Switch Mode

အပိုင်း(၃၃၅)

ရှေးဟောင်း နတ်ဘုရား၏ နည်းစနစ်ရတနာ

ဝမ်လင်းက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူက ချူနိုင်ငံသို့ ပြန်မည့် အတွေးကို ဖယ်ရှားလိုက်၏။ ထို့နောက် အချိန်တစ်ခု ကြာအောင် စဉ်းစားလို့နေပြီး အံကြိတ်၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဒီနောက် ခြင်သားရဲက ချက်ချင်း ထွက်လာခဲ့ပြီး သူ့ကို အကြိမ် အနည်းငယ် လှည့်ပတ်ပျံဝဲ နေခဲ့၏။

ဝမ်လင်းက ခြင်သားရဲ အပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ခြင်သားရဲကို မက်ဆေ့တစ်ခု ပို့လိုက်သည်။ ခြင်သားရဲသူ့ ခြင်နှမောင်းကို ဝှေ့ယမ်းလိုက်ပြီး အသံပြုလိုက်သည်။ သို့သော်သူက ရှေ့သို့ ရွေ့ခြင်း မပြုသေးပေ။ ထိုအစား ဝမ်လင်းကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လို့နေ၏။

ဒီအသွင်ပုံစံက ဒီသားရဲ့အတွက် အလွန်ထူးဆန်းလို့ နေသည်။ ဒီခြင်သားရဲ၏ အခိုလိုပုံစံကို မြင်လိုက်သည့် လူတိုင်းသည့် ထိတ်လန့် သွားမိပေလိမ့်မည်။ သို့သော် ခြင်သားရဲက ကြောက်လန့် နေခြင်းသာ ဖြစ်ချေသည်။

ဝမ်လင်းက ပြုံးလိုက်သည်။ သူက ဆေးလုံး အနည်းငယ်ကို ထုတ်၍ ရှေ့သို့ ပစ်လိုက်သည်။ ခြင်သားရဲက ချက်ချင်း စိတ်ကျေနပ်သွားပြီး ဒီဆေးလုံးများကို ဝါးမြိုရန် ရှေ့သို့ ပျံသန်း သွားလေတော့သည်။

ဒီလိုနည်းနှင့် ခြင်သားရဲက ရှေ့သို့ ဆက်၍ဆက်၍ ပျံသန်းလာခဲ့သည်။ သိပ်မကြာခင်မှာပင် ဆေးတစ်ပုလင်းလုံး ကုန်ဆုံးလို့ သွားတော့၏။ ဝမ်လင်းက ခြင်သားရဲခေါင်းကို ပုတ်၍ ပြောလိုက်သည်။ “ကဲကောင်ဆိုးလေး… ဒီနေ့အတွက်တော့ ဆေးလုံး ထပ်မရတော့ဘူး။ မင်း ဒီနေ့ ကောင်းကောင်း မြန်မြန် ပျံသန်းမယ်ဆိုရင် ငါ မနက်ဖြန်ကျရင် ဆေးလုံး ထပ်ပေးမယ်…”

ခြင်သားရဲက ကျယ်လောင်စွာ အသံပြု၍ ကောင်းကင်ကို ဖြတ်သန်း၍ လျှပ်စီးအလား ပျံသန်းတော့သည်။

ဝမ်လင်းကို စိတ်ကျေနပ်မှုကို ခံစားနေရသည်။ သူ့ လက်စားချေမှု ကလည်း ပြီးမြောက်သွားသလို သူ့ကျင့်ကြံမှု အဆင့်ကိုလည်း နောက်ထပ်အမြင့် တစ်ခုသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ဒီအရာက သူ့ကို အတော်လေး ကျေနပ်စေ၏။ ဝမ်လင်းက ကျယ်လောင်စွာ ရယ်မော လိုက်သည်။ သူ့အောက်ရှိ ခြင်သားရဲကလည်း ဒီရယ်သံကို သတိပြုမိသွားပြီး သူနှင့်အတူ အော်ဟစ် လေတော့သည်။

ဒီအသံနှစ်သံက ပို၍ပို၍ ကျယ်လောင် လာခဲ့သည်။ ဒီရယ်သံက သူတို့အောက်ရှိ ကျင့်ကြံမှု နိုင်ငံကိုပင် အလွန်သတိထားမိ သွားစေပြီး သူတို့ထံသို့ နတ်ဘုရား အာရုံများဖြင့် လာစစ်ဆေး ကြသည်။ သို့သော် သူတို့က ဝမ်လင်းနှင့် ခြင်သားရဲ၏ ကျင့်ကြံမှု အဆင့်ကို သတိပြုမိပြီး နတ်ဘုရား အာရုံများကို ပြန်ရုတ်သိမ်း၍ ထပ်မံ နှောက်ယှက်ခြင်း မပြုကြတော့ပေ။

ထိုအချိန်တွင် ဝမ်လင်းအောက်ရှိ ကျင့်ကြံမှုနိုင်ငံ၏ သေမျိုးမြို့တော်တွင် ညစ်ပတ် ရှုပ်ပွနေသည့် အဘိုးအိုက အခြေခံ တည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ကို ပြုံး၍ စကား ပြောနေလေသည်။ “အစ်ကိုငယ်လေး… မင်းက အလွန်အရည်အချင်း ရှိတယ်လို့ ငါမြင်နေရတယ်။ ဒါပေမဲ့ လမ်းညွှန်မှု မရှိဘူးဆိုရင် မင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ဘယ်တော့မှ မရောက်နိုင်လောက်ဘူးလို့ ငါထင်နေတယ်…”

ဒီကျင့်ကြံသူလေးက အဘိုးအိုကို ကြည့်၍ အော်ဟောက်လိုက်သည်။ “တိတ်စမ်း…မင်းက ငါ့လမ်းကို လာပိတ်နေမယ်ဆိုရင် ငါ့ရက်စက်မှ အပြစ်လာမတင်နဲ့…”

ဒီအခါ အဘိုးအိုက ကောင်းကင်ထက်ရှိ ဝမ်လင်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။ “မင်း သူ့ကို တွေ့လား…။ ဒီကောင်လေးတောင် ငါနဲ့တွေ့တုန်းက ဆိုရင် စဦးစိတ်ဝိညာဉ် အဆင့်လေးပဲ ရှိသေးတယ်။ ခုကြည့်သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကိုးတောင် ရောက်နေခဲ့ပြီ။ ဘယ်လိုလဲ။ မင်းကို သက်သေပြဖို့ သူ့ကို ငါခေါ်လိုက်ရမလား…”

ကျင့်ကြံသူလေးက နှခေါင်းရှုံ့၍ ကောင်းကင်ထက်ရှိ ပျံသန်းနေသော အမည်းစက် တစ်ခုကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ ထွက်သွားစမ်း…”

ထို့သို့ပြောပြီးနောက် သူက အဘိုးအိုကို ဘေးသို့တွန်း၍ လမ်းဆက်လျှောက် သွားသည်။

အဘိုးအိုက သက်ပြင်းချ၍ ထွက်သွားသော ကျင့်ကြံသူ နောက်သို့ တုန်ကင်များ လက်မှာကိုင်၍ အပြေးလိုက်ကာ ပြောလေသည်။ “အစ်ကိုငယ်လေး…ငါမှ ဆန်မိုင်ရဲ့ ကလန်ကြီး ရှစ်ခုအတွက် တုန်ကင်တွေ ရှိတယ်။ ကလန်ခေါင်းဆောင် တုန်ကင်တွေတောင်မှ ရှိတယ်။ ဒါတွေကို မင်းကို ကာကွယ်ပေးနိုင်တဲ့ စွမ်းအားကောင်းတဲ့ အရာတွေပဲ။ တစ်ယောက်ယောက်က မင်းကို လာနှောင့်ယှက်မယ် ဆိုရင် ဒီတုန်ကင် တစ်ခုလောက် ပြလိုက်တာနဲ့ သူတို့ကို ထွက်သွားစမ်းလို့ မင်းပြောလိုက်ရုံပဲ…”

ဝမ်လင်းက ဒီအဖြစ်ပျက်ကို မမြင်နိုင်ခဲ့ပေ။သို့သော် သူက ရယ်မောပြီးနောက် သိုလှောင်အိတ်ထဲမှ သစ်သားပန်းပုရုပ် တစ်ရုပ်ကို ထုတ်ယူလိုက်၏။ ဒီသစ်သားပန်းပုက အချိန်ဖြတ်ကျော်ခြင်း နယ်ပယ် ပိုင်ဆိုင်သည့် အဘိုးအို၏ သစ်သားပန်းပုပင်။ ဒီနောက်သူက လက်ဝှေ့ယမ်း လိုက်ရာ ရွှေရောင် အလင်းလုံးတစ်ခု ပေါ်လာခဲ့၏။ ဒီနောက် သူက လက်ထိပ်ကို ကိုက်လိုက်ရာ သွေးတစ်စက် ကျလာပြီး ဒီသွေးစက်နှင့် ရွှေရောင်အလုံးကို ပေါင်းစပ်၍ သစ်သားပန်းပုရုပ် ပေါ်သို့ တင်လိုက်သည်။

ရုတ်တရပ် ဒီသစ်သားပန်းပုရုပ် တုန်ခါသွား၏။ ဒီနောက် သွေးကြော တစ်ခုက ထိုပန်းပုရုပ် ပေါ်တွင် ပေါ်လာခဲ့ပေသည်။ သေချာ ကြည့်မည်ဆိုလျှင် ဒီပန်းပုရုပ်ပေါ်တွင် သွေးကြော တစ်ခုတည်း မဟုတ်ဘဲ သုံးဆယ်ကျော် ပေါ်လာခဲ့သည်ကို တွေ့ရပေမည်။

ဒီသွေးကြောများက တစ်ခုနှင့်တစ်ခု ထိတွေ့မိခြင်း မရှိဘဲ လှုပ်ရှား အသက်ဝင်နေကြ၏။

အချိန်က မျက်စိတစ်မှိတ် အတွင်း လျင်မြန်စွာ ကုန်ဆုံးသွားသည်မှာ တစ်လပင် ရှိလာခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ခြင်သားရဲပေါ်တွင် ထိုင်နေရင်း နောက်ထပ် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သို့ ပျံသန်းသွားနေရင်း နောက်ဆုံးမှာတော့ နတ်ဆိုးပင်လယ်သို့ ရောက်လာခဲ့တော့သည်။

ပြီးခဲ့သော ဆယ်စုနှစ်များက နတ်ဆိုး ပင်လယ်တွင် တိုက်ပွဲများ နေရာအနှံ့ တွေ့နေရ၏။ ဒီတိုက်ခိုက်မှုများက ကျင့်ကြံမှု နိုင်ငံများနှင့် နတ်ဆိုး ကျင့်ကြံသူများကြား ဖြစ်ပွားခဲ့ခြင်းပင်။

ဝမ်လင်း၏ ပန်းတိုင်က ရှေးဟောင်း နတ်ဘုရား နယ်မြေပင်။ သူက ရှေးဟောင်း နတ်ဘုရား၏ အသိဉာဏ်ကို ရရှိပြီးနောက် သည်နေရာသို့ ဆန္ဒရှိသလို ဝင်နိုင်ထွက်နိင် လာခဲ့ပေသည်။

ဝမ်လင်းက အတွေး နစ်မြောလျက် ရှိနေ၏။ အတားအဆီး အလံကို ပြီးပြည့်စုံအောင် လုပ်သည့်အခါ နတ်ဘုရား ပြစ်ဒဏ်ကို အစပျိုးခြင်း မရှိစေမည့် နေရာက ဒီရှေးဟောင်း နတ်ဘုရား နယ်မြေသာ ရှိပေသည်။ ဒီအပြင် သည်နေရာတွင် စိတ်ဝိညာဉ် သားရဲ အမြောက်အများလည်း ရှိလို့နေသဖြင့် ဝမ်လင်းက တစ်ကောင်လောက် ဖမ်းလိုချင်သေးပေသည်။

သူက မိုးကောင်းကင်ဘုံ နယ်ပယ် ဂိတ်ဖွင့်လာမည့် အချိန်အတွက် သူ့ကိုယ်သူ အရာအားလုံး ကြိုပြင်ဆင် ထားချင်ပေသည်။ သူက အပြင်တိုက်ပွဲ နယ်မြေသို့ သွားရောက်ပြီး လေလွင့်ဝိညာဉ် အလုံအလောက်ရအောင် စုဆောင်းရပေဦးမည်။

ဝမ်လင်းက သူက ပထမ စမ်းသပ်ချက်ကို မကြုံသေးသ၍ ထာဆန်က သူ့ကို ထောက်လှမ်း မိလိမ့်မည် မဟုတ်ဟု ကြိုခန်းမှန်းမိ၏။ ထာဆန်က သူ့ကို သိသွားမည်ဆိုလျှင် သူက အဖမ်းမခံရခင် ထွက်ပြေးနိုင်စွမ်း ရှိပေလိမ့်မည်။

သူက ဒီအကြံဉာဏ်ကို ရပြီးနောက် ရှုပ်ပွ ညစ်ပတ်နေသည့် အဘိုးအို၏ ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်သည်။ ဒီနောက်သူက ရှေးဟောင်း နတ်ဘုရား နယ်မြေသို့ ဦးတည် သွားလေတော့၏။

ကောက်ရိုးဦးထုပ်၏ သက်ရောက်မှု အောက်တွင် အချို့အားနည်းသော ကျင့်ကြံသူများသည် သူ့လမ်းကြောင်းကို အဟန့်အတား မဖြစ်စေဘဲ လမ်းဖယ်ပေးခဲ့ကြ၏။

နတ်ဆိုးပင်လယ်ရှိ တိုက်ပွဲများက ဘယ်တော့မှ အဆုံးမသတ်တော့မည်ပုံပင်။ လွန်ခဲ့သော နှစ်ပေါင်း များစွာကလို့ ဒီနေရာတွင် အကြီးအကျယ် တိုက်ပွဲများ မဖြစ်တော့ သော်လည်း ဟိုတစ်စ သည်တစ်စ တိုက်ပွဲများတော့ ရှိနေဆဲ ဖြစ်၏။

သို့ရာတွင် ဒီတိုက်ခိုက်မှုများတွင် သတ်မှတ်ချက်တစ်ခု ရှိလို့နေ၏။ ဒီအရာမှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်နှင့် ဒီအဆင့်အောက်များသာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ စဦးစိတ်ဝိညာဉ် အဆင့်များက ဒီတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့လေသည်။ ကြည့်ရသည်မှာ နောက်တစ်ချီ တိုက်ပွဲကြီး အတွက် နှစ်ဖက်လုံးက သူတို့၏ အင်အားများကို ဥထားသည့်ပုံပင်။

ဒီကြောင့် မည်သူကမှ ဝမ်လင်းကို ရပ်တန့်ရန် မပြုလုပ်နိုင်ကြပေ။ အချို့သော စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များက နတ်ဘုရားအာရံများဖြင့် ဖြန့်ကြက် ကြည့်လာခဲ့သော်လည်း ဝမ်လင်းကို သတိပြုမိပြီးနောက် သူ့ကို သွားခွင့်ပြုခဲ့သည်သာ ဖြစ်၏။

ဝမ်လင်းက အလွန်မြန်ဆန်လှ၏။ သူတို့လမ်းကြောင်းကို တားရဲသော သားရဲတိုင်းကိုလည်း ခြင်သားရဲက ၎င်းတို့၏ အမြုတေများကို ဝါးမျိုပစ်ခဲ့လေသည်။ တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ဖြတ်ကျော်လာပြီး ရက်အတန် ကြာပြီးနောက် သူက နတ်ဆိုးပင်လယ်၏ အတွင်းဘက်ကို ရောက်ရှိ လာခဲ့တော့သည်။

သူက နောက်ထပ် တည်နေရာ အစီအရင် တစ်ခုထံသို့ လှမ်းလျှောက်လာစဉ် ထိုနေရာ အနီးတွင် တိုက်ပွဲတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူက နတ်ဘုရား အာရုံဖြင့် စစ်ကြည့် လိုက်ပြီးနောက် ဒီတိုက်ပွဲကို ထပ်မံ ဂရုစိုက်ခြင်း မပြုတော့ဘဲ မြေပုံ ကျောက်စိမ်းပြားကိုသာ ထုတ်ယူ လိုက်တော့၏။ သူက ထပ်မံ မသွားခင် သူ့အခု တည်နေရာကို စစ်ဆေး လိုက်သည်။

အပျက်အစီး ကြယ်များက အရှေ့ဘက် မိုင် တစ်သိန်းတွင် ရှိလေ၏။

သူက ပျံသန်းလာစဉ် သူ့ထံသို့ ဦးတည်လာနေသော အနီရောင် တိမ်တိုက်တစ်ခုကို သတိပြုမိ၍ ရုတ်တရက် မျက်မှောင်ကြုတ်မိ သွားသည်။

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက နတ်ဆိုး ပင်လယ်တွင် ခွန်အားကသာ အရာရာ ဖြစ်ကြောင်း သိပြီးသား ဖြစ်သည်။ သူက အားနည်းကြောင်း ပြလိုက်သည်နှင့် လူအချို့က သူတို့ရှင်သန်ရန် အတွက် သူ့ကို တက်နင်း သွားမည်သာ ဖြစ်သည်။ သူက ဒီလိုတွေးနေစဉ်မှာပင် အေးစက်သော အော်ရာတစ်ခုက သူ့ထံမှ ထွက်ပေါ်လို့လာ၏။

မျက်စိတစ်မှိတ် အတွင်း အနီရောင်တိမ်က နီးကပ်လို့ လာသည်။ အနီရောင်တိမ်ထဲ၌ သားရဲတစ်ကောင် ရှိလို့နေသည်။

သားရဲက နဂါးလိပ်အသွင် ရှိ၏။သို့သော် ၎င်း၏ ကျောဘက်တွင်တော့ မည်သည့်စူးချွန်မှ ရှိမနေပေ။ ထိုအစား တစ္ဆေအလင်းများ ထုတ်လွှတ်နေသည့် လခြမ်းပဲ့ ဦးချိုတစ်ခု ရှိလို့နေ၏။

ဒီသားရဲ ခန္ဓာကိုယ်က အလွန်ကြီးမားလှ၏။ ၎င်း၏ကျောပေါ်တွင် မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက် ရှိနေပြီး သူ့ဘေးတွင်တော့ အနီရောင် ဘူးသီးခြောက် တစ်ခုရှိသည်။

သူက အဘိုးအိုနှင့် ဒီသားရဲကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် ဒီအဘိုးအိုက မည်သူ ဖြစ်ကြောင်း မှတ်မိလိုက်၏။

ဒီလူက သူ့ကိုယ်ပေါ်တွင် အတားအဆီး တစ်ခု ထားခဲ့ပြီ သူ့ကို ရတနာခန်းမသို့ လာရန် ပြောခဲ့သော အဘိုးအိုပင်။

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သို့သော် သူက ချက်ချင်း တည်ငြိမ်အောင် လုပ်၍ အဘိုးအိုကို အေးစက်စွာ ကြည့်သည်။ အဘိုးအိုက ဝမ်လင်းရှေ့သို့ လျင်မြန်စွာ ရောက်လာခဲ့ပြီး အံ့အားသင့်ဟန် အမူအရာ ဖြစ်သွားလေ၏။

ဝမ်လင်းက အဘိုးအို၏ နတ်ဘုရား အာရုံကို ကောက်ရိုးဦးထုပ်မှ ရွှေရောင် အလင်းတန်းက နှင်လွှတ် လိုက်ကြောင်းကို ခံစားမိလိုက်၏။

အဘိုးအိုက ဝမ်လင်းကို စူးစိုက် ကြည့်လို့ နေသည်။ သူက လုံးဝ တုန်လှုပ်လို့ သွား၏။သူက ကောက်ရိုး ဦးထုပ်ကို ခဏတာ ကြည့်ရှုပြီးနောက် အဘိုးအိုက သူ့အောက်ရှိ နဂါးလိပ်ကို ပုတ်လိုက်သည်။ နဂါးလိပ်က ဝမ်လင်းကို လျင်မြန်စွ ဖြတ်ကျော်သွား၍ အရှေ့ဘက် တည့်တည့်သို့ ဦးတည် သွားတော့သည်။

ဒီအခိုက်တွင် အဘိုးအိုက သူ့နတ်ဘုရား အာရုံကို နာကျင်စေခဲ့သော ဒီထူးဆန်းသောလူကို သတိထားလို့ နေ၏။ ထို့ကြောင့် သူက ဝမ်လင်းက မနှောက်လိုတော့ပေ။

သူ့အမြင်အရ ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ထားသူက အနည်းဆုံး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ရှိရပေမည်။ သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်နှင့် အကြောင်းပြချက် မရှိဘဲ စတင် မတိုက်ခိုက်လိုပါ။

ဝမ်လင်းက အဘိုးအိုသည် အရှေ့ဘက်သို့ ဦးတည် သွားနေသည်ကို တွေ့လိုက်သည့် အခါ မျက်မှောင်ကြုတ် မိလိုက်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူလည်းပဲ အရှေ့ဘက်သို့ ဆက်သွားတော့သည်။

ရွှေ့ပြောင်းခြင်းကို ကျွမ်းကျင်သော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ၏ တည်နေရာ ရွှေ့ပြောင်းခြင်းထက် များစွာ သာလွန်၏။ ဒီအတွက် မိုင်တစ်သိန်း အကွာသည် သူ့တို့အတွက် အရမ်း အဝေးကြီး မဟုတ်ပေ။

သိပ်မကြာခင်မှာ ဝမ်လင်းက အပျက်အစီးကြယ်များ၏ တစ်မူထူးသော အဝန်း အဝိုင်းများကို မြင်လာရသည်။

အဘိုးအိုကလည်း နဂါးလိပ်ပေါ်တွင် မရှိတော့ပေ။ သူကလည်း အပျက်အစီး ကြယ်များကို ကြည့်လို့နေ၏။ သူက ဝမ်လင်း ရောက်လာသည်ကို သတိပြုမိလိုက်ပြီးနောက် ဝမ်လင်းကို တစ်ချက်သာ လှည့်ကြည့် လိုက်သည်။

ဝမ်လင်း အမြန်နှုန်းအရ အဘိုးအိုက ဝမ်လင်းသည် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သေချာသိသွားသည်။

ဝမ်လင်း အကြည့်များက တည်ငြိမ်စွာပင်။ ခဏ ကြာပြီးနောက် သူက ထိုင်လို့ရမည့် တစ်နေရာကို တွေ့လိုက်၏။ သူက ထိုင်ချ၍ မျက်လုံးပိတ် လေ့ကျင့် နေသော်လည်း သူ့နတ်ဘုရား အာရုံကတော့ ဖြန့်ကြက်လို့ထား၏။

သူက အဘိုးအို၏ ပန်းတိုင်က ဘာလဲဆိုသည်ကို သိချင်နေမိသည်။ အဘိုးအိုကလည်း ရှေးဟောင်း နတ်ဘုရားနယ်မြေသို့ သွားမည်ဆိုလျှင် သူက ပထမဆုံး မဝင်သေးဘဲ အဘိုးအို အပျက်အစီး ကြယ်ထဲ ဝင်သည့် အထိ စောင့်နေမည် ဖြစ်၏။

အဘိုးအိုက ဝမ်လင်းကို ထပ်မံကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူကလည်း ဒီနေရာ ရောက်နေပြီပဲ။ ငါ ထင်တာကတော့ ရောင်းရင်းလည်း ရောင်ဝါစုံ မီးအချို့ကို ဒီနေရာမှ လာရောက် စုဆောင်းတာမလား။ ငါတို့နှစ်ယောက် ပူးပေါင်းပြီး လုပ်ရင်ကော ဘလိုလဲ…”

ဝမ်လင်းက ဒီရောင်ဝါစုံ မီးအကြောင်း စဉ်းစားလို့နေ၏။ ဒီအကြောင်းနှင့် ပတ်သတ်၍ ထူစီ၏ မှတ်ဉာဏ်ထဲတွင်လည်း မတွေ့ရချေ။ ဝမ်လင်းက ကျင့်ကြံမှု လမ်းကြောင်းကို လျှောက်လှမ်းသည်မှာ အချိန်ကြာမြင့်စွာ ရှိနေပြီ ဖြစ်သည်။ သို့သော် သူက ဒီရောင်ဝါစုံ မီးအကြောင်းကို တစ်ခါမျှ မကြားဖူးချေ။

ဒီနောက် ဝမ်လင်းက ရယ်သလိုမောသလို လုပ်၍ ပြောလိုက်သည်။ “ငါက အသင်းအဖွဲနဲ့ လုပ်တာကို စိတ်ဝင်စားမှု မရှိဘူး…”

အဘိုးအိုက နှာခေါင်း ရှုံ့လိုက်၍ ဝမ်လင်းကို သေချာ ကြည့်ရှုလိုက်သည်။ ဒီနောက်သူက အပျက်အစီး ကြယ်များ၏ အဝိုင်းအဝန်းများ ထံသို့ သွားလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset