သည်ကျောက်ပြားက မြေကြီးမှ ကျွတ်ထွက် လာသည့်အခါ ကျောက်ပြားအောက်ရှိ ဧရိယာကို တွေ့မြင်လိုက်ရ၏။ သည်ကျောက်ပြား ရှိခဲ့သော နေရာအောက်ရှိ မြေအောက် နံရံများသည် အပေါ်ဘက်မြေကြီးပေါ်ရှိနံရံများနှင့် မတူညီသော အရောင်ရှိနေ၏။
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ အကျိုးအကြောင်း အရ ကြည့်မည်ဆိုပါက သည်နေရာသည် နှစ်ပေါင်းများစွာ ပျက်စီးလို့နေခဲ့ပြီး ဖြစ်၏။ သို့သော်လည်း ကောင်းကင်ဘုံ နယ်မြေက အစိတ်အပိုင်း များစွာ ဖြစ်နေခဲ့သော်လည်း ကောင်းကင်ဘုံ တံခါးပေါက်ပွင့်၍ လူများဝင်ရောက်လာနိုင်ခဲ့သည်။
ထို့ကြောင့် ရှေ့လူများ ခြေမချဖူးသည် အစိတ်အပိုင်းတစ်ခုကို တွေ့ရန်က ခက်ခဲလွန်းလှ၏။
အခြေခံအားဖြင့် ကောင်းကင်ဘုံ နယ်မြေ၏ အစိတ်အပိုင်း အများစုက ရှေ့က ကျင့်ကြံသူများ လာရောက်ပြီး နေရာများ ဖြစ်ခဲ့သည်။
သည်ကျောက်ပြားက ပုံမှန်အားဖြင့် နန်းတော် အပြင်တွင် ရှိနေရမည့် သင်္ကတေ တစ်ခု ဖြစ်သော်လည်း အခု အတွင်းဘက် နန်းတော် ဗဟိုတွင် ရှိနေခဲ့ပေသည်။ သည်အချက်များကြောင့် သည်ကျောက်ပြားသည် နှစ်ပေါင်းများစွာ မြေကြီးအောက်တွင် ရှိနေခဲ့သည်ဟု ပြော၍ ရ၏။ ဝမ်လင်းက နောက်ဆုံးတွင် မည်သို့ ဖြစ်သွားသည်ကို နားလည်လိုက်၏။
ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ဘုံ နယ်မြေ ဂိတ်တံခါးပွင့်ခဲ့သည့် အစောပိုင်း ချိန်တုန်းက တစ်ခုခုကို ဖုံးကွယ်ရန် အတွက် သည်ကျောက်ပြားကို နေရာရွှေ့ခဲ့ခြင်း ဖြစ်ပေမည်။ ဝမ်လင်းက သူ့အတွေးကို အတည်ပြုပြီးနောက် လက်တစ်ဖက် မြှောက်လိုက်သည်။ မြေအောက်တွင် နောက်ဆုံးကျန်နေသေးသော ကျောက်ပြား၏ အစိတ်အပိုင်း ပေအနည်းငယ်က ဝမ်လင်းကြောင့် ကြွတက် လာခဲ့တော့၏။
သည်ကျောက်ပြားက မြေပေါ်သို့ လုံးဝ ဆွဲထုတ် ခံလိုက်ရသည့် အခိုက်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အမျှင်တန်းတစ်ခုက အောက်ခြေမှ ထွက်လာခဲ့၏။ သည်စွမ်းအင်က သိပ်အများကြီး မဟုတ်ဘဲ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။
ဝမ်လင်းက ပျော်ရွှင်စွာဖြင့် သည်စွမ်းအင်အနည်းငယ်ကို ဖမ်းဆုတ်၍ သန့်စင်လိုက်၏။
ထိုအခိုက်မှာပင် လျှပ်စီးတန်းလို လေထုကို ဖြတ်၍ အကွာအဝေးတစ်ခုမှ ပျံသန်းလာသော အရာတစ်ခုကြောင့် လေထုပေါက်ကွဲသံများကို ကြားလိုက်ရသည်။ သည်အရာဝတ္ထုက ရှစ်မြှောက် ပုံစံအစီအရင် တစ်ခုဖုံးလွှမ်းလို့ထား၏။
သည်အစီအရင်ထဲမှ နောက်ကျောတွင် ဓားတစ်ချောင်း လွယ်ထားသည့် အစိမ်းရောင် အင်္ကျီဖြင့် ကျင့်ကြံသူ တစ်ယောက်သည် လှမ်းထွက်လို့လာ၏။
သူက ထွက်ပေါ်ပြီးသည်နှင့် အပျက်အစီးပုံကြီးကို လျင်မြန်စွာ ဖြတ်သန်းကာ ပျံသန်း လာနေသည်။
ဝမ်လင်းက ထိုအခြင်းအရာကို ချက်ချင်း သတိပြုမိ သွားပြီးနောက် မျက်မှောင်ကြုတ် လိုက်သည်။ သို့ရာတွင် သူက ထိုလူကို လျစ်လျူရှု လိုက်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကိုသာ အာရုံစိုက်၍ သန့်စင်နေသည်။
ဝမ်လင်းက ခဏတာ သန့်စင်ပြီးနောက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်သည် အရည်တစ်စက် အဖြစ်သို့ ပြောင်းသွားခဲ့သည်။
ဝမ်လင်းက ကျင့်ကြံသူ တစ်ယောက်သည် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ဖြစ်သည့်အထိ သန့်စင်ရမည်ကို သိသည်။ သို့ရာတွင် ထိုသို့ဖြစ်အောင် သန့်စင်ရာ၌ သန့်စင်သူ၏ ကျင့်ကြံခြင်း အဆင့်ပေါ် မူတည်၍ အချိန်ကြာမြင့် မှုကလည်း ကွဲပြားသွားသည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ အမြန်နှုန်းက အံ့မခန်းပင်။ သူက တစ်စုံတစ်ရာ မှားနေသည်ကို သတိပြုမိ လိုက်ပြီးနောက် ရုတ်တရက် လှမ်းအော် လိုက်သည်။ “ရပ်လိုက်စမ်း…” သူက အမည်မသိ နည်းစနစ် တချို့ကို အသုံးပြုလိုက်ရာ သူ့အမြန်နှုန်းက ပိုမြန်ဆန် သွား၏။
ဝမ်လင်းက သူ့ကို လျစ်လျူရှု ထားဆဲပင်။ အကြောင်းမှာ အစိမ်းရောင် အင်္ကျီနှင့်လူသည် သူနှင့်ကျင့်ကြံမှု အဆင့်တူဖြစ်သည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း စဦးအဆင့်တွင်သာ ရှိသေးသောကြောင့်ပင်။ ထို့ကြောင့် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို သန့်စင်ရာ၌သာ အာရုံစိုက်ထားလေ၏။
အစိမ်းရောင် အင်္ကျီနှင့်လူက ဝမ်လင်းက မရပ်တန့်ဘဲ ဆက်လက် သန့်စင်နေသည်ကို တွေ့သည့်အခါ ဒေါသတကြီး လှမ်းအော်လိုက်၏။ “ဒီနေရာက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) ကတည်းက ငါတို့ တာလော့ ဓားကလန် ရှာတွေ့ခဲ့တဲ့နေရာပဲ။ မင်း အခုမရပ်တန့်ဘူး ဆိုရင် တာလော့ ဓားကလန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”
ကျင့်ကြံသူ၏ အသံက အကွာအဝေး တစ်ခုမှ ပျံ့နှံ့လို့လာ၏။ ဝမ်လင်းက ထိုအသံကို ကြားလိုက်သည့် အခါ နှခေါင်းရှုံ့လိုက်သည်။ အရာအားလုံးက ပိုင်ရှင်ရှိပြီးသာ ဆိုသည်က မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။ အထူးသဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ဖြစ်သည်။ သည်လူပြောနေသည်က တကယ့်ကို ယုတ္တိမကျပေ။
ဝမ်လင်းက သူ့ညာလက်ကို လှုပ်ရမ်းလိုက်ရာ သူ့လက်ထဲရှိ လက်ကောက်က အစိမ်းရောင် ဖားပြုတ်ကြီး အဖြစ်သို့ ပြောင်းသွားတော့၏။
မိုးကြိုးသားရဲက ထွက်ပေါ်လာသည့်နှင့် တစ်ပြိုက်နက် လျှပ်စီးအလင်းလုံးကို အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူထံသို့ ထွေးထုတ်လိုက်သည်။
ထိုကျင့်ကြံသူ၏ မျက်နှာသွင်ပြင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက သည်အလင်းလုံးကို ထိန့်လန့်လို့နေ၏။ သူက နောက်ကျောဘက်မှ ဓားကို ဆွဲထုတ်လိုက်၏။ ထို့နောက် သည်ဓားက သူ့ခေါင်းထက်တွင် ဝဲပျံနေပြီး နေတစ်စင်း အလား ထွန်းတောက်သည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက အစီအရင် ချိပ်ပိတ်မှုများကို ပြုလုပ်ပြီးနောက် အလင်းလုံးထံသို့ ညွှန်လိုက်သည်။ သည်အခါ ဓားထံမှ စွမ်းအားထူထဲသည့် ဓားချီများက ဆင်းသက် ထွက်ပေါ် လာတော့၏။
သည်ဓားချီများက အလွန်မြန်ဆန်စွာဖြင့် အလင်းလုံးပေါ်သို့ ကျရောက်သွားသည်။ အလင်းလုံးက နှစ်ခြမ်း ကွဲသွားပြီးနောက် အဖြူရောင် အလင်းများ ထွက်ပေါ်လာပြီး မီးတောင်ဝ နှစ်ခုလို ဖြစ်သွား၏။ အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ မျက်နှာက နီရဲလို့လာသည်။ သူ့လည်ချောင်းထဲမှ သွေးတစ်လုပ်က အန်ထုတ်လိုက်ရသည်။
သည်ဓားက တာလော့ဓားကလန်၏ ရတနာဓား ခုနစ်လက်ထဲတွင် တစ်လက် အပါအဝင် ဖြစ်သည်။ သူ့ထက် အားနည်းသည့်ရန်သူဆိုလျှင် သူက သည်ဓားကို အလွယ်ထိန်းချုပ်နိုင်သည်။ သူနှင့်ကျင့်ကြံခြင်း အဆင့်တူသည့် လူဆိုလျှင်လည်း သည်ဓားထဲရှိ ဓားချီနှင့် ထိုလူကို အလွယ်တကူ သတ်နိုင်စွမ်း ရှိသည်။
သို့ရာတွင် မိုးကြိုးဖားက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့်ဖြစ်သည်။ သည်လျှပ်စီး အလင်းလုံးက နယ်ပယ်စွမ်းအား မပါဝင်သော်လည်း သာမန် ကျင့်ကြံသူ တစ်ယောက်က ၎င်း၏စွမ်းအားကို ရင်ဆိုင် ထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
မိုးကြိုးဖားပြုတ်ကြောင့် ဝမ်လင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်သန့်စင်ခြင်း ပြီးဆုံး သွားခဲ့ပြီ ဖြစ်၏။ အခု သူ့လက်ထဲတွင် ဆန်စေ့အရွယ် ခရမ်းရောင် သလင်းကျောက်လေး တစ်လုံး ရှိနေခဲ့သည်။
သည်သေးငယ်သော သလင်းလုံးထဲရှိ စွမ်းအင်က ကျောက်နိုင်ငံ တစ်ဝက်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို သိပ်သည်းခြင်းနှင့် တူညီသည့်ပမာဏ ရှိသည်။ သည်သလင်းလုံးလေး ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်ကို ခံစားမိသဖြင့် ဝမ်လင်းက တုန်လှုပ်မိသည်။ သူက သည်သလင်းလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ခေါင်းမော့၍ အစိမ်းရောင် အင်္ကျီနှင့်ကျင့်ကြံသူကို အေးစက်စွာ ကြည့်လိုက်သည်။
သည်ကျောက်ပြား၏ အောက်တွင် အစီအရင်၏ မျက်လုံးတစ်ခုကို ကွယ်ဝှက် ထားခဲ့သည်။ အစီအရင်က ပျက်စီးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သည်ကျောက်ပြား အောက်ရှိ အစီအရင် မျက်လုံးကတော့ အသက်ဝင်သေးသည်။ ၎င်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို အချိန်ကြာမြင့်စွာ စုစည်းပေးနေပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အမျှင်တန်းကို ထုတ်လွှတ် နိုင်ခဲ့သည်။
သည် တာလော ဓားကလန်က သည်ကျောက်ပြားကို သည်နန်းတော် အလယ်နားသို့ နေရာရွှေ့ခဲ့သူများ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ သူတို့က သည်ကျောက်ပြားကို တစ်ယောက် ယောက် ရှာတွေ့သွားမည်ကို စိုးရိမ် မိသောကြောင့်ပင်။ သူတို့က ကောင်းကင်ဘုံ တံခါးပွင့်လာသည့် အခါတိုင်း လူတစ်ယောက်ကို စေလွှတ်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို လာရိတ်သိမ်း ခိုင်းနေခဲ့သည့် ပုံပင်။
သည်တာလော့ ဓားကလန်က ကျောက်ပြားကို မည်သည့် အတားအဆီး အစီအရင်မှ မပြုလုပ်ခဲ့ခြင်းက တစ်စုံတစ်ယောက်က သတိပြုမိ သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ဝမ်လင်းက နှခေါင်းရှုံ့လိုက်ပြီးနောက် အစီအရင်၏ မျက်လုံးဖြစ်သည့် ကျောက်ပြားကို ဖျက်ဆီး ပစ်လိုက်သည်။ ၎င်းက နောက်တစ်ဖန် လုံးဝအသုံးပြု၍ ရနိုင်တော့မည် မဟုတ်ပေ။
သူက တာလော့ဓားကလန်ကို ဆန့်ကျင့်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ရယူခဲ့သည့် အတွက် သည်အစီအရင် မျက်လုံးကို ဖျက်စီးပြစ်မှ ရပေမည်။ သို့မှသာ တာလော့ ဓားကလန်က သည်အစီအရင်ကို အသုံးပြု၍ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို စုဆောင်းပြီး အစွမ်းထက်သည့် ကျင့်ကြံသူများကို မွေးမထုတ်နိုင်မည် ဖြစ်သည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက ဝမ်လင်းကို စူးရဲစွာ ကြည့်နေခဲ့၏။ သူက ဟိန်းသံတစ်ချက် ပြုပြီးနောက် ဝမ်လင်းထံသို့ လက်ညွှန်လိုက်သည်။ ထိုအခါ ဝမ် င်းထံသို့ ဦးတည်နေသော ဓား၏ ဓားချီက နှစ်ဆဖြစ်လာခဲ့ပြီး ကောင်းကင်ကိုပင် နှစ်ခြမ်းကွဲထွက် သွားနိုင်လောက်သည်ဟု ထင်မှတ်ရ၏။
သူက သည်ဓားချီကို ထုတ်ဖော်ပို့လွှတ် ပြီးနောက် သွေးတစ်လုပ်အန်လိုက်ရပြီး သူ့ခန္ဓာကိုယ်ကလည်း လွန်စွာအားနည်းသွားတော့၏။ သူက ဓားချီကို ထုတ်ဖော် လိုက်သည့် ရလဒ်ကို မကြည့်တော့ဘဲ ချက်ချင်းပြန်ထွက်ခွာရန် ပြင်လိုက်သည်။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက သူ့မျက်ခုံး နှစ်ခုကြားကို လက်ညွှန်လိုက်ရာ အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာ၏။ သည်အခိုးငွေ့များက လေလွင့်ဝိညာဉ်များ အဖြစ်သို့ ပြောင်းသွားတော့သည်။ သည်လေလွင့် ဝိညာဉ်များက ရှေ့သို့ ထိုးတက်သွားပြီး ဓားချီများနှင့် ထိပ်တိုက် တွေ့ဆုံသည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးဖားပြုတ်က အော်သံပြု၏။ သည့်နောက် ၎င်းသားရဲက နောက်ထပ် ပိုကြီးမားသည့် လျှပ်စီးအလင်းလုံး တစ်လုံးကို ထုတ်ဖော်လိုက်သည်။
“ထွက်ပြေးချင်တာလား…” ဝမ်လင်းက သိုလှောင်အိတ်ထဲက အလံငယ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ သည်အတားအဆီး အလံက ပထမအဆင့်ပြီးပြည့်စုံခြင်းကို ရောက်ရှိခဲ့ပြီး ဖြစ်သည့်အတွက် အလွန်သန်မာ အားကောင်းလှသည်။ ၎င်းအလံက အနက်ရောင် အခိုးငွေ့များ အဖြစ်သို့ ပြောင်းသွားပြီးနောက် ဝမ်လင်းကို လွှမ်းခြုံသွားပြီး သူ့အား သယ်ဆောင်သွား၏။
သည်ဓားချီက ဦးဆုံး လေ့လွင့်ဝိညာဉ် တစ်ရာကျော်နှင့် ထိတိုက်မိသည်။ လေလွင့် ဝိညာဉ်များက ဓားချီနှင့် ထိတွေ့သည့်အခါ ချက်ချင်း ပျက်စီး သွားခဲ့ကြသော်လည်း ၎င်းဓားချီ ပမာဏ၏ ငါးပုံတစ်ပုံကို ဖျက်စီးနိုင်ခဲ့ပြီး အနည်းငယ် မှိန်ဖျော့ သွားစေခဲ့သည်။
သည့်နောက် အလင်းလုံးကလည်း ဓားချီနှင့်ထိတွေ့ မိသည့်အခါ ပျောက်ကွယ် သွားခဲ့ရ၏။ သို့သော် ဓားချီ၏ မူလအရွယ်အစားက ကျုံ့သွားခဲ့ရသည်။
တဖြည်းဖြည်းဖြင့် ဝမ်လင်းက ရှေ့သို့ ဦးတည် သွားလိုက်သည်။ ဝမ်လင်းက အတားအဆီး အလံ၏ အောက်တွင် သည်ဓားချီများက သူ့အား ရပ်တန့် နိုင်စွမ်းရှိတော့မည် မဟုတ်ပေ။
ဝမ်လင်းက အရှိန်လျော့သွားခြင်း မရှိဘဲ ထွက်ပြေးသွားသော အစိမ်းရောင်အင်္ကျီနှင့် ကျင့်ကြံသူ၏နောက်သို့ ထပ်ကြပ်မကွာလိုက်တော့သည်။
ထိုကျင့်ကြံသူက လွတ်မြောက်ရန် ထွက်ပြေးနေစဉ် သူ့နတ်ဘုရားအာရံကို ဖြန့်ကြက် ထားသဖြင့် ဝမ်လင်း လိုက်လာသည်ကို တွေ့လိုက်သည့်အခါ တုန်လှုပ်မိသွား၏။ သူက ဝမ်လင်းသည် သူ့ဓားချီကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်ခဲ့သည်ကို မယုံနိုင်ဖြစ်နေသည်။ သူက မတုန်လှုပ်မိဘဲ နေနိုင်ပါ့မည်နည်း။
ဝမ်လင်းအသွင်က မပြောင်းလဲပေ။ အမှန်တော့ သည်ဓားချီက အားကောင်းလှပါသည်။ သူသာ ကြိုတင်ပြင်ဆင်မှု မပြုလုပ်လာခဲ့လျှင် သည်နေ့တွင် သည်ဓားချီကြောင့် အနာတရ ရပေလိမ့်မည်။
ဝမ်လင်းက ကောင်းကင်ဘုံ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများသည် လျော့တွက်လို့ မရကြောင်း ထပ်မံ သဘောပေါက်မိသည်။
အတားအဆီး အလံက ဝန်းရံထားစဉ်မှာ ဝမ်လင်းက အလွန် မြန်ဆန်လှ၏။ သူနှင့် အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူတို့ ကြားရှိ အကွာအဝေးသည် လျင်မြန်စွာ ကျုံ့လာခဲ့တော့သည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ မျက်နှာက ရှုံ့တွလို့ နေသည်။ သူက လျှို့ဝှက် နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်ပြီးနောက် သူ့ကျင့်အမြန်နှုန်းက များစွာ တိုးလို့သွားသည်။ သူက နေရာတစ်ခုတွင် ခြေချလိုက်ပြီးနောက် ချိပ်ပိတ်ဟန် တချို့ကို ပြုလုပ်လိုက်သည်။ သည့်နောက် အစီအရင်တစ်ခု ထွက်ပေါ် လာခဲ့သဖြင့် သူက စိတ်သက်သာရာ အနည်းငယ်ရခဲ့သည်။ သူက သည်အစီအရင် ထဲမှာဆိုလျှင် နောက်ထပ် အပိုင်းအစတစ်ခုကို ရှာတွေ့ နိုင်ပေလိမ့်မည်။ သည်ကောင်းကင်ဘုံ နယ်မြေတွင် အပိုင်းအစများစွာ ရှိသဖြင့် သည်လူက သူ့အား လိုက်ဖမ်းနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သူက နှခေါင်းရှုံလိုက်၏။ “ခဏစောင့်နေစမ်းပါ၊ ငါရဲ့ တာလော့ ဓားကလန်က ဒီကောင်းကင်ဘုံ နယ်မြေကို ဝင်လာတာ လေးယောက်ရှိတယ်။ ငါက ငါ့စီနီယာနဲ့ တွေ့တဲ့အခါကျရင် မင်းကို သတ်ဖို့လာခဲ့မယ်။ မင်း ကောင်းကင်ဘုံ နယ်မြေကနေ ထွက်သွားနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး…”
***