ဝမ်လင်းတို့ နှစ်ယောက်လုံးက ဆုံးဖြတ်ချက် ပြတ်သားသူများ ဖြစ်သဖြင့် သူတို့က သဘော တူညီချက် ပြုလုပ်ပြီးသည်နှင့် တုံ့ဆိုင်းခြင်း မရှိဘဲ အပျက်အစီးပုံကို ဖြတ်၍ ကောင်းကင်ဘုံ သားရဲအစာများရှိသည့် လိုဏ်ဂူသို့ လျင်မြန်စွာ သွားလေသည်။
သူတို့နှစ်ယောက်က လှိုဏ်ကို လှမ်းမြင်နေရသည်။
စွန်လိုင်က လိုဏ်ဂူကို အကွာအဝေးတစ်ခုမှ လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းကင်ဘုံ သားရဲအစာတွေက ဒီကောင်းကင်ဘုံ သားရဲ ဘုရားကျောင်းထဲမှာ ဒီလောက် အများကြီး ရှိနေတာ ငါတကယ်မယုံနိုင်ဘူး။ ဒါကလည်း အမည်းရောင် ကောင်းကင်ဘုံ သားရဲအစာ ရှိနေလို့ပဲ ဖြစ်မယ်။ ရောင်းရင်း ကျင့်ကြံသူက ဘာကြောင့်များ အမည်းရောင် ကောင်းကင်ဘုံ သားရဲအစာတွေ ရှိနေလည်း ဆိုတာ သိနေတာလား…”
ဝမ်လင်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ “ငါက အမည်းရောင် အရိုးစုနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်နေတယ်လို့ ယုံကြည်တယ်…” သူက အမည်းရောင် လိုင်းများကို ပထမဆုံး အကြိမ် မြင်လိုက်သည့် အချိန်ကို ပြန်သတိရမိလိုက်၏။ ၎င်းက အရိုးစုထဲတွင် ဝင်လိုက်ထွက်လိုက် လုပ်နေခဲ့သည် မဟုတ်လား။ ၎င်းလိုင်းများ အမည်းရောင် အရိုးစုထဲသို့ ဝင်သည့် အချိန်တိုင်း အရိုးစုက တုန်ခါသွားပြီး အသက်ပြန်ဝင် သလိုပင် ဖြစ်သွားခဲ့ပေသည်။
စွန်လိုင်က ကျောက်စိမ်းပြားကို အောက်ချ၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူရဲ့ အတွေ့အကြုံ တွေကတတော့ သာမန် မဟုတ်ဘူးပဲ။ ဒီကောင်းကင်ဘုံ သားရဲအစာတွေက ကောင်းကင်ဘုံ နယ်မြေ မပျက်စီးခင်တုန်းက ကောင်းကင်ဘုံ ကျင့်ကြံ သူရဲ့ အသွေးအသားနဲ့ ဝိညာဉ်ကိုတောင် နည်းလမ်းတချို့ အသုံးပြုပြီး ဝါးမျိုနိုင်ခဲ့တယ်။ ဒီအစာတွေက အရိုးစုထဲမှာ ပုန်းအောင်းနေခဲ့ပြီး အချိန်ကြာလာတဲ့ အခါမှာ ၎င်းရဲ့ ကိုယ်ပိုင် နယ်ပယ်ကို ရလာလိမ့်မယ်။ ဒါ့ကြောင့်မို့ပဲ မူလကောင်းကင်ဘုံ သားရဲ အစာတွေရဲ့ သားလောင်းတွေက ဒီနေရာမှာ ပေါက်ဖွား လာခဲ့ပြီး အများကြီး ရှိနေခဲ့တာဖြစ်မယ်…”
ဝမ်လင်းက တိတ်ဆိတ်နေဆဲပင်။
စွန်လိုင်က အရေးတကြီး ထပ်ပြောလိုက်သည်။ “ရောင်းရင်း…ငါက ဒီကောင်းကင်ဘုံ သားရဲအစာတွေကို နည်းစနစ်တစ်ခုနဲ့ သွေးဆောင်နိုင်တယ်။ ငါတို့က ဒီကောင်တွေကို သတ်နိုင်သလောက် သတ်ပြီးရင် အမည်းရောင်လိုင်းက လှုပ်ရှားလာလိမ့်မယ်။ ငါတို့နှစ်ယောက် ပထမ တွေ့ခဲ့တဲ့နေရာမှာ ပြန်စုံကြမယ်…”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သားရဲထိန်းချုပ်ခြင်း လက်ကောက်က မိုးကြိုးဖားပြုတ် အဖြစ်သို့ ပြောင်းသွားသည်။
“မိုးကြိုးဖားပြုတ်…” စွန်လိုင်က ဝမ်လင်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ သူက အခုချိန်တွင် ဝမ်လင်းသည် သူ့ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားကြောင်း ပိုသေချာပြီဟု ထင်လိုက်သည်။ မဟုတ်လျှင် အခုလို ရှားပါးသားရဲကို ဝမ်လင်းက ဖမ်းနိုင်ပါ့မည်နည်း။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ စလုပ်ကြစို့…”
စွန်လိုင်က ဘာမှပြန်မပြောတော့ဘဲ ချိပ်ပိတ်မှု တစ်ခုပြုလုပ်၍ အော်လိုက်သည်။ ထိုအခါ သူ့နောက်ရှိ ဓဦးက ချက်ချင်း ပျံထွက်လာပြီး လိုဏ်ဂူထဲသို့ ဝင်ရောက်သွား၏။
သည်ဓားက သူတို့နှစ်ယောက်ရှိရာ နေရာသို့ သိပ်မကြာခင်မှာ ပြန်လှည့်လာခဲ့၏။ သည်ဓားနောက် တွင်လည်း ကောင်းကင်ဘုံ သားရဲအစာများက လိုက်ပါလာသည်။ သည်အစာ များစွာက စွန်လိုင်နှင့် ဝမ်လင်းထံသို့ ခုန်တိုးဝင် လာခဲ့သည်။
သည်အစာအလင်းများက သူ့တို့ခန္ဓာကိုယ်ကို ထိတွေ့မိသည်နှင့် အရိုးစုဘဝသို့ ရောက်သွား ပေလိမ့်မည်။
စွန်လိုင်က တစ်ချက် အော်ဟစ်၍ သူ့ထံတွင် ရှိနေသော ကျောက်စိမ်းပြား များကို ပေါက်ခွဲ လိုက်သည်။ သည်ကျောက်စိမ်းပြား များထဲမှ သက်တံရောင် အခိုးငွေ့များ ထွက်လာပြီး သားရဲ အစာများကို လွှမ်းခြုံသွားသည်။ သိပ်မကြာခင်မှာ သည်သားရဲ အစာများက မြေပေါ်သို့ ကျရောက်သွားပြီး တွန့်လိန်သွား၏။
သို့ရာတွင် အခိုးငွေ့များက သိပ်မကြာခင်မှာပင် ပျောက်ကွယ်သွားသည်။ စွန်လိုင်က နောက်သို့ ဆုတ်၍ သူ့ခေါင်းပေါ်ရှိဓားကို ၎င်းကျွင်းကျန်နေသော အစာများထံသို့ ညွှန်လိုက်သည်။ ဓားစွမ်းအင်များက သားရဲအစာများထံသို့ တန်းမတ်စွာ ဝင်သွားသည်။ ၎င်းစွမ်းအင် ဖြတ်သွားသည့် လမ်းကြောင်းတွင် သားရဲအစာများစွာ သေဆုံးသွားရ၏။
မည်သို့ပင် ဖြစ်စေကာမူ သည်လိုဏ်ဂူ လမ်းကြောင်းက သားရဲအစာများစွာဖြင့် ပြည့်နှက် နေဆဲပင်။
စွန်လိုင်က နောက်သို့ ထပ်မံ ဆုတ်လိုက်သည်။ ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် မိုးကြိုးသားရဲက အလင်းလုံးကို ထုတ်လွှတ် လိုက်သည်။ သည်အလင်းလုံး၏ လှိုင်းများနှင့် ထိမိသော သားရဲများ၏က တွန့်လိမ်သွားပြီး အလင်းအောက်တွင် ပျောက်ကွယ် သွား၏။
စွန်လိုင်က မှင်တက် သွားမိသည်။ သူက သည်မိုးကြိုးဖားပြုတ်၏ အလင်းလုံးသည် ထိုမျှ အားကောင်း လိမ့်မည်ဟု မထင်မိခဲ့ချေ။
သည်အလင်းလုံးက ဆယ်မီတာခန့် ရှေ့သို့ သွားပြီးမှ ပျောက်ကွယ် သွားသည်။ သို့ရာတွင် သားရဲအစာများက သူတို့ နှစ်ယောက်ထံသို့ ဂရုမစိုက်ဘဲ တိုးဝင်လာဆဲပင်။
ဝမ်လင်းက နောက်သို့ ဆုတ်၍ မိုးကြိုးသားရဲကို လက်ညှိုး ထိုးလိုက်သည်။ သည်အခါ မိုးကြိုးသားရဲက နောက်ထပ် အလင်းလုံး တစ်လုံးကို သားရဲ အစာများထံသို့ ထပ်မံ ပစ်လွှတ် လိုက်ပြန်၏။
သည်အလင်းလုံး ထပ်မံ ထွက်လာသည်ကို တွေ့လိုက်သည့် အခါ သားရဲအစာများက အလင်းလုံးနှင့် ဝေးရာသို့ ကြောက်လန့်ပြီး နောက်သို့ ဆုတ်လေသည်။
သို့ရာတွင် ထိုအခိုက်၌ သားရဲများကြားရှိ အမည်းရောင်လိုင်းက စူးရှသော အသံပြု၍ ထွက်ပေါ်လာသည်။ သည်အမည်းရောင်လိုင်းက အခြားသားရဲ အစာများကို ဖြတ်ကျော်၍ အလင်းလုံးထံသို့ အထိတ်တလန့် မရှိဘဲ တိုးဝင်လာခဲ့သည်။
မိုးကြိုးသားရဲက အလင်းလုံးနှစ်ခုကို ထုတ်လွှတ်ပြီးနောက် အလွန်မောပန်း အားနည်း သွားသည်။ ဝမ်လင်းက အမည်းရောင်လိုင်းကို တွေ့မြင်လိုက်သည့် အခါ သူက တုံ့ဆိုင်းခြင်း မရှိဘဲ မိုးကြိုးသားရဲကို ပြန်ဆင့်ခေါ်ပြီး လွတ်မြောက်ရန် ကြိုးစားသည်။ သူက နောက်သို့ လျင်မြန်စွာ ပြန်ဆုတ် နေစဉ်မှာပင် သူ့မျက်ခုံးနှစ်ခုကြားကို ထိတွေ့လိုက်ရာ လေလွင့် ဝိညာဉ်များစွာ ထွက်ပေါ် လာတော့၏။
စွန်လိုင်က ဝမ်လင်းထံသို့ ကောင်းကင်ဘုံ သားရဲအစာများက လိုက်ပါလာသည်ကို ကြည့်ပြီး လိုဏ်ဂူထဲသို့ ဝင်ရောက်မည့် အကြံကို စဉ်းစား လိုက်သေးသည်။ တကယ်တော့ သည်အကြံက အလွန် အန္တရာယ်များ၏။ တစ်ခုခု မှားသွားသည်နှင့် သေဆုံးရပေမည်။
အမည်းရောင် သားရဲအစာက စူးရှစွာ အော်လိုက် ပြန်သည်။ ၎င်း၏ ခန္ဓာကိုယ်က အမည်းရောင် မဟုတ်တော့ဘဲ ခရမ်းရောင်သို့ ပြောင်းသွားသည်။
၎င်း၏ ခန္ဓာကိုယ်က သိပ်သည်းသွားပြီး ၎င်း၏ အမြန်နှုန်း ကလည်း ပိုမြန်လာခဲ့သည်။ ၎င်း၏ အခုတစ်ကြိမ် ပစ်မှတ်က ဝမ်လင်းထံသို့ မဟုတ်တော့ဘဲ စွန်လိုင်ထံသို့ ဖြစ်နေ၏။
ဝမ်လင်းက သည်လို လွတ်မြောက် သွားသည့် အခိုက်တွင် သူ့အမူအရာက ပြောင်းသွားပြီး အတားအဆီး အလံကို ထုတ်၍ ဆေးလုံးအချို့ကို ထုတ်၍ သောက်လိုက်၏။ သူ့အသွင်ကလည်း ရုပ်စိုးလို့ နေသည်။
“ဒီအချိန်မှာ သားရဲ ချုပ်နှောင်ခြင်း လက်ကောက်ကလည်း တစ်နေ့တည်းဖြင့် သူ့စိတ်ဝိညာဉ် စွမ်းအင်ကို တစ်ဝက်ခန့် ယူဆောင်လိုက်တယ်။ ဒါ့ကြောင့် မိုးကြိုးသားရဲရဲ့ စွမ်းအားကလည်း အများကြီး တိုးလာခဲ့တယ်။ ဒီသားရဲ ချုပ်နှောင်ခြင်း လက်ကောက်က အသုံးပြုရန် လွယ်ကူပေမဲ့ ကုန်ကျစရိတ် များလွန်းတယ်…” ဝမ်လင်းက အနည်းငယ် စဉ်းစား၍ အဝေးသို့ ပျံသန်းသွား၏။
သူ ပျံသန်းနေစဉ်မှာပင် ဝမ်လင်းက လေလွင့် ဝိညာဉ်များကို ပြန်ဆင့်ခေါ်လိုက်ရာ တစ်ကောင်ပြီး တစ်ကောင် သူ့ထံသို့ ပြန်ရောက်လာခဲ့၏။ သည်လေလွင့် ဝိညာဉ်သားရဲများက တစ်ကောင်မှ အပျက်အစီး မရှိသည့်အခါ သူက ပျော်ရွင်သွား၏။ ထို့သို့ ဖြစ်ရခြင်းမှာလည်း အမည်းရောင် သားရဲအစာက သည်အချိန်တွင် စွန်လိုင် နောက်သို့ လိုက်ပါသွားသောကြောင့် ဖြစ်၏။
သိပ်မကြာခင်မှာ ဝမ်လင်းက စွန်လိုင်နှင့် သဘောတူ ထားသည့် နေရာသို့ ပြန်ရောက် လာခဲ့၏။ သူက နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ စွန်လိုင်က သူနှင့် ပေတစ်သောင်းခန့် အကွာတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။
စွန်လိုင်၏ အခုအခြေအနေက သနားဖွယ် ကောင်းနေ၏။ သူ့အဝတ်အစား များကလည်း စုတ်ပြတ်နေပြီး သူ့ကို ငွေရောင် ချပ်ဝတ်တစ်ခုက ကာရံပေးထား၏။ သည်ငွေရောင် ချပ်ဝတ်က သူ့ကို အမည်းရောင် သားရဲအစာ၏ တိုက်ခိုက်မှုထံမှ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်စေခဲ့သည်။
သူ့ညာလက် တစ်ခုလုံးကလည်း သွေးများ ရွှဲနေခဲ့ပြီး လက်ချောင်းလေး တစ်ချောင်းပင် ပြတ်ကျနေ၏။
ဝမ်လင်းက သည်လွတ်ကင်းသည့် နေရာတွင် ထိုင်၍ ကျင့်ကြံနေသည်။ သူက နတ်ဘုရား အာရုံဖြင့် သည်ဧရိယာကို စစ်ဆေးကြည့်လိုက်ရာ သူ့အသွင်က ချက်ချင်း ပြောင်းလဲ သွား၏။
ဝမ်လင်းက မြေလွတ်မြောက်ခြင်းနည်းစနစ်ကို အသုံးပြု၍ စွန်လိုင်ထံသို့ ရွေ့လျားသွား၏။
စွန်လိုင်ကလည်း အခုလက်ရှိတွင် ဆေးလုံးများစွာကို ထုတ်သောက်လိုက်၏။ သူ့အသွင်က နာကျင်မှု ခံစားနေရသည့် အသွင်ပင်။
ဝမ်လင်းက စွန်လိုင်ရှိနေသော လိုဏ်ဂူ အနားသို့ ရောက်လာခဲ့သည်။
စွန်လိုင်အသွင်က ချက်ချင်း ရုပ်ဆိုးလို့ သွားပြီး ဝမ်လင်းကို စူးရဲစွာ ကြည့်နေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “အစ်ကိုစွန်…ဆက်ကျင့်ကြံနေပါ။ ငါမင်းကို ကာကွယ် ပေးထားမယ်…”
ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချမိသည်။ သူက စွန်လိုင် သောက်ခဲ့သော ဆေးလုံးများကို မသိချေ။ သည်ဆေးလုံးများက အခြေအနေစိုးကာ အားနည်းနေသော စွန်လိုင်၏ အခြေအနေကို ခဏအတွင်းမှာ (၈၀) ရာခိုင်နှုန်း ပြန်ကောင်းလာခဲ့၏။ ထို့ကြောင့် ဝမ်လင်း၏ အစီအစဉ်က ပျက်သွားရသည်။
စွန်လိုင်က ဝမ်လင်းသည် ထိုသို့ ပြောလာလိမ့်မည်ဟု မထင်မိချေ။ တကယ်တော့ သူက ဝမ်လင်းစကားကို မယုံပေ။ သို့သော် သူက ပြောလိုက်၏။ “ငါက ရောင်းရင်း ကျင့်ကြံသူရဲ အကူအညီအတွက် ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းက ဘာမှမပြောဘဲ ထိုင်ချလိုက်၏။
စွန်လိုင်က သူ့ခန္ဓာကိုယ်ထဲရှိ ဆေးလုံး စွမ်းအင်များကို စုပ်ယူနေရင်းဖြင့် ဝမ်လင်းကို စောင့်ကြည့်နေ၏။ သုံးနာရီခန့် ကြာပြီးနောက်တွင်သူက လုံးဝ ပြန်ကောင်းလာခဲ့ပြီး ဝမ်လင်းထံသို့ ကြည်သာစွာ လှမ်းကြည့်လိုက်၏။
စွန်လိုင်က မတ်တတ်ထရပ်၍ ပြောလိုက်သည်။ “ရောင်းရင်း ငါ့ကျင့်ကြံမှုက ပြန်ကောင်း သွားပါပြီ။ ငါတို့ ပြန်သွားကြစို့…”
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး လိုဏ်ဂူများထဲက တစ်ခုထဲသို့ စွန်လိုင်နှင့်အတူ ပျံသန်း လိုက်၏။
သူ့တို့နှစ်ယောက်လုံးက သိပ်မကြာခင်မှာ လိုဏ်ဂူအဝသို့ ရောက်လာခဲ့၏။ သူတို့နှစ်ယောက် ရောက်လာသည်နှင့် ထိုလိုဏ်ဂူထဲမှ သားရဲအစာများက တစ်ဟုန်ထိုး ထွက်လာကြသည်။
စွန်လိုင်မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အော်လိုက်သည်။ “ရောင်းရင်း… ခဏဆုတ်ပေး။ ဒီချိန်က ငါ့လက်ချောင်း တစ်ချောင်းအတွက် ပြန်လက်စားချေကို ချေရမယ့် အချိန်ပဲ…” ထိုသို့ ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲမှ အမည်းရောင် ယပ်တောင် တစ်ခုကို ထုတ်ယူ လိုက်သည်။
သည်ယပ်တောင်က မည်သည့်အရာနှင့် ပြုလုပ်ထားမှန်း မသိချေ။ သို့သော် ၎င်းပေါ်လာသည့် အခိုက်တွင် အေးစက်သော အော်ရာက ပျံ့နှံ့လာပြီး ရေခဲနက် အလွှာတစ်ခုက လိုဏ်ဂူ နံရံပေါ်တွင် ဖြစ်ပေါ်လာသည်။
ရေခဲနက်က ချဲ့ထွက် လာပြီးနောက် မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းအနားသို့ပင် ရောက်လာခဲ့သည်။ ဝမ်လင်းက အတားအဆီး အလံကို ထုတ်၍ တည်ငြိမ်စွာ လှုပ်ရမ်း လိုက်သည်။ အမည်းရောင် အခိုးငွေ့များက ဝမ်လင်းအား ဝန်းရံလာပြီး ရေခဲအော်ရာက အမည်းရောင် အခိုးငွေ့များကို ဝန်းရံသွား၏။ သည်အလွှာက ဝမ်လင်းနှင့် စွန်လိုင်က ခြားထားသည် အလွှာတစ်ခုလို ဖြစ်သွားသည်။ ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အချိန်ဖြတ်ကျော်ခြင်း သစ်သား ပန်းပုရုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။
ထိုအခိုက်တွင် သည်သားရဲ အစာများက လိုဏ်ဂူထဲမှ ပို၍ ထွက်လာခဲ့သည်။
စွန်လိုင်က ချိပ်ပိတ်မှုအချို့ကို ဖန်တီး၍ သူ့မျက်ခုံးကြားကို ထိလိုက်သည်။ ရုတ်တရက် သူ့မူလ စိတ်ဝိညာဉ်က ထွက်ပေါ်လာပြီး ယပ်တောင်ကို ကိုင်ဆောင် လိုက်သည်။ သူ့မူလ စိတ်ဝိညာဉ်က နာကျင်ဟန် ပေါ်နေသည်။ သူက မီးခဲတစ်ခုကို ကိုင်ဆောင် ထားရသလို ခံစားနေသည့် အလားပင်။
သူ့မူလစိတ်ဝိညာဉ်က ယပ်တောင်ကို ကိုင်ထားပြီး ကောင်းကင်သားရဲ အစာများထံသို့ လွှဲရမ်းလိုက်၏။ ရုတ်တရက် အနက်ရောင် လေကြမ်းများက သားရဲ အစာများထံသို့ တိုးဝင်သွားတော့သည်။
ရုတ်တရက် သည်သားရဲ အစာများက လှုပ်ရှားမှု ရပ်တန့် သွားပြီးနောက် သည်ဧရိယာ တစ်ခုလုံးက ရေခဲနက် ကမ္ဘာတစ်ခုလို ဖြစ်လာခဲ့သည်။
စွန်လိုင်၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့ပြီးနောက် စွန်လိုင်က လိုဏ်ဂူထဲသို့ တစ်ဟုန်ထိုး သွားလိုက်သည်။ သည့်နောက် သူက ဝမ်လင်းကို ပြုံး၍ ပြောလိုက်သည်။ “ရောင်းရင် ကျင့်ကြံသူ… ငါ့နည်းစနစ်က အသက်ရှူစာ ဆယ်ကြိမ်ခန့် ကြာလိမ့်မယ်။ ငါပထမဆုံး လိုဏ်ဂူထဲ အရင်ဝင်ပြီးမှ မင်းကို ပြန်လာပြီး ကယ်ပါ့မယ်…”
ဝမ်လင်းက တည်ငြိမ်စွာရှိနေဆဲပင်။ သူက လှောင်ပြုံး ပြုံးလိုက်၏။
***