နောက်တစ်နှစ်ထပ်မံ ကုန်ဆုံး သွားပြန်လေပြီ။ သည်အချိန်တွင် ဝမ်လင်းက သစ်သားပန်းပုရုပ် ရှစ်ခုကို ထွင်းထုပြီးခဲ့သည်။ သည်ရှစ်ခုက ထပ်တူ တူညီ ကြပေသည်။ သည်သစ်သားရုပ် ရှစ်ခုလုံးက အချိန်ကျော်ဖြတ်ခြင်း နယ်ပယ် ပိုင်ဆိုင်သည့် အဘိုးအို၏ အသွင်ကို ထွင်းထုထားခြင်း ဖြစ်လေ၏။
အတိတ်တုန်းက သူပြုလုပ်ခဲ့သော တစ်ခုနှင့်ဆိုလျှင် အခု ဝမ်လင်း၌ ထိုအဘိုးအို၏ သစ်သား ပန်းပုရုပ်ကိုးခု ရှိနေခဲ့ပြီ ဖြစ်၏။
သည်သစ်သားရုပ်ကိုးခုတွင် အနီရောင် သွေးကြောများက လိမ်ယှက်လျက် ရှိနေသော်လည်း တစ်ခုနှင့်တစ်ခု ထိစပ်မိခြင်းတော့ မရှိကြပေ။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ရှိ၏။ သူက သည်သစ်သား ပန်းပုရုပ်ကိုးခုကို အသက်ဝင်အောင် လုပ်လိုက်လျှင် သူက အချိန် ကျော်ဖြတ်ခြင်း နယ်ပယ်၏ စွမ်းအားကိုပါ အသက်ဝင်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။ သို့သော် အဘိုးအို ကိုယ်တိုင် အသုံးပြုခြင်းထက်တော့ အားနည်းမည် ဖြစ်၏။
သူက သစ်သား ပန်းပုရုပ်များကို သိမ်းဆည်း လိုက်၏။ သည့်နောက် ဝမ်လင်းက မိုးကောင်းကင်ဘုံ နယ်ပယ် ပွင့်လာမည့် နေ့ရက်ကို ကျင့်ကြံပြီး စောင့်စားလို့နေသည်။
အချိန်က တဖြည်းဖြည်း ရွှေ့လျားလို့လာခဲ့ရာ နှစ်အတန်ကြာ ကုန်ဆုံးသွားပြီ ဖြစ်၏။
လိုဏ်ဂူ၏ အပြင်ဘက်တွင် ရာသီများကလည်း ပြောင်းလဲလျက် ရှိသည်။ တစ်နေ့မှာ ရောင်စုံအလင်းများ လင်းလက်မှုနှင့် အတူ ပုံရိပ်ယောင်အဝိုင်းများ ဖြစ်တည်လာခဲ့သည်။
သည်ပုံရိပ်ယောင် များထဲ၌ ယောက်ျား၊မိန်းမ ပုံရိပ်များ ပေါ်လာခဲ့ပြီး သူတို့က ဟင်္သာပြဒါး ဂြိုဟ်၏ ဝတ်ပုံစားပုံနှင့် မတူညီသည့် အဝတ်များကိုလည်း ဝတ်ဆင် ထားကြသည်။ သည်လူတွေထဲက အချို့က ရယ်မောနေကြပြီး၊ အချို့က စကားစမြည် ပြောနေကြသည်။ အချို့ကလည်း တောင်များကို ပတ်၍ ပျံသန်းလို့နေကြသည်။
ထိုနေရာတွင် တစ်ခါမှ မတွေ့မြင်ဖူးသည့် သားရဲ အချို့လည်း ရှိနေကြသည်။ တစ်ခါ တစ်ရံဆို လျှင် ဒဏ္ဍာရီထဲက နဂါးများ၊ ဖီးနစ်များပင် ပေါ်ထွက်လာသည်ကို တွေ့ရသည်။
သည်လို တူညီသောမြင်ကွင်းက ဟင်္သာပြဒါး ဂြိုဟ်အနှံ့တွင် ဖြစ်ပေါ်လျက် ရှိကြသည်။ တိကျစွာ ပြောရလျင်တော့ မိုးခေါင်းလောင်းရရှိထားသည့် ကျင့်ကြံသူများရှိနေသည့် နေရာတိုင်းတွင် သည်လိုမြင်ကွင်းများ ဖြစ်ပေါ်လာခဲ့ကြခြင်းပင်။
ထိုအခိုက်တွင် ဟင်္သာပြဒါးဂြိုဟ်၏ တောင်ဘက်ပိုင်းရှိ အဆင့်လေးနိုင်ငံ တစ်ခုတွင် ဘီးလူးနတ်ဆိုးကလန်မှ ဘီလူးတစ်ကောင်သည် မိုးခေါင်းလောင်းတစ်ခုကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားလျက် ရှိလို့နေသည်။ သူ့မျက်နှာ အသွင်က ရှေးဟောင်း ဆန်လှသည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မြှောက်တက်လာခဲ့ပြီး လေထဲတွင် မြောလွင့်လာပြီးနောက် သာမန် လူတစ်ယောက် အသွင်သို့ ပြောင်းသွားလေတော့၏။
သူ့အောက်တွင်တော့ ဘီလူးနတ်ဆိုးကလန်၏ အပြီးအကဲများက အလေးအနက်အသွင် ဖြင့်ရှိလို့နေကြသည်။
“မင်းတို့ အားလုံး စိတ်ချနေလိုက်ပါ။ ငါက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အများကြီး ကျိန်းသေရအောင် ယူဆောင်နိုင်လိမ့်မယ်…” ထိုလူ၏ အသံက ယုံကြည်မှုများနှင့် ပြည့်လို့နေ၏။
ဟင်္သာပြဒါးဂြိုဟ်၏ မြောက်ဘက်အစွန်းပိုင်းတွင်လည်း သားရဲအရည် ခြုံထားသည့် လူငယ်လေးတစ်ယောက်က ကောင်းကင်ထက်သို့ မော့ကြည့်လျက် ရှိသည်။ သူလည်းပဲ မိုးခေါင်းလောင်း တစ်ခုကို လက်ထဲတွင် ဆုပ်ကိုင်ထား၏။ သူက နတ်ဆိုးတစ်ကောင် အလား ပြုံးလိုက်၍ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။
သူ့အောက်တွင်တော့ အနက်ရောင် အရာဝတ္ထုတစ်ခု ရှိလို့နေသည်။ ၎င်းအရာဝတ္ထု ထံမှ ကျယ်လောင်လှသည့် တဝီဝီအသံများ ထုတ်လွှတ်လျက် ရှိ၏။ သေချာ ကြည့်မည်ဆိုလျှင် ထိုအနက်ရောင်အရာဝတ္ထုသည် လက်မ အခွံ အရွယ်စားလောက်ရှိသည့် ပိုးကောင်းကလေးများဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရမည် ဖြစ်သည်။
ဟင်္သာပြဒါးဂြိုဟ်၏ အနောက် တောင်ဘက်တွင်တော့ သက်လတ်ပိုင်း လူကြီး တစ်ယောက်က မျှော်စင်ထက်တွင် ရပ်၍ ကောင်းကင်ထက်သို့ ဝမ်းနည်းပူဆွေးဟန် ကြည့်၍ ရေရွတ် လိုက်သည်။ “ထင်အာ ကောင်းကင်ဘုံနယ်မြေက ထပ်မံ ပွင့်လာခဲ့ပြန်ပြီ။ ငါက မင်းခန္ဓာကိုယ်ကို နောက်ထပ် နှစ်တစ်ထောင်လောက် ဆက်လက် ထိန်းသိမ်းနိုင်အောင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများ ထပ်မံယူဆောင် လာရဦးမှာပေါ့…”
ထိုသို့ပြောပြီးနောက် သည်သက်လတ်ပိုင်း လူကြီးက လေထဲသို့ ပျံတက် သွားတော့သည်။ သည့်နောက် သူ့ကြီးမားသည့် လက်တစ်ဖက်ဖြင့် မျှော်စင်ကို ဆွဲယူလိုက်ရာ ထိုမျှော်စင်ကပါ လေထဲသို့ မြှောက်တက် လာခဲ့ပြီးနောက် သူ့လက်ထဲ၌ တဖြည်းဖြည်း ကျုံ့သွားခဲ့တော့သည်။ ထိုသို့ ပြုလုပ်ပြီးနောက် သူက ပုံရိပ်ယောက်စက်ဝိုင်းထဲသို့ ဝင်ရောက်လို့သွား၏။
ဟင်္သာပြဒါးဂြိုဟ်၏ မြောက်ဘက်တွင်တော့ အလောင်းကောင် ကလန်၏ ဌာနချုပ်တွင် ဆံပင်ဖြူနှင့် အဘိုးအို တစ်ယောက်သည် လေထဲတွင် မြောလွင့်လျက်ရှိ၏။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။ “ဒီတစ်ကြိမ် ဘယ်လို မတူညီတဲ့ စမ်းသပ်မှု တစ်ခုကို ကြုံရမှာလဲ။ ကောင်းကင်ဘုံ အလောင်းကောင်ကို လွယ်လွယ်ဘယ်ရနိုင်ပါ့မလဲ…”
ဟင်္သာပြဒါးဂြိုဟ်၏ အလယ်ဗဟို နေရာတွင်တော့ ပင်လယ်များ ဝန်းရံထားသည့် နေရာတစ်ခု ရှိလေသည်။ ထိုနေရာက ဟင်္သာပြဒါးဂြိုဟ်၏ တစ်ခုတည်းသော အဆင့်ခြောက်နိုင်ငံ ဖြစ်သည့် ဟင်္သာပြဒါး နိုင်ငံရှိသည့် ကုန်းမြေတစ်ခု ဖြစ်လေသည်။ ဟင်္သာပြဒါးနိုင်ငံ၏ အလယ်တွင်တော့ ယဇ်ပလ္လင် တစ်ခုပေါ်တွင် နှင်းကဲ့သို့ ဖြူစွတ်နေသည့် အမျိုးသမီးတစ်ယောက် ထိုင်လျက် ရှိနေသည်။ သူမက ကောင်းကင်ထက်သို့ ကြည့်ရှုလို့နေ၏။ သူမနောက်တွင်တော့ နောက်လိုက် အဘိုးအို ခုနစ်ယောက် ရှိနေခဲ့သည်။
“ငါထွက်သွားတဲ့ အခါကျရင် နင်တို့ ခုနှစ်ယောက်လုံး ရွှမ်ယွဲ့ကို ခပ်မြန်မြန်ပြန်ကြ…” သည်အမျိုးသမီး၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။ သူမက ထိုသို့ ပြောပြီးနောက် လေထဲသို့ တဖြည်းဖြည်း မြောက်တက် သွားတော့သည်။
ထိုအခိုက်တွင် ဝမ်လင်းက လိုဏ်ဂူထဲ၌ ရှိနေခဲ့သည်။ သူက နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် မျက်စိပွင့်လာခဲ့ပြီး နောက်မှာတော့ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကောင်းကင်ဘုံ တံခါးပေါက်က နောက်ဆုံးတော့ ပွင့်လာခဲ့ပြီပဲ…” သူ့ခန္ဓာကိုယ်က လိုဏ်ဂူထဲမှ ဖျတ်ခနဲ ပျောက်ကွယ် သွားခဲ့ပြီးနောက် လေထဲတွင် ပြန်ပေါ်လာခဲ့၏။
သူ့လက်ထဲတွင်တော့ မိုးခေါင်းလောင်း တစ်ခုကို ကိုင်ဆောင်ထားလေ၏။
ဝမ်လင်းလက်ထဲရှိ မိုးခေါင်းလောင်းက စတင်တောက်ပလာခဲ့သည်။ ထို့နောက် ၎င်းက အရည်ပျော်သွားပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အမျှင်တန်း တစ်ခု ဖြစ်လာခဲ့၏။ သည်အမျှင်တန်းက ဝမ်လင်းအား ပုံရိပ်ယောင်စက်ဝိုင်းထံသို့ ခေါ်ဆောင် သွားတော့သည်။
ကောင်းကင်ဘုံနယ်မြေ ပြိုကွဲပြီးနောက် ရှေးဟောင်း ကောင်းကင်ဘုံ နယ်ပယ်များကလည်း ပျက်စီး သွားခဲ့ရသည်။ ကြာမြင့်လှပြီ ဖြစ်သော အတိတ်တစ်ချိန်တုန်းက ဖြစ်ပွားခဲ့သော ကပ်ဘေး တစ်ခုကြောင့် ကောင်းကင်ဘုံ နယ်မြေ တစ်ခုလုံးက အစိတ်အပိုင်းများစွာသို့ ကွဲထွက် သွားခဲ့ရသည်။
လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီး ကောင်းကင်ဘုံနယ်မြေ တစ်ခုစီက မတူညီသော ကြယ်စနစ်လေးခုအား ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် ကောင်းကင် ဘုံနယ်မြေတစ်ခု ပွင့်လာသည့် အခါ မတူညီသော ဂြိုဟ်များမှ ကျင့်ကြံသူများက ၎င်းနယ်မြေ အပိုင်းအစထဲသို့ ဝင်ရောက် ကြလိမ့်မည် ဖြစ်သည်။
သို့ရာတွင် ကောင်းကင်ဘုံ နယ်မြေများက အစိတ်အပိုင်းများစွာ ကွဲထွက် သွားခဲသည့်အတွက် သူတို့ အားလုံးက တူညီသော အစိတ်အပိုင်း တစ်ခုပေါ်တွင် အတူ ကျရောက်ရန်မှာ အခွင့်နည်းလွန်းလှ၏။
အခုချိန်တွင် အဆင့်ကျင့်ကြံခြင်း နိုင်ငံတစ်ခုတွင် ပေစုတ် ညစ်ပတ်နေသည့် အဘိုးအို တစ်ယောက်က ကြက်ခြေထောက် တစ်ချောင်းကို ကိုက်၍ ရယ်မောနေသည်။ “ဒါက ပွင့်လာခဲ့ပြီပဲ။ ဒီအဘိုးကြီးပေးခဲ့တဲ့ ကောက်ရိုးဦးထုပ်ကို ကောင်းကောင်း အသုံးချနိုင်ရင်တော့ မင်းက မင်းအသက်ကို ကယ်နိုင်မှာပေါ့၊ မဟုတ်ရင်တော့ မင်း သေသွားနိုင်တယ်…”
ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်းက တဖြည်းဖြည်းပို၍ ဝန်းရံလာခဲ့ပြီး သူကလည်း အပေါ်သို့ ပိုမြင့်တက် လာခဲ့သည်။ သူ့အောက်ရှိ နိုင်ငံကလည်း ပို၍ သေးသေး သွားခဲ့သည်။ သည်အဖြစ်က သူပထမဆုံးအကြိမ် နယ်ပယ်ကို ရှာတွေ့ခြင်း အတွေ့အကြုံနှင့် ပတ်သက်သည့် ခံစားချက်ကို ပြန်ရစေသည်။
သို့ရာတွင် အခုတစ်ကြိမ်က သူ့နတ်ဘုရား အာရုံတစ်ခုတည်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်တိုင် ဖြစ်နေခြင်းပင်။
တဖြည်းဖြည်းဖြင့် သူက သူ့အအောက်ရှိ မြေပြင်နှင့်ပင်လယ်ကို လှမ်းကြည့်သည့်အခါ ပို၍ပို၍သေးလာခဲ့ပြီး နောက်ဆုံး သူ့အထက်တွင် တိမ်လွှာ အထူတစ်ခုသာ ရှိတော့သည်ဟု ခံစားမိလာ၏။
သည်တိမ်လွှာထဲ၌ အကန့်အသတ်မဲ့ စွမ်းအင်များ ရှိနေဟန်ရပြီး ၎င်းက ကမ္ဘာပေါ်ရှိ မည်သည့် အရာကို မဆို ချေမွပစ်နိုင်သည့်ဖိအား ခံစားချက်ကိုပါ ပေးစွမ်းလေ၏။
သို့ရာတွင် သည်ဖိအားက ဝမ်လင်းအပေါ်သို့ ကျရောက်လာသည့် အခါ သူ့ပတ်လည်တွင် စွမ်းအင်များ တောက်ပလာပြီးနောက် ဝမ်လင်းအတွက် တိမ်လွှာထဲ၌ ဖြတ်သန်းသွားလို့ ရသည့် အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက သည်တိမ်လွှာကို ဖြတ်သန်းသွားနေစဉ်မှာ အန္တရာယ် အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ သူဖြတ်သန်း သွားလို့ရသည့် သည်လမ်းကြောင်းက အလွန်ကျဉ်းမြောင်းလို့ နေပြီး သူက သည်တိမ်လွှာများကို လွယ်ကူစွာ ထိတွေ့မိ သွားနိုင်ပေသည်။ သူက သူက တိမ်လွှာများကို ထိတွေ့မိသည်နှင့် ထိုထဲရှိ စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ့ကို ဖျက်ဆီးပစ်နိုင်သည်ကို သိနေပေ၏။ သည်စွမ်းအင်က ကောင်းကင်ဘုံ၏ စွမ်းအားပင် ဖြစ်ချေသည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်ပြီး သူမျက်လုံးများကလည်း တလက်လက် ဖြစ်လို့နေသည်။ သူက သူ့မူလခန္ဓာကိုယ်သာ သည်နေရာမှာ ရှိနေမည်လျှင် မည်သို့ဖြစ်မည်ကို စဉ်းစား ကြည့်နေသည်။ သူ့မူလခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရား၏ ဒုတိယမြောက် အပြောင်းအလဲကို ဖြတ်ကျော်ပြီးခဲ့ပါက သည်ဖိအားကို ခုခံနိုင်မည်လား။ သည်မေးခွန်းက သူ့အတွက် အခုချိန်တွင် လက်တွေ့ မစမ်းသပ် သေးသ၍ အဖြေမရှိသေးပေ။
သိပ်မကြာခင်မှာပင် ဝမ်လင်းက ကောင်းကင်ဘုံ စွမ်းအင်၏ လမ်းညွှန်မှုဖြင့် တိမ်များကို ဖြတ်ကျော် လာနိုင်ခဲသည်။ သူက တိမ်လွှာထုကို ချန်ထားခဲ့ပြီး နောက်မှာတော့ စိတ်သက်သာရ အနည်းငယ် ရသွား၏။ သို့သော် သူ့နှလုံးက ထပ်မံ ခုန်ပေါက် လာပြန်သည်။ သူက အစစ်အမှန် အပြင်ဘက် နယ်မြေတစ်ခုကို တွေ့မြင်လိုက်ရသောကြောင့်ပင်။
သူက သည်လိုနေရာများကို ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များတွင် အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ခုတစ်ကြိမ်က လက်တွေ့ တွေ့မြင်ရခြင်းပင်။ သည်ခံစားချက်က အစတုန်းက မှတ်ဉာဏ်ထဲ၌ သူ့တွေ့ခဲ့ဖူးသည့် ခံစားချက်နှင့် ခြားနားလို့နေ၏။
ကြီးမားသည့် နယ်မြေကြီး တစ်ခုနှင့် တောက်ပသော ကြယ်များက သူ့အား သူ့ဆန္ဒ ရှိသလောက် သွားလာနိုင်သည် ဟူသော ခံစားချက်ကို ပေးသည်။
သူက ခေါင်းငုံ့၍ ကြည့်လိုက်ရာ ဟင်္သာပြဒါး ဂြိုဟ်သည် ခုချိန်၌ ကြီးမားသည့် အလုံးအဝိုင်း တစ်ခုအဖြစ် တွေ့လိုက်ရသည်။ သို့သော် သူက အပေါ်သို့ ပိုမြင့်တက် သွားလေလေ ၎င်းဂြိုဟ်က ပို၍ပို၍ သေးငယ်လာလေ ဖြစ်လာပေသည်။
“ဒီတော့ ဒါက ဒီလိုပေါ့…” ဝမ်လင်းက တစ်စုံတစ်ခုကို သဘောပေါက် သွားဟန် ရ၏။
ထိုအခိုက်တွင် ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှ အလင်းတန်းတိုင်ငါးခုက ပျံသန်း ထွက်လာခဲ့သည်။ သည်အလင်းတန်းငါးခု ထဲက သုံးယောက်သည် ဟင်္သာပြဒါးဂြိုဟ်ကို ကြည့်၍ သူတို့ကလည်း တစ်စုံတစ်ခုကို သဘောပေါက် သွားဟန် ရသည်။
ဝမ်လင်းက ကောင်းကင်ဘုံ စွမ်းအင်များက သူ့ပတ်လည်သို့ နီးကပ်စွာ ပိုဝန်းရံလာသည် ခံစားမိသည်။ အခြားငါးယောက်ကလည်း သူ့လည်မျိုး ဖြစ်လာပြီး သူတို့ခြောက်ယောက်က နောက်ဆုံး ခြောက်မြှောင့်ပုံစံ ဖြစ်တည်လာခဲ့သည်။
သူတို့ ခြောက်ယောက်ကြားရှိ အကွာအဝေးက သိပ်မဝေးကွာလှပေ။ သို့သော် နီးကပ်သည်ဟုလည်း မဆိုသာပေ။
ဝမ်လင်းက သည်ငါးယောက်ထဲ၌ တစ်ယောက်က ရွှမ်ယွဲ့မှ ပါရမီရှင် အမျိုးသမီး ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သည်အမျိုးသမီးက နှစ်တစ်ရာတည်းဖြင့် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နိုင်ခဲ့သည် ရွှမ်ယွဲ့မှ ပါရမီရှိ အနီရောင် လိပ်ပြာပင် ဖြစ်သည်။
သူက တည်ငြိမ်စွာဖြင့် ထိုလူငါးယောက်ကို ကြည့်လိုက်သည်။ ဝမ်လင်းက အနီရောင် လိပ်ပြာ ပေါ်ထွက်လာသည့် အနေအထားကို ကြည့်၍ သည်အမျိုးသမီးသည် သူ့ပုံရိပ်အမှန်ကို မသိကြောင်း ကောက်ချက် ချလိုက်၏။
အခြားလေးယောက်တွင် တစ်ယောက် အလွန်စွမ်းအား အားကြီးသည့်ပုံ ပေါ်သည်။ သူက အင်္ကျီ ဝတ်ဆင်ထားခြင်း မပြုဘဲ သူ့သန်မာသည့် ကြွက်သားများကို ဖော်ထုတ်ထား၏။ သူက ကျင့်ကြံသူ တစ်ယောက်နှင့်ပင် မတူဘဲ သေမျိုး သိုင်းပညာရှင် တစ်ယောက်နှင့် ဆင်တူလေသည်။
သို့ရာတွင် သည်လူ၏ မျက်ခုံးကြားရှိ ပုဆိန်အသွင် ပုံစံလေးက ပေါ်လိုက်ပျောက်လိုက် ဖြစ်လို့နေသည်ကို တွေ့ရသည်။
သည်ပုဆိန်ကို တွေ့လိုက်ပြီးနောက် ဝမ်လင်းက သည်လူသည် ဘီလူးနတ်ဆိုး ကလန်မှ ဖြစ်ကြောင်း သေချာသိလိုက်သည်။ သူ့အဆင့်အတန်းကလည်း ဘီလူးနတ်ဆိုး ကလန်တွင် မြင့်မားမည့်ဟန် ရသည်။
နောက်တစ်ယောက်ကတော့ လူငယ်တစ်ယောက် အသွင် ရှိနေ၏။ သို့သော် သူ့မျက်လုံးများက သွေးစာမှု၊ ကြမ်းကြုတ်မှုများဖြင့် ပြည့်လို့နေသည်။ ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်း လိုက်သည်။ သည်လူက သည့်မူရင်း ခန္ဓာကိုယ်နှင့်သလို ခံစားချက်ကို ဝမ်လင်း ခံစားမိသည်။ သို့သော် သည်လူက သူ့မူရင်း ခန္ဓာကိုယ်ထက် အနည်းငယ် အားနည်းသေးသည်။
ဝမ်လင်းက နောက်ထပ် ကျန်နေသေးသည့် နှစ်ယောက်ကို ကြည့်ရှုလိုက်ရာ သူ့မျက်လုံး သငယ်အိမ်က ရှုံတွလို့သွား၏။ အထူးသဖြင့် အဖြူရောင်ဆံပင်နှင့် အဘိုးအိုကြောင့်ပင်။ သည်အဘိုးအိုက မျက်လုံး မှိတ်ထားလျက် ရှိနေသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်၍ မည်သည့် ခံစားချက်မှ မရှိသည့်ပုံစံဖြင့် တည်ရှိလို့နေသည်။ သူက ဘာကိုမှ ဂရုမစိုက်သည့်ဟန်ပင်။ သည်အဘိုးအို၏ အသွင်က သူ့ကိုယ်ပိုင် ခြံဝင်းထဲသို့ ပြန်ရောက်လာပြီး အေးအေးလူလူ လမ်းလျှောက်လာ ထွက်သည်နှင့်ပင် ဆင်တူလို့နေသည်။
သည်အဘိုးအိုက ဝမ်လင်းသူ့ကို ကြည့်နေသည်ကို သိ၍ မျက်လုံးပွင့်လာပြီး ဝမ်လင်းအား ပြုံးပြ လိုက်လေ၏။
ဝမ်လင်းကလည်း သည်အဘိုးအိုကို ခဏတာ စိုက်ကြည့်ပြီးနောက်မှာ သူ့အကြည့်က နောက်ဆုံး တစ်ယောက်ထံသို့ ရောက်သွားလေ၏။
သည်လူက သက်လတ်ပိုင်း လူတစ်ယောက်ပင်။ သူက လက်ထဲတွင် ဘူးသီးခြောက် တစ်ခုကို ကိုင်ဆောင်ထားပြီး ၎င်းအထဲက အရက်ကို ဖြည်းဖြည်းချင်း သောက်နေလေသည်။ သူက ဝမ်လင်း လှမ်းကြည့်လိုက်သည့် အခါတွင်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိချေ။
ဝမ်လင်းက အသက်ခပ်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။ သည်လူ ငါးယောက်လုံးက စွမ်းအား ကောင်းသည့် သူများ ဖြစ်နေကြသည်။
ဝမ်လင်းက သည်လူငါးယောက်ကို လေ့လာပြီးနောက် အရက်သောက်နေသော သက်လတ်ပိုင်း လူကြီးကလွဲ၍ ကျန်သည့်လေးယောက်က တစ်ယောက်နှင့် တစ်ယောက် အကဲခတ် နေသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင် မည်သူမှ စကားပြောဆိုခြင်းတော့ မပြုကြပေ။
ဝမ်လင်းက သူသည် ဟင်္သာပြဒါး ဂြိုဟ်တွင် လူသိပ်မသိသော ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက် လိုက်သည်။ သည့်အတွက်ကြောင့်လည်း သူက ဟင်္သာပြဒါးဂြိုဟ်မှ ထွက်လာနိုင်ခဲ့ပြီး ကောင်းကင်ဘုံ နယ်မြေတွင် ၎င်းအရာကို သက်သေ ပြရတော့မည် ဖြစ်သည်။
ဝမ်လင်းက အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ ထိုအခိုက်တွင် သူက သူ့ကိုယ်သူ အလွန်ဂုဏ်ယူစွာ ခံစားနေရသည်။ တောင်ခြေရွာလေး တစ်ရွာရှိ သာမန်ကောင်လေးက အခုလိုနေရာထိ ရောက်လာ နိုင်လိမ့်မည်လို့ မည်သူက တွေးထင်မိမည်နည်း။
အတိတ်ကို ပြန်ပြောင်း ပြောရမည်ဆိုလျှင် ဝမ်လင်းသည် သူ့ခြေလှမ်းတိုင်းတွင် သေခြင်းရှင်ခြင်း အနေအနေများကို ဖြတ်သန်း ခဲ့ရပေသည်။
***