ထို့နောက် ပုံရိပ်ယောင်များက ပြောင်းလဲသွာ၏။ သည်တစ်ကြိမ်တော့ ကောင်းကင်ဘုံ နယ်မြေရှိ ကျင့်ကြံသူများက လေထဲသို့ ဒေါသတကြီး ခုန်တက် လိုက်ကြ၏။
သို့သော် ထိုအခိုက်တွင် ဓားကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည့် လက်တစ်ဖက်က ထိုးစိုက် ဆင်းသက်လာ၏။ ထိုလက်မှ အလင်းအမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ရောက်လာခဲ့သည်။
ဝမ်လင်းက သည်မြင်ကွင်းတွင် နစ်မြုပ်နေရာမှ ရုတ်တရက် တုန်လှုပ်မိသွားသည်။ သည်အလင်းအမျှင်တန်း ထွက်ပေါ်လာသည်နှင့် သူက သတိထား၍ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ပစ်လွှတ်လိုက်သည်။ ထိုအခါ မိုးကြိုးဖားပြုတ် ထွက်ပေါ်လာပြီး အလင်းလုံးကို ထုတ်ဖော်၍ သည်အလင်းအမျှင်တန်းနှင့် ထိတိုက်စေသည်။
တုန်ခါသံများ ဖြစ်သွားပြီးနောက် မိုးကြိုးဖားပြုတ်က နောက်သို့ ပေတစ်ရာခန့် ဆုတ်သွားရ၏။ ဝမ်လင်းအသွင်က နက်မှောင်နေပြီးနောက် သူက မိုးကြိုးဖားပြုတ် ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက အလင်းအမျှင်တန်းနောက်ရှိ အမျိုးသမီးထံသို့ လှမ်းသွား၏။
ဝမ်လင်းက ဖြည်းညင်းစွာပြောလိုက်သည်။ “အနီရောင်လိပ်ပြာ…”
သူက ပုံရိပ်ယောင်ထဲတွင် နစ်မြုပ်နေစဉ်မှာ သည်အမျိုးသမီးက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား မပြောမဆို တိုက်ခိုက်လာ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်အတွက် သည်အလင်း အမျှင်တန်းသည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန် တိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း အာရုံခံမိခြင်း ဖြစ်သည်။
အနီရောင်လိပ်ပြာ၏ အသွင်က အေးစက်လို့နေပြီး သူမက ဝမ်လင်းအား ကြည့်၍ ပြောလိုက်သည်။ “နင်က ငါ့ကို သိတယ်ပေါ့။ ပြောစမ်းပါ…နင်က ဘယ်သူလဲ…”
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ရွှမ်ယွဲ့ရဲ့ ပါရမီရှင်ကို မသိတဲ့လူက ဘယ်သူရှိလို့လဲ…”
အနီရောင်လိပ်ပြာက အေးစက်စွာ ပြောလိုက်သည်။ “နင် ဘယ်သူလဲဆိုတာ မပြောဘူး ဆိုရင် ဒီနေရာမှာ ထာဝရ မှေးစက် သွားရမယ်…” ထိုသို့ ပြောပြီးနောက် သူမက လက်လှုပ်ရှားလိုက်ရာ အလင်းအမျှင်တန်း တစ်ခုက သူမ လက်ဖဝါးထဲတွင် ထွက်ပေါ်လာသည်။ သူမက ဝမ်လင်းကို အေးစက်စွာ ကြည့်နေ၏။
ဝမ်လင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများကလည်း တလက်လက် တောက်ပနေ၏။ သူက အနီရောင်လိပ်ပြာအား ပြန်ပြောလိုက်၏။ “အနီရောင်လိပ်ပြာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်ကို နှစ်ပေါင်း (၁၀၀)လောက်နဲ့ ရောက်ခဲ့တာကို ငါ ကြားခဲ့၊ သိခဲ့ပြီးပြီး။ နှစ်တစ်ရာက သိပ်မကြာဘူးဆိုပေမဲ့ သေမျိုးတွေရဲ့ သက်တမ်းနဲ့တော့ ညီမျှတယ်။ ငါသိချင်တာက နင်မိဘတွေက အသက်ရှင်လျက် ရှိနေသေးလားဆိုတာပဲ…”
အနီရောင်လိပ်ပြာက မျက်မှောင်ကြုတ်မိ သွားသည်။ သူမက လက်ထဲရှိ အလင်းအမျှင်တန်းကို လှုပ်ရမ်းလိုက်၏။ ထို့နောက် ကောင်းကင်က အလင်းပွင့်များနှင့် ဖုံးလွှမ်း သွားတော့သည်။ သည်အလင်းများက မိုးစက်များလို ဝမ်လင်းအပေါ်သို့ ကျရောက်လာ၏။
ဝမ်လင်းက မိုးကြိုးသားရဲကို ပုတ်လိုက်ရာ ၎င်းက အလင်းလုံးတစ်ခုကို ထပ်မံ အန်ထုတ်လိုက်၏။ သည်အလင်းလုံးက လေထဲသို့ ပျံတက်သွား၏။ထို့နောက် ဝမ်လင်းက အော်ဟစ်လိုက်၏။ “ပေါက်ကွဲလိုက်စမ်း…”
ရုတ်တရပ် အလင်းလုံးက ပေါက်ကွဲသွားပြီး အလင်းတန်းများက အလင်းပွင့်များကို ပိတ်ဆို့လေသည်။ သည်အခိုက်တွင် ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ဆုတ်ချိန်ရသွား၏။
မိုးကြိုးသားရဲကတော့ အလင်းလုံးကို ထုတ်ဖော်လိုက်ပြီးနောက် ဝမ်လင်းနှင့်အတူ နောက်သို့ ပြန်ဆုတ် သွားသည်။
ဝမ်လင်းက နောက်ဆုတ်လိုက်ရင်း လှမ်းအော် လိုက်သည်။ “အနီရောင်လိပ်ပြာ… မင်းမိဘတွေမှာ အခြားကလေးတွေကော ရှိသေးလား။ မရှိဘူးဆိုရင်တော့ သူတို့ကို ပြုစုပေးဖို့ လူမရှိဘူးပေါ့၊ ဒါဆိုရင်တော့ မင်းက မိဘအပေါ်မှာ ရိုသေသမှု၊ ဂရုစိုက်မှုမရှိတဲ့ သဘောပဲ…”
အနီရောင်လိပ်ပြာက မျက်မှောင်ကြုတ်၍ ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမက ဝမ်လင်းနောက်သို့ တဟုန်ထိုးလိုက်၏။ သူမက လက်ဝှေ့ယမ်းလိုက်ရာ ဓားတစ်ချောင်းက သူမ ခေါင်းပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ သည်ဓားက သူမထက် အဆမြန်ဆန်ပိုမြန်သည့် နှုန်းဖြင့် ဝမ်လင်းထံသို့ ဦးတည်သွားသည်။
သည်ဓားထဲ၌ နယ်ပယ်စွမ်းအင် အရိပ်အမြွက် ပါဝင်နေသည်။ သည်ဓားထဲ၌ စွမ်းအား ကောင်းလှသည့် ခံစားချက်မဲ့နယ်ပယ်ကဲ့သို့ နယ်ပယ်တစ်ခု ပါဝင်နေသည်။
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ထဲမှ အတားအဆီး အလံကို ထုတ်ယူလိုက်သည်။ ထိုအခါ သည်ဧရိယာတစ်ခုလုံးက အမည်းရောင် အခိုးအငွေ့များဖြင့် ရုတ်တရက် ဝန်းရံလို့ သွားသည်။ သည်မြူခိုးငွေ့များက နဂါးအသွင်သို့ ပြောင်းပြီး သူ့ထံသို့ တိုးဝင်လာသော ဓားဆီ တိုးဝင်သွား၏။
ဝမ်လင်းက နောက်သို့ ထပ်မံမဆုတ်တော့ဘဲ မြူခိုးငွေ့များကြားတွင် ပျောက်ကွယ် သွား၏။ သူက ပြန်ပေါ်လာသည့်အခါ အနီရောင် လိပ်ပြာ၏ နောက်ဘက် ဆယ့်နှစ်ပေခန့်တွင် ပြန်ပေါ်လာခဲ့သည်။ သူက ချိတ်ပိတ်ဟန် တချို့ ပြုလုပ်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိဉာဉ်စွမ်းအင်က လှုပ်ရှား သွားပြီးနောက် အဖြူအမည်းဝဲကတော့ တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအခိုက်တွင် သည်ဝဲကတော့ထဲမှ သေခြင်းရှင်ခြင်း နယ်ပယ်က ကျယ်ပြန့်လာ၏။
အနီရောင်လိပ်ပြာက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ကိုယ်အဆင့်ကို သိစမ်း…” ထိုသို့ ပြောပြီးနောက် သူမက ညာလက်ကိုဆန့်ထုတ်၍ လေထဲသို့ ဖမ်းဆွဲကိုင်လိုက်သည်။ ရုတ်တရက် အေးစက်သော စွမ်းအင်တန်းငါးခုက သူမ လက်ချောင်းထဲမှ ထွက်လာခဲ့ပြီး နှင်းဖုံးတောင်ငါးခု အသွင် ဖြစ်ပေါ်သွားသည်။ သည်တောင်ငါးခုလုံးက ဝမ်လင်းထံသို့ ဦးတည်ပြုတ်ကျ လာသည်။
“ ဒီနှင်းတွေက ကောင်းကင်က မွေးဖွားပြီး မြေပြင်ပေါ်မှာ သေဆုံးရမယ်…” ဝမ်လင်းက တည်ငြိမ်စွာပင် အဖြူအမည်းဝဲကတော့ကို အသက်သွင်းသည်။ သူ့ရန်သူက စိတ်ဝိဉာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက် ဖြစ်သော်လည်း သူမက သူ့ကို သတ်ချင်လျှင် အနည်းဆုံးတော့ သူနှင့်တိုက်ခိုက် ရပေဦးမည်။
သေခြင်းရှင်ခြင်းဝဲကတော့က ရုတ်တရပ်ကျယ်ပြန့်လာသည်။ နှင်းဖုန်းတောင်တန်း ငါးခုက ချက်ချင်း အရည်ပျော်ကြသွားပြီး ဝဲကတော့ပေါ်သို့ ဆင်းသက်လာသည်နှင့် ၎င်းတို့၏ အရွယ်အစားမှာ တစ်ဝက်မက ကြုံ့သွားသည်။
သေခြင်းရှင်ခြင်း နယ်ပယ်ဝဲကတော့နှင့် နှင်းဖုံးတောင်များ ထိတိုက်မိသည့် အခါ ခံစားချက်မဲ့ နယ်ပယ် အမျှင်တန်းက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ သည့်ကြောင့် သူက သွေးတစ်လုပ် ပါးစပ် အပြည့် အန်လိုက်ရသည်။ သည်သွေးများက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာ သွားပြီးနောက် ချက်ခြင်း ရေခဲအဖြစ်သို့ ပြောင်းသွား၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်မှုတို့ ဝန်းရံထားသည်ဟု ခံစားရသည်။ သူ့မိသားစုနှင့် သူချစ်သောသူများ၏ မှတ်ဉာဏ်များပင် စတင်မှိန်ဖျော့လာ၏။ ဝမ်လင်း စိတ်ထဲတွင်တော့ ထိန့်လန့်မှု မရှိချေ။ သူက သည်မှတ်ဉာဏ်များ ပျောက်ဆုံးသွားသည်နှင့် သူက ခံစားချက်မဲ့သည့် သတ်ဖြတ်သူ တစ်ယောက် ဖြစ်လာမည်ကို သိပေသည်။
ထိုအခိုက်တွင် သေခြင်းရှင်ခြင်း နယ်ပယ်က သူ့ခန္ဓာကိုယ်ထဲ၌ အသက်ဝင်လာသည်။ သူက သေမျိုးတစ်ယောက် အလား ပြောင်းသွားပြီး တနူးမိဘများ၏ သေခြင်းရှင်ခြင်းနှင့် အခြား အတွေ့အကြုံများက သူ့စိတ်နှလုံးထဲတွင် ဆွဲမြဲစွာ ပြန်ပေါ်လာ၏။
သည်အခိုက်တွင် ဝမ်လင်းက အော်ဟစ်လိုက်သည်။
“နှစ်တစ်ရာ… မိဘနှစ်ပါးရဲ့ တစ်ဘဝလုံးစာ ချစ်ခြင်းမေတ္တာက ကောင်းကင်ဘုံကတောင် ဖယ်ရှားပစ်နိုင်တဲ့ အရာမဟုတ်ဘူး။ အနီရောင်လိပ်ပြာ မင်းမိဘတွေက သေခြင်းရှင်ခြင်း သံသရာ စက်ဝိုင်းထဲကို ဝင်ရောက်သွားပြီး မင်းနောက်မှာ စောင့်ကြည့်နေတယ်။ မင်း သူတို့ကို ပြန်လှည့်စောင်းငဲ့ကြည့်ရဲလား…”
အနီရောင်လိပ်ပြာ၏ အသွင်က ပြောင်းလဲခြင်း မရှိသော်လည်း ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ခံစားချက်မဲ့ နယ်ပယ်က အားနည်းသွားသည်ကို ခံစားလိုက်ရ၏။ သေခြင်းရှင်ခြင်း နယ်ပယ်ကို သူ့ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ လှည့်ပတ်လိုက်ရာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ် သွားတော့သည်။ သူက မိုးကြိုးသားရဲ အပေါ်တွင် ပြန်ပေါ်လာခဲ့၏။ ထို့နောက် သူက လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်သည်။
ဝမ်လင်းက အတားအဆီးအလံကို လှုပ်ရမ်းလိုက်ရာ နဂါးအသွင် ရာပေါင်းများစွာ အခိုးငွေ့များက အနီရောင် လိပ်ပြာထံသို့ ဝင်ရောက် သွားတော့သည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ခံစားချက်မဲ့ နယ်ပယ်ကို အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဖယ်ရှား ပစ်နိုင်ခဲ့သည့် အတွက် သူ့အတွက် အန္တရာယ် မရှိတော့ပေ။ သူ့အသွင်က နက်မှောင်လို့နေ၏။ စောနလေးက အဖြစ်အပျက်သည် သူ့အတွက်အလွန် အန္တရာယ်များခဲ့ပေသည်။
“ စိတ်ဝိဉာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်ရဲ့ နယ်ပယ်က အမှန်ကို စွမ်းအား ကောင်းတာပဲ…” ဝမ်လင်းက အသက်ဝဝရှူသွင်း လိုက်သည်။ အမှန်တော့ အနီရောင်လိပ်ပြာ၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကြောင့် သူတို့၏ တိုက်ပွဲက စတင်ခဲ့ပြီး ဖြစ်သည်။
ဝမ်လင်းက ရေခဲနှလုံးသားနည်းစနစ်ကို မြင်တွေ့ခဲ့ဖူး၏။ သည်နည်းစနစ်၏ သော့ချက်က စိတ်ခံစားချက်များကို ပယ်ထုတ်လားပြီး သည်ခံစားချက်များကို ခံစားမှုမဲ့သည့်အထိ သန့်စင်ခြင်းပင်။
သည်အရာက အနီရောင်လိပ်ပြာ၏ တာအိုနှလုံးသား မည်သည်။
သူက ရေခဲနှလုံးသားနည်းစနစ်ကို ပထမဆုံး တွေ့မြင်လိုက် ကတည်းက အနီရောင် လိပ်ပြာသည် နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်သို့ မည်သို့ ရောက်ခဲ့ကြောင်းကို တွေးလိုက်မိသည်။ အခြားတစ်ဖက်တွင် သူမက စွမ်းအား ကောင်းလွန်းလှ၏။ သို့သော် နောက်တစ်ဖက်တွင်တော့ သူမ၏ အကြီးကျယ်ဆုံး အားနည်းချက်ရှိနေ၏။
တစ်စုံတစ်ယောက်က တာအိုနှလုံးသားကို လေ့ကျင့်ရန် အချိန်မရှိဘဲနှင့် သူတို့က နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော မွန်းစတားအိုကြီးများကို နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ နှစ်တစ်ရာလောက်ဖြင့် သူမ၏ စိတ်ခံစားချက်များကို လုံးဝ ပတ်သယ် ဖယ်ရှားပစ်နိုင်ရန် နည်းလမ်းမရှိနိုင်ပေ။
ထို့ကြောင့်လည်း ဝမ်လင်းက သူမမိဘများ အကြောင်းကို ပြောကြားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်းက ထိုသို့သူမ မိဘများအကြောင်း ပြန်ပြေလိုက်သည့် အတွက် သူမက အတိတ်ကို ပြန်အမှတ်ရ သွားသည်။ သည်လို ပြန်အမှတ်ရချိန်တွင် ဖြစ်ပေါ်သွားသည့် စိတ်ခံစားချက် အမျှင်တန်းလေးကြောင့် ဝမ်လင်းက သူမ၏ တာအိုနှလုံးသားကို ချိုးဖျက်ရန် အခွင့်ရခဲ့ခြင်း ဖြစ်၏။
သို့သော် သည်အမျိုးသမီး၏ တာအိုနှလုံးသားသည် ခိုင်မြဲနေပြီ ဖြစ်၏။ ဝမ်လင်း၏ စကားလုံးများလောက်ဖြင့် သူမအပေါ် မသက်ရောက် နိုင်တော့ချေ။ ဝမ်လင်းက သူ့သေခြင်းရှင်ခြင်း နယ်ပယ်ကို အသက်သွင်းလိုက်ပြီး ခုခံခဲ့သောကြောင့်သာ သူ့စကားလုံးအချို့က သက်ရောက်မှု ရှိသွားကြောင်း သဘောပေါက်၏။
သူက စကားအများကြီး မပြောခဲ့၊ အကျိုးသက်ရောက်မှုကလည်း မထင်ရှားခဲ့သော်လည်း သူ့စကား အနည်းငယ်က သူမနှလုံးသားထဲ၌ မျိုးစေ့ဖြစ်သွား၏။ သူမက သည်မျိုးစေ့ကို မဖယ်ရှားနိုင်ခဲ့လျှင် စိတ်ဝိဉာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ဘယ်တော့မှ ရောက်နိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်းက အသက်ခပ်ဝဝ ရှူလိုက်၏။ သူက အနီရောင်လိပ်ပြာ၏ စွမ်းရည်ကို သိပေသည်။ သည်မျိုးစေကို ဖယ်ရှားရန်က သူမအတွက် ကြာမြင့်စွာ အချိန်ယူရမည် မဟုတ်ပေ။
အနီရောင်လိပ်ပြာက သူမထံ တိုးဝင်လာနေသော နဂါးအသွင် အခိုးငွေ့များကို ဂရုမစိုက်ပေ။ သည်နဂါးများက သူမနှင့်နီးကပ်လာသည့် အခိုက်တွင် အနီရောင်လိပ်ပြာ၏ မူလစိတ်ဝိဉာဉ် ထွက်ပေါ်လာခဲ့ပြီး သူမက လက်ဝှေ့ရမ်းလိုက်သည်။ ထိုအခါ အပြာရောင် အလင်းကွင်းတစ်ခု ထွက်ပေါ်လာပြီး သည်နဂါးအားလုံးကို ရေခဲအဖြစ်သို့ ပြောင်းစေလိုက်သည်။
သူမက ဝမ်လင်း ဆုတ်ခွာသွားသော နေရာကို စူးစိုက်ကြည့်နေရင်း အကြည့်များက ပိုမိုအေးစက် လာခဲ့၏။ သူမက ဝမ်လင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သည်။ ပုံမှန်အားဖြင့် သည်အရာက သူမအတွက် ပြဿနာ မဟုတ်ပေ။ သို့သော် ဝမ်လင်း၏ နယ်ပယ်က ထူးဆန်းလှ၏။ သူက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းမှ သေခြင်းရှင်ခြင်း အမျှင်တန်းကို ထုတ်ယူ၍ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။
နှင်းဖုံးတောင်များက ဝမ်လင်း ဖန်တီးထားသော ဝဲကတော့ပေါ်သို့ ကျရောက်သွားသည့် အခါ သူမက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော သေခြင်းရှင်ခြင်း နယ်ပယ်ကို ရှင်းလင်းစွာ ခံစားမိ၏။ သည်ခံစားချက်က သူမအား အတိတ်ကို သတိရသွားစေသည်။ သူမက သည်အတိတ် ပုံရိပ်များကို လျင်မြန်စွာ ဖယ်ရှား ပစ်နိုင်သော်လည်း ဝမ်လင်း စကားလုံးများက နားထဲဝင်လာခဲ့၏။ “သူမ မိဘများက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲသို့ ဝင်ရောက် သွားရင်တောင် သူမအား နောက်မှ စောင့်ကြည့်နေကြတယ်…”
သည်စကားလုံးများ ထွက်ပေါ်လာသည့် အခိုက်တွင် အနီရောင်လိပ်ပြာ၏ မှတ်ဉာဏ် များသည် ကဗြောင်းကဗြန် ဖြစ်သွားသည်။ သူမက သည်အရာများကို ရှင်းလင်းအောင် အချိန်ခဏလေးဖြင့် လုပ်နိုင်ခဲ့သော်လည်း သူ့အား သတ်ရန် အခွင့်အရေး ကိုတော့ လွဲချော်ခဲ့ရ၏။
“သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့် သာသာလေးဆိုပေမဲ့ အံ့အားဖို့ ကောင်းစွာ ငါ့တာအိုနှလုံးသားကို နှောင့်ယှက်နိုင်ခဲ့တယ်။ ဒီလူကို အသက်ရှင်ခွင့် မပြုနိုင်တော့ဘူး…” ထို့နောက် အနီရောင်လိပ်ပြာက ဝမ်လင်းနောက်သို့ လိုက်လာခဲ့သည်။
ဝမ်လင်းက ထွက်ပြေးနေစဉ်မှာပင် သူက လက်ဝှေ့ယမ်းပြီး မိုးကြိုးဖားပြုတ်ကို ပြန်သိမ်းလိုက်၏။ သို့ရာတွင် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယာက်၏ အမြန်နှုန်းက သူ့ထက် အလွန်သာပေသည်။ သိပ်မကြာခင်မှာပင် ဝမ်လင်းက သူ့နောက်မှ အေးစက်စက် စွမ်းအင် အမျှင်တန်းကို ခံစားလိုက်ရ၏။
ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။ သူက လွတ်မြောက်ရန် လုပ်လိုက်စဉ်မှာပင် သူ့စိတ်က ရုတ်တရပ် ဗလာဖြစ်သွားသည်။ သူက နန်းတော်တွင် တွေ့ခဲ့သော ဧရာမ လက်ဝါးရာကြီးကို ပြန်အမှတ်ရ လိုက်၏။ သူက ၎င်းလက်ဝါးရာကို နားလည်ရန် ကြိုးစား ခဲ့သော်လည်း အဆုံးမှာ ကျရှုံးခဲ့၏။
သူက ပြေးနေစဉ်မှာပင် လက်ဝါးရာကြီး၏ ပုံရိပ်က သူ့စိတ်ထဲတွင် ရှင်းလင်းသထက် ရှင်းလင်းလာ၏။ ရုတ်တရက် သူက သူတွေ့မြင်ခဲ့သော ပုံရိပ်ယောင်များကို ပြန်အမှတ်ရ လိုက်သည်။အထူးသဖြင့် သည်လက်ဝါးရာကြီးက ဓားကို ချေမွသွားသည့် ပုံရိပ်ယောင် အကြောင်းကို ပြန်မှတ်မိလိုက်ခြင်း ဖြစ်သည်။
သည်ထူးဆန်းသော စိတ်အခြေအနေ တစ်ခုတွင် ဝမ်လင်းခန္ဓာကိုယ်က ရုတ်တရက် အပေါ်သို့ မြောက်တက် သွားပြီးနောက် သူက ကောင်းကင်ထက်သို့ တက်ရောက်သွားသည်။
အနီရောင်လိပ်ပြာက နှခေါင်းရှုံ့လိုက်၏။ သူက ဝမ်လင်းနောက်သို့ လိုက်နေရင်း တွေးနေသည်။ “နင် အပေါ်ပြေးပြေး…ရှေ့ကိုပဲ ပြေးပြေး ကိစ္စမရှိဘူး။ နင် လွယ်လွယ်ကူကူ ထွက်မပြေးနိုင်ပါဘူး…”
ဝမ်လင်းက ကောင်းကင်ထက်သို့ မြင့်တက် သွားပြီးနောက် ရုတ်တရပ် ရပ်တန့်သွားသည်။ သူက မြေပေါ်သို့ ပြန်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို သဘောပေါက်မိ လိုက်ပြီး သူ့လက်ဖြင့် ညင်သာစွာ အောက်သို့ ဖိချလိုက်သည်။
ရုတ်တရပ် ကောင်းကင်က နက်မှောင်သွားပြီး စွမ်းအင်မျိုးစုံက သူ့အောက်တွင် လာစုဝေးကြပြီး ဧရာမလက်ဖဝါးကြီး တစ်ခုက သူ့အောက်တွင် ဖြစ်ပေါ်လာသည်။ သည်လက်ဝါးက အောက်သို့ ဆင်းသက်သွား၏။
ပထမဆုံးအကြိမ်အဖြစ် အနီရောင်လိပ်ပြာ၏ အသွင်က ပြောင်းလဲသွားသည်။ သူမက သည်လက်ဖဝါးကြီးကို ရှောင်ချင်သော်လည်း ၎င်းက အလွန်ကြီးမားပြီး သူမထံသို့ အလွန်လျင်မြန်စွာ ရောက်ရှိလာ၏။ ၎င်းလက်ဝါးက အနီရောင်လိပ်ပြာ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း သွားပြီး မြေပေါ်သို့ ကျရောက်သွား၏။
သူမက တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ပြန်စစ်ဆေးလိုက်၏။ သို့သော် မည်သည့်အမှားအယွင်း မှမတွေ့ချေ။ သူမက ဝမ်လင်း၏ သည်လက်ဝါးသည် မည်သည့်စွမ်းအားမှ မပါဝင်ဘဲ လက်ဝါးရာကြီး အကြောင်းကို နားလည်ရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်းကို မသိပေ။
***