Switch Mode

အပိုင်း(၃၃၁)

ပြောင်းလဲမှု

မူရင်းခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်သွားခဲ့၏။ အမှန်တော့ မူရင်းခန္ဓာကိုယ်က ကြယ်တစ်ပွင့် ရှေးဟောင်း နတ်ဘုရား ဖြစ်လာရန် လိုအပ်ချက်များနှင့် ထိတွေ့မိပြီး ဖြစ်သည်။ ထို့ကြောင့် သူက ရှေးဟောင်း နတ်ဘုရား၏ လမ်းကြောင်းကို လျှောက်လှမ်းနှင့်ပြီး ဖြစ်၏။ သို့သော် အစတုန်းက ဝမ်လင်း၏ မပြတ်မသားမှုကြောင့် ဒီလမ်းကြောင်းက အခက်အခဲများ ဖြစ်နေခဲ့ခြင်းပင်။

ဘုရားကျောင်းထဲတွင် ဉာဏ်အလင်း ရပြီးနောက် သူက သေခြင်းရှင်ခြင်း နယ်ပယ်၏ အံ့ဖွယ်နယ်ပယ်ကို နားလည်နိုင်စွမ်း ရှိလာခဲ့သည်။ ရလဒ်အနေဖြင့် ဝမ်လင်းက သူ့မူရင်း ခန္ဓာကိုယ်ကို ရှေးဟောင်း နတ်ဘုရာများ၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဆုံးဖြတ် ခဲ့တော့သည်။

ဝမ်လင်းက သူ့မူရင်း ခန္ဓာကိုယ်၏ လက်ရှိကျင့်ကြံမှုကို ကြည့်ရှုလို့ နေသည်။ သူက သိုလှောင်အိတ်ကို ဖွင့်၍ သေဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်နေသည့် သွေးစက်အချို့ကို ထုတ်ယူ လိုက်ပြီးနောက် မူရင်း ခန္ဓာကိုယ်၏ မျက်ခုံးကြားသို့ ထည့်သွင်းလိုက်သည်။ ဒီသွေးစက်များက မူရင်း ခန္ဓာကိုယ်ထဲသို့ တစ်စက်ပြီးတစ်စက် ဝင်ရောက် သွားတော့သည်။

မူရင်း ခန္ဓာကိုယ်၏ ဆံပင်ဖြူများက ချက်ချင်း အနီရောင်သို့ ပြောင်းသွားပြီး သူ့သတ်ဖြတ်ခြင်း ဆန္ဒကလည်း အထိတ်အထိပ်သို့ ရောက်လာခဲ့တော့သည်။

ထိုအခိုက်တွင် သူ့မူရင်းခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရား နယ်မြေမှ ထိုက်ဆန်နှင့်ပင် ဆင်တူလို့နေ၏။

အချိန်တစ်ခု ကြာပြီးနောက် မူရင်းခန္ဓာကိုယ်က စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူလို့ ပြီးသွား၍ မျက်လုံး ဖွင့်လာခဲ့သည်။ သူ့မျက်လုံးများက သူငယ်အိမ် ကင်းမဲ့လို့နေပြီး ထိုအစား အနီရောင် အလင်းနှစ်ခုသာ ရှိနေခဲ့သည်။ ဒီမျက်လုံး၊ ဒီအနီရောင် ဆံပင်များနှင့်ဆိုလျှင် ဝမ်လင်းက လူသား တစ်ယောက်နှင့်ပင် မတူဘဲ ရှေးဟောင်း နတ်ဆိုးတစ်ပါး အလား ထင်မှတ်ရသည်။

ဝမ်လင်း မူရင်းခန္ဓာကိုယ်က ပြုံးလိုက်သည်။ သို့ရာတွင် ဒီအပြုံးကို မြင်လိုက်သည့် လူတိုင်းက တုန်လှုပ်သွားမိပေလိမ့်မည်။

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ဆေးပုလင်း ရာချီကို ထုတ်ယူလိုက်သည်။ ဒီဆေးလုံး အများစုက လီမူဝမ်သူ့ကို ပေးခဲ့သော ဆေးလုံးများပင်။ ထိုဆေးလုံးများ ပေါ်လာသည့် အခိုက်တွင် မူရင်းခန္ဓာကိုယ်က ပါးစပ် ပွင့်လာပြီးနောက် ပုလင်းထဲရှိ ဆေးလုံးများက ၎င်း၏ ပါးစပ်ထဲသို့ ဝင်ရောက်၍ စိတ်ဝိညာဉ် စွမ်းအင်များ အဖြစ်သို့ ပြောင်းသွား၏။

ရှေးဟောင်း နတ်ဘုရား၏ နည်းစနစ်က အသက်ဝင်လာပြီး ထိုစိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူလေ၏။ မူရင်းခန္ဓာကိုက တဖြည်းဖြည်း ပိုမာလာခဲ့ပြီး သတ္တုရောင် တောက်ပလာခဲ့၏။

နောက်ဆုံးတွင် မူရင်းခန္ဓာကိုယ်ထံမှ ရွှေရောင် အမျှင်တန်းများက ထွက်ပေါ်လာပြီးနောက် သူ့အဝတ်အစားများပင် ပျောက်ကွယ် သွားရသည်။

တဖြည်းဖြည်းဖြင့် သူရွှေရောင် အမျှင်တန်းများက ပိုများလာခဲ့ပြီးနောက် တစ်ခုနှင့်တစ်ခု ရောယှက်လာခဲ့ပြီး ရွှေရောင် ပိုးအိမ်တစ်ခုလို ဖြစ်သွားသည်။

ဒီရွှေရောင် ပိုးအိမ်ထဲမှ ဖိအားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ဒီပိုးအိမ်ထဲမှ အားကောင်းသော နှလုံးခုန်သံ ထွက်ပေါ်လို့ နေသည်။ သို့ရာတွင် ဒီအသံကို သူ့ကိုယ်ပွားမှ လွဲ၍ မည်သူမျှ မကြားရနိုင်ပေ။

ကိုယ်ပွားက ပိုးအိမ်ထဲတွင် စောင့်ကြပ်ရန် ထိုင်နေသော မူရင်းခန္ဓာကိုယ်ကို စူးစိုက် ကြည့်လို့နေသည်။

ဆယ့်သုံးရက် ကြာပြီးနောက် ရွှေရောင်ပိုးအိမ်ထဲရှိ နှလုံးခုန်သံက ပို၍ ကျယ်လောင် လာခဲ့သည်။ နောက်ဆုံးတွင် ဒီအသံက အထွတ်အထိပ် အဆင့်သို့ ရောက်လာခဲ့ပြီး ရွှေပိုးအိမ်ကလည်း အက်ကွဲသံများ ပေါ်ထွက် လာခဲ့သည်။

အက်ကွဲကြောင်းများက ပို၍ ပို၍ များပြားလာခဲ့သည်။ နောက်ဆုံးတွင် ပိုးအိမ်က အက်ကွဲကြောင်းများ ပြည့်နေခဲ့ပြီး ဒီအက်ကြောင်း များထဲမှ ခရမ်းရောင် တောက်တောက် အလင်းမျာက စိမ့်ထွက်လို့ နေသည်။

ရွှေရောင် ပိုးအိမ်ထဲမှ အက်ကွဲသံမျာကို ပိုထွက် လာခဲ့ပြီးနောက် ပိုးအိမ်ကလည်း ကွဲအက်လို့ သွားသည်။ ထို့နောက် ကြေးနီရောင် လက်တစ်ဖက်က ရွှေရောင်ပိုးအိမ်ထဲမှ ထွက်လာခဲ့သည်။

ဒီနောက်မူရင်း ခန္ဓာကိုယ် တစ်ခုလုံက ပိုးအိမ်ထဲမှ လှမ်းထွက် လာခဲ့တော့သည်။ အနီရောင် ဆံပင်များက သူ့ကျောပေါ်တွင် ဝဲလို့နေပြီး နဖူးပေါ်ရှိ ခရမ်းကြယ် နှစ်လုံးကလည်း လှည့်ပတ်လို့ နေသည်။

သူ့မျက်လုံးများက အနီရောင် မဟုတ်တော့ဘဲ အနက်ရောင် များလာခဲ့သည်။ သို့သော် သေချာကြည့်လျှင် ဝမ်လင်းမူရင်း ကိုယ်၏ မျက်လုံးထဲတွင် သွေးပင်လယ်အလား ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်၏။

မူရင်းခန္ဓာကိုယ်က မူလမူရင်း ခန္ဓာကိုယ်၏ စိတ်ဝိညာဉ် စွမ်းအင်များနှင့် မရေမတွက် နိုင်သော ဆေးလုံးများမှ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူပြီးနောက် ရှေးဟောင်း နတ်ဘုရား၏ ဒုတိယပြောင်းလဲမှု အဆင့်သို့ ရောက်လာခဲ့တော့၏။

ခုချိန်တွင် နောက်တစ်ဆင့် ပြောင်းလဲသွားသည့် ရှေးဟောင်း နတ်ဘုရားအတွက် စိတ်ဝိညာဉ် စွမ်းအင် လိုအပ်ချက်များက အစကထက် သာ၍ မျာလာခဲ့ပေပြီ။

မူရင်းခန္ဓာကိုယ် ပေါ်ထွက် လာပြီးနောက် သူက ကိုယ်ပွားကို တိတ်ဆိတ်စွာ ကြည့်လို့နေသည်။ ကိုယ်ပွားက သိုလှောင်အိတ်ထဲမှ ဓားပျံ တစ်လက်ကို ထုတ်ယူ၍ ညွှန်လိုက်ရာ ဓားပျံက မူရင်း ခန္ဓာကိုယ်ထံသို့ ပျံသန်းသွားတော့၏။

မူရင်းခန္ဓာကိုယ်က ဓားပျံကို တားဆီးခြင်းမပြုဘဲ ထိမှန်ခံလိုက်၏။ ထိုအခါ အရာဝတ္ထုနှစ်ခု၏ ထိတိုက်သံကို ကြားလိုက်ရသည်။ ဒီဓားပျံနှင့် မူရင်း ခန္ဓာကိုယ်နှစ်ခု၏ ထိတိုက်သံက ဆက်၍ တွန်းတိုက်နေပြီး မီးပွားလေးများပင် ဖြစ်ပေါ်သွား၏။

မူရင်းခန္ဓာကိုယ်က ရှေ့သို့ တိုး၍ ဓားပျံကို ဖမ်းဆုပ်လိုက်ပြီးရာ ဓားပျံက အက်ကွဲသံနှင့် အတူ အပိုင်းပိုင်းအစစ ဖြစ်သွားလေ၏။

မူရင်းခန္ဓာကိုယ်နှင့် ကိုယ်ပွားက ကျေနပ်သည့်ဟန် ပြိုင်တူ ပြုံးလိုက်သည်။ အနည်းငယ် စဉ်းစား လိုက်ပြီးနောက် မူရင်းခန္ဓာကိုယ်က မြေကြီးထဲသို့ တိုးဝင်လိုက်ပြီး ပျောက်ကွယ်သွား၏။

ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များအရ ရှေးဟောင်း နတ်ဘုရား သန္ဓေသားသည် စမ်းသပ်မှု မခံဘူးဆိုလျှင် သူက ဘယ်တော့မှ စစ်မှန်သည့် ရှေးဟောင်းနတ်ဘုရားတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။ ဝမ်လင်းက ဒီလမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်ပြီး ဖြစ်၏။

မူရင်းခန္ဓာကိုယ်က မြေကြီးထဲသို့ ဆက်နစ်မြုပ်နေပြီး ကျင့်ကြံသူများ အတွက်ပင် ဖိအား တချို့ခံစားရသည့် နေရာတစ်ခုထိ ရောက်လာ ခဲ့တော့သည်။ သို့ရာတွင် ရှေးဟောင်း နတ်ဘုရား နည်းစနစ် အကူအညီဖြင့် မူရင်းခန္ဓာကိုယ်က မည်သည့်ဖိအားမှ မခံစားရဘဲ ဆက်၍ ဆင်းသက်သည်။

ဝမ်လင်းက မည်မျှ ဆင်းသက်လာသည်ကိုပင် သေချာမသိတော့ပေ။ သို့သော် သူ့မူရင်း ခန္ဓာကိုယ်က ဟင်္သာပြဒါး ဂြိုဟ်အလယ် ဗဟိုထိတော့ မရောက်သေးပေ။ သူက ခြောက်ပုံ တစ်ပုံလောက်သာ ရောက်ဦးမည်ဟု ခန့်မှန်းမိ၏။

သို့ရာတွင် ဒီအကွာအဝေးသည် သူ့မူရင်း ခန္ဓာကိုယ်၏ အကန့်အသတ် ဖြစ်လာခဲ့ပြီး သူသာ ဆက်၍ ဆင်းသက်ပါက သူ့ခန္ဓာကိုယ်မှာ ပျက်စီး သွားပေလိမ့်မည်။

တကယ်တော့ ရှေးဟောင်း အချိန်တွေတုန်းက အရွယ်ရောက်ပြီး ရှေးဟောင်း နတ်ဘုရားများသည် သန္ဓေသား ရှေးဟောင်းနတ်ဘုရားကို ကာကွယ်ရန် အတွက် သွေးတစ်စက် ချ၍ ဂြိုဟ်အလယ် ဗဟိုရှိ အားကောင်းလွန်းသည့် ဖိအားမှ သန္ဓေသားကို ကူညီ ကာကွယ် ပေးခဲ့သည်။

မူရင်းခန္ဓာကိုယ်က ထိုင်ချ၍ တိတ်ဆိတ်စွာ စတင်လေ့ကျင့်၏။

မူရင်းခန္ဓာကိုယ်က ဟင်္သာပြဒါး ဂြိုဟ်၏ အလယ်ဗဟို ထိသွားနိုင်လျှင် ရှေးဟောင်း နတ်ဘုရား၏ လမ်းကြောင်း တစ်ခုကို ပြီးပြည့်စုံခြင်း မည်၏။ သို့သော် အစစ်အမှန် နတ်ဘုရား ဖြစ်ရန် လမ်းကြောင်းကတော့ အလွန့်အလွန် ခက်ခဲသေးသည်။

ရှေးဟောင်း နတ်ဘုရားများက ရှုံးနိမ့်မှုသုံးခုနှင့် စစ်ဆေးမှု ခုနှစ်ခုကို ဖြတ်ကျော်ရ၏။ ဒီအကြိမ်တိုင်းက သေခြင်းရှင်ခြင်း စမ်းသပ်ချက်များပင်။ နှစ်ပေါင်းများစွာ မကုန်ဆုံးဘဲ ဒီအရာများကို ပြီးမြောက်အောင် လုပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အထီးကျန်မှုကို ကြုံရင်းဆုံရင်း နောက်ဆုံးတွင် ဒီအထီးကျန်မှုကို နှစ်သက် သွားတက်ကြသည်။

ရှေးဟောင်း နတ်ဘုရားများ ပျောက်ကွယ် သွားခြင်းက ဝမ်လင်း စိတ်ထဲတွင် ခဲဆွဲထားသလို လေးလံလို့ နေသည်။ ရှေးဟောင်း အချိန်တွေတုန်းက ရှေးဟောင်း နတ်ဘုရားထူစီ သေဆုံးပြီးနောက် မခန့်မှန်းနိုင်သော အရာများစွာ ဖြစ်ပွား ခဲ့လေသည်။ ကောင်းကင်ဘုံ နယ်မြေများလည်း ပျက်စီးသွားခဲ့သလို ရှေးဟောင်း အခြားနတ်ဘုရား များလည်း ပျောက်ကွယ် သွားခဲ့၏။ ဒီလို အဖြစ်အပျက်များကြောင့် အခုလက်ရှိ အချိန်တွင် ကျင့်ကြံမှု အဖွဲ့အစည်းကြီး ပေါ်လာခဲ့ရခြင်း ဖြစ်သည်။

ဒီအရာများက ဝမ်လင်းနှင့် အဝေးကြီးမှာ ရှိနေသေးသော်လည်း တစ်ယောက်ယောက်က ဝမ်လင်းသည် ရှေးဟောင်း နတ်ဘုရားများ၏ လမ်းကြောင်း အတိုင်း လျှောက်လှမ်း သူဆိုတာကို သိသွားကြမည် ဆိုလျှင် ဒီလို အရာများက အနှေးနှင့်အမြန် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဝမ်လင်းက သူ့မူရင်း ခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရားများ၏ လမ်းကြောင်းနောက်ကို လျှောက်လှမ်းသည့် အကြောင်း မည်သူ့ကိုမျှ သိခွင့်ပေးမည် မဟုတ်ပေ။

မူရင်းခန္ဓာကိုယ် ထွက်ခွာ သွားပြီးနောက် ဝမ်လင်းကိုယ်ပွားက ဂူထဲသို့ ကြည့်ရှု လိုက်သည်။ သူက ဂူနံရံကို ဖြတ်၍ ကောင်းကိုကိုပါ လှမ်းမြင်နေရသည်။

ဝမ်လင်းက သိမ့်မွေ့စွာ ပြောလိုက်သည်။ “စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း”

သူက လက်ဆန့်တန်း လိုက်ရာ သူ့သေခြင်းရှင်ခြင်း နယ်ပယ်က စတင်ပျံ့နှံ့လို့ လာ၏။ ၎င်းနယ်ပယ်က အနောက်ဘက် တောင်တစ်ခုလုံးကို ဖုံးအုပ် သွားပြီးနောက် ရွှမ်တောက်ကလန် တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားပြီး ထိုမျှနှင့် မရပ်တန့်ဘဲ ဆက်၍ ပျံ့နှံ့လို့သွား၏။

သေခြင်းရှင်ခြင်း နယ်ပယ်က ကျောက်နိုင်ငံ တစ်ခုလုံးကို ပျံ့နှံ့လို့လာသည်။

သူက မျက်လုံးမှိတ်၍ ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများနှင့် နယ်ပယ်၏ အကြောင်းကို ဆင်ခြင်လို့ နေသည်။

ထိုအခိုက်တွင် သေမျိုးဖြစ်စေ၊ ကျင့်ကြံသူများ ဖြစ်စေ လူတိုင်းက သူတို့ စိတ်နှလုံးတွင် တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ သေမျိုးများက ထူးဆန်းသော ခံစားချက်ကို ရ၏။ သို့သော် ကျင့်ကြံသူများကတော့ ထိတ်လန့် တုန်လှုပ်မှု ခံစားချက်ကို ရရှိ၏။

ကျောက်နိုင်ငံရှိ စဦး စိတ်ဝိညာဉ် ကျင့်ကြံသူ အနည်းငယ်၏ အသွင်ကလည်း လုံးဝ ပြောင်းလဲသွား၏။ သူတို့က သူတို့ကလန် အသီးအသီးမှ ထွက်လာကြပြီး မည်သို့ ဖြစ်ပျက် သွားသည်ကို စုံစမ်းကြ၏။ သို့ရာတွင် သူတို့ ကျင့်ကြံမှု အဆင့်ဖြင့် ဒီခံစားချက်က မည်သည့်နေရာမှ စတင် ပျံ့နှံ့လာသည်ကို မသိနိုင်ပေ။

သူတို့မပြောနှင့် ရွှမ်တောက် ကလန်၏ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများပင် ဒီခံစားချက်က သူတို့တောင် အနောက်မှ ပျံ့နှံ့လာကြောင်း မသိကြပေ။

ထိုအခိုက်တွင် ဝမ်လင်းက လူတိုင်းမည်သို့ ခံစားနေရသည်ကို သိနေ၏။

တဖြည်းဖြည်းဖြင့် ကျောက်နိုင်ငံ တစ်ခုလုံးတွင် တိမ်ကင်းစင်၍ လေလည်းမတိုက် ဖြစ်လာခဲ့သည်။ အေးဆေးမှု စိတ်ခံစားချက် အာရုံတစ်ခုသာ ကျန်ခဲ့တော့သည်။

သေမျိုးကမ္ဘာတွင် ဘုရင်မှသည် ဆင်းရဲသားများ အထိ လူတိုင်းက သူတို့၏အသိကို မထိန်းချုပ် နိုင်တော့ဘဲ နေရာတစ်ခုသို့ ဦးတည်၍ ကိုင်းညွတ်ဂါဝရ ပြုလိုက်ကြသည်။

ကျင့်ကြံ သူများကလည်း ထို့အတူသာ ဖြစ်သည်။

ဒီတည်ငြိမ်မှု အာရုံက ပျံ့နှံ့လာသည့် အခိုက် ဒီပြောင်းလဲမှုသည် ရွှမ်တောက်ကလန်မှ ပျံ့နှံ့လာကြောင်း စဦးစိတ်ဝိညာဉ် အနည်းငယ်က သတိပြုမိလိုက်ကြသည်။

ရွှမ်တောက်ကလန်မှ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများက လူတိုင်းကို အမိန့်ပေး လိုက်ကြသည်။ ရွှမ်တောက်ကလန်မှ တပည့်အားလုံးက ကလန် အပြင်ဘက်တွင် ဒူးထောက် နေကြသည်။

တစ်ခုခု ဖြစ်ပွားလာတော့မည်ကို ခန့်မှန်းမိသဖြင့် ဒီစဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများသည် စိတ်ရှုပ်ထွေးလို့ နေသည်။ သူတို့က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်က သည်နေရာသို့ ရောက်လာတော့မည်ဟု ခန့်မှန်းကြသည်။ သို့သော် ဒီခန့်မှန်းမှုက မယုံနိုင်စရာ ကောင်းနေသေး၍ သူတို့ကိုလည်း စိုးရိမ် ထိတ်လန့်စေ၏။

သူတို့က စေနတုန်းက ဖြစ်သွားသည် အပြောင်းအလဲမျိုးက တစ်ခါမှ မကြံဖူးသေးချေ။ ရှေးဟောင်း မှတ်တမ်းများထဲတွင်သာ ဒီလို အပြောင်းအလဲကို မှတ်တမ်း တင်ထားသည်အား ဖတ်မှတ်ဖူးခဲ့၏။ ဒီအပြောင်းအလဲက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တစ်စုံတစ်ယောက် တက်လှမ်းသည့် အချိန်တွင် ဖြစ်ပေါ်ခြင်းပင်။

ထိုအခိုက်တွင် စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေခဲ့၏။

“ဒီနေရာမှာ ဘယ်သူကများ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းခဲ့သနည်း။ ဒီလူက ဒီနေရာကို ဘာလို့ ရွေးချယ်ခဲ့သနည်း။ ဒီလူက ကျောက်နိုင်ငံက တစ်ယောက်ယောက် များလား…”

လူတိုင်းက တောင်တောင်အီအီ ခန့်မှန်းနေကြပြီး စိတ်လှုပ်ရှားလို့ နေကြသည်။ ဒီလို စိတ်လှုပ်ရှားမှုမျိုးကို သူတို့က တစ်ခါမှ မကြုံခဲ့ဖူးချေ။

ဝမ်လင်းက လိုဏ်ဂူထဲတွင် ခြေချိတ်၍ ထိုင်လိုက်သည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်ထံမှ သက်တံရောင်စုံ အလင်းများ ထုတ်လွှတ်လျက် ရှိနေ၏။

တဖြည်းဖြည်းဖြင့် ဝမ်လင်းနှင့် ချွတ်ဆွတ်တူသော ခပ်သေးသေး လူတစ်ယောက် သည်လည်း ဝမ်လင်း၏ နဖူးထဲမှ ပျံသန်း ထွက်လာခဲ့သည်။ သည်အရာက ဝမ်လင်း၏ စဦး စိတ်ဝိညာဉ်ပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset