင် တစ်ခုသာရှိကြောင်း သတိပြုမိလိုက်သည်။
သည်ဟင်းလင်ပြင်က အရာအားလုံးက ဝါးမျိုနေသည့် ပါးစပ်ကြီး တစ်ခုဖြင့်ပင် ဆင်တူနေ၏။
သူက တုန်လှုပ်နေမိသည်။ သည်အစိတ်အပိုင်း ပြိုကျမှုက ဆက်လက် ဖြစ်ပေါ်နေပြီး မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်က ပေငါးရာလောက် ချဲ့လာခဲ့သည်။
ဝမ်လင်းက အသက်ဝအောင် ရှူသွင်း၍ အပေါ်သို့ လျင်မြန်စွာ ပျံတက်သည်။
သည်ဝါးမျို ပျက်စီးနှုန်းက ပိုပိုမြန်လာခဲ့သည်။
ဝမ်လင်းမျက်နှာက ဖြူရော်နေ၏။ သူက မြေပြအထက် အတော်ဝေးဝေးတွင် ရှိနေခဲ့သည်။ ဝါးမျိုပျက်စီးနှုန်း ကလည်း အလွန်မြန်နေခဲ့သည်။
သူက ကြမ်းတမ်းစွာ လုပ်တော့မည် အသွင်ဖြစ်လာသည်။ ထို့နောက် သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို သိပ်သည်းထားသော သလင်းတုံးတစ်ခုကို ထုတ်ယူလိုက်သည်။
ပျက်စီးဝါးမျိုသည့် နှုန်းကလည်း သူနှင့်ပို၍ နီးကပ်လာခဲ့သည်။ ပေတစ်ရာ … ပေငါးဆယ်၊ ပေသုံးဆယ် …
ဝမ်လင်းက ပေသုံးဆယ်အကွာသို့ ရောက်လာသည့်အခါ သူ့ရှေ့တွင် စောနက ဟင်းလင်ပြင်ကြီးက ပါးစပ်ဟ လာသလား ထင်မှတ်လိုက်ရသည်။
သူက ပထမဆုံးအကြိမ် အဖြစ် ကောင်းကင်ဘုံ သလင်းကျောက်ကို မျိုချလိုက်ရာ သူ့စိတ်ဝိညာဉ်က နာကျင်သွား၏။ သည်နာကျင်မှုက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က အချိန်မရွေး ပြိုကျ ပျက်စီးသွားနိုင်လေ၏။ သူက နာကျင်မှုနှင့် စွမ်းအားအမျှင်တန်း မွေးဖွားမှုကြား ရောက်ရှိနေခြင်းပင်။ သည်စွမ်းအားက သူသည် ကမ္ဘာတစ်ခုကိုပင် ကိုင်ဆောင် ထားနိုင်သည်ဟု ခံစားမိစေ၏။
ပတ်ဝန်းကျင်ရှိ လေဟာနယ်အဟက ပို၍နီးကပ်လာခဲ့သည်။ ပေ သုံးဆယ်၊ နှစ်ဆယ်၊ ဆယ်ပေ …
ထိုအခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်က ကြယ်ပျံ တစ်စင်းအလား ရှေ့သို့ တစ်ဟုန်ထိုး ထိုးတက် သွားတော့သည်။ သည်ဟင်းလင်းပြင်က ဝမ်လင်းအနားသို့ ရောက်လာသည့်အခါ သူ့အမြန်နှုန်းက အဆမတန် တိုးတက်သွားပြီး အပေါ်သို့ စောင့်တက်သွားတော့သည်။
သူက မြေပြင်ပေါ်မှ အပေါ်သို့ တစ်ဟုန်ထိုး တက်လာသည့် အခိုက်တွင် သည်အစိတ်အပိုင်းရှိ မြေပြင်အများစုက ဟင်းလင်းပြင် စုပ်အားထဲသို့ ကျရောက်သွားခဲ့ပြီး ဖြစ်နေသည်။
သူ့အောက်တွင်တော့ အလင်းတိုင် အနည်းငယ် ရှိနေ၏။ သို့သော် ၎င်းအလင်းတိုင်များ ကလည်း တုန်ခါနေခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။
ကောင်းကင် တစ်ခုလုံးတွင်လည်း အက်ကွဲကြောင်းများ ပြည့်နေ၏။
သို့သော် ဝမ်လင်းက သည်အက်ကွဲကြောင်းများကို မခံစားမိပေ။ အကြောင်းမှာ သူ့အမြန်နှုန်းက ကြယ်ပျံတစ်စင်းထက် ပိုမြန်သည့် အခြေအနေတစ်ခုသို့ ရောက်သွားခဲ့ပြီး ထိုအမြန်နှုန်းဖြင့် ပျံသန်း တက်သွားကြောင့်ပင်။
ဝမ်လင်းက ကောင်းကင်ထက်တွင် ဖီးနစ်တစ်ကောင်အလား ပျံသန်းနေ၏။ သို့သော် ရုတ်တရက် အက်ကွဲကြောင်းများက ချိတ်ဆက်သွားပြီး သူ့ရှေ့တွင် လေဟာနယ် အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့သည်။
ဝမ်လင်းက ၎င်းအက်ကွဲကြောင်းကြီးထဲသို့ ရုတ်တရက် ဝင်သွားခဲ့သည်။ ထို့နောက် သူက အနက်ရောင်ရှိသည့် အေးစက်သော လေများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။ သည်လေအေးများ၏ လှုံ့ဆော်မှုအောက်တွင် ဝမ်လင်းစိတ်က ရုတ်တရက် ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့၏။
သူက သူ့ခန္ဓာကိုယ်ကို နောက်သို့ ပြန်ဆုတ်ရန် ထိန်းချုပ်လိုက်သည်။ သူက အနည်းငယ် ရုန်းကန်ပြီး နောက်မှာတော့ သည်အက်ကွဲကြောင်းကြီး ထဲကနေ ထိုးထွက်လာနိုင်ခဲ့သည်။
သည်စိတ်ရှင်းလင်းမှု အခိုက်ကို အသုံးပြု၍ သူက အထူး အက်ကွဲကြောင်းများကို ရှောင်ရှားလာခဲ့သည်။ သည်အစိတ်အပိုင်းက လုံးဝ ပြိုကျသွားသည့် အခိုက်မှာတော့ သူက ရုတ်တရက် ကောင်းကင် အမြင့်ထက်တွင် ပျောက်ကွယ် သွားတော့သည်။
သူက သူ့အထက်ရှိ ဝဲကတော့ကို မြင်ရသည့်အထိ ပို၍ မြင့်သည်ထက်မြင့်အောင် ပျံသန်းလာခဲ့သည်။ သည်ဝဲကတော့က သူ ကောင်းကင်ဘုံ နယ်မြေထဲသို့ ဝင်ရောက်ခဲ့သော နေရာပင် ဖြစ်ချေသည်။
သည်ဝဲကတော့ အောက်တွင် ပလက်ဖောင်းတစ်ခု ရှိနေ၏။ သည်ပလက်ဖောင်းပေါ်တွင် ရှိနေသော လူတချို့က သူ့အား ကြောင်ငေး နေကြလေသည်။
ဝမ်လင်း ခန္ဓာကိုယ်က ပလက်ဖောင်းပေါ်တွင် ပေါ်လာခဲ့၏။ သူက သွေးတစ်လုတ်အပြည့် အန်ထုတ် လိုက်ရပြီးနောက် လဲကျသွားသည်။ သူက နောက်ဆုံးလက်ကျန် စွမ်းအားကို အသုံးပြု၍ သူ့မျက်ခုံးနှစ်ခုကြားကို ထိတွေ့လိုက်ရာ မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များက သူ့နှာဖူးထဲမှ ထွက်လာခဲ့တော့သည်။
ဝမ်လင်းက ပြင်ပတိုက်ပွဲနယ်မြေမှ ကဲ့သို့ သည်လေလွင့်ဝိညာဉ် ထောင်ပေါင်းများစွာကို စုစည်းလိုက်သည်။ သည့်နောက် သည်လေလွင့်ဝိညာဉ်များ စုစည်းမှုက သူ့ပတ်လည်တွင် လေဆင်နှာမောင်း တစ်ခုအလား ဝန်းရံထားသည်။ သည်အဖြစ်က ပလက်ဖောင်းပေါ်ရှိ လူတိုင်း၏ အသွင်အပြင်ကို ပြောင်းလဲသွားစေပြီး အကုန်လုံးနောက်သို့ ဆုတ်လိုက်ကြ၏။
ဝမ်လင်းက မြေပေါ်တွင် လှဲလျောင်းလျက်ရှိသည်။ သူက ကြာပွင့်သဏ္ဌာန်ထိုင်၍ သူ့ရှေ့ရှိ ဆေးပုလင်း ခုနစ်ခု၊ ရှစ်ခုထဲမှ ဆေးလုံးများကို မျိုချ၍ စတင် ကျင့်ကြံလိုက်သည်။
***