Switch Mode

အပိုင်း(၃၃၇)

နောက်ထပ် မတူညီသော အတားအဆီး ဆယ့်ရှစ်ခုကို အလံပေါ်တွင် ထားပြီးနောက် ဝမ်လင်းက သက်ပြင်း ချလိုက်မိသည်။ သူက တက်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့ပြီး ဖြစ်၏။ သူက ထပ်မံ၍ အတားအဆီးများကို ပြုလုပ်လိုလျှင် နောက်ထပ် အတားအဆီးများကို ထပ်၍ လေ့လာရန် လိုသေး၏။

ဝမ်လင်းက နောင်တွင် ပိုမိုများပြားသော အတားအဆီးများကို ထပ်မံလေ့လာရန် သူ့စိတ်ထဲတွင် ရှိနှင့်ပြီးဖြစ်၏။ သူက အလံ၏ ပထမအဆင့် ပြီးပြည့်စုံခြင်းကို ရောက်ရှိပြီးနောက် စွမ်းအားကို သိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူက အလံသည် ဒုတိယအဆင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်သွားလျှင် မည်သို့ ထပ်မံဖြစ်မည်ကို အလွန်သိချင်ကာ မျှော်လင့် မိနေ၏။ သည်အဆင့်တွင် သည်အလံ၏ စွမ်းအားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်နိုင်စွမ်း ရှိကောင်း ရှိလာနိုင်သည်။

ဝမ်လင်းက ထိုသို့တွေးမိလေ စိတ်လှုပ်ရှားမိလေဖြစ်၏။ သူက အလံကို ပြီးပြည့်စုံသွားသော အတားအဆီးအလံကို ပြန်သိမ်းလိုက်ပြီး နောက်ပျက်စီး ထိခိုက်မိထားသော အလံကို ထုတ်လိုက်၏။ ၎င်းကို ကြည့်ပြီးနောက်သူက ထိုအလံပေါ်တွင် နောက်ဆုံး အတားအဆီးတစ်ခု ပြုလုပ်ရန်ကို လက်လျှော့လိုက်၏။ သည်အလံ၏ အဓိက အသုံးဝင်မှုသည် နတ်ဘုရား ပြစ်ဒဏ် အလားတန်းသာ ရှိတော့လေ၏။

ဝမ်လင်းက နောက်ထပ် ပထမအဆင့် ပြီးပြည့်စုံသော အလံကို ပြုလုပ် ပြီးနောက် မှောင်မည်းနေသော ဥမင်ဆီသို့ ပျံသန်း သွားလေ၏။ ဝမ်လင်းက သည်နေရာနှင့် အလွန် ရင်းနှီးခဲ့ပြီး ဖြစ်၏။ တကယ်တော့ အတိတ်တုန်းက သည်အန္တရာယ်များသည့် နေရာကို သူက ခပ်ဖြည်းဖြည်းချင်းသာ ရှေ့သို့ ဆက်သွား ခဲ့ရပေသည်။

အခုချိန်တွင်တော့ သူက အရမ်းကြီး ဂရုစိုက်နေစရာ မလိုတော့ပေ။

ဝမ်လင်းက သည်နေရာကို လာရခြင်းမှာ စိတ်ဝိညာဉ် သားရဲအတွက်ပင်။ သည်နေရာတွင် စိတ်ဝိညာဉ် သားရဲအမြောက်အများ မရှိသော်လည်း ရှိသည့်သားရဲများက နတ်ဆိုးပင်လယ်က သားရဲများထက် အားကောင်း လှပေသည်။

သည်နေရာတွင် ကပ်ဘေး သားရဲကြီးများလည်း ရှိလို့နေ၏။ သို့သော် ဝမ်လင်းက ၎င်းသားရဲကြီးများနှင့် သွားမရှုပ်လိုပေ။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှသော အဆင့်မြင့် စိတ်ဝိညာဉ် သားရဲတစ်ကောင် လောက်သာ လိုချင်ခဲ့ခြင်း ဖြစ်၏။

သည်သားရဲများကို လာရောက် ဖမ်းယူရသည့် အကြောင်းပြချက်ကတော့ သူ့တွင် သားရဲ ချုပ်နှောင်ခြင်းလို့ ခေါ်သည့် ရတနာတစ်ခု ရှိနေသော ကြောင့်ပင်။ သည်ချုပ်နှောင်ခြင်းက မည်သည့် သားရဲကို မဆို ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးစေသည့် အခါ သူ့ကို ထိန်းချုပ်ခွင့် ရစေ၏။

ဝမ်လင်းက သည်ချုပ်နှောင်ခြင်း ရတနာကို ရှေးဟောင်း နတ်ဘုရား နယ်မြေကို ပထမအကြိမ် ရောက်ခဲ့တုန်းက ရရှိခဲ့ခြင်း ဖြစ်၏။

သည်နှစ်များတွင်သူက သည်သားရဲ ချုပ်နှောင်ခြင်း ရတနာကို အဆင့်နိမ့် သားရဲများအပေါ်တွင် စမ်းသပ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်လည်း သူက သည်နေရာကို ရောက်လာခဲ့ခြင်းပင်။

ဝမ်လင်းက သည်လိုမျိုး ပြုလုပ်နေရခြင်းမှာ မိုးကောင်းကင်ဘုံ နယ်ရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို ရရှိရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေခြင်း မည်၏။ သူသာ အဆင့်မြင့် စိတ်ဝိညာဉ်သားရဲ တစ်ကောက်ကို ဖမ်းမိနိုင်ခဲ့မည် ဆိုလျှင် မက သူ့အတွက် အတော်လေး အကူအညီ ဖြစ်စေပေလိမ့်မည်။

ဝမ်လင်း နတ်ဘုရားအာရံကို သည်ဧရိယာ တစ်ခုလုံးတွင် ဖြန့်ကြက်လိုက်၏။ သို့သော် သူက မည်သည့် စိတ်ဝိညာဉ် သားရဲကို မျှတွေ့ရှိမိခြင်း မရှိချေ။ သည်အရာက သူ့ကို စိတ်ရှုပ်ထွေး သွားစေ၏။

သူက အနည်းငယ် စဉ်းစားလိုက်ပြီး ထပ်မံ၍ ဥမင်ထဲသို့ ဆင်းသက်လာခဲ့၏။ သိပ်မကြာခင်မှာပင် အတိတ်တုန်းက မိတာတစ်သောင်း နဂါးကြီး ရှိခဲ့သော နေရာသို့ သူ ရောက်လာခဲ့သည်။ သူသာ ထပ်မံ၍ ဆင်းသက်မည်ဆိုလျှင် ကပ်ဘေး သားရဲကြီးများနှင့် တွေ့မိနိုင်၏။

သိုသော်သူက ဆင်းသက် လာသည့် လမ်းတစ်လျှောက် သားရဲတစ်ကောင်ကို မှမတွေ့ခဲ့ရပေ။ ကြည့်ရသည်မှာ သည်ခရီးက အလကားဟသ ဖြစ်တော့မည် ဟန်ပင်။ သူက ထပ်မံ စဉ်းစားကြည့်ပြီးနောက် ရှေးဟောင်း နတ်ဘုရား နယ်မြေမှ ထွက်ခွာရန်အတွက် ချိပ်ပိတ်ဟန်တစ်ခု ပြုလုပ်ရန် ပြင်လိုက်၏။

ဝမ်လင်းက စိတ်ဝိညာဉ် သားရဲတစ်ကောင်အတွက် အရမ်းမစွန့်စားလိုခဲ့ပေ။

သို့ရာတွင် သူက ချိပ်ပိတ်ဟန်တစ်ခု ပြုလုပ်မည့် ဆဲဆဲမှာပင် သူ့ရှေ့ရှိ အမှောင်ထုထဲမှ အနီရောင် နဂါးတစ်ကောင်က ရုတ်တရက် တစ်ဟုန်ထိုး ထွက်လာလို့နေ၏။

ဝမ်လင်းက သည်နဂါးမှာ အတိတ်တုန်းက သူတွေ့ခဲ့ရသော နဂါးပင် ဖြစ်ကြောင်း သတိပြုမိ လိုက်၏။ သူက ထွက်ခွာသွားမလို လုပ်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်လိုက်၏။ သူက နဂါးကြီး၏ရှေ့တွင်ရှိသော အစိမ်းရောင် ဖားပြုတ်ကြီး တစ်ကောင်ကို တွေ့လိုက်ရသောကြောင့်ပင်။

သည်ဖားပြုတ်ကြီးက ဆယ်မီတာခန့် ရှည်ပြီး နဂါးကြီးက သူ့နောက်မှ လိုက်လာနေခြင်းပင်။

ဝမ်လင်းက ကျောက်တုံး တစ်တုံးနောက်တွင် ဝင်ပုန်လိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့် သူက မည်သို့ ဖြစ်ပျက်နေသည်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ချိပ်ပိတ်မှု တစ်ခုကို အဆင့်သင့် ပြုလုပ်ထားပြီး အသက်သွင်းလိုက်သည်နှင့် ထွက်ခွာရန် အသင့်ပင်။ အခုချိန်တွင် သူက ထွက်ခွာရန် အလျင်မလိုသေးပေ။ သူက မည်သို့ဖြစ်ပျက်နေသည်ကို စိတ်ဝင်စားမိနေ၏။

သူက နဂါးကြီးမှာ သူ့ခန္ဓာကိုယ်ကြီးကို လိမ်လိုက်ပြီးနောက် ပါးစပ်ဟလိုက်သည်ကို တွေ့လိုက်ရ၏။ ၎င်းက ခန္ဓာကိုယ် လိမ်ထားတာကို ပြန်ဖြည် လိုက်သည်နှင့် ရှေ့သို့ ဝုန်းခနဲ ရောက်သွား တော့၏။ ၎င်းက သူ့ခန္ဓာကိုယ်ဖြင့် ဖားပြုတ်ကြီးကို ဝန်းရံ၍ ပတ်ထားရန် ကြံရွယ်သည်။

ဖားပြုတ်ကြီးက နဂါးကြီးက သူ့ကို လွှမ်းခြံရန် ရည်ရွယ်သည့်အခါ ရုတ်တရက် ရပ်တန့်လိုက်သည်။ ရုတ်တရက် ဖားပြုတ်ထံမှ တောက်ပသော လင်းတစ်ခု ထွက်ပေါ်လာပြီး သည်ဧရိယာ တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။ သည်အလင်းက ပြန်မှိန်ဖျော့ သွားပြီးနောက် ဖားပြုတ် ပတ်ပတ်လည်တွင် အလင်း လုံးတစ်လုံး ရှိလို့နေ၏။

အနီရောင်နဂါးက အော်သံတစ်ချက်ပြု၍ လျင်မြန်စွာ ပြန်ရှောင် လိုက်သည်။ သူက သည်အလင်းကို အလွန် ကြောက်လန့်သည့် ပုံပင်။

ဝမ်လင်းက အသက် ခပ်ပြင်းပြင်း ရှုလိုက်မိသည်။ သူက တုန်လှုပ်လို့ သွား၏။ ဖားပြုတ်၏ အလင်းလုံးက သာမာန်ဟုသာ ထင်ရသော်လည်း ဝမ်လင်းအား ပထမဆုံးအကြိမ် နတ်ဘုရား ပြစ်ဒဏ်ကို ကြုံတွေ့ခဲ့ရတုန်းက ကဲ့သို့ ခံစားမှုကို ပေးစွမ်းနေ၏။

သည်ဖားပြုတ်ကြီးက ကပ်ဘေး သားရဲတစ်ကောင် ဖြစ်ပုံရပြီး နဂါးနီကြီးနှင့် ယှဉ်တိုက်နိုင်စွမ်း ရှိပုံရသည်။

သို့သော်သူက ချက်ချင်းပင် သည်အတွေးကို ဖယ်ရှားပစ်လိုက်သည်။ အကြောင်းမှာ သူက ဖားပြုတ်ကြီးသည် အောက်သို့ ဆက်သွား၍ ကျောက်တုံး တစ်တုံးပေါ်တွင် မျှော်လင့်ချက် မဲ့သည့်ဟန်ဖြင့် ခြေချ လိုက်သည်ကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။

သည်အဖြစ်ကို ကြည့်ခြင်းအားဖြင့် ၎င်းဖားပြုတ်သားရဲက ကပ်ဘေးသားရဲ တစ်ကောင် မဟုတ်ကြောင်း သိသာစေ၏။ တကယ်တော့ ကပ်ဘေး သားရဲနှစ်ကောင်၏ တိုက်ပွဲကို တိုက်ခိုက်မှု တစ်ခုတည်းဖြင့် မဆုံးဖြတ်သင့်ပေ။

ဝမ်လင်းက အလွန် စိတ်လှုပ်ရှားလို့နေ၏။ သူက ကပ်ဘေး သားရဲတစ်ကောင် ဆိုလျှင် ဝင်မရှုပ်လိုတော့ပေ။ သို့သော် သည်ဖားပြုတ်က အဆင့်မြင့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်နေမည် ဆိုပါက သူ့လိုအပ်ချက်အတွက် သင့်တော်လို့နေလေ၏။

သည်အခိုက်တွင် အနီရောင်နဂါးက အော်ဟောက်လိုက်၏။ ရုတ်တရက် ၎င်း၏ ပတ်ပတ်လည်တွင် သွေးလုံးဆယ်လုံးက ရုတ်တရက် ပေါ်လာခဲ့သည်။ သည်သွေးလုံးများ အတွင်း၌ စိတ်ဝိညာဉ် သားရဲများ၏ စိတ်ဝိညာဉ်များ ပါဝင်လို့နေသည်။

သည်သွေးလုံးများက ဖားပြုတ်ထံသို့ အကြမ်းပတမ်း တိုးဝင် လာခဲ့တော့သည်။

သည်အခါ ဖားပြုတ်၏ မျက်လုံးထဲရှိ စိတ်မှိုင်ချမှုက ပို၍ အားကောင်းလာခဲ့စဉ်မှာပင် ဝမ်လင်းက အံ့ကြိတ်၍ ခုန်အုပ်လိုက်သည်။

ဝမ်လင်း ပေါ်လာသည့် အခိုက်တွင် အနီရောင်နဂါးက ဝမ်လမ်းထံသို့ အထင်သေး ဟန်ဖြင့် တိုးဝင် လာ၏။ သွေးလုံး သုံးလုံးကလည်း ဝမ်လင်းထံသို့ ဦးတည် လာခဲ့သည်။

သည်သွေးလုံးများထဲရှိ စိတ်ဝိညာဉ်များကို ကြည့်ပြီနောက် ဝမ်လင်းက သည်ဧရိယာတွင် မည်သည့် သားရဲကိုမျှ မတွေ့ခဲ့ရသည့်အကြောင်းရင်းကို နားလည်ခဲ့တော့သည်။ သည်နဂါးက တကယ့်ကို ရူးသွပ်စရာကောင်း၏။ သူက သည်မှာရှိသည့် စိတ်ဝိညာဉ် သားရဲများကို သတ်ဖြတ် နေခဲ့ပြီး ၎င်းတို့၏ စိတ်ဝိညာဉ်များကို သွေးဘောလုံးများ အဖြစ်သို့ ပြောင်းလဲသန့်စင်ခဲ့၏။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် လက်ဝှေ့ယမ်းရင် သည်သွေးဘောလုံးသုံးလုံးကို ရင်ဆိုင်လိုက်၏။ ထိုအခါ ကြေးစက်ဝိုင်းများ ဖြစ်ပေါ်လာပြီး သည်စက်ဝိုင်းများက သားရဲများ၏ စိတ်ဝိညာဉ်များကို ထိန့်လန့်ရှောင်ကွင်းသွားစေ၏။ ထို့နောက် ၎င်းစက်ဝိုင်းက ဖားပြုတ်၏အပေါ်သို့ ရောက်သွားခဲ့ပြန်သည်။

ထိုအချိန်တွင် ဝမ်လင်းက လှမ်း၍ အော်လိုက်၏။ “ မင်း မသေချင်ဘူးဆိုရင် ရုန်းကန်ဖို့ မကြိုးစားပါနဲ့…” ထို့နောက် သူက ကြေးစက်ဝိုင်းကို ကြည့်ပင် မကြည့်တော့မဲ သည်ဥမင်ထဲမှ ပျောက်ကွယ် သွားတော့၏။

သည်အဖြစ်အပျက်များက အလွန်လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းပင်။ အနီရောင်နဂါးကြီးက ဝမ်လင်းသည် ဒီနေရာမှ အချိန်မရွေး ထွက်ခွာ သွားနိုင်လိမ့်မည်လို့ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ဝမ်လင်း ပျောက်ကွယ် သွားသည့် အခါကျမှ ၎င်းနဂါးသည် ဒေါသတကြီး အော်ဟစ် လိုက်ရုံသာ တက်နိုင်တော့၏။

ဖားပြုတ်က ကြေးစက်ဝိုင်းကို ရှောင်ရန် ကြိုးစားလိုက်သော်လည်း ဝမ်လင်းအသံကို ကြားလိုက်ရသည့်အခါ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ၎င်းက ရှောင်မည့်အစား ကြေးစက်ဝိုင်းထဲသို့ ခုန်ဝင်လိုက်ပြီး သူ့ကိုယ်သူ ချုပ်နှောင် ခံလိုက်လေသည်။

နဂါး၏ ဒေါမာန်တကြီး အော်သံများက ဥမင်တစ်လျှောက် ပျံ့နှံ့သွားတော့သည်။

ဝမ်လင်းက ဝင်ပေါက်တွင် ပြန်ပေါ်လာခဲ့သည်။ သူက ပြန်ပေါ်လာပြီးပြီးချင်း မျက်နှာက ဖြူလျောလို့ သွားသဖြင့် ချက်ချင်းပင် ဆေးလုံး အချို့ကို ထုတ်သောက်လိုက်ပြီး ထိုင်၍ ကျင့်ကြံ နေတော့၏။

သူ့ဘေးတွင်တော့ အစိမ်းရောင် ဖားပြုတ်ကြီး တစ်ကောင် ရှိနေသည်။ သည်ဖားပြုတ်က ဘေးပတ်ဝန်းကျင်ကို စူးစမ်း ကြည့်လိုက်သည်။

ခြင်သားရဲက ဝမ်လင်း၏ တည်ရှိမှုကို သတိပြုမိသဖြင့် ချက်ချင်းပင် အရောက်လာခဲ့သည်။ သို့ရာတွင် သူက ဖားပြုတ်ကြီးကို သတိပြုမိလိုက်သဖြင့် မာန်ဖီ လိုက်လေသည်။

ထိုအခါ ဖားပြုတ်၏ လျှာက ရှည်ထွက်လာပြီး ဖျတ်ခနဲ ခြင်သားရဲကို တိုက်ခိုက်လိုက်၏။ ခြင်သားရဲက ထိုလျှာကို ရှောင်လိုက်ပြီးနောက် ဖားပြုတ်အား ၎င်း၏ ထက်မြသော ခြင်နှာမောင်း များဖြင့် ထိုးစိုက်လိုက်သည်။

သည့်နောက် ဖားပြုတ်က မကျေမနပ် ဖြစ်သွားပြီး အလင်းလုံးကို ခြင်သားထံ ပစ်လွှတ် လိုက်၏။

ခြင်သားရဲကလည်း သူ့ပါးစပ်ကို ဟ၍ ရွှေရောင် အလင်းဆယ်ခုကို အန်ထုတ်လိုက်ပြီး ပိုက်ကွန်သဖွယ် ဖြစ်စေ၍ အလင်းလုံးကို ပိတ်လှောင်လိုက်၏။

သည်အခိုက်တွင် ဝမ်လင်းက မျက်လုံး ဖွင့်လာခဲ့ပြီးနောက် မျက်မှောင်ကြုတ်ကာ လှမ်းအော် လိုက်သည်။ “တော်လောက်ပြီ…”

ဖားပြုတ်က ပျင်းရိဟန်ဖြင့် အလင်းလုံးကို ပြန်မျိုချ လိုက်သည်။ ခြင်သားရဲကလည် ဖားပြုတ်ကို စူးရဲစွာ ကြည့်နေ၏။ သို့သော် သူက အနီးတော့ မကပ်ဝံ့ပေ။

ဝမ်လင်း၏မျက်နှာက အနည်းငယ် ဖြူရော်နေတုန်းပင်။ ချုပ်နှောင်ခြင်း ရတနာက ဖားပြတ်၏ လည်ပင်းကို ချုပ်နှောင် ထားလေသည်။ ဝမ်လင်းက ဖားပြုတ်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် ပြုလုပ်နေရသဖြင့် စိတ်ဝိညာဉ် စွမ်းအင်များစွာ အသုံးပြုနေရသည်။

သူက ဖားပြုတ်ကို ထိန်းချုပ် နိုင်လိုက်သည့် အခိုက်တွင် သူ့စိတ်ထဲတွင် တစ်စုံတစ်ကို ခံစားလိုက်ရသည်။ သည်အရာက သူချုပ်နှောင် ထားသော သားရဲအကြောင်းပင်။

သည်ဖားပြုတ်သားရဲက မိုးကြိုးဖားပြုတ် ဖြစ်၏။ ၎င်းက အဆင့်မြင့် စိတ်ဝိညာဉ် သားတစ်ကောင်လည်း ဖြစ်လေသည်။

ဝမ်လင်းက သည်ရတနာသည် သည်သားရဲကို ထိန်းချုပ်ရန် သူ့ထံမှ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေကြောင်း သိပေသည်။ ဝမ်လင်းက သည်သားရဲ နှစ်ကောင်ကို အမိန့်ပေးပြီးနောက် ထပ်မံ လေ့ကျင့်နေခဲ့၏။

ခြောက်ရက် ကြာပြီးနောက် သည်သားရဲ ချုပ်နှောင်ခြင်းရတနာက ဝမ်လင်းထံမှ စိတ်ဝိညာဉ် စွမ်းအင်များကို ပိုမိုစုပ်ယူ လာသည်။ သို့သော် ဝမ်လင်းက သည်လို အချိန်အခါ အတွက် ကြိုပြင်ဆင် ထားပြီး ဖြစ်သည့်အတွက် သူက ထိတ်လန့်မိခြင်း မရှိပေ။

ထို့နောက် ရုတ်တရက် သားရဲချုပ်နှောင်ခြင်း ရတနာက တုန်ခါလို့လာသည်။ ထို့နောက် ၎င်းက ဝမ်လင်းလက်ထဲသို့ ပြန်ရောက်လာခဲ့၏။ သားရဲချုပ်နှောင်ခြင်း ရတနာကွင်း ပေါ်တွင်လည်း ဖားပြုတ်၏ အသွင်မျက်နှာ ပေါ်လာခဲ့သည်။ ဝမ်လင်းက သည်ဖားပြုတ် သားရဲကို ထိန်းချုပ် နိုင်သွားခဲ့ပြီ ဖြစ်၏။

သူက ထိုသို့ပြုလုပ်ပြီးလျှင် အပျက်အစီးကြယ်များထဲမှ ထွက်ခွာရန် စဉ်းစားထားပြီး ဖြစ်သည်။ သို့သော် ခြင်သားရဲ စိုးရိမ်ဟန်ဖြင့် အော်ဟစ်၍ ဝမ်လင်းအာရုံစိုက်အောင် လုပ်လိုက်၏။ သူက ရွှေရောင် အလင်းတန်းများ ရှိခဲ့နေသောနေရာသို့ ပျံသန်းသွားပြီး ထိုနေရာတွင် ရပ်လိုက်လေသည်။

အချို့အကြောင်းများကြောင့် လက်သီးစုပ်ခန့်ရှိသော အက်ကွဲကြောင်းလေး တစ်ခုက ထပ်မံ ပေါ်ထွက်နေခဲ့သည်။

ဝမ်လင်းက တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့မူလ စိတ်ဝိညာဉ်ကို သည်အက်ကြောင်း ထဲသို့ စေလွှတ်လိုက်၏။ ထို့နောက် သူက ချက်ချင်းပင် ရွေရောင် အလင်းတန်း ဒါဇင်ခန့်ကို ဖမ်းဆုပ် လိုက်သည်။ သိုသော် သူက ပြန်ထွက်ခွာမလို လုပ်လိုက်စဉ်မှာပင် ရွေရောင် အလင်းတန်းများထက် ဆယ်ဆခန့် ထူသော နေနှင့်ဆင့်သည့် အရာတစ်ခုက သူ့ထံသို့ တိုးဝင်လာခဲ့သည်။ ၎င်းအရာ ဖြတ်သန်းလာသည့် တစ်လျှောက်တွင် ရွှေရောင် အလင်းတန်းများက လမ်းဖယ်ပေးပြီး ၎င်းက ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။

ဝမ်လင်းက အဖျက်အဆီး အားတစ်ခုက သူ့ထံသို့ တိုးဝင်လာနေကြောင်း ခံစားမိလိုက်သည်။ ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက သည်အရာကို လှမ်းကြည့် လိုက်သည်။ သည့်နောက်သူက တိုက်ခိုက်ခြင်း မပြုဘဲ သူ့မူလ စိတ်ဝိညာဉ်ကို ပြန်ဆုတ်၍ အကွာအဝေး တစ်ခုသို့ ခုန်ဆုတ် လိုက်၏။

ခြင်သားရဲကလည်း သည်အရာကို သတိပြုမိ လိုက်သည်။ ဝမ်လင်းက အကွာအဝေး တစ်ခုသို့ ရောက်သွားသည့်အခါ မိုးကြိုးသံတစ်ခုနှင့် မရေမတွက်နိုင်သော ဝဲကတောများက လက်သီးစုပ် အက်ကြောင်းဘေးတွင် ပေါ်လာခဲ့သည်။ သည် ဝဲများက အက်ကြွ ကြောင်းထက် ကြီးသွားပြီးနောက် ကြီးမားသည် ရွှေရောင် အလင်းတန်းတစ်ခုက ဝမ်လင်းထံသို့ တိုးဝင် လာခဲ့တော့သည်။

ဝမ်လင်းက လျင်မြန်စွာ လွတ်မြောက်အောင် ပြေးလေ၏။ အပျက်အစီး ကြယ်များ၏ နေရာက ကြီးမားလှခြင်း မရှိသဖြင့် ဝမ်လင်းက သူ့ထားခဲ့သော အတားအဆီးများ ရှိရာ နေရာသို့ ရောက်လာ ခဲ့တော့သည်။ သူက ခြင်သားရဲကိုပါ ဆွဲခေါ်လိုက်ပြီးနောက် အပျက်အစီး ကြယ်များ၏ အဝန်းအဝိုင်းထဲသို့ တန်းမတ်စွာ သွားလေ၏။

ဝမ်လင်းက အဝန်းအဝိုင်းထဲသို့ ဝင်ရောက်သည့် အခိုက်တွင်ပင် ရွှေရောင် အလင်းတန်းကြီးက သူထားခဲ့သော အတားအဆီးများကို ဖျက်ဆီး ခံလိုက်ရသည်။

သို့သော် ရွေရောင် အလင်းတန်းကြီးက အပျက်အစီး ကြယ်များ၏ အဝန်းအဝိုင်းကို ထိတ်လန့်ဟန်တူ၏။ ထို့နောက်၎င်းက အဝန်းအဝိုင်းထိပ်မှ မြေတစ်ကောင်လို ခွေ၍ ဝမ်လင်းကို ညွှန်ကြည့်နေသည်။

ဝမ်လင်းကလည်း အဝန်းအဝိုင်း အပြင်ဘက်ကနေ ၎င်းအလင်းတန်းကို ကြည့်လို့နေသည်။ သူက ရွှေရောင် အလင်းတန်း မြောက်များစွာကို ယူဆောင်ခဲ့သည့် အတွက် ၎င်းတို့၏ အုပ်စိုးသူက သူ့ကို ရပ်တန့်ရန် ပေါ်လာခဲ့သည့်ပုံပင်။

သည့်အတွက်ကြောင့် နဂါးလိပ်ကြီးနှင့် အဘိုးအိုက ရွှေရောင် အလင်းတန်း အနည်းငယ်ကိုသာ ယူပြီး ပြန်ထွက်လာခဲ့ပုံရသည်။

ထို့နောက် ဝမ်လင်းက သူ့သေခြင်း နယ်ပယ်ကြောင့် မှိန်ဖျော့သွားသည့် ရွှေရောင် အလင်းတန်းများကို ခြင်သားရဲထံသို့ ပစ်ပေးလိုက်၏။ ခြင်သားရဲက ၎င်းတို့ကို ဝါးမျိုလိုက်ပြန်သည်။ သည်အလင်းတန်းများက ၎င်းအတွက် အလွန်အာဟာရ ဖြစ်စေသည့် ပုံပင်။ သည်ရွှေရောင် အလင်းတန်းများကြောင့် ၎င်းက အဆင့်မြင့်စိတ်ဝိညာဉ်သားရဲဖြစ်လာရန် သိပ်မလိုတော့ပေ။

အပျက်အစီးကြယ်များထံမှ ပြန်ထွက်လာပြီးနောက်တွင် ဝမ်လင်းက အနည်းငယ်စဉ်းစား၍ သိုလှောင်အိတ်ထဲမှ မိုးခေါင်းလောင်းကို ထုတ်ယူလိုက်သည်။ သည်မိုးခေါင်းလောင်းက သူ မိုးကောင်းကင်ဘုံ နယ်မြေသို့ ဝင်ရောက်ရန် လိုအပ်သည့် အရာတစ်ခု ဖြစ်လေသည်။

သည်မိုးခေါင်းလောင်း၏ အသွင်က သေးငယ်ပြီး သာမန်သာ ဖြစ်သော်လည်း နတ်ဘုရား အာရုံဖြင့် စမ်းစစ်ကြည့်လျှင် စိတ်ဝိညာဉ် စွမ်းအင်ထက် အားကောင်းသော အော်ရာတစ်ခုကို သတိပြုမိ ပေလိမ့်မည်။

သည်အောက်ရာ စိတ်ဝိညာဉ် စွမ်းအင်ထက်လည်း များစွာ သန့်စင်လှ၏။ ဝမ်လင်းက သည်အော်ရာသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ဖြစ်ကြောင်း သိ၏။

သို့ရာတွင် သည်အောက်ရာက ကျင့်ကြံရန်အတွက်တော့ အားနည်းလို့နေသေးသည်။ ၎င်းက မိုးကောင်းကင်ဘုံနယ်မြေဂိတ်ကို ဖွင့်ရန် သော့တစ်ချောင်း အဖြစ်သာ အသုံးပြုနိုင်ပေသည်။

ပုံမှန်အားဖြင့် မိုးခေါင်းလောင်း ပေါ်ထွက်လာသည်က မိုးကောင်းကင်ဘုံ ဂိတ်များ ပွင့်လာတော့မည့် အဓိပ္ပာယ်ပင်။

ကံမကောင်းစွာဖြင့် ရှုပ်ပွညစ်ပေနေသည့် အဘိုးအိုက သူ့ကို အချိန်အတိအကျ မပြောခဲ့ပေ။

ဝမ်လင်းက သက်ပြင်းချ၍ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်ပြား တစ်ပြားကို ထုတ်ယူ လိုက်သည်။ သူက ၎င်းကို စစ်ဆေးလိုက်ပြီးနောက် ခြင်သားရဲ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး ဟိုဖန်နိုင်ငံရှိရာသို့ ဦးတည်၍ ထွက်ခွာလိုက်သည်။

နောက်ထပ်သူ့လုပ်မည့်အရာမှာ ပြင်ပတိုက်ပွဲ နယ်မြေသို့ သွား၍ လေလွင့်ဝိညာဉ်များကို စုဆောင်းပြီး ပိုများပြားသော မကောင်းဆိုးဝါးများ အဖြစ် ဖန်တီးရန် ဖြစ်သည်။ သည်အရာက သူမိုးကောင်းကင်ဘုံ နယ်မြေသို့ မဝင်ရောက်ခင် နောက်ဆုံး ကြိုတင်ပြင်ဆင်ခြင်းလည်း ဖြစ်လေသည်။

ဟိုဖန်နိုင်ငံ၏ အလယ်ဗဟိုတွင် အစီအရင်ကြီးတစ်ခု ရှိ၏။ ၎င်းက နှစ်ငါးရာတိုင်း တစ်ကြိမ်ပွင့်သည်။ အကြောင်းမှာ ပြင်ပတိုင်ပွဲနယ်မြေရှိ တပည့်များ ပြန်လာရန် အတွက် ဖြစ်လေသည်။

သည်နေ့တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ထိုအစီအရင်၏ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုလူ၏ မျက်လုံးများက ကြယ်များနှင့် ဆင်တူပြီး သူ့အသားအရည်မှာလည်း ပုလဲကဲ့သို့ ရှိ၏။ သူက ထိုအစီအရင်၏ တည်ဆောက်ပုံကို သေချာ လေ့လာလို့ နေသည်။ သည်လူကတော့ ဝမ်လင်းပင် ဖြစ်ချေသည်။

သည်အစီအရင်ပွင့်ရန်က နှစ်များစွာ လိုနေသေး၏။ သို့သော် သည်နှစ်များစွာကို စောင့်ဆိုင်း မနေနိုင်ပေ။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်အနေဖြင့် အခုချက်ချင်း ထိန်းချုပ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

သူက သည်အစီအရင်ကို ရက်အတန်ကြာ လေ့လာနေပြီးနောက် အနည်းငယ် စဉ်းစား၍ အစီအရင်ကို အနည်းငယ် ပြောင်းလဲ၍ အထဲသို့ ဝင်ရောက်လိုက်၏။ သူက မူလစိတ်ဝိညာဉ်ကို ဖြန့်ကြက်လိုက်ပြီး ၎င်းက အစီအရင်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်လို့ သွားသည်။ အစီအရင် အပေါ်ရှိ သင်္ကေတများက ဖြည်းညင်းစွာ တောက်ပလာပြီး သူ့ခန္ဓာကိုယ်တွင် လာရောက်စုဝေး၏။ တဖြည်းဖြည်းဖြင့် ဝမ်လင်းက ပျောက်ကွယ်လို့ သွားသည်။

သူပျောက်ကွယ်သွားပြီး အခိုက်တွင် အစီအရင်က ပျက်စီးသွားကာ ထပ်မံ အသုံးမပြု နိုင်တော့ပေ။

နှစ်များစွာ ကုန်ဆုံးလို့ သွားခဲ့သည်။ တောင်ဘက်ပိုင်းရှိ အဆင့်သုံး နိုင်ငံတစ်ခု၏ ကျင့်ကြံသူများသည် အစီအရင် တစ်ခုတွင် စုဝေးလို့ နေကြသည်။ သူတို့က အဆင့်လေး နိုင်ငံတစ်ခုမှ တမန်တော် တစ်ယောက် ရောက်လာပြီး ပြင်ပ တိုက်ပွဲနယ်မြေသို့ ဆက်သွယ်သည့် လမ်းကြောင်းကို ဖွင့်ရန် စောင့်ဆိုင်း နေကြခြင်း ဖြစ်သည်။

စွန်ဝမ် သည် အဆင့်လေးနိုင်ငံ တစ်ခုဖြစ်သည့် ဂုန်စွန်မှ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူက သည်နေရာသို့ တမန်တော် တစ်ယောက်အဖြစ် လာရောက်ခြင်းပင်။ သူက စဦး စိတ်ဝိညာဉ် နောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း ဂုန်စွန်နိုင်ငံတွင် သူ့မိသားစုက အင်အားကြီးလေသည်။ ထို့ကြောင့်သူ့ကို အတွေ့အကြုံရရန် သည်နေရာသို့ စေလွှတ်ခဲ့ကြခြင်းပင်။

ယနေ့သည် ပြင်ပတိုက်ပွဲနယ်မြေသို့ ရောက်မည့် လမ်းကြောင်းကို ဖွင့်မည့် ပထမဆုံး အကြိမ်ပင်။ ထို့ကြောင့် သူက အနည်းငယ် စိုးရိမ်ပူပန်လို့ နေ၏။ သို့သော် သူက သည်နေရာရှိ လူတိုင်း၏ လေးစားမှုကို ခံနေရသဖြင့် အလွန်ပျော်ရွှင်လို့လည်း နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset