သည့်နောက် ဝမ်လင်းက များစွာသော ဝဲကတော့များကို သူ့ရှေ့တွင် တွေ့လိုက် ရ၏။ ကျင့်ကြံသူများသည် ထိုဝဲကတော့များ ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားကြလေသည်။
ဝမ်လင်းက ရှေ့သို့တိုး၍ ဝဲကတော့ရှိရာသို့ ဆက်သွားလိုက်သည်။ ထို့နောက်သူက ဝဲကတော့ထဲသို့ ဝင်ရောက် လိုက်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့၏။
သူက မျက်စိကျိန်းစပ်သွားပြီးနောက် ကောင်းကင်ပေါ်မှ ပြုတ်ကျသလို ခံစားလိုက်ရ၏။ ထို့ပြင် သူက မျက်လုံးအားတင်း ဖွင့်ကြည့်လိုက်ရာ မမေ့နိုင်ဖွယ်အရာတစ်ခုကို တွေ့မြင် လိုက်ရတော့သည်။
သူ့အောက်တွင် ရွှေရောင် အပိုင်းအစများစွာ ရှိလို့နေသည်။ သည်အပိုင်းအစများက မှန်တစ်ချပ် မြေပေါ်သို့ ပြုတ်ကျသွားပြီး ပြန့်ကျဲ သွားသည်နှင့်ပင် ဆင်တူသေး၏။
ကောင်းကင်ဘုံနယ်မြေသည် ပြန့်ကျဲပြိုကွဲနေသော မှန်တစ်ချပ်အလား ထင်မှတ်ရ၏။ အခု ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သည်နယ်မြေတွင် ပျောက်ကွယ် သွားခဲ့ပြီး သေးငယ်သော ပမာဏလောက်သာ ကောင်းကင်ဘုံ နယ်မြေ၏ အစိတ်အပိုင်း တစ်ခုချင်းစီတွင် ကျန်ရှိတော့၏။
ဝမ်လင်းက အောက်သို့ အလျင်အမြန် ကျဆင်းလာစဉ်မှာပင် သည်အပိုင်းအစများက ပို၍ ကြီးမားလာခဲ့၏။ သိပ်မကြာခင် ဝမ်လင်းက အစွန်းတစ်ဖက် အနားရှိ အစိတ်အပိုင်း တစ်ခုပေါ်တွင် ချေချ၍ သည်နေရာကို စူးစမ်းကြည့်သည်။
သူက ခြေချပြီးသည့် အခိုက်မှာပင် သိုလှောင်အိတ်ထဲမှ ကြေးဝါ ခေါင်းလောင်းတစ်ခုကို ထုတ်ယူ၍ လက်ထဲ၌ ကိုင်ထားလိုက်၏။ သည်ခေါင်းလောင်းက ရှေးဟောင်း ကျင့်ကြံသူများထံမှ သူသန့်စင်နိုင်ခဲ့သည့် ရတနာသုံးခု ထဲမှ တစ်ခု ဖြစ်၏။ သည်ရတနာက ၎င်း၏ အရွယ်အစားကို ရန်သူအား ပိတ်လှောင်ရန် ပြောင်းလဲ နိုင်စွမ်းရှိလေသည်။
ဝမ်လင်းက ခြေချပြီးနောက် ပတ်ဝန်းကျင်ကို ဝှေ့ဝှိုက် ကြည့်လိုက်ရာ တုန်လှုပ်လို့သွား၏။
သည်နေရာအောက်ခြေ မြေပြင်သည် အသက်ဓာတ် ကင်းမဲ့လို့နေ၏။ မြက်ပင်များပင် သေဆုံးလို့ နေကြသည်။ အကွာအဝေး တစ်ခုရှိ တောင်တစ်တောင်ကလည်း ထိပ်ပိုင်းပြတ်လို့ နေသည်။ သည်ပြတ်နေသော တောင်ထိပ်ပိုင်းက ချောမွတ်လို့နေသဖြင့် တစ်စုံတစ်ယောက်က သေချာပိုင်းဖြတ် ထားသည်မှာ ထင်ရှားလှ၏။
တောင်အောက်တွင်တော့ နန်းတော် အချို့ရှိနေ၏။ သို့သော် သည်နန်းတော်များက အုတ်ကျိုးအုတ်ပဲ့များ စုပုံထားသလို ရှိနေခဲ့သည်။ တောင်ထိပ်၏ ပြတ်ထွက် သွားသော အပိုင်းသည် နန်းတော်များ၏ ထိပ်တွင် ဖိကျလို့နေသည်။
မြေပြင်ပေါ်တွင် အသူတစ်ရာနက်လှသော ချိုင့်များ၊တွင်းများ ရှိလို့နေသည်။ အချို့တွင်းများ ဆိုလျှင် အဖြူရောင်အခိုးငွေ့များ ထွက်ပေါ်နေကာ လေထဲသို့ တဖြည်းဖြည်း မြောလွင့်လျက် ရှိနေ၏။ သည်နေရာက သေခြင်းကမ္ဘာပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီ…ဒီနေရာက ကောင်းကင်ဘုံ နယ်မြေလား…”
ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားပြီးဟု ကြိုသိခဲ့သော်လည်း ဝမ်လင်းက သည်နေရာသို့ ကိုယ်တိုင်ကိုယ်ကျ ခြေချမိသည့် အခါ မယုံနိုင်ဖြစ်ရသည်။ ရှေးဟောင်း အချိန်တုန်းက တစ်စုံတစ်ယောက်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွားချိန်တွင် သူတို့သည် ကောင်းကင်ဘုံ နယ်မြေ၏ ဆင့်ခေါ်သံကို ကြားရ၏။ ကျင့်ကြံသူများ အဖို့တော့ ကောင်းကင်ဘုံ နယ်မြေသည် တော်ဝင်နေရာ တစ်ခု ဖြစ်ခဲ့ပေသည်။
တော်ဝင်နေရာဆိုလျှင် ထိပါးစော်ကားခြင်း မပြုအပ်ပေ။ သို့သော် အခု ဝမ်လင်း ပတ်ဝန်းကျင်ကို ကြည့်၍ တိတ်ဆိတ်လို့သာ နေတော့သည်။ သည့်နောက်သူက အကွာအဝေး တစ်ခုရှိ နန်းတော်ပျက်များ ရှိရာသို့ ဦးတည် ရွေ့လျားလိုက်သည်။
ခဏတာ ပျံသန်းသွားပြီးနောက် ဝမ်လင်းက ကောင်းကင်ထက်မှ အားတစ်ခု ဆင်းသက် လာကြောင်းကို သတိပြုမိလိုက်သည်။ သည်အားက ပျံသန်းနေစဉ်မှာ အမြန်နှုန်းကိုမြှင့်တင် ထုတ်ဖော်ရန် ခက်ခဲအောင် ပြုလုပ်၏။
ထို့ကြောင့် ဝမ်လင်းက နန်းတော်များရှိရာသို့ အချိန်အတော်ကြာမှ ရောက်ရှိ သွားသည်။ သူက သည်နန်းတော် အပျက်အစီး ပုံကြီးကို ကြည့်၍ တုန်လှုပ်မိသည်။
သည်အပျက်အစီးပုံကြီးကို ကြည့်ရှုပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံ နယ်မြေသည် မည်မျှချမ်းသာ ကြွယ်ဝခဲ့ကြောင်းကို သိလိုက်သည်။ နန်းတော် တည်ဆောက်ရန် အသုံးပြုခဲ့သော သတ္တုများပင် စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဝမ်လင်းက ချူနိုင်ငံတွင် လီမုဝမ်နေထိုင်သော အဆောက်အဦသည် သန့်စင်သော ကျောက်တုံးများနှင့် ပြုလုပ်ထားသည်ကို တွေ့ခဲ့ဖူးသော်လည်း အခုနန်းတော်များနှင့် ယှဉ်လျှင်တော့ အလွန်ကွာခြားမှု ရှိနေတော့သည်။
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ နန်းတော် အဆုံးကိုပင် မမြင်နိုင်ခဲ့ပေ။ အပျက်အစီးပုံကြီးကို ကြည့်လိုက်သည်နှင့် သည်နေရာသည် မပျက်စီးခင်တုန်းက အလွန် အံ့အားသင့်ဖွယ် ကောင်းသောနေရာ ဖြစ်ခဲ့ကြောင်းကို သိနိုင်ပေသည်။
သို့ရာတွင် နှစ်ပေါင်းများစွာ ကုန်ဆုံး ကျော်ဖြတ်လာပြီး နောက်မှာတော့ သည်စိတ်ဝိညာဉ် ကျောက်တုံးများက ၎င်းတို့၏ စွမ်းအင်များ ဆုံးရှုံးလို့နေခဲ့ပြီ ဖြစ်သည်။ တကယ်တော့ သည်ကျောက်တုံးထဲက အများစုက ထိလိုက်မိသည်နှင့် ဖုန်မှုန်များ ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက သက်ပြင်းချလိုက်မိသည်။ “ဒီတော့ ဒါက ကောင်းကင်ဘံ နယ်မြေလား…”
ဝမ်လင်းက အပျက်အစီးပုံကြီးကို ဖြတ်လျှောက် လာနေရင်း မတွေးတော မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရသည်။ သူရှာဖွေကြည့်သလောက် သည်ဧရိယာတွင် မည်သည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်မှ ရှိမနေခဲ့ချေ။ ဒါက ဝမ်းနည်းစရာပင်။
နန်းတော်၏ ဗဟိုတွင် ဝမ်လင်းက ရပ်တန့်လိုက်ပြီး သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်၍ ထိတ်လန့်လို့ သွားသည်။ သည်ဧရိယာသည် အထဲ၌ ဂူများထွင်းထု ထားသည်ကို တွေ့လိုက် ရသောကြောင့်ပင်။ ဝမ်လင်းက သည်ဂူများကို သေချာကြည့်ရှု လိုက်ရာ လက်ဝါးရာတစ်ခု ထင်ကျန်နေကြာင်းကို တွေ့လိုက်ရ၏။
ဝမ်လင်းက မှင်တက်မိသွားသည်။ သူက သည်လက်ရာကို တွေ့လိုက်သည်နှင့် ကောင်းကင်ဘုံ ဂိတ်တံခါးပေါက် ပေါ်ရှိ လက်ရာကို ပြန်အမှတ် ရလိုက်သည်။
သည်လက်ဝါးရာတစ်ခု၏ စွမ်းအားက သည်လောက် ကျယ်ပြန်သည့် ဧရိယာတစ်ခိုကု ပျက်စီးနိုင်စွမ်း ရှိခဲ့သည်။ ဝမ်လင်းက ဟင်္သာပြဒါး ဂြိုဟ်တွင် အခုလို လက်ဝါးတစ်ချက်ဖြင့် အပျက်အစီး များစွာ ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်။ သို့သော် သည်နေရာသည် ကောင်းကင်ဘုံ နယ်မြေပင်။
ကောင်းကင်ဘုံနယ်မြေရှိ အရာအားလုံးက အပြင်ဘက်ရှိ အရာများထက် ပိုမို မာကျောမှု ရှိသည်။ သည်နေရာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများနှင့် ပြည့်နေခဲ့ဖူးသော နေရာ သို့မဟုတ် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ကျင့်ကြံနေသော ထိုအဆင့်ထက် မြင့်သည် ကျင့်ကြံသူများနှင့် ပြည့်နေခဲ့သော နေရာ ဖြစ်ခဲ့သည်။ သည်အရာ အားလုံးကို အစိတ်စိတ် ဖြစ်စေခဲ့ခြင်းက သည်လက်ဝါးရာ၏ စွမ်းအားက အလွန့်အလွန် ထိန့်လန့်ဖွယ် ကောင်းနေတော့သည်။
ဝမ်လင်းက သည်လက်ဝါးရာ၏ အနားသို့ တိုးသွားကာ ထိုင်ချလိုက်ပြီးနောက် သူ့လက်ဖြင့် ၎င်းလက်ဝါးရာကို ထိကိုင် ကြည့်လိုက်သည်။ ရုတ်တရက် အားကောင်းသော သေခြင်း အော်ရာက သူ့လက်မောင်းမှ တစ်ဆင့် ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတော့၏။
ထိုအခါ ဝမ်လင်း၏ သေခြင်းရှင်ခြင်းနယ်ပယ်က ရုတ်တရက် အသက်ဝင် လာခဲ့တော့သည်။ အချိန်တစ်ခု ကြာပြီးနောက်သူက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူ့မျက်လုံးထဲရှိ ထိတ်လန့် တုန်လှုပ်မှုက ပိုတိုးလာခဲ့သည်။
ဝမ်လင်းက သည်လက်ဝါးရာတွင် ပြုလုပ်ခဲ့သူ၏ အော်ရာ အကျွင်းအကျန်များ ကျန်ရစ် နေသေးကြောင်း ခံစားမိလိုက်၏။ သည်လို ခံစားမိလိုက်သဖြင့် သည်လက်ဝါးရာ ပိုင်ရှင်၏ စွမ်းအားသည် အလွန်အားကောင်း လှသည်ကို ပို၍ သဘောပေါက် လာလေလေ ဖြစ်နေ၏။
ဝမ်လင်းက မတ်တတ် ထရပ် လိုက်ပြီးနောက် သူ့မျက်လုံးများက တလက်လက် ဖြစ်လို့နေသည်။ သူက လေထဲသို့ ခုန်တက် ပျံသန်း လိုက်ပြီးနောက် အချိန်အတန်ကြာ သည်လက်ဝါးရာ၏ အနားတွင် ရွှေ့လျားပျံဝဲနေခဲ့ပြီး နောက်မှာတော့ အောက်သို့ ပြန်ဆင်းသက်၍ အပျက်အစီး ပုံများကြားတွင် ဆက်၍ လှမ်းလျှောက် သွားသည်။
သူက အပျက်အစီးပုံများကြား ရက်အတန်ကြာ လမ်းလျှောက်ပြီးနောက် စာလုံးတချို့ ထွင်းထုထားသည့် ပျက်စီးနေသော ကျောက်ပြား တစ်ခုကို ရှာတွေ့ခဲ့၏။
“ငါးဆက်မြောက် မိုးကောင်းကင်ဘုံ အင်ပါယာရဲ့ ကောင်းကင်ဘုံ ကျောင်းသား ထျန်ဟွအတွက် လက်ဆောင်…”
သည်ကျောက်ပြားပေါ်တွင် ကောင်းကင်ဘုံ ကျောင်းသား ထျန်ဟွက ကြီးကျယ်သည့် လုပ်ဆောင်ချက် တစ်ခုကို ပြီးမြောက်ခဲ့သည့် အတွက် ကောင်းကင်ဘုံ အင်ပါယာက သည်နန်းတော်များကို သူ့အတွက် ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ကြောင်းကို ဖော်ပြထားလေသည်။ သည်နန်းတော်များသည် ကီလိုမီတာ တစ်သိန်းအကွာရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကိုပင် ဆွဲယူနိုင်သည့် အစီအရင်ပုံစံဖြင့် တည်ဆောက် ထားခြင်းပင်။ သည်နေရာတွင် ကျင့်ကြံခြင်းက သာမန်ထက် အကျိုးကျေးဇူး များစွာ ရှိမည် ဖြစ်သည်။
ဝမ်လင်းက သည်ကျောက်ပြားပေါ်ရှိ စာလုံးများကို ဖတ်ရှုပြီးနောက် ထပ်မု တုန်လှုပ် ရပြန်သည်။ သူက ကောင်းကင်ဘုံ ကျောင်းသား၏ ကျင့်ကြံခြင်း အဆင့်ကို မသိသော်လည်း ကျန်းသေတာ တစ်ခုကတော့ ကောင်းကင်ဘုံ အင်ပါယာ အောက်တွင် ရှိပေလိမ့်မည်။ ကောင်းကင်ဘုံ ကျောင်းသား တစ်ယောက် ပိုင်ဆိုင်သည့် နန်းတော်ပင် သည်လို နန်းတော်မျိုး ဖြစ်နေခဲ့သည်ဆိုပါက ကောင်းကင်ဘုံ အင်ပါယာ တစ်ယောက်၏ နန်းတော်ဆိုလျှင်မည်သို့များ ဖြစ်နေပါ့မည်နည်း။
သူက ပြန်လှည့်၍ ထွက်ခွာရန် လုပ်လိုက်စဉ်မှာပင် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ပြန်လှည့်လိုက်ပြီး ကျောက်ပြားကို သေချာ စူးစိုက် ကြည့်လိုက်၏။ သည်ကျောက်ပြားက သာမာန်ဟုထင်မှတ်ရ၏။ ၎င်းနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သည့် အရာလုံးဝ မရှိပေ။ သို့သော် ဝမ်လင်းက စကားတစ်လုံးချင်းစီကို သေချာ စူးစိုက်ကြည့်လိုက်၏။ ဘာကြောင့်များ ကောင်းကင်ဘုံ ကျောင်းသားထျန်ဟွက သည်နေရာမှာ သူ့နန်းတော့်ကို ဆောက်ချင်ခဲ့ရသနည်း။ သည့်အပြင် သည်ကျောက်ပြားက အမိန့်တစ်ခုလို ဖြစ်နေခဲ့သဖြင့် လူတိုင်း တွေ့မြင်နိုင်ရန် အပြင်ဘက်တွင် မထာသင့်ဘူးလား။ ဘာ့ကြောင့်များ သည်နေရာအတွင်းမှာ ရှိနေရတာလဲ။
သည်နေရာသည် နန်းတော်၏ အတွင်းဘက် ဖြစ်၏။ သည်ကျောက်တုံးက နန်းတော်ရှေ့ အပြင်ဘက်တွင် ရှိနေရမည့်အစား သည်နေရာတွင် ရှိနေခြင်က မသင်္ကာစရာ ကောင်းနေပေသည်။ ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်ပြီး လက်မြှောက်၍ ကျောက်ပြားပေါ်သို့ ညွှန်လိုက်၏။ ချီအလင်းတန်း တစ်ခုက ကျောက်ပြားပေါ်သို့ ကျရောက် သွားတော့သည်။ ရုပ်တရပ် ကျောက်ပြားပေါ်ရှိ အက်ကွဲရာများက ပို၍ ကြီးမားလာခဲ့လေ၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲက ဓားပျံတစ်ချောင်းကို ထုတ်ယူ လိုက်သည်။ သူ့အမိန့်အောက်တွင် ထိုဓားက ကျောက်ပြားပေါ်သို့ သွားရောက် ရိုက်ခတ်၏။ သတ္တုခြင်း ဖိတိုက်မိသည့် အသံများကိုပင် ကြားလာရသည်။ ၎င်းကျောက်ပြားက အားကောင်းသော လက်ဝါးရာကြောင့် ပျက်စီး ခဲ့ရသော်လည်း အလွန်မာကျောဆဲ ရှိနေ၏။
အချိန်တစ်ခု ကြာပြီးနောက် ကျောက်ပြားက နောက်ဆုံးတွင် ၎င်း၏ အောက်ခြေပိုင်းကို ဓားဖြင့် လှီးဖြတ်ခြင်း ခံလိုက်ရ၏။ ဝမ်လင်းက ကျောက်ပြား အောက်ခြေကို ကြည့်လိုက်ရာ ပုံမှန်မဟုတ်သည့် အရာကို ရှာမတွေ့ဘဲ ရှိနေသည်။ သို့ရာတွင် သူက သည်ကျောက်ပြားနှင့် ပတ်သက်၍ တစ်ခုခု လွဲနေသည်ကို ခံစားမိနေတုန်းပင်။
သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် ကျောက်ပြားကို လှမ်းဖမ်းယူ လိုက်၏။ ကျောက်ပြားက ဝမ်လင်းရှိရာသို့ တဖြည်းဖြည်း တရွတ်တိုက် ပါလာစဉ်မှာပင် သည်ဧရိယာက တုန်ခါ လာတော့၏။
***