တကယ်တော့ ကျင့်ကြံသူ တစ်ယောက်က စဦး စိတ်ဝိညာဉ် ဖြစ်ပေါ် ပြီးနောက် ကောင်းကင်ဘုံနှင့် တိုက်ခိုက်၍ အမှန်တရားကို ရအောင် လုပ်ရ၏။ ဒီအမှန်တရားက အလွန်တန်ဖိုး ရှိ၏။ သို့သော် ၎င်းက မလုံလောက်သေးပေ။ ကောင်းကင်ကို ဆန့်ကျင် တိုက်ခိုက်ရန်က တစ်စုံတစ်ယောက်က ကောင်းကင်နှင့် မြေကြီး၊ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်း တို့ကို နားလည် သဘောပေါက် ရမည်ဖြစ်သည်။
တစ်စုံတစ်ယောက်က ကောင်းကင်နှင့် မြေကြီးကို နားလည်ပြီးနောက် ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်ရန် နည်းလမ်း ရှာဖွေရသည်။ ဒီဟာက အလွန်ထူးဆန်း အံ့ဖွယ်ပင်။
တစ်စုံတစ်ယောက်က ကောင်းကင်နှင့် မြေကြီးကို နားလည်အောင် မစွမ်းနိုင်လျှင် စိတ်ဝိညာဉ် စွမ်းအင်မည်မျှ စုပ်ယူသည် ဖြစ်စေ အားနည်းလျက် ရှိနေဦးမည် ဖြစ်သည်။ ဒီအခြေအနေက ဘာနှင့်တူသလဲ ဆိုရင် ကလေး တစ်ယောက်ကို လက်နက် ပေးအပ်ခြင်းနှင့် ဆင်တူ၏။ သို့သော် ကလေးက လက်နက်ကို မကိုင်ဆောင်နိုင်လျှင် အသုံးမပြုနိင်ဘဲ အကျိုးမရှိ၊ အသုံးမဝင် ဖြစ်ရသကဲ့သို့ပင်။
ကောင်းကင်နှင့် မြေကြီးကို နားလည်ပြီး နယ်ပယ်တစ်ခုကို ရရှိခြင်းက ကလေး တစ်ယောက်ကို လက်နက် ကိုင်ဆောင် နိုင်စွမ်းကို ပေးစွမ်းလေ၏။
ကောင်းကင်နှင့် မြေကြီးကို နားလည်ပြီးနောက် တစ်စုံတစ်ယောက်က ဒီစွမ်းအားကိုသူတို့၏ ကိုယ်ပိုင်အဖြစ် အသုံးချ နိုင်ပေသည်။
ဒီအဆင့်ကို စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ဟု ခေါ်၏။
ဒီစွမ်းအားကို ကိုင်ဆွဲနိုင်သည့် ခွန်အားကို ရရှိပြီးနောက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများသည် သေမျိုးများနှင့် အခြား ကျင့်ကြံသူများကို ဖိနှပ်နိုင်လာသည်။ သူတို့က လူသားများနှင့် အဝေးတွင် တည်ရှိသည့် ဖြစ်တည်မှု တစ်ခု ဖြစ်၏။ အကြောင်းမှာ သူတို့က နတ်ဘုရား စိတ်ဝိညာဉ် ပိုင်ဆိုင်သူများ ဖြစ်သောကြောင့်ပင်။
ဒီစိတ်ဝိညာဉ်က နှလုံးသားထဲတွင် ပြောင်းလဲမှု တစ်ခု ဖြစ်ပြီး အလွန်ထူးဆန်းသည့် နယ်ပယ်ပင်။
စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်က မူလ စိတ်ဝိညာဉ် ဖြစ်ပေါ်ရန် နယ်ပယ်နှင့် နတ်ဘုရား အာရုံလို၏။ ထို့နောက် သည်နှစ်ခုက ပေါင်းစပ်၍ မူလ စိတ်ဝိညာဉ် ဟုခေါ်သည့် စိတ်ဝိညာဉ် အသစ်ကို ရရှိလေသည်။
ဒီအတွက်ကြောင့်လည်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံ သူများက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို အသုံးပြုလာနိုင်ခြင်းပင်။
တစ်နည်းအားဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက နယ်ပယ်ပင်။ တစ်စုံတစ်ယောက် ၏ ကောင်းကင်နှင့် မြေကြီးကို နားလည်မှုမှ ဖြစ်ပေါ်လာသည့် နယ်ပယ်ပေါ် မူတည်၍ မတူညီသော စွမ်းအားများကို ထုတ်ဖော်နိုင်စွမ်း ရှိကြသည်။
ဒီအခိုက်တွင် ဝမ်လင်းက အရာအားလုံးကို နားလည်လိုက်သည်။ သူက သူ့ရှေ့ရှိ မြင်ကွင်းကို အချိန် အတော်ကြာ ကြည့်နေ၍ သူ့မူလ စိတ်ဝိညာဉ်က တဖြည်းဖြည်း သူ့ထံသို့ ပြန်နစ်မြုပ်လို့ လာသည်။
သူ့မူလ စိတ်ဝိညာဉ်က လိုဏ်ဂူထဲသို့ ပြန်လာပြီးနောက် သူ့နဖူးထဲသို့ ဝင်သွားလေသည်။ တဖြည်းဖြည်းဖြင့် ၎င်းက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လို့ သွားသည်။
ဒီအခိုက်တွင် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက ပျောက်ကွယ် သွားပြီး မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်လို့ သွားသည်။
အချိန်တစ်ခု ကြာပြီးနောက် ဝမ်လင်းက ဖြည်းညင်းစွာ မျက်လုံး ဖွင့်လာသည်။ သူ့မျက်လုံး ထဲတွင်လည်း အော်ရာ အငွေ့အသက်များ ရှိလို့နေသည်။
ဝမ်လင်းက အသက်ဝဝ ရှူ၍ သူ့လက်ကို မြှောက်လိုက်သည်။ သည့်နောက် လေဟာနယ် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။ ဒီအက်ကွဲ ကြောင်းထဲမှ လေအေးများ ထွက်လာ ခဲ့တော့သည်။
ဒီလေအေးက အက်ကွဲကြောင်းထဲမှ အသက်ဓာတ်ကိုပင် ပျောက်ကယ်နိုင်စွမ်း ရှိလေသည်။ စဦးစိတ်ဝိညာဉ် အဆင့်များက ဒီလေအေးကို ခုခံရုံသာ ခုခံနိုင်လိမ့်မည်။ သို့သော် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူများကတော့ ဒီလေအေးကို လုံးဝခုခံရန် စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက အစတုန်းက ဒီလိုလေအေးကို ခုခံနိုင်စွမ်း ရှိသည်။ သို့သော် သူက အလွန် မသက်မသာ ခံစားရမည် ဖြစ်သည်။ သို့ရာတွင် ခုချိန်တွင်တော့ သူက ထိုသို့ မခံစားရတော့ပေ။
ထို့အတွက်ကြောင့်လည်း သူက စဦးစိတ်ဝိညာဉ် အဆင့်တုန်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ၏ ဒီလို အက်ကွဲကြောင်းနှင့် တိုက်ခိုက်လာလျှင် ထွက်ပြေးရန်သာ တက်နိုင်ခဲ့၏။
ဒီလေအေးက ဝမ်လင်း အပေါ်သို့ ခုချိန်တွင် မည်သည့် သက်ရောက်မှုမှ မရှိတော့ချေ။
သူက အနည်းငယ် ပြုံး၍ အက်ကွဲကြောင်းထဲသို့ ဖြည်းညင်းစွာ ဝင်ရောက် လိုက်သည်။ သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ ၎င်းအက်ကွဲကြောင်း ပေါ်တွင် အလင်းစက်များ ဖြစ်ပေါ်သွား၏။
ဒီအလင်းစက်များကို ကြည့်၍ ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းက ၎င်းအလင်းစက်များ ပေါ်သို့ ဖိချေ လိုက်သည်။
သူက မတ်တတ် ထရပ်လိုက်ပြီး လမ်းလျောက်လိုက်ရာ လိုဏ်ဂူကို ပိတ်လှောင်ထားသော ကျောက်တုံးများက ကျယ်လောင်စွာ မြည်ဟည်း၍ ပွင့်သွားတော့သည်။
သူက လိုဏ်ဂူထဲမှ ထွက်လာစဉ်မှာ ရွှမ်တောက်ကလန်မှ ကျင့်ကြံသူများက မြေပေါ်တွင် ဒူးထောက် နေသည်ကို တွေ့ရသည်။ ထိုအထဲတွင် ရွှမ်တောက် ကလန်မှ ကျင့်ကြံသူ အချို့ပင် ရှိနေကြသည်။
ဝမ်လင်းက လူတိုင်းကို ဝေ့ကြည့် လိုက်သည်။ သူက သူသိသောလူအများကို တွေ့လိုက်ရ၏။ သူ့အကြည့်က သက်လတ်ပိုင်း လူကြီးပေါ်သို့ ရောက်သွားလေ၏။
ဝမ်လင်းက ဒီလူကို မြင်လိုက်သည်နှင့် ပြုံးလိုက်သည်။ သူက ဒီလူကိုကြည့်ရင်း သူ့အပြုံးက ပို၍ အသက် ဝင်လာခဲ့တော့သည်။
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “နှစ်လေးဆယ်ထဲနဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့်…၊ ကောင်းတယ်…”
ဒီဆံပင် အဖြူရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း စိတ်ရှုပ်ထွေးဟန် ဖြစ်လာသည်။ သူက ဝမ်လင်းကို သိသလို ခံစားနေရသည်။ သို့သော် သူက ဘယ်လောက် ကြိုးစားကြိုးစား မမှတ်မိနိုင် ဖြစ်နေ၏။
ဝမ်လင်းက သူ့ကို ကြည့်နေသည့် အခါ သူက တစ်ခုခု ခံစားမိလိုက်သည်။ သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်လာခဲ့သည်။ ဒီလူက သူနှင့်ကလန်တူတူ ဖြစ်ခဲ့သည့် လူလို့ ခံစားနေရသည်။
သို့သော် သူက ဒီအတွေးက အရမ်း ရူးသွပ်သည်ဟု တွေးမိကာ ခေါင်းရမ်း လိုက်သည်။ သူက အသက်ဝဝ ရှူ၍ ချက်ချင်း ခေါင်းပြန် ငုံ့လိုက်သည်။
သည်အချိန်တွင် အသက်ကြီးကြီး စဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်က ဒူးထောက် နေရာမှ ရှေ့သို့ တိုး၍ တုန်ရီရီ အသံဖြင့် ပြောလိုက်သည်။ “စီနီယာက ကျောက်နိုင်ငံ တစ်ခုလား…”
ဒီစကားလုံးများ ထွက်လာပြီးနောက် ကျင့်ကြံသူများ အားလုံးက အသက်ရှူ တန့်သွားသလိုပင်။ သူတို့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး ဝမ်လင်းကို စူးစိုက် ကြည့်လိုက်သည်။ သက်လတ်ပိုင်း လူကြီးက ခေါင်းမော့၍ ဝမ်လင်းကို ထပ်မံ ကြည့်လိုက်သည်။
ဝမ်လင်း လက်ရှိအသွင်က အတိတ်တုန်း ကဟန်နှင့် ခြားနားခြင်း မရှိပေ။ သို့သော် သူ့အော်ရာကတော့ လုံးဝခြားနားလို့ နေသည်။ ထို့ကြောင့် အခြားလူများက သူ့ကို မည်သူမှန်း မသိဖြစ်နေရ၏။ သို့သော် သူတို့က ဝမ်လင်း မည်သူမှန်း သိမည် ဆိုရင်တောင် ကျယ်ကျယ် မပြောဝံ့ကြပေ။
အဆင့်သုံးနိုင်ငံက အဆင့်လေး နိုင်ငံဖြစ်လာရန် အတွက်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုနိုင်ငံတွင် ပေါ်ပေါက် လာရန် လိုလေသည်။ အဆင့်လေး နိုင်ငံအဖြစ် တိုးမြှင့်ရန် အတွက် ဟင်္သာပြဒါး နိုင်ငံသို့ တင်ပြရန် အဆင့်သုံးနိုင်ငံရှိ ကျင့်ကြံသူက ထိုအဆင့်သုံး နိုင်ငံတွင် နှစ်တစ်ရာကျော် နေထိုင်ခဲ့ရမည် ဖြစ်သည်။
သိသာစွာပင် ဝမ်လင်းက ဒီအခြေအနေနှင့် မကိုက်ညီပေ။ လူအိုကြီး၏ အမေးစကားကို ကြားပြီးနောက် ဝမ်လင်းက အချိန်အတော်ကြာ စဉ်းစား၍ ပြောလိုက်သည်။ “ငါက ကျောက်နိုင်ငံကပဲ။ ဒါပေမဲ့ ငါက ဒီနိုင်ငံမှာ နှစ်တစ်ရာ မနေနိုင်ဘူး။ စိတ်မကောင်းပါဘူး…”
လူအိုကြီး၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး စိတ်ပျက် သွားဟန်ရသည်။ အနီးအနားရှိ အခြားကျင့်ကြံ သူများကလည်း အလားတူပင် ဖြစ်သည်။
မျှော်လင့်ချက် မြင့်လေလေ မဖြစ်လာခဲ့လျှင် စိတ်ပျက်မှုကလည်း ပိုများလေ မဟုတ်လော။
ဝမ်လင်းက သက်ပြင်း ချလိုက်သည်။ သူက လေထဲသို့ ညာလက်ဖြင့် ဖမ်းဆုပ်လိုက်ရာ အလင်းလုံး ဆယ်လုံး ပေါ်လာခဲ့၏။ သူက ထိုအလင်းလုံး ဆယ်လုံးကို ကျင့်ကြံသူ ဆယ်ယောက် ပေါ်သို့ ပစ်ချလိုက်၏။
ဒီကျင့်ကြံသူ ဆယ်ယောက်၏ ခန္ဓာကိုယ်များက တုန်ခါသွားပြီး နာကျင်သွားဟန် ရသည်။ သို့သော် သူတို့၏ နာကျင်မှုက သိပ်မကြာလှချေ။ သည့်နောက် သူတို့က ပျော်ရွှင်လို့ သွားကြသည်။
အဖြူရောင်ဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးကလည်း ထိုဆယ်ယောက်ထဲတွင် ပါဝင်လေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ ကျောက်နိုင်ငံမှာတော့ မနေနိုင်ဘူး။ ဒါပေမဲ့ စိတ်ဝိညာဉ် မျိုးစေ့ ဆယ်စေ့ ငါဒီမှာ ထားခဲ့တယ်။ ဒီမျိုးစေ့တွေက ဒီဆယ်ယောက်ရဲ့ ကျင့်ကြံမှုကို ပိုမိုလွယ်ကူစေမှာ မဟုတ်ပေမဲ့ သူတို့ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရင် ငါ အလိုအလျောက် သိပြီး သူတို့ကို လာသင်ကြားပေးမယ်…” သူက ထိုသို့ပြောပြီးနောက် အဖြူရောင် ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီးကို ကြည့်၍ ပြုံးပြလိုက်သည်။
သူက သည်လူကြီးကို ပေးခဲ့သော စိတ်ဝိညာဉ် မျိုးစေ့က အခြားကိုးယောက်နှင့် မတူပေ။ သူ့ကို ပေးလိုက်သော စိတ်ဝိညာဉ်မျိုးစေ့က သူ့အသက်ကို သုံးကြိမ်တိုင်တိုင် ကယ်တင် ပေးပေးလိမ့်မည်။
ဒီစိတ်ဝိညာဉ် မျိုးစေ့များက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို အသုံးပြု၍ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်က ဖန်တီးပေးထားသော အရာများဖြစ်၍ တန်ဖိုးမှာ နှိုင်းစ မရအောင် ရှိလေသည်။ သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို စူးစိုက်ကြည့်၍ သူ့စိတ်ထဲရှိ ရင်းနှီးမှုက ပို၍ အားကောင်း လာခဲ့သည်။ သို့သော် သူက ဒီအကြောင်းကို တွေးမိသည်နှင့် ခေါင်းထဲတွင် နာကျင်သွား၏။ ဒီနာကျင်မှုက သူကိုင်တွယ်နိုင်သည့် အရာထက် ပိုလေသည်။ သူက သူ့စိတ်မှာ ပေါက်ကွဲ သွားသလိုပင် ခံစားရပြီး စိတ်ဝိညာဉ် မျိုးစေ့ထဲမှ နူးညံသော စွမ်းအင်တစ်ခု ထွက်လာမှ ဒီနာကျင်မှုက ပျောက်ရှ သွား၏။
သူ့ခေါင်းထဲတွင် ညင်သာသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ဒီဟာကို ဆက်မတွေးတော့နဲ့။ သင် စဦး စိတ်ဝိညာဉ်အဆင့် ရောက်မှ အတိတ်က အရာအားလုံးကို ပြန်မှတ်မိ လာလိမ့်မယ်။ အခုသင် ဒါကို တွေးလို့ သိသွားမယ်ဆိုရင် သင့်အတွက် နာကျင်မှုသာ ဖြစ်လာလိမ့်မယ်…”
ဒီသက်လတ်ပိုင်းလူက တုန်လှုပ်လို့ နေသည်။ သူက ခေါင်းမော့၍ ကြည့်လိုက်ရာ ဝမ်လင်း၏ အပြုံးက သူနှင့်အလွန် ရင်းနှီးခဲ့ဖူးကြောင်းကို သတိပြုမိသည်။
ဝမ်လင်းက အသက်ဝဝ ရှူ၍ သူ့ရှေ့မြင်ကွင်း နေရာကို ကြည့်လိုက်သည်။ သူက အထူးကိစ္စ တစ်ခုခုသာ မရှိခဲ့လျှင် တစ်စုံတစ်ယောက်က စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်သို့ မရောက်သေးခင် စပ်ကြားထိ ကျောက်နိုင်ငံသို့ ပြန်လာဖြစ်မည် မဟုတ်ပေ။ ေ
သူ့ခန္ဓာကိုယ်က လေထဲသို့ တဖြည်းဖြည်း မြောက်တက်သွားပြီး ကောင်းကင်ထက်တွင် ပျောက်ကွယ်လို့ သွား၏။ မြေပေါ်ရှိ ကျင့်ကြံသူများ အားလုံးက ခေါင်းမော့လိုက်ကြရာ ဆုံးဖြတ်ချက် ပြတ်သားသည့် သဏ္ဌာန်များ ဖြစ်ပေါ်လို့နေသည်။ အထူးသဖြင့် သက်လတ်ပိုင်း လူကြီး ဖြစ်၏။
“ငါ စဦး စိတ်ဝိညာဉ် အဆင့်ကို ရောက်ရမယ်…ငါရောက်ကို ရောက်ရမယ်…”
ထိုအခိုက်တွင် ကောင်းကင်ထက်မှ သစ်သားပန်းပုရုပ် တစ်ရုပ် ပြုတ်ကျလာခဲ့သည်။ ဒီသစ်သား ပန်းပုရုပ်က တောင်ထိပ်ပေါ်သို့ ကျရောက်သွားပြီး ပေါင်းစပ် သွား၏။ ရုတ်တရက် ဒီတောင်ထိပ်က စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက် နေသည်လို့ ခံစားရသည်။
ဒီနောက် အကွာအဝေး တစ်ခုမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “ဒီသစ်သားပန်းပုရုပ်က ကျောက်နိုင်ငံကို အခြားအဆင့် သုံးနိုင်ငံတွေရဲ့ ကျူးကျော်ခြင်းကနေ သုံးကြိမ်ကယ်တင် ပေးလိမ့်မယ်။ ဂရုစိုက်ပါ…”
ဝမ်လင်းက သူ့စိတ်ထဲတွင် မဟာမိတ်ကလန် လေးခုနိုင်ငံ၏ အဖြစ်အပျက် ရှိနေသဖြင့် ကျောက်နိုင်ငံ အတွက် ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းပင်။
သည်ပန်းပုရုပ်က နှစ်ပေါင်းများစွာ အကြာထိ ကျူးကျော်သူများ၏ ရန်မှ ကျောက်နိုင်ငံကို ကာကွယ် ပေးပေလိမ့်မည်။ ကျူးကျော်သူများက ကျောက်နိုင်ငံသို့ ရောက်လာသည်နှင့် ကျောက်နိုင်ငံရှိ ကျင့်ကြံသူများက ဒီသစ်သား ပန်းပုရုပ်ရှေ့တွင် ဒူးထောက်လျှင် ဒီတောင်က တောက်ပလာမည် ဖြစ်ပြီး ကျူးကျော်သူများက ရယ်သွမ်းသွေး၍ လှောင်ပြ ကြပေလိမ့်မည်။ ဒီနောက် သူတို့အားလုံး သေဆုံး သွားရမည် ဖြစ်လေ၏။
***