Switch Mode

အပိုင်း(၃၃၈)

အပြန်

နေမင်းက ကောင်းကင်မှ မြင့်တက်လို့ နေလေပြီ။ စွန်ဝမ်က လေထဲတွင် မြောလွင့်နေသော ထနဂါးထိုင်ခုံပေါ်တွင် လက်နောက်ပစ်၍ ထိုင်လျက်ရှိသည်။ သူ့ဘေးတွင် မိန်းမလှနှစ်ယောက် ရှိလို့နေ၏။ သူတို့ထဲက တစ်ယောက်က ကြီးမားသည့် ထီးတစ်လက်ကို ကိုင်ဆိုင်ထောင်း၍ သူ့ကို အရိပ်ရရန် ဆောင်းပေးထားသည်။ အခြား တစ်ယောက်ကတော့ ရေခဲစိမ် မက်မွန်သီး ဖျော်ရည်ခွက်ကို ကိုင်ထားလေ၏။

မြေပြင်ပေါ်တွင်တော့ သည်တိုင်းပြည်၏ ကျင့်ကြံသူများစွာ ရှိနေကြ၏။ သူတို့အားလုံးက ပြင်ပ တိုက်ပွဲနယ်မြေ ပွင့်မည် အချိန်ကို စောင့်ဆိုင်း နေကြခြင်းပင်။

သည်လူများမှာ ကလန်အသီးသီး၏ အကြီးအကဲများနှင့် သူတို့၏ ထိပ်တန်းတပည့်များ ဖြစ်ကြလေသည်။ သူတို့က ကျင့်ကြံမှု အဆင့်မြင့်မား လာရန် အတွက် ပြင်ပ တိုက်ပွဲနယ်မြေတွင် လေ့ကျင့်ဖို့ရန် သွားရောက်ကြမည် ဖြစ်၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ နေအရမ်း ပူပြင်းနေသော်လည်း သူတို့အားလုံးက ကျင့်ကြံသူများ ဖြစ်သဖြင့် နေအပူဒဏ်ကို ခံနိုင်ကြပြီး ပင်ပန်းဟန် မပေါ်ကြပေ။

လူငယ်တပည့် မျိုးဆက်များကတော့ စွန်ဝမ်ကို လေးစားသည့် အကြည့်ဖြင့် ကြည့်လို့ နေကြသည်။

စွန်ဝမ်က ထိုအကြည့်များကြောင့် ကျေနပ်လို့နေ၏။ သူက လက်ဝှေ့ယမ်း လိုက်ရာ သူ့ဘေးရှိ မိန်းမပျို တစ်ယောက်က သူ့ထံသို့ မက်မွန်ဖျော်ရည်ကို ချက်ချင်း ကမ်းပေးလိုက်လေ၏။ သူက မက်မွန်ဖျော်ရည်ကို သောက်ချလိုက်ရာ အေးမြမှုက သူ့ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့မှုအား ခံစားလိုက်ရ၏။

သည်မက်မွန် ဖျော်ရည်က သာမန်မဟုတ်ပေ။ ၎င်းဖျော်ရည်က ဂုန်စွန်တွင် ပေါက်သည့် အထူး ဆေးဖက်ဝင် သစ်သီး ဖြစ်လေ၏။ သည်ဖျော်ရည်က ကျင့်ကြံခြင်း အတွက် အကျိုးရှိ စေသည်။

သည်လိုနှင့် လေးဆယ့် ငါးမီနစ်ခန့် ထပ်မံ ကုန်ဆုံးလို့သွား၏။ စွန်ဝမ်က မက်မွန် ဖျော်ရည်ကို အောက်ချ၍ ပြောလိုက်သည်။ “မင်းတို့အားလုံး ပြင်ပ တိုက်ပွဲနယ်မြေရဲ့ စည်းမျဉ်းတွေကို သိပြီးသားပဲ။ ဒါပေမဲ့ ငါကိုယ်တိုင် ချမှတ်မဲ့ နောက်ထပ် စည်းမျဉ်း တစ်ခု ရှိတယ်။ တိုက်ပွဲနယ်မြေထဲက ရလာတဲ့ အရာအားလုံးကို ငါကိုယ်တိုင် စစ်ဆေးကြည့်ပြီးမှ မင်းတို့ ယူခွင့်ရှိမယ်။ ဒါကို ကောင်းကောင်း မှတ်ထားပါ…”

စွန်ဝမ်၏ သည်စကားလုံးများကို လူတိုင်းက သဘောတူ ကြရသည်။ သို့ရာတွင် အချို့သော စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများကတော့ သဘောတူ လိုက်ရသော်လည်း စိတ်ထဲ၌ ကျိတ်၍ နှာခေါင်း ရှုံ့လိုက်ကြသည်။

စွန်ဝမ်က သူ့သိုလှောင် အိတ်ထဲမှ ကျောက်စိမ်းပြား ငါးခုကို ထုတ်ယူ လိုက်သည်။ သူက သူ့လက်ထိပ်ကို ကိုက်လိုက်ပြီး သွေးစက်အချို့ကို ကျောက်စိမ်းပြား ပေါ်တွင် တင်လိုက်ပြီးနောက် ၎င်းကျောက်စိမ်းပြားများကို ရှေ့သို့ ပစ်လွှတ်လိုက်၏။

ရုတ်တရက် သည်ကျောက်စိမ်းပြား ငါးခုက ရွှေရောင် အလင်းတန်းငါးခု အဖြစ်သို့ ပြောင်းသွားကာ အဝန်းအဝိုင်းပုံစံ တစ်ခု ဖြစ်လာခဲ့သည်။ သူက စကားလုံး အနည်းငယ် ရွတ်ဆိုလိုက်ရာ ကျောက်စိမ်းပြားများက ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်လာ၏။

စက္ကန့်အနည်းငယ်အကြာတွင် စွန်ဝမ်က အသက်ပြင်းပြင်ပြင်း ရှုလိုက်၏။ သူ့နဖူးတွင် ချွေးများ စို့လာခဲ့သည်။ သူက ကျောက်စိမ်း ပုလင်းတစ်လုံးကို ထုတ်၍ အထဲက ဆေးလုံးအချို့ကို မော့ချ လိုက်ပြီးနောက် ကျောက်စိမ်းပြားများကို ဂုဏ်ယူဟန်ဖြင့် ကြည့်လို့နေလေသည်။

သည်ကျောက်စိမ်းပြား ငါးခုထံမှ ရွှေရောင် အလင်းများက ပို၍ တောက်ပလာခဲ့ပြီး နောက်ဆုံးတွင် ဝဲကတော့ တစ်ခုလို့ ဖြစ်တည်လာ၏။ သည်ဝဲကတော့က ရွှေရောင် အလင်းတန်းများက ဝါးမျိုရင်း ပို၍ပို၍ ကြီးမားလာခဲ့သည်။

သိပ်မကြာခင်မှာပင် ရွှေရောင် အလင်းတန်းများ အားလုံးက ပျောက်ကွယ်လို့ သွားကာ အနက်ရောင် ဝဲကတော့ တစ်ခုသာ ကျန်ခဲ့တော့၏။ သည်ဝဲကတော့ထဲမှ အေးစက်စက် လေလှိုင်းများ ထုတ်လွှတ် တိုက်ခတ်လို့ နေသည်။ အနီးကပ် ကြည့်မည်ဆိုလျှင် လက်နက် အကျိုးအပဲ့များ၊ သတ္တုအပိုင်းအစများနှင့် လူသေ အလောင်းများကို တွေ့မြင်ရမည် ဖြစ်၏။

စွန်ဝမ်က ဂုဏ်ယူဟန်ဖြင့် ပြောကြားလိုက်သည်။ “ဒီနေ့ …” သူက သည်စကား တစ်လုံး ပြောလိုက်ပြီးနောက် အနက်ရောင် ဝဲကတော့ထံသို့ အကြည့် ရောက်သွားပြီး သူ့ပုံစံကလည်း တုန်လှုပ်ဟန် ဖြစ်ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများကလည်း သည်ဝဲကတော့ကို ထိန့်လန့်စွာ ကြည့်လို့ နေကြသည်။

သူတို့က အနက်ရောင်ဝဲကတော့ ထဲမှ လူငယ်တစ်ယောက် လျှောက်လှမ်း၍ ထွက်လာသည်ကို တွေ့လိုက် ရသောကြောင့်ပင်။

သည်လူငယ်ပေါ်လာသည့် အခိုက်တွင် အလျှံညီးညီး တောက်ပနေသည့် နေမင်းက တိမ်များဖြင့် ပိတ်ဆို့သွားပြီး ကောင်းကင်ကလည်း နက်မှောင်လာခဲ့တော့၏။

စွန်ဝမ်က ကြောင်ငေး မှင်တက်လို့နေသည်။ သူက ပြင်ပတိုက်ပွဲ နယ်မြေမှ ထွက်ပေါ် လာသည့် လူငယ်၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ကြောင်း သတိပြုမိလိုက်သည်။ သို့သော် သူက အဆင့်လေးနိုင်ငံတွင် ကြီးပျင်းခဲ့သူ ဖြစ်သဖြင့် အနည်းငယ်တော့ သိသေး၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သည်လူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ဖြစ်ကြောင်း ကောက်ချက် ချလိုက်၏။

သူက နဂါးကုလားထိုင်ပေါ်ကနေ ချက်ချင်းထ၍ ဝမ်လင်းထံသို့ လှမ်းလာခဲ့၏။ သူက လေးစားစွာ ဦးညွတ်၍ ပြောလိုက်သည်။ “ဂုန်စွန်နိုင်ငံမှ ဂျူနီယာ စွန်ဝမ်က စီနီယာကို နှုတ်ဆက်ပါတယ်…”

သည်ပြင်ပတိုက်ပွဲနယ်မြေမှ ထွက်ပေါ်လာသည့် လူငယ်ကတော့ ဝမ်လင်းပင် ဖြစ်ချေသည်။

ဝမ်လင်းက အပြင်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ့အကြည့်က စွန်ဝမ်အပေါ်သို့ ရောက်သွားပြီးနောက် မေးလိုက်သည်။ “ဒီနေရာက ဂုန်စွန်လား…”

စွန်ဝမ်က ဝမ်လင်းသူ့ကို လှမ်းကြည့်လိုက်သဖြင့် တုန်ရင်လို့နေသည်။ သူက လျင်မြန်စွာ ပြန်ဖြေလိုက်၏။ “ဒီနေရာက ဂုန်စွန် မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျူနီယာက လေ့ကျင့်ဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ။ ဒီနေရာက ဝူဝမ်အဆင့်သုံးနိုင်ငံပါ…စီနီယာ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားနေသည်။ သူက မြေပုံပေါ်တွင် ဝူဝမ်နိုင်ငံကို တွေ့မြင်ပြီး ဖြစ်၏။ သည်နေရာက ဟင်္သာပြဒါးဂြိုဟ်၏ တောင်ဘက်စွန်းမှာ ရှိသည့် နိုင်ငံငယ်တစ်ခု ဖြစ်သည်။ နတ်ဆိုးပင်လယ်က ဂြိုဟ်၏အလယ်တွင် ရှိသဖြင့် သူ့အပြန်ခရီးက အလွန်ဝေးကွာတော့မည် ဖြစ်သည်။

ဝမ်လင်းက ပြင်ပ တိုက်ပွဲနယ်မြေတွင် လေလွင့်ဝိညာဉ်များကို ဖမ်းဆီး စုဆောင်းရန် အတွက် အလွန်ကွာဝေးစွာ သွားရောက်ခဲ့သည်။

ဝမ်လင်းထွက်ခွာသွားမှ စွန်ဝမ်လည်း စိတ်သက်သာရ ရသွားပြီး နဖူးပေါ်ရှိ ချွေးကို သုတ်နိုင်တော့သည်။ သူက သည်လူငယ်ကို မြင်လိုက်ကတည်းက သူ့မိသားစု၏ ဘိုးဘေး တစ်ယောက်နှင့် တွေ့ဆုံ လိုက်ရသလို ခံစားမိနေခြင်း ဖြစ်သည်။

သည့်နောက် သူက စကားအနည်းငယ် ပြောပြီးနောက် သည်နေရာမှ ပြန်ထွက်ခွာ လာခဲ့၏။ သူက အခြေအနေမှန်ကို သူ့မိသားစုအား တင်ပြရန် လိုပေသည်။

သူ့အမြင်အရ ပြင်ပတိုက်ပွဲနယ်မြေမှ လှမ်းထွက် လာနိုင်သည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သည် လူသိထင်ရှားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမည်ဟု ထင်မြင်လို့နေသည်။

ဝမ်လင်းက တောင်ထိပ် တစ်ခုပေါ်တွင် ပြန်ပေါ်လာခဲ့၏။ သည်တောင်ကိုတော့ ကောင်းကင် ထွင်းဖောက် တောင်ဟု ခေါ်၏။ မြေပုံအရ သည်တောင်သည် ဒီနိုင်ငံတွင်တော့ အမြင့်ဆုံး ဖြစ်သည်။

တောင်ထိပ်တွင် ဝမ်လင်းက တွေးတော စဉ်းစားလို့ နေသည်။ နှစ်ပေါင်းများစွာ သုံးစွဲပြီးနောက် သူ့တွင် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများက သိပ်မကျန်တော့ပေ။ သည်ကျောက်တုံး များက ဟင်္သာပြဒါးဂြိုဟ်တွင် ရှားပါးလှ၏။ သူက ခရီးထပ်မံသွားရန် အတွက် သည်ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

သည်တစ်ခေါက် ပြင်ပ တိုက်ပွဲနယ်မြေတွင် သူက လေလွင့်ဝိညာဉ်များစွာ စုဆောင်းမိခဲ့၏။ ကြည့်ရသည်မှာ သူ့မူလစိတ်ဝိညာဉ် ဖြစ်ပေါ်လာသည့် အတွက်ကြောင့် သူ့ဝိညာဉ် ဝါးမျိုသူ၏ စွမ်းအားကလည်း တိုးတက် လာပုံ ရသည်။

သူက အနည်းငယ် ပြုံးလိုက်၏။ သူက မိုးကောင်းကင် ဘုံနယ်မြေတွင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် သို့မဟုတ် ရွှမ်ယွဲ့မှ ပါရမီရှင်များနှင့် မတွေ့သေးသ၍ သူ့ကိုယ်သူ အတော်လည်း ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အလယ်အလတ် အဆင့်များကိုတော့ သူက ကျိန်းသေပေါက် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။

သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တွေ့ဆုံရမည် ဆိုရင်ပင် သူကြိုတင် ပြင်ဆင်ထားသည့် အရာများကြောင့် ကျိန်းသေပေါက် အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်စွမ်း ရှိပြီ ဖြစ်၏။

မိုးကောင်းကင်ဘုံ နယ်မြေသို့ ဝင်ရောက်ရန်အတွက် ကျင့်ကြံသူ တစ်ယောက်က အများဆုံး အသုံးပြုနိုင်သည့် စွမ်းအားသည် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၏ စွမ်းအားသာဖြစ်သည်။ ထိုစွမ်းအား ထက်ပိုလျှင် သည်နယ်မြေသည် ပြိုကျ သွားလိမ့်မည် ဖြစ်၏။ ဆိုလိုသည်က မိုးကောင်းကင် ဘုံနယ်မြေသည် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် မြင့်မားသည့် အခွင့်ရေး ရှိနေပေသည်။

ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက စိတ်ဝိညာဉ် သားရဲနှင့် မကောင်းဆိုးဝါးများကိုတော့ ကြိုပြင်ဆင် ထားခဲ့ပြီး ဖြစ်သည်။ သူက ငှက်မွေးတောင် နှစ်ခုသာ ကျန်တော့သည့် ယပ်တောင်ကိုပင် ပြင်ပ တိုက်ပွဲနယ်မြေ၌ ပြန်လည် သန့်စင်မွမ်းမံခဲ့ပြီး ဖြစ်၏။

သည့်အပြင် ဝမ်လင်းက ထူးဆန်းအံ့ဖွယ် ဓားအိမ်သုံးခုကိုလည်း သူ့မူလ စိတ်ဝိညာဉ်ဖြင့် ပြန်လည် မွမ်းမံထားသေးသည်။

ထိုပြင်ဆင်မှုများအပြင် သူက ရှေးဟောင်း ကျင့်ကြံသူများ၏ လက်နက်ဆယ်မျိုးတွင် သုံးမျိုး၏ ချိပ်ပိတ်မှုများကို ဖယ်ရှားနိုင်ခဲ့ပြီး သူ့ကိုယ်ပိုင် ဖြစ်အောင် လွန်ခဲ့သော နှစ်အနည်းငယ်က ပြုလုပ် နိုင်ခဲ့သေးသည်။

ဝမ်လင်း သိုလှောင်အိတ်ထဲတွင် နတ်ဆိုးပင်လယ်တွင် သူကျင့်ကြံသူ တစ်ယောက်ထံမှ ရရှိခဲ့သော စာလိပ်တစ်ခုလည်း ရှိလို့နေသေး၏။

သူက သည်စာလိပ်ကို ဖွင့်ကြည့်လိုက်သည့်အခိုက်တွင် မှောင်မည်းမှုသာ ရှိလို့နေ၏။ သို့သော် ထိုမှောင်မည်းမှုထဲမှ အန္တရာယ်ရှိသော အော်ရာတစ်ခု ထွက်ပေါ်လို့ နေ၏။ ဝမ်လင်းက သည်စာလိပ်ကို ဖွင့်ကြည့်သည်မှာ သုံးကြိမ်ရှိပြီ ဖြစ်၏။

ပထမဆုံးအကြိမ်အဖြစ် သူ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သည့် အချိန်တုန်းက သည်စာလိပ်ကို ဖွင့်ကြည့်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် စဦး စိတ်ဝိညာဉ် အဆင့်သို့ ရောက်သည့် အခါတုန်းက ဖွင့်ကြည့်ခဲ့ပြီး တတိယအကြိမ်ကိုတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သည့်အခါ ဖွင့်ကြည့်ခဲ့ခြင်းပင်။ သူ ၎င်းမှော်စာလိပ်ကို ဖွင့်ကြည့်သည့် အခါတိုင်းတွင် မတူညီသော ခံစားချက်ကို ရရှိ၏။ သို့သော် သုံးကြိမ်လုံးတွင် သူ့စိတ်နှလုံးကို တုန်လှုပ်စေသော ထူးဆန်းအံ့ဖွယ် အင်အား တစ်ခုကို အမြဲခံစားခဲ့ရသည်။

ဝမ်လင်းက သက်ပြင်းချ၍ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စာလိပ်က လက်ထဲတွင် ပေါ်လာခဲ့သည်။ သူက သည်စာလိပ်ကို မည်သူ့ထံမှ ရရှိခဲ့ကြောင်း သေချာ မမှတ်မိတော့ပေ။

သူက မှော်စာလိပ်ကို လေထဲသို့ ပစ်လွှတ် လိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီး ၎င်းကို စတင် သန့်စင်လိုက်သည်။

လွန်ခဲ့သောနှစ်အနည်းငယ် ကတည်းက ဝမ်လင်းသည် အလေ့အကျင့်တစ်ခု ရခဲ့သည်။ သူက သည်စာလိပ်ကို သန့်စင်သည့်အချိန်တိုင်း ၎င်းနှင့် ဆက်သွယ်ချက် ပိုမို ရရှိလာခဲ့သည်။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ကောင်းကင်က နက်မှောင်လို့ လာသည်။ သူ့မူလ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာခဲ့ပြီး သူက စာလိပ်ကို ပြန်သိမ်းလိုက်၏။

“မိုးကောင်းကင်ဘုံ နယ်မြေ ပွင့်တော့မည့် ရက်က သိပ်မကြာခင် ရောက်လာတာမှာပဲ။ ငါ့အတွက် ပြင်ဆင်စရာ ဆိုလို့ တစ်ခုပဲ ကျန်တော့တယ်။ ဒါပေမဲ့ ဒီဟာကို ပြင်ဆင်ဖို့ အတွက်က နှစ်ရာပေါင်း ဒါမှမဟုတ် နှစ်ထောင်ပေါင်းသက်တမ်း ရှိတဲ့ သစ်ပင်တွေ ရဖို့ လိုနေတယ်…” ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်ပြီးနောက် နိုင်ငံတစ်ခုလုံးကို နတ်ဘုရား အာရုံဖြင့် ဖြန့်ကြက် ကြည့်ရှုလိုက်သည်။

ထို့နောက် သူက ဖျတ်ခနဲ ပျောက်ကွယ် သွားတော့သည်။

သုံးလကြာမြင့်ပြီးနောက် သူက သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်း နိုင်ငံများသို့ သွားရောက်ပြီး သက်တမ်း ရာကျော်ရှိသည့် သစ်ပင်များကို စုဆောင်းခဲ့ပြီး ဖြစ်သည်။ ထို့နောက်သူက တောင်တစ်ခုတွင် လိုဏ်ဂူတစ်ခု ဖန်တီးပြုလုပ်၍ သစ်သားပန်းပု ရုပ်များကို ထွင်းထုလေတော့သည်။

နှစ်ထောင်ပေါင်း သက်တမ်းရှိသည့် သစ်ပင်များက အလွန်ရှားပါး လွန်းလှသည်။ ထို့ကြောင့်သူက ၎င်းသစ်ပင်များကို ရှာမတွေ့နိုင်ခဲ့ပေ။ တကယ်တော့ နှစ်ပေါင်း ရာကျော် သစ်ပင်ကြီးများကိုပင် ခက်ခက်ခက်ခက် ရှာဖွေရခြင်း ဖြစ်၏။

သည်လိုဏ်ဂူ အတွင်းတွင် ဝမ်လင်းက တခြားဘာမှ မတွေးတော့ပဲ သစ်သားပန်းပု ထွင်းခြင်း၌သာ အာရုံ နစ်မြုပ် ထားလေတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset