ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားခြင်းနှင့် အတူ သူ့ခန္ဓာကိုယ်က အတားအဆီး အလံထဲမှာပင် ပျောက်ကွယ်လို့ သွားသည်။ သို့ရာတွင် သည်အဖြစ်ကို အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူအတွက် သတိပြုရန် မလွယ်ပေ။ တကယ်တော့ အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူကလည်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေးသည်။ သို့သော် ဝမ်လင်း၏ နတ်ဘုရားအာရုံကတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်၏ အဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်သည်။
သူတို့ နှစ်ယောက်လုံးက ကျင့်ကြံမှု အဆင့် တူညီသော်လည်း နတ်ဘုရားအာရုံ၏ အဆင့် ကွာခြားချက်ကတော့ လွန်စွာကြီးမား၏။ ထို့ကြောင့်လည်း ဝမ်လင်းက အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူကို နောက်က ထောက်လှမ်း၍ လိုက်ဖမ်းနိုင်ခြင်းပင်။ သူက ဝမ်လင်း သူ့နား နီးကပ်လာသည်ကိုပင် သိနိုင်လိမ့်မည် မဟုတ်ပေ။
သူက အစီအရင်ထဲသို့ ခြေတစ်လှမ်းမလှမ်းခင် သူ့ထံသို့ နီးကပ်လာသော အမည်းရောင် မြူခိုးငွေ့များကို လှည့်၍ ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အေးစက်သော အကြည့်က ပိုမို အေးစက် လာခဲ့တော့သည်။
သို့ရာတွင် သည်အခိုက်၌ ဝမ်လင်းအသွင်က အစီအရင်၏ အပေါ်မှ ပေါ်ထွက် လာခဲ့တော့သည်။ သူက ပေါ်ထွက်လာခဲ့ ပြီးပြီးချင်း ခေါင်းလောင်း တစ်ခုဖြင့် လှမ်းပစ်လိုက်သည်။
အစိမ်းရောင် အင်္ကျီဖြင့် ကျင့်ကြံသူ၏မျက်နှာက ရုတ်တရက် ဖျော့တော့လို့ သွား၏။ သူက ဝမ်လင်းသည် အခုလောက် လျင်မြန်လိမ့်မည်ဟု လုံးဝ တွေးထင်ထားခြင်း မရှိပေ။ သည်အခိုက်မှာပင် ခေါင်းလောင်းက အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူအား ချုပ်ထိန်းလို့ သွားတော့သည်။
ထိုသို့ဖြစ်ပြီးနောက် ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်သည်။ အတားအဆီး အလံနှင့် ခေါင်းလောင်းက သူ့ထံသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း လေထဲတွင် ပျောက်ကွယ်လို့ သွားပြီး မြေပေါ်တွင် ပြန်ပေါ်လာခဲ့၏။
“မင်း ထွက်ပြေးလို့ မရနိုင်ပါဘူး…” ဝမ်လင်းက ရိုးရှင်းစွာ ပြောလိုက်သည်။
သူက မြေပေါ်သို့ ထိုင်ချလိုက်ပြီးနောက် များစွာသော ချိပ်ပိတ်ဟန်များကို ဖြစ်ပေါ်စေပြီး ခေါင်းလောင်းပေါ်သို့ ပစ်လိုက်သည်။
ခေါင်းလောင်းက တုန်ခါလို့ သွားပြီးနောက် အသံမြည်လာခဲ့သည်။ အသံများက ခေါင်းလောင်းထဲ၌ ဆက်ကာဆက်ကာ မြည်နေခဲ့၏။ ခဏအကြာတွင် ၎င်းခေါင်းလောင်းအတွင်းမှ ထိန့်လန့်ဖွယ် အော်ညည်းသံများ ထွက်ပေါ်လာတော့၏။
သည်အော်ညည်းသံများက ပိုပိုကျယ်လောင် လာခဲ့သည်။ သည်အော်ညည်းသံများအပြင် ခေါင်းလောင်းထဲ၌ ပွတ်တိုက်ထိတွေ့သံများပါ ထွက်ပေါ်လို့နေ၏။ အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက သန့်စင်ခြင်းခံရန် ဆန္ဒမရှိ ဖြစ်သည်မှာ ရှင်းလင်းလှသည်။ သူက ခေါင်းလောင်းထဲ၌ ဓားဖြင့် ပြန်လည် တိုက်ခိုက်နေသည်မှာ သိသာလှ၏။ ထို့ကြောင့်လည်း ထိတွေ့သံများ ထွက်ပေါ်နေသည် မဟုတ်လော။
ဝမ်လင်းက ထိုလူ၏ဓားသည် ထက်ရှမှန်းသိ၏။ ခေါင်းလောင်းသည် ထိုဓားအား ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား သူကိုယ်တိုင်ပင် သေချာမသိပေ။ သူက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့လက်ဟန်ကို ပိုမိုမြန်ဆန်စွာ လှုပ်ရှားလိုက်၏။ သူက ခေါင်းလောင်းပေါ်သို့ ချိပ်ပိတ် မှုများပိုမို ကျရောက်စေလေလေ မြည်သံများက ပိုမိုကျယ်လောင် လာလေလေ ဖြစ်သည်။ သို့သော် ခေါင်းလောင်းထဲရှိ ပွတ်တိုက်သံများကတော့ တဖြည်းဖြည်း ပိုတိုးလို့သွား၏။
သည်ခေါင်းလောင်းက ရှေးဟောင်း ကျင့်ကြံခြင်း ကမ္ဘာ၏ အံ့ဖွယ်ရတနာ တစ်ခုဖြစ်သည်။ ၎င်း၏ အဓိကစွမ်းရည်မှာ လူများကို ချိပ်ပိတ်ပြီး ၎င်းတို့ကို သန့်စင်ပစ်ခြင်း ဖြစ်၏။ ခေါင်းလောင်းက မူလစိတ်ဝိညာဉ် များကိုပင် သန့်စင်နိုင်စွမ်း ရှိ၏။ သို့သော် လိုအပ်ချက် တစ်ခုတော့ ရှိ၏။ ထိုလိုအပ်ချက်မှာ ခေါင်းလောင်းထဲရှိ ပိတ်လှောင် ထားသော လူထက် အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်ရန်လို၏။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများက သူတို့၏ မူလစိတ်ဝိညာဉ်များ ဖြစ်ပေါ်ပြီးနောက် လူအများ၏ တစ်ပြိုက်နက် တိုက်ခိုက်မှုကို မခံရဘူးလိုလျှင် တိုက်ခိုက်မှု တစ်ချက်တည်းနှင့် သေဆုံးသွားရန် အလွန်ခက်၏။ သို့ရာတွင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်က ဆောင်ရွက်မည် ဆိုရင်တော့ အရာအားလုံး ပြောင်းလဲသွားနိုင်ပေသည်။
ဝမ်လင်း၏ ချိပ်ပိတ်မှုများက ခေါင်းလောင်းပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက် လာသည်။ ထိတ်လန့်ဖွယ် အော်ညည်းသံများကလည်း တဖြည်းဖြည်း ပျောက်ကွယ်လို့ သွား၏။ ဝမ်လင်းက ဆက်လက်ပြီး ချိပ်ပိတ်မှုများ ထပ်မံပြုလုပ်ပြီးနောက်မှာတော့ နောက်ဆုံးတွင် ရပ်တန့်ခဲ့သည်။
သူက လက်ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းက ကြုံ့လာခဲ့၏။ ထို့နောက် ၎င်းက သူ့လက်ထဲသို့ ပျံဝဲလာခဲ့သည်။ သူက ၎င်းခေါင်းလောင်းကို ဖွင့်ရန် အလျင်မလိုပေ။ အကြောင်းမှာ သူက ခေါင်းလောင်းထဲရှိ ပိတ်လှောင်ထားသော ကျင့်ကြံသူသည် သေဆုံး သွားခဲ့သည်ကို သိခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သည်ကျင့်ကြံသူက သူမသေဆုံးခင်မှာ လက်တုံ့ပြန်မှု တစ်ခုခု ပြုလုပ်ခဲ့မည်မှာ သေချာပေ၏။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်၏ သေခါနီးချိန် လက်တုံ့ပြန်မှုက အလွန်ကြောက်မက်ဖွယ် ကောင်းပေသည်။ သည့်အတွက်ကြောင့်လည်း ဝမ်လင်းက သတိထားပြီး ခေါင်းထဲအထဲကို ချက်ချင်း မစစ်ဆေးရဲ သေးခြင်းပင်။ သူက နောက်ထပ် ဆယ်ရက်၊ လဝက်၊ ဒါမှမဟုတ် ထိုထက် ပိုကြာသည် အချိန်ထိ သန့်စင်မွမ်းမံရန် ဆုံးဖြတ်ခဲ့၏။
သူက မတ်မတ် ရပ်လိုက်သည်။ မိုးကြိုးဖားပြုတ်ကလည်း ကြေးဝါရောင် လက်ကောက်ထဲသို့ ပြန်ဝင်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဝမ်လင်းက အနည်းငယ် စဉ်းစားလို့ နေသည်။ သူက အခုသူရှိနေသည့် ကောင်းကင်ဘုံ နယ်မြေထဲရှိ အစိတ်အပိုင်းကို သေချာဂရုတစိုက် ကြည့်လိုက်ရာ သူ့အသွင်က ရုတ်တရက် ပြောင်းလဲလို့သွားတော့၏။ သူက အတားအဆီး အလံကို ထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်ပြီးနောက် ဆေးလုံးအချို့ကို ထုတ်၍ အလျင်အမြန် သောက်လိုက်သည်။
ကြေးဝါရောင်လက်ကောက်က သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလို့နေသည်။ အချိန်အတန် ကြာပြီးနောက် ၎င်းစုပ်ယူမှုက ရပ်တန့်သွားပြီးနောက် ဝမ်လင်းက မျက်လုံး ဖွင့်လိုက်သည်။ သူက ဆေးလုံး အနည်းငယ်ကို မော့သောက် လိုက်ပြီး နောက်မှာတော့ သူ့စိတ်ဝိညာဉ် စွမ်းအင်များက ပြန်ပြည့်လာခဲ့၏။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အစတုန်းက ခြောက်ရက်မှ တစ်ကြိမ်၊ အခု လေးရက်တစ်ကြိမ် ဖြစ်နေပြီ။ ဒီမိုးကြိုးဖားပြုတ်က အသုံးဝင်ပေမဲ့လည်း ၎င်းကို ထိန်းသိမ်းရတဲ့ စိတ်ဝိညာဉ် စွမ်းအင်က များပြားလွန်းတယ်။ နောက်ကျရင်တော့ စိတ်ဝိညာဉ် စွမ်းအင်တွေ့ကို အရင် ဖြည့်တင်းထားမှ…မဟုတ်လို့ အခုလိုမျိုးပုံစံ တိုက်ခိုက် နေတုန်းမှာ ထဖြစ်ရင် အန္တရာယ် ရှိလာလိမ့်မယ်…”
ထို့နောက် သူက နန်းတော်ရှိရာသို့ ဦးတည် ပျံသန်းလာခဲ့၏။ သူက သည်နန်းတော် အပျက်ထဲတွင် မည်သည့် အရာကိုမျှ ရာဖွေတွေ့ရှိခဲ့ခြင်း မရှိပေမဲ့ နှံ့နှံ့စပ်စပ် ထပ်မံ ရှာဖွေရပေဦးမည်။
သည်အစိတ်အပိုင်းက အလွန်ကြီးမားခြင်း မရှိဘူးဆိုသော်လည်း သေးငယ်ခြင်းလည်း မရှိပေ။ ၎င်း၏ အရွယ်အစားက ကျောက်နိုင်ငံ၏ အရွယ်အစားလောက် ရှိ၏။ သူက သည်အစိတ်အပိုင်း တစ်ခုလုံးကို နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက်ကြည့်သော်လည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို မထောက်လှမ်းနိုင်ခဲ့ပေ။
ဝမ်လင်းက သည်အစိတ်အပိုင်းကို ရှာဖွေရင်းဖြင့် တစ်လတာ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ သူက နန်းတော်အပြင် နောက်ထပ်အခြား အဆောက်အဦများကိုတော့ တွေ့ရခြင်း မရှိပေ။
တစ်နေ့မှာတော့ ဝမ်လင်းက သည်အစိတ်အပိုင်းပေါ်ရှိ နောက်ထပ် တောင်ထိပ်တစ်ခု ပေါ်သို့ ရောက်ရှိနေ၏။ သို့ရာတွင် သည်တောင်၏ ပုံစံက အလွန်ထူးဆန်းလို့ နေပြီး သော့အိမ် ခပ်ကြီးကြီးနှင့်ပင် ဆင်တူသေး၏။
သည်တောင်က ပြိုပျက်ခြင်းမရှိသေးပဲ အကောင်းတိုင်း ရှိနေသေး၏။ သို့သော် သစ်ပင်အားလုံးကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက သစ်ပင်တစ်ပင်၏ ကိုင်းတစ်ခုကို ထိတွေ့လိုက်သည်နှင့် ၎င်းက ဖုန်မှုန်အဖြစ်သွား ပြောင်းသွားစမြဲပင်။
တောင်ပေါ်ရှိ သစ်ပင်များစွာကို ကြည့်ပြီးနောက် သူက ပြုံးယောင် သန်းမိသည်။ သည်အပင်တွေသာ မသေဆုံးခဲ့လျှင် အနည်းဆုံး နှစ်ထောင်ချီ သက်တမ်း ရှိပေလိမ့်မည်။ အချို့ဆိုလျှင် သက်တမ်းသောင်းချီ ပေလိမ့်မည်။
သူသာ သည်သစ်ပင်များကို သစ်သား ပန်းပုရုပ်များ အဖြစ် ပြုလုပ်ကာ အသုံးပြုနိုင်မည် ဆိုလျှင် သည်ပန်းပုရုပ်၏ စွမ်းအားက ပိုမိုတိုးတက် လာလိမ့်မည်ဟု ယုံကြည်၏။ အခုတော့ ကံမကောင်းစွာဖြင့် အပင်များက သေဆုံးခဲ့ပြီး ဖြစ်နေ၏။
ဝမ်လင်းက အနီးအနား ပတ်ဝန်းကျင်ကို အားမလျော့ဘဲ ဆက်လက် ရှာဖွေလို့နေသည်။ သူက တောင်ပေါ်ရှိ အပင်တိုင်းကို စစ်ဆေးပြီး နောက်မှာတော့ အကူအညီမဲ့စွာ သက်ပြင်းချရုံသာ တက်နိုင်တော့သည်။
တောင်ထိပ်ပေါ်တွင် ဝမ်လင်းက ဂူတစ်လုံးကို တွေ့လိုက်၏။ သည်ဂူ၏ ဝင်ပေါက်တံခါးက ပျက်စီးနေပြီး ဖုန်မှုန်များဖြင့် ပြည့်နေသည်။ သည်နေရာသည် ပုန်းလို့ ပြုလို့ ကောင်းသည့် နေရာတစ်ခုတော့ မဟုတ်ပေ။ ဝမ်လင်းက သည်နေရာကို ရှာဖွေရန် လူတစ်ယောက်မှ မလာရောက်ခဲ့ဟု ထင်မြင်မိနေသည်။
သည်လိုဏ်ဂူက အလွန်ကြီးမားခြင်း မရှိဘဲ အထဲ၌ အခန်း ခုနှစ်ခန်း ရှစ်ခန်းလောက်သာ ရှိပေသည်။ ဝမ်လင်းက လိုဏ်ဂူကို စစ်ဆေးကြည့်လိုက်ရာ မည်သည့် အရာကိုမျှ တွေ့ရှိခြင်း မရှိပေ။
သူက လိုဏ်ဂူထဲသို့ မဝင်ရောက်ခင်မှာ ဝမ်လင်းက ကြိုတင် ပြင်ဆင်မှုအချို့ ပြုလုပ်လိုက်၏။ သူက မည်သည့် အရာကိုမျှ ရှာတွေ့ခြင်း မရှိသော်လည်း စိတ်ပျက် အားလျော့ခြင်းတော့ မရှိသေးပေ။ သူ လိုဏ်ဂူထဲသို့ ဝင်လာရသည်က ကြွန်းကျန်ရစ်သည် အတားအဆီး အစီအရာများကို ရှာတွေ့ရန်သာ ဖြစ်သည်။
သူက ကောင်းကင်ဘုံ နယ်မြေရှိ အတားအဆီးမှာ မည်သို့ အတားအဆီးများ ဖြစ်သည်ကို ကြည့်ရှုလိုမိ၏။ သူက အချို့ကို လေ့လာနိုင်ခဲ့လျှင် အတားအဆီးအလံပေါ်တွင် အတားအဆီးပေါင်း (၉၉၉၉)ခု ပြုလုပ်ခြင်းတွင် အတော်လေး အကူအညီ ဖြစ်ပေလိမ့်မည်။
သူက သေချာစူးစမ်းကြည့်ပြီးနောက် အတားအဆီး အတော်များများက ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သို့သော် အကုန်လုံး ပျောက်ကွယ်သွားတာ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ သူက အခန်းတစ်ခုတွင် ကြွင်းကျန် ရစ်သော အတားအဆီး တစ်ခုကို တွေ့လိုက်ရသည် အတွက် ပျောက်ရွှင်သွားသည်။
သည်အတားအဆီးက အလွန်သန်မာ အားကောင်းခြင်း မရှိတော့ပေ။ ၎င်းက အခန်းတံခါးကို ချိပ်ပိတ်ရန် အတွက်သာ အသုံးပြုခဲ့သည့်ပုံပင်။ ၎င်းက များစွာ ပျက်စီးသွားပြီ ဖြစ်သော်လည်း တံခါးဘေးတွင် စွမ်းအင် အမျှင်တန်းတစ်ခု ကျန်နေတုန်းပင်။ ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် သူက ၎င်းကို သေချာ လေ့လာကြည့်လိုက်၏။
ကောင်းကင်ဘုံ အတားအဆီးများသည် ဝမ်လင်း သိထားခဲ့သည့် ရှေးဟောင်း အတားအဆီးများနှင့် ဆင်တူလှ၏။ သို့သော် ကွာခြားချက်တော့ ရှိသည်။ အမှန်တော့ အတားအဆီးများက အစီအရင်များသာ ဖြစ်ပြီး အများစုက ရွှေ့လျားခြင်း ပြုလုပ်လို့မရဘဲ အသေသဘော ရှိသည်။
သုံးရက်ကြာပြီးနောက် ဝမ်လင်းက လိုဏ်ဂူထဲမှ ထွက်လာခဲ့၏။ အတားအဆီး အမျှင်တန်း အကုန်လုံးကိုလည်း သူက မှတ်သားလာခဲ့ပြီး ဖြစ်၏။
ဝမ်လင်းက တောင်အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်သည်။ သူက ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တောင်ပေါ်ရှိ အပင်များ အားလုံးသည် ပျောက်ကွယ်သွားပြီး အမှုန်အဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
အခုချိန်တွင် ဖုန်မှုန်များက လေထဲတွင် မြောလွင့်နေပြီးနောက် တဖြည်းဖြည်း စုစည်းသွား၏။
ဝမ်လင်က တည်ငြိမ်စွာဖြင့် လေထဲသို့ ခုန်တက် လိုက်၏။ သူက အပေါ်စီးမှ အောက်ကို လှမ်းကြည့်ပြီးနောက် သူ့အသွင်က အလေးအနက် ဖြစ်သွား၏။
သူ့နေရာကနေ ဖုန်မှုန်များကို ကြည့်လျှင် စကားနှစ်လုံးအသွင် ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။
“ငါ့ကို ကယ်ပါ…” ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်မိသည်။
ဖုန်မှုန်များက တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားသည်။ အထက်မှ ကြည့်လျှင် သည်တောင်သည် သော့အိမ်နှင့် ပိုဆင်တူ၏။ လိုဏ်ဂူကတော့ သော့တံနှင့် ဆင်တူလို့ နေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သို့သော် သူက ပြန်၍ စစ်ဆေးခြင်းတော့ မပြုတော့ပေ။ သည်နေရာသည် အလွန်ထူးဆန်းနေ၏။ ထို့ကြောင့် သူက ထပ်မံဖော်ထုတ် လေ့လာခြင်း ပြုရန် ဆန္ဒမရှိတော့ပေ။
ပို၍ အရေးကြီးသည်မှာ သူက သည်တောင်နှင့် ပတ်သက်၍ တစ်ခုခုမှားနေကြောင်း ပထမဆုံး သတိပြုမိသည့်လူ မဟုတ်ဟု ယုံကြည်သည်။ ထိုသို့ဆိုလျှင် သည်တောင်က အခုထိသည် နေရာမှာ ဘာကြောင့်များ ရှိနေရသေးတာလဲ။ ဝမ်လင်းက သည်အရာကို တွေးမိသဖြင့် ထပ်မံ စုံစမ်းခြင်းကို ပို၍ မပြုလုပ်ချင်တော့ပေ။ သူက နောက်သို့ ခပ်ဖြည်းဖြည်းချင်း ဆုတ်ပြီး ထွက်ခွာ သွား၏။
ဝမ်လင်းက သည်နေရာတွင် သူ့အသက်နှင့်ရင်း၍ စုံစမ်းဖော်ထုတ်ခြင်း မပြုလုပ်လိုပေ။
ဝမ်လင်းက သည်အစိတ်အပိုင်း အပေါ်တွင် ရှာဖွေနေသည်မှာ ရက်အချို့ ရှိနေပြီ ဖြစ်သော်လည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို ထပ်မံမတွေ့ရသေးပေ။ ထို့ကြောင့် သူက နောက်ထပ် အစိတ်အပိုင်း တစ်ခုသို့ သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက်၏။
သူက ထွက်မသွားခင် ကြေးလက်ကောက်ထဲသို့ စိတ်ဝိညာဉ် စွမ်းအင်များ ဖြည့်သွင်း လိုက်၏။ သူက အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ အသုံးပြုခဲ့သော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိရာသို့ ရောက်လာခဲ့၏။ သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ခေါင်းလောင်းကို ထုတ်ယူ လိုက်သည်။
သူက အစိတ်အပိုင်းထဲမှ ထွက်ခွာရန် သိသလောက်က သူစခဲ့သော စမှတ်ကို ရောက်အောင် ပြန်သွားပြီး ထိုနေရာရှိ ဝဲကတော့ထဲသို့ ပြန်ဝင်ပြီး နောက်ထပ် အစိတ်အပိုင်း တစ်ခုထံသို့ ထပ်မံ သွားရောက်ရန် ဖြစ်သည်။
သို့သော် အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ အစိတ်အပိုင်းပေါ်သို့ ထွက်ပေါ်လာသည့် နည်းလမ်းကတော့ ထူးဆန်းလှသည်။ သူက တည်နေရာ ရွှေ့ပြောင်း အစီအရင်ဖြင့် ရောက်ရှိ လာခဲ့ခြင်းပင်။ သည်အချက်များက ဝမ်လင်း အကြမ်းဖျင်း ခံမှန်းမိခြင်း ဖြစ်၏။
အချို့သော ရှေးဟောင်း ကလန်များသည် ကောင်းကင် ဘုံနယ်မြေထဲသို အကြိမ်များစွာ ဝင်ရောက်ရန်အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အချို့ကို ချမှတ်နိုင်၏။ သည်တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များသည် ထိုကလန်နှင့် ချိတ်ဆတ်မိနေသည့် အစိတ်အပိုင်းများကိုသာ သွားရောက်နိုင်ကြခြင်း ဖြစ်၏။
ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက သူ့ရှေ့သို့ ခေါင်းလောင်းကို ပစ်လိုက်သည်။ ထို့နောက် ချိပ်ပိတ်ဟန်များစွာ ပြုလုပ်၏။ နှစ်ရက်ခန့် ကြာမြင့်ပြီးနောက် ဝမ်လင်းက သည်ခေါင်းလောင်းထဲရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ သေခါနီး လက်တုံ့ပြန် ရန်ထားခဲ့သော အစီအရင် အချို့သည် လုံးဝ ရှင်းလင်းသွားပြီဟု ခန့်မှန်းလိုက်သည်။
သည့်နောက် ဝမ်လင်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ခေါင်းလောင်းက တဖြည်းဖြည်း ကြီးမားလာခဲ့၏။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ သက်တံရောင်စုံ အခိုးငွေ့များက ခေါင်းလောင်း၏ အောက်ခြေမှ ထွက်ပေါ်လာခဲ့ပြီး ခေါင်းလောင်းလည်း ပွင့်သွားလေသည်။
ဝမ်လင်းက အထဲသို့ကြည့်လိုက်ရာ သိုလှောင်အိတ် တစ်ခုနှင့် ဓားတစ်လက် ရှိနေသည်ကို တွေ့လိုက်ရ၏။ သို့သော် ရုတ်တရက် သည်ဓားက တဝီဝီ ထမြည်လာပြီး လက်မောင်းလုံးခန့် ရှိသည့် ဓားချီများ ထုတ်လွှတ်လိုက်၏။
ဝမ်လင်က နှာခေါင်း ရှုံ့လိုက်သည်။ သူက လက်ညွှန်လိုက်ရာ ထိုဓားချီများက ပျောက်ကွယ်လို့ သွား၏။ အော်ညည်းသံ တစ်ချက်နှင့်အတူ ထိုကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်က လုံးဝ ပျောက်ကွယ် သွားတော့သည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက သူ့မူလစိတ်ဝိညာဉ်ကို ဓားထဲတွင် ထည့်သွင်း၍ နောက်ဆုံး လက်တုံ့ပြန် တိုက်ခိုက်မှု တစ်ခုကို မသေခင် ပြုလုပ် သွားခဲ့ခြင်းပင်။ သို့ရာတွင် ဝမ်လင်းက ၎င်းကို အချိန်ကြာမြင့်စွာ သန့်စင်ပြီး နောက်မှာတော့ သူ့မူလစိတ်ဝိညာဉ်က ဓားချီကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့်လည်း ဝမ်လင်းက ထိုဓားချီ တိုက်ခိုက်မှုကို လွယ်လင့်တကူ ရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။
***