ကျောက်နိုင်ငံ၊ ဂျူမင်တောင်ကြား အပြင်ဘက်တွင် အရာအားလုံးက တည်ငြိမ်လျက်ပင်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တစ်စုံတစ်ယောက်က လုံးဝ မတက်လှမ်းခဲ့ သကဲ့သို့ ရှိနေ၏။
ဆယ်စုနှစ် အနည်းငယ် အတွင်း ဂျူမင်တောင်ကြားက ပြင်ပ တိုက်ပွဲနယ်မြေတွင် ရတနာများ ရှာဖွေရန်အတွက် တစ်ဖန် ပြန်ပွင့်လာဦးပေမည်။
ဝမ်လင်းက ဒီတောင်ကြား အပြင်ဘက်တွင် ပေါ်လာခဲ့၏။ သူက တောင်ကြားထဲသို့ ငုံ့ကြည့် လိုက်သည်။ ထို့နောက် သက်ပြင်းချ၍ လက်ဝှေ့ယမ်း လိုက်ရာ သုံးပေခန့် ရှည်သော အက်ကြောင်းတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
တစ်စုံတစ်ယောက်က အနီးကပ်ကြည့်လျှင် ဒီအက်ကြောင်းက အတိတ် တစ်ချိန်တုန်းက ဝမ်လင်း သေဆုံးခဲ့သော နေရာပင် ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရောက်ချင်း ဝမ်လင်း၏ ပထမဆုံး ပန်းတိုင်သည် သူပထမ အကြိမ် သေဆုံးခဲ့ချိန်တွင် ပျောက်ရှ သွားခဲ့သော သိုလှောင်အိတ်ကို ပြန်ရှာရန် ဖြစ်၏။
သူက ထိုသိုလှောင် အိတ်ထဲရှိ ဓားအိမ်ကို ပြန်လိုချင်သောကြောင့်ပင် ဖြစ်၏။ အခုချိန်တွင် သူက သည်လို ရှေးဟောင်း ဓားအိမ်လိုများ နှစ်ခုထက်ပို၍ တွေ့ခဲ့ပြီးဖြစ်သည်။ သူက ဒီဓားအိမ် များတွင် လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု ယုံကြည်လေ၏။
သူခန္ဓာကိုယ်က ဖျတ်ခနဲ သူဖန်တီးခဲ့သော အက်ကွဲကြောင်း ရှေ့သို့ ရောက်လာခဲ့၏။ ဒီအက်ကွဲကြောင်းထဲမှ အသက်ပျောက် သွားစေနိုင်သည့် အားကောင်းသော လေများ ထုတ်လွှတ် နေသည်။ သို့သော် ဒီလေက ဝမ်လင်းအတက် မည်သည့် သက်ရောက်မှုမှ မရှိချေ။
သူက အက်ကွဲကြောင်းထဲသို့ လက်လှမ်းလိုက်ပြီး သူ့မူလ စိတ်ဝိညာဉ်ကို အသုံးပြု၍ အရာဝတ္တု တစ်ခုကို ရှာဖွေလိုက်သည်။ သည့်နောက် အလင်းများက တဖြည်းဖြည်း စုဝေးလာပြီး သိုလှောင်အိတ် တစ်ခု ပေါ်လာခဲ့၏။
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက် ကြည့်လိုက်ရာ သူ့အကြည့်က ပို၍ အသည်းအသန် ဖြစ်လာခဲ့၏။ ဒီသိုလှောင်အိတ်ထဲ၌ ဓားအိမ်အပါအဝင် အခြားအရာများပါ မရှိတော့ပေ။
သူက ဒီဓားအိမ်၏ တည်ရှိမှုကို နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ကောင်းစွာ အာရုံခံနိုင်သေးသည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး အက်ကြောင်းထဲသို့ ဝင်ရောက် လိုက်သည်။ သူဝင်ရောက် သွားပြီးနောက် အက်ကွဲကြောင်းက လျင်မြန်စွာ ပြန်ပိတ် သွားလေတော့သည်။ ဒီနောက် ဂျူမင်တောင်ကြားက ဘာမှမဖြစ်ခဲ့သလိုပင် ပြန်တိတ်ဆိတ်လို့ သွားတော့၏။
အက်ကွဲကြောင်းထဲရှိ နေရာသည် ဖိနှပ်နိုင်သော လေထုနှင့် အေးစက်လေများ ပြည့်နေခဲ့၏။
ဒီအထဲတွင် အနက်ရောင် ကျောက်တုံးကြီး များကလည်း မျောလွင့်နေကြ၏။
သူက ဒီဧရိယာသို့ ဝင်ရောက်လိုက်သည်နှင့် ထူစီ၏ နေရာအကြောင်းကို ပြန်အမှတ်ရမိ သွားသေးသည်။
ဝမ်လင်းက သည်နေရာကို အမှတ်အသား တစ်ခု ပြုလုပ်လိုက်သည်။ ဒီနောက်သူက ဓားအိမ်ရှိသည့် နေရာကို အာရုံခံမိ၍ ထိုနေရာသို့ ကြယ်ကြွေသည့် အလား တစ်ဟုန်ထိုး ဦးတည်၍ သွားလေသည်။
ဝမ်လင်း၏ အမြန်နှုန်းက တဖြည်းဖြည်းပို၍ မြန်ဆန်လာခဲ့သည်။ အကွာအဝေး တစ်ခုတွင် အနက်ရောင် ကျောက်တုံး တစ်တုံးပေါ်တွင် ဓားအိမ်တစ်ခု စိုက်နေသည်ကို တွေ့လိုက်ရသည်။
ဒီဓားအိမ်က ဝမ်လင်း ပိုင်ဆိုင်ခဲ့ဖူးသော ဓားအိမ်ပင်။
ဒီဓားအိမ်ဘေးတွင် လူအသွင် အရိပ်လေးခု ရှိလို့နေ၏။ ဒီအရိပ်လေးခုက ဓားအိမ်နားတွင် ထိုင်နေ၍ ဓားအိမ်မှ ထွက်ပေါ်နေသော ရွှေရောင် စွမ်းအင်များကို စုပ်ယူကာ လေ့ကျင့်လို့ နေကြသည်။
ဝမ်လင်းက ဒီမြင်ကွင်းကို လှမ်းမြင်လိုက်သည့် အခါ သူက ရုတ်တရက် ရပ်လိုက်သည်။ ဒီနောက် သူက လက်ဝှေ့ယမ်း လိုက်သည်။
ရုတ်တရက် ဓားအိမ်နစ်မြုပ် နေသော အနက်ရောင် ကျောက်တုံးက စတင် လှုပ်ရှားလာခဲ့သည်။ သို့ရာတွင် ဒီအရိပ်လေးခုက ရုတ်တရက် ဝမ်လင်းထံသို့ တစ္ဆေ မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ဝမ်လင်း မျက်လုံးများက တည်ငြိမ်လို့ နေသည်။
ဒီနောက် အရိပ်တစ်ခုက မတ်တတ် ထရပ်လိုက်ပြီး သူ့အသွင်က အနက်ရောင် တိမ်တိုက် တစ်ခုအလား ပြောင်းသွား၍ ဝမ်လင်းထံသို့ ဦးတည် လာခဲ့သည်။
ဝမ်လင်းက နှခေါင်း ရှုံ့လိုက်သည်။ “ရတနာလက်နက် တစ္ဆေသာသာလေးကများ ကိုယ့်နေရာကိုယ် မသိဘူး…” သူက ထိုသို့ ပြောပြီးနောက် ထိုအရိပ်ဆီသို့ လက်ညှိုးထိုးလိုက်ရာ သူ့လက်ချောင်းထိပ်မှ အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့၏။
ဒီအလင်းတန်းထဲရှိ စိတ်ဝိညာဉ် စွမ်းအင်က အားမကောင်း လှသော်လည်း ဝမ်လင်းနယ်ပယ် ပါဝင်လို့နေ၏။ ထို့ကြောင့် ဒီအလင်းတန်းနှင့် ထိမှန်လိုက်သည်နှင့် ဒီအရိပ်၏ အသက်ဓာတ်က ပျောက်သွားမတတ် ဖြစ်သွားလေတော့သည်။
သို့ရာတွင် ဒီအရိပ်က ပျောက်ကွယ်လု အခြေအနေမှာ ဝမ်လင်းက နောက်ထပ် အလင်းတန်း တစ်ခုကို ထပ်မံ ပစ်လွှတ်လိုက်ရာ ၎င်းအရိပ်က နတ်ဆိုးရုပ်ထုသို့ ပြောင်းသွား လေတော့၏။
ဒီနတ်ဆိုးရုပ်ထုက ဖြစ်ပေါ် လာပြီးနောက် ကျန်နေသည့် အရိပ်သုံးခုထံသို့ တိုးဝင်သွားတော့၏။
ဝမ်လင်းက လှုပ်ရှားခြင်းပင် မပြုဘဲ သူ့သေခြင်းရှင်ခြင်း နယ်ပယ်ကို အသုံးချ၍ ဒီရုပ်ထုကို ထိန်းချုပ်လို့ နေသည်။
ဒီတစ်ကြိမ်သည် ဝမ်လင်းက အစစ်အမှန် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည့် ပထမဆုံး အကြိမ်ပင်။
ဒီစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နည်းစနစ်များက တစ်စုံတစ်ယောက်၏ နယ်ပယ်ပေါ် အခြေခံ၍ ဖြစ်ပေါ်လာသည့် နည်းစနစ်များပင် ။
အရိပ်သုံးခုက စိုးစိုးဝါးဝါး အော်ဟစ်၍ သူတို့ထဲက တစ်ယောက်က ဓားအိမ်ထဲသို့ ခုန်ဝင်၍ ဓားအိမ်နှင့် အတူ အဝေးသို့ ပျံပြေးသည်။
အခြားအရိပ် နှစ်ခုကတော့ ရုပ်ထုပေါ်သို့ ခုန်အုပ် လိုက်သည်။ အရိပ်နှစ်ခုထဲက တစ်ခုက မရေမတွက် နိုင်သော အမည်းရောင် အမျှင်တန်းများ အဖြစ်သို့ ပေါက်ကွဲ၍ ရုပ်ထုထဲသို့ တိုးဝင်သည်။
နောက်အရိပ် တစ်ခုက ရုပ်ထုကို ကျော်၍ ဝမ်လင်းထံသို့ ခုန်အုပ်လိုက်သည်။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူ့နှဖူးကိုယ်သူ လက်ဖြင့်ထိလိုက်ရာ မူလစိတ်ဝိညာဉ် ထွက်ပေါ်လာပြီး သူက အရိပ်ကို အေးစက်စွာ ကြည့်၍ လက်ဆန့်ထုတ်လိုက်သည်။
အရိပ်က မူလ စိတ်ဝိညာဉ်ကို မြင်သည့်အခါ ထိတ်လန့်စွာ ဆိုးဆိုးရွားရွား အော်၍ ချက်ချင်း လွတ်မြောက်ရန် ကြိုးပမ်းသည်။ သို့သော် သူက ဝမ်လင်း၏ ဖမ်းခြင်းကို ခံလိုက်ရပေသည်။ ဒီနောက် သည်အရိပ်က ဝမ်လင်းမူလ စိတ်ဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ဓားအိမ်နှင့်အတူ ထွက်ပြေးသွားသော အရိပ်က ဝမ်လင်း၏ တည်နေရာ ကူးပြောင်းခြင်း ကြိုရှောင်သည့် အနေဖြင့် တန်းတန်းမတ်မတ် မသွားပဲ ကွေ့ကောက်၍ သွားလေသည်။
ဝမ်လင်းက နှခေါင်းရှုံ့လိုက်သည်။ သူ့မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီး ဒီနေရာ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပေါင်းစပ်သည်။ သူက ဓားအိမ် မည်သည့်နေရာသို့ သွားနေသည်ကို ရှင်းလင်းစွာ မြင်နေရတော့သည်။
မူလစိတ်ဝိညာဉ်က ဓားအိမ်ဘေးတွင် ပြန်ပေါ်လာခဲ့ပြီးနောက် ၎င်းကို ဖမ်းဆုပ် လိုက်သည်။ထို့နောက် ဝမ်လင်း ခန္ဓာကိုယ်ထံသို့ ပြန်လာခဲ့၏။
ဒီအရာက ကောင်းကင်နှင့်မြေကြီးကို ပေါင်းစပ်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်သော စွမ်းရည်ပင်။ ဒီစွမ်းရည်က စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ အသုံးပြုနိုင်သော တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ထက် ပိုသာလွန်လေသည်။
ဝမ်လင်းက ဒီအရိပ်ကို ဝါးမျိုပြီးနောက် ၎င်း၏ မှတ်ဉာဏ်များကို စုပ်ယူလိုက်သည်။ ဒီအရိပ်များက စွမ်းအားကောင်းသော ကျင့်ကြံသူ ပြုလုပ်ခဲ့သော အစိတ်အပိုင်းများ ဖြစ်လေသည်။ ထို့နောက်သူက သည်အရိပ်များကို အေးစက်သော လေနှင် သန့်စင်၍ ရတနာများအတွက် စိတ်ဝိညာဉ်များ ဖြစ်လာခြင်းပင်။
ဒီအရိမ်များက အသိဉာဏ်များစွာ မရှိကြပေ။ သူတို့က ဓားအိမ်ကို ကံကောင်း၍ တွေ့ခဲ့ကြပြီး ထူဆန်းသော အားလှိုင်းများကို ခံစားရ၍ ဓားအိမ်နားတွင် ကျင့်ကြံနေကြခြင်း ဖြစ်သည်။
ဓားအိမ်ကို ကိုင်ထားရင်း ဝမ်လင်းက ရုပ်ထုထံသို့ လက်ညွှန် လိုက်သည်။ ရုတ်တရက် ရုပ်ထုထဲသို့ ဝင်သွားသည့် အရိပ်က ပျက်စီးလို့ သွားတော့သည်။
ဓားအိမ်ထဲတွင် ပုန်းနေသော အရိပ်ကိုတော့ ဝမ်လင်းက အတင်းအကြပ် ထုတ်၍ လက်ထဲတွင် ဖမ်းဆုပ် လိုက်သည်။ ဒီနောက်သူက စိတ်ဝိညာဉ် စွမ်းအင်အချို့ကို အသုံးပြု၍ ဒီအရိပ်ကို ဖျက်ဆီး ပစ်လိုက်သည်။
သူက ဒီအရိပ်လေးခုလုံးကို သတ်ပစ်လိုက်သည့် အတွက် ၎င်းတို့က သူ့ပိုင်ရှင်ထံသို့ မည်သို့ ဖြစ်ပျက်သည်ကို ပြန်မပြော နိုင်ကြတော့ပေ။
ဝမ်လင်းက ဖျတ်ခနဲ လှုပ်ရှားပြီး ပျောက်ကွယ်လို့ သွား၏။ သူက သူ့အမှတ်အသား ထားခဲ့သော နေရာတွင် ပြန်ပေါ် လာခဲ့တော့သည်။ ထို့နောက် သူက နောက်ထပ် အက်ကွဲကြောင်း တစ်ခုကို ဖွင့်၍ အထဲသို့ ဝင်လိုက်သည်။
ထိုအခါသူက ဂျူမင်တောင်ကြား အပြင်တွင် ပေါ်လာခဲ့လေသည်။ သည့်နောက်သူက ချက်ချင်း ပျံသန်း ထွက်ခွာ လာခဲ့တော့၏။
တစ်လခန့် ကြာပြီးနောက် ဝမ်လင်းက ကျောက်နိုင်ငံ၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နားသို့ ရောက်လာခဲ့သည်။
သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မိုးခေါင်းလောင်း အရ ဆိုရင် ကောင်းကင်ဘုံ တံခါးပေါက် ဖွင့်ဖို့ သိပ်မလိုတော့ဘူး။ ငါကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်။ ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်မှ စစ်ထူနန်က နိုးလာမှာ ဖြစ်တယ်။ စစ်ထူနန်က တစ်ခါတုန်းက ပြောခဲ့ဖူးတယ်။ သူက ဟင်္သာပြဒါး ဂြိုဟ်က နံပါတ်တစ် ကျင့်ကြံသူတဲ့။ ဒီတော့သူက ကျင့်ကြံခြင်း ဂြိုဟ်သလင်းတုံး ဘယ်မှာ ရှိတယ်ဆိုတာ သိလောက်တယ်။ ဒီရတနာကို ရှာဖို့ စစ်ထူနန်က အကူအညီ ပေးနိုင်လောက်တယ်…”
“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရင် အဖေနဲ့အမေကို အသက်ပြန်ရှင် လာအောင် လုပ်နိုင်ပါ့မလား မသိဘူး။ ဒါပေမဲ့ ငါ့နယ်ပယ်က သေခြင်းရှင်ခြင်း နယ်ပယ်။ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းကို ပိုနားလည် လာလေလေ ဒီဟာကို ဆန့်ကျင့်နိုင်ဖို့က ဘယ်လောက် ခက်ခဲတယ် ဆိုတာ သိလာလေလေပဲ။ ငါ့မိဘတွေကို အသက်ပြန်ရှင် လာအောင် လုပ်မယ့် ပန်းတိုင်က အောင်မြင်ရန် အလွန် ခက်လှတယ်…” ဝမ်လင်းက ထိုသို့တွေးရင်း သက်ပြင်း ချလိုက်မိသည်။
“ထားလိုက်ပါတော့…ဒါက နောက်ကျ မှတွေးပူရမယ့် ကိစ္စပါ…”
ဒီအချိန်တွင် ဝမ်လင်းအတွက် နောက်ထပ် အတားအဆီး အလံကို သန့်စင်ရန် လိုနေ၏။ သူ့တွင် မှင်ကျောက်တုံး တစ်တုံးသာ ကျန်ရှိတော့သည့် အတွက် ၎င်းကို မပျက်စီးအောင် သေချာ ဂရုစိုက်၍ လုပ်ရပေမည်။ ဝမ်လင်းက ပျက်စီးသွားသော အတားအဆီး အလံကို ပြန်ပြင်ရန်လည်း ကြိုးစားရပေမည်။ သိုသော် ပြုပြင် နိုင်လောက်တော့မည် မဟုတ်ပေ။ ၎င်းအတားအဆီး အလံက နတ်ဘုရား ပြစ်ဒဏ် ဆင့်ခေါ်ခြင်းတွင်သာ အသုံးပြုနိုင်တော့မည် ဖြစ်၏။
“ထပ်ပေါင်း ပြောရရင် ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နှင့်ပြီး ဖြစ်ပေမဲ့ ရတနာ အနည်းငယ်ပဲ ရှိသေးတယ်။ ကောင်းကင်ဘုံ နယ်ပယ်က အချိန်မရွေး ပွင့်နိုင်တယ်။ ဒါ့ကြောင့် ကြိုပြင်ဆင်မှု လုပ်ရမယ်။ ငါ ဒီကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေကို ရကို ရရမယ်…”
***