Switch Mode

အပိုင်း(၃၃၂)

စတင်ပြောင်းလဲခြင်း

စဦးစိတ်ဝိညာဉ်က တဖြည်းဖြည်း အထက်သို့ ပျံတက်သွားပြီး ဝမ်လင်း ခန္ဓာကိုယ်ထဲမှ ထွက်ခွာ သွားလေ၏။ စဦး စိတ်ဝိညာဉ်က သူ့လက်မောင်းကို ဆန့်တန်း လိုက်သည်။

ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအင်များသည် ထွက်ပေါက် တစ်ခုလို ဖြစ်တည် လာ၏။ ၎င်းစွမ်းအင်များက ဝမ်လင်းကို ဝန်းရံ စုဝေးလာပြီး ရွှမ်တောက် ကလန်၏ တောင်နောက်ဘက်၌ ဧရာမ ဝဲကတော့ကြီးကို ဖြစ်ပေါ်စေ၏။

ဒီဝဲကတော့ကြီးကို အနီးနားရှိ လူတိုင်းက တွေ့မြင်နေရ၏။ ဒီနောက် ကောင်းကင်တွင် ဝဲကတော့ အကြီးကြီး ဖြစ်သွားပြီး ထိုဝဲကတော့ထဲတွင် ကြယ်များ တောက်ပနေသည်ကို တွေ့မြင်နိုင်၏။

ဝမ်လင်းက သူ့စဦး စိတ်ဝိညာဉ်မှာ ခေါင်းပေါ်တွင် မြင့်တက် နေသည်ကို သတိပြုမိ၏။ ၎င်းစဦး စိတ်ဝိညာဉ်က လိုဏ်ဂူကို ဖြတ်၍ ဝဲကတော့ကြီးကို စူးစိုက် ကြည့်သည်။

သူ့စိတ်နှလုံးက တုန်ခါရသည်။ သူက ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းကို သတိရမိ၏။

ကျင့်ကြံသူ တစ်ယောက်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သည့်အခါ သူတို့ စဦး စိတ်ဝိညာဉ်က ပြောင်းလဲမှုများ အစဉ်လိုက် ဖြစ်ပေါ်သည်။ ဒီပြောင်းလဲမှု ဖြစ်စဉ် အတွက် စိတ်ဝိညာဉ် စွမ်းအင် အမြောက်အများ လိုအပ်၏။ ဒီဖြစ်စဉ် အတွင်း၌ တစ်စုံ တစ်ယောက်က သူ့နယ်ပယ်ကို အသုံးပြု၍ ကောင်းကင် လမ်းကြောင်းကို ဖွင့်ကာ သူတို့ကိုယ်သူတို့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် မရေမတွက် နိုင်သော စိတ်ဝိညာဉ် စွမ်းအင်များ၏ အကူအညီကို ရယူသည်။

ဒီပြောင်းလဲမှုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းသည့် လူတိုင်း ကြုံတွေ့ရမည် ဖြစ်သည်။

ဒီဝဲကတော့ကြီး ပေါ်ထွက်လာမှုက ကျောက်နိုင်ငံရှိ ရှေးမှတ်တမ်းများကို ဖတ်ဖူးသော ကျင့်ကြံသူများ၏ ထင်မြင်ချက်ကို မှန်ကန်စေသည်။ တစ်ယောက်ယောက်က ကျောက်နိုင်ငံတွင် အမှန်တကယ် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းနေသည့် အနေအထားပင် ဖြစ်ချေသည်။

ဝမ်လင်း၏ စဦးစိတ်ဝိညာဉ်က သက်တံရောင်စုံများ စတင်ထုတ်လွှတ်လို့ လာသည်။ ဒီအလင်းများက ပို၍ပို၍ တောက်ပလာပြီး အနောက်ဘက် တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ သိပ်မကြာခင်မှာ ရွှမ်တောက်ကလန် တစ်ခုလုံးက သက်တံရောင် အလင်းများ၏ ဖုံးလွှမ်းခြင်းကို ခံရလေသည်။

ထိုအခိုက်တွင် အနီးအနားရှိ ကျင့်ကြံသူများက ပို၍ စိတ်လှုပ်ရှား လာခဲ့ပြီး သူတို့ မျက်လုံးထဲတွင် ရူးသွပ်မှုများ ပြည့်နေခဲ့၏။

သူတို့အတွက် တစ်ယောက်ယောက်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းသည်ကို မျက်မြင် တွေ့ရခြင်းက အလွန် ကံကောင်းမှု တစ်ခုပင်။ ၎င်းက သူတို့၏ ကျင့်ကြံမှုအတွက် များစွာ အကျိုးရှိစေပေသည်။

သို့ရာတွင် ဒီအတွက်ကြောင့်မို့ ဝမ်လင်းက ကျောက်နိုင်ငံတွင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ရောက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ သူက ထူးဆန်းသော လှုံ့ဆော်မှုကြောင့်သာ ဒီနေရာတွင် လာ၍ အဆင့်တက်ခြင်းပင်။

အနီးအနားရှိ စဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများက အကျိုးကျေးဇူးများစွာ ရကြသည်။ သူတို့၏ စဦး စိတ်ဝိညာဉ်များက ခန္ဓာကိုယ်မှ ထွက်ခွာလာကြပြီး စတင့် လေ့ကျင့်ကြသည်။

ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင် အမြောက်အများကို ပို၍ စုပ်ယူလေလေ သက်တံရောင်စုံ ကလည်း ပို၍ တောက်ပလာလေလေ ဖြစ်၏။ သူ့စဦး စိတ်ဝိညာဉ်ကလည်း သူ့ခေါင်းအထက်တွင် ပိုမြင့်မြင့် လွင့်မြောလာ၏။

ဒီအချိန်တွင် ဝမ်လင်းက သူ့သေခြင်း ရှင်ခြင်းနယ်ပယ်ကို ဥသုံပေါင်းစပ်၍ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို တွေ့ကြုံစေ၏။

ဝမ်လင်း စဦးစိတ်ဝိညာဉ်ထဲသို့ ပို၍ပို၍ များပြားသော စိတ်ဝိညာဉ် စွမ်းအင်များ ဝင်ရောက် လာလေလေ သူ့စဦး စိတ်ဝိညာဉ်ကလည်း မြင့်သထက်မြင့်လာလေ ဖြစ်၏။ သူ့စဦး စိတ်ဝိညာဉ်က တဖြည်းဖြည်းဖြင့် အနောက်ဘက်တောင်မှ ပျံထွက်လို့ လာသည်။

ဒီအခိုက်တွင် အနီးအနားရှိ စဦး စိတ်ဝိညာဉ် ကျင့်ကြံသူများက မမေ့နိုင်သော မြင်ကွင်း တစ်ခုကို တွေ့လိုက်ရ၏။ သူတို့က သက်တံရောင်စုံများ ထုတ်လွှတ်၍ လေထဲတွင် ဖြည်းညင်းစွာ မြင့်တက်၍ ခြေချိတ် ထိုင်နေသော လူသေးသေးလေးကို တွေ့မြင် လိုက်ရပေသည်။

ဝမ်လင်း၏ စဦးစိတ်ဝိညာဉ် ပေါ်လာသည့် အခိုက်တွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက သူ့စဦး စိတ်ဝိညာဉ်ထံသို့ အကြမ်းပတမ်း တိုးဝင်လာတော့သည်။ စဦးစိတ်ဝိညာဉ်က မတူကွဲပြားသော ချိတ်ပိတ် လက်ဟန်များကို ဖန်တီးလို့ နေသည်။ ဒီဖြစ်စဉ်က အချိန်အတန် ကြာလို့နေ၏။

ဝမ်လင်းစဦး စိတ်ဝိညာဉ်က ထိုသို့ ချိတ်ပိတ်ဟန်များ ပြုလုပ်လိုက်သည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များက ပို၍ တိုးဝင်သွန်းလောင်းလာသည်။

သိပ်မကြာခင်မှာ ဝမ်လင်း၏ စဦးစိတ်ဝိညာဉ်က ကြည်လင် ပြတ်သားလာပြီး အချိန်မရွေး ပျောက်ကွယ် သွားတော့မည့်ဟန် ဖြစ်နေ၏။

ထိုအချိန်တွင် ကောင်းကင်ထက်ရှိ ဝဲကတော့ကြီးထံမှ စိတ်ဝိညာဉ် စွမ်းအင်များ ပြန့်ကျဲ သွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။

နောက်ဆုံး စိတ်ဝိညာဉ် စွမ်းအင်များက နဂါးတစ်ကောင် အလား ဝမ်လင်း၏ စဦး စိတ်ဝိညာဉ်ထဲသို့ တိုးဝင်လာခဲ့သည်။ ဒီအခိုက်တွင် စဦး စိတ်ဝိညာဉ်ထံမှ ထူးဆန်းသော စွမ်းအင် အမျှင်တန်းများ ထွက်ပေါ် လာတော့သည်။

စဦး စိတ်ဝိညာဉ်များက ကြည်လင်ပြတ်သား ပါးလွှာနေရာမှ ပြန်၍ အစိုင်အခဲ တစ်ခုလို ဖြစ်လာပြန်သည်။ တဖြည်းဖြည်းဖြင့် ၎င်းက ပုံမှန် လူတစ်ယောက် အသွင် ပြောင်းလာ၏။

ဒီအချိန်တွင် ဝမ်လင်း၏ စဦးစိတ်ဝိညာဉ်က မျက်လုံး ဖွင့်လို့ လာ၏။ စဦးစိတ်ဝိညာဉ်၏ မျက်လုံးများက သာမန်အတိုင်း ရှိနေသော်လည်း ကျင်ကြံသူများကို ဖိနှပ်ထားသည့် အံ့ဖွယ် တည်ရှိမှု တစ်ခု ဖြစ်ချေတော့သည်။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိရန် အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုမှာ စဦး စိတ်ဝိညာဉ်က မူလစိတ်ဝိညာဉ် ဖြစ်လာရန် ဖြစ်၏။ မူလ စိတ်ဝိညာဉ် ဖြစ်သွားပြီးနောက် ခန္ဓာကိုယ်က ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကဲ့သို့ ထာဝရ တည်ရှိလေသည်။

ဒီအချိန်တွင် ဝမ်လင်း၏ စဦးစိတ်ဝိညာဉ်က မူလ စိတ်ဝိညာဉ်သို့ ပြောင်းလဲသွားတော့၏။

ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထုတ်ယူ သုံးစွဲရာ၌ စဦးစိတ်ဝိညာဉ်က ကလေးဟုဆိုလျှင် မူလစိတ်ဝိညာဉ်က အရွယ်ရောက်ပြီးသူဟု ဆိုရပေမည်။ ဒီအတွက် ကြောင့်လည်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင်ကြံသူများက ကြောက်မက်ဖွယ် ကောင်းနေခြင်း ဖြစ်၏။

စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က သူတို့ နယ်ပယ်၏ စွမ်းအားကို အသုံးပြုနိုင်ခြင်းမှာ သူတို့၏ မူလ စိတ်ဝိညာဉ်ကြောင့်ပင်။

ထို့အတွက်ကြောင့်လည်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံ သူများက စဦး စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများထက် သာလွန်နေခြင်းပင်။

သေမျိုးများက ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်များကို ရှုသွင်းခြင်းက သူတို့ ခန္ဓာကိုယ်များကို ပြောင်းလဲစေသည်။ တဖြည်းဖြည်းဖြင့် စိတ်ဝိညာဉ် စွမ်းအင်များကို ပိုမို စုစည်းမိလာပြီး အခြေအနေ တစ်ခုသို့ ရောက်လာပြီးနောက် ခန္ဓာကိုယ်က အရည်အသွေး တစ်ခုရှိသည့် အထိ ပြောင်းလဲ သွားပေလိမ့်မည်။

ဒီပြောင်းလဲမှုကို အခြေခံ တည်ဆောက်ခြင်း ဟုခေါ်သည်။

ကျင့်ကြံခြင်းတွင် တစ်စုံတစ်ယောက်က အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် အပြင် အကူအညီဖြင့် ပြုလုပ်၍ မရပေ။ သူ့ဟာသူ ကြိုးစားသထက် ကြိုးစားရင်းသာ ကျင့်ကြံခြင်း လမ်းကြောင်းကို လျှောက်လှမ်းရ၏။

သို့ရာတွင် အခြေခံ တည်ဆောက်ခြင်း အဆင့်က ခက်ခဲသော်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်သော အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ဖန်တီးနိုင်ခဲ့ကြ၏။ ဒီကြောင့် လူအနည်းစု ကသာ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးမပါဘဲ ရောက်နိုင်ခဲ့ကြသည်။

ဒီအရာက ကောင်းကင်နှင့် မြေကြီး သဘာဝတရားက ခွင့်ပြုထားသည့် စံများ မဟုတ်သော်လည်း ကျင့်ကြံခြင်း အဖွဲ့အစည်းက ကောင်းကင်နှင့် မြေကြီးမှာ သေဆုံးသွားပြီဟု ပြောကြသည်။ သို့သော် အချိန်များစွာ ကြာမြင့် ပြီးနောက်မှာတော့ ဒီအကြောင်းကို လူအများက မေ့လျော့ သွားကြသည်။

တစ်စုံတစ်ယောက်က အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက စိတ်ဝိညာဉ် စွမ်းအင်များကို ကျင့်ကြံရာ၌ ပို၍ နေသား ကျလာခဲ့သည်။ သို့ရာတွင် အဆင့်တစ်ခုသို့ ရောက်သည်နှင့် နောက်ထပ် အတားအဆီး တစ်ခုကို ကြုံရပေလိမ့်မည်။

အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်လာပြီးနောက် အမြုတေ ဖွဲ့တည်ခြင်း အဆင့်၏ ပန်းတိုင်သည် ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ဖိသိပ်ပြီး အထည် ဒြပ်ရှိသည့်အရာ ဖြစ်လာရန် ဖြစ်သည်။

ဒီဖြစ်စဉ်က ကျင့်ကြံသူများက အလွန် ခက်ခဲလှသည်။ သို့သော် မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ပါရမီရှိသူများ အဖို့ကတော့ အလွန် လွယ်ကူလှသည်ဟုပင် ပြော၍ ရပေသည်။

အမြုတေက ခန္ဓာကိုယ်၏ ဝန်ပိုများကို ရှင်းလင်းပေး၍ စိတ်ဝိညာဉ် စွမ်းအင်များကို ပိုမို စုပ်ယူစေသည်။ စိတ်ဝိညာဉ် စွမ်းအင်များ ပိုမို စုဝေးလာသည်နှင့် အချို့က အမြုတေထဲသို့ စီးဆင်းသွားပြီး အမြုတေကို ပို၍ သိပ်သည်းလို့ လာသည်။ အမြုတေထဲရှိ စိတ်ဝိညာဉ် စွမ်းအင်ပမာဏက တိုင်းတာ၍ မရအောင် ဖြစ်လာခဲ့ကြသည်။

ကျင့်ကြံသူ တစ်ယောက်က အမြုတေ ဖွဲ့တည်ပြီးနောက် ဆက်၍ ကျင့်ကြံလျှင် နောက်ထပ် အတားအဆီး တစ်ခုကို တွေ့ကြုံရမည် ဖြစ်သည်။ ဒီအခြေအနေကို အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်ဟု ခေါ်၏။

ဒီအခြေအနေတွင် ရိုးရှင်းသော စိတ်ဝိညာဉ် စွမ်းအင်များက မလုံလောက်တော့ပေ။

ဒီအခြေအနေက နောက်ထပ် အရည်အသွေးတစ်ခုသို့ အပြောင်းအလဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ကောင်းကင်ကို ဆန့်ကျင်သော ကျင့်ကြံသူ တစ်ယောက် အစစ်အမှန် ဖြစ်လာရန် ပထမဆုံး ခြေတစ်လှမ်းလည်း မည်၏။

နောက်တစ်ဆင့်တွင် အမြုတေက ကွဲကြေပြီးနောက် စဦး စိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်းပင်။

စဦး စိတ်ဝိညာဉ်က ကျင့်ကြံခြင်း လမ်းကြောင်း၏ အစဟူ၍ ပြော၍ ရပေသည်။ အမြုတေ ကွဲကြေပြီး စဦး စိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်းက အံ့ဖွယ် ပြောင်းလဲမှုပင်။ ဒီအရာက သေမျိုးကမ္ဘာတွင် ကလေး မွေးဖွားသလို ဖြစ်၏။ အမြုတေ အဆင့်ကတော့ ကိုယ်ဝန်ဆောင် အဆင့်ဟု ပြော၍ရသည်။

ဒီအကြောင်းအရာများက စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်လာသည့် အကြောင်း ဖြစ်ချေသည်။

အမြုတေ ကွဲကြေပြီးနောက် စဦး စိတ်ဝိညာဉ် မွေးဖွားမှုက ပြန်လည် မွေးဖွားခြင်း၏ သင်္ကေတ ဖြစ်ချေသည်။

အကြောင်းမှာ စဦး စိတ်ဝိညာဉ်ကို ရရှိပြီးနောက် တစ်စုံတစ်ယောက်သည် သေခြင်းမှ လွတ်ကင်း၍ ကောင်းကင်ဘုံကို တိုက်ခိုက်ရ၏။ တစ်နည်းအားဖြင့် ကောင်းကင်ကို ဆန့်ကျင်သော လမ်းကို လျှောက်လှမ်းခြင်း မည်၏။

စဦးစိတ်ဝိညာဉ်၏ အဆင့်တစ်ခုကို ရောက်ပြီးနောက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ကူးပြောင်းရန် ဖြစ်သည်။ စိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်က လိုအပ်ချက် များစွာ မရှိပေမဲ့ ကောင်းကင်နှင့် မြေကြီးကို နားလည်ရန်တော့ လိုလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset