Switch Mode

အပိုင်း(၃၃၀)

အမှန်တော့ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိရန် နည်းလမ်းနှစ်ခု ရှိလေသည်။ ပထမတစ်ခုက တစ်စုံတစ်ယောက်၏ ခြေရာကိုနင်းပြီး နယ်ပယ်ကို ပုံတူခိုးခြင်းပင်။ ဒီနည်းလမ်းက ဒုတိယတစ်ခုထက် များစွာ လွယ်ကူ၏။

ဒုတိယနည်းလမ်းကတော့ သူကိုယ်တိုင် အပေါ်အလုံးစုံ မှီတည်လို့ နေပြီး ကောင်းကင်နှင့် မြေကြီးကို နားလည်အောင် လုပ်၍ ကိုယ်ပိုင်နယ်ပယ်ကို ရှာဖွေရခြင်း ဖြစ်သည်။ ဒီနည်းလမ်းက အလွန်လည်း ခက်ခဲ၏။ ၎င်းနည်းလမ်းက ဇွဲလုံလနှင့် ကံကောင်းမှုလည်း လို၏။ သို့သော် ကိုယ်ပိုင်နယ်ပယ်ကို ရှာတွေ့သွားသူက ပထမနည်းလမ်းဖြင့် ရရှိလာသော နယ်ပယ် ပိုင်ဆိုင်သည့် ကျင့်ကြံသူထက် များစွာပိုသန်မာ၏။

ဒီနည်းလမ်း နှစ်ခုကြား ကွာဟမှုက အနာဂတ်ကျင့်ကြံခြင်း အတွက်လည်း သက်ရောက်မှု ရှိလေသည်။

သို့ရာတွင် လူများစွာက သူတို့၏ ကိုယ်ပိုင် နယ်ပယ်ကို နားလည်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် အများစုက ပထမ နည်းလမ်းကိုသာ ရွေးချယ်ကြ၏။

ထို့ကြောင့် အချို့ စိတ်ဝိညာဉ် ကျင့်ကြံသူများက အသတ်ခံရပြီး အချို့က အေးချမ်းစွာ ရှင်သန်နိုင်ကြသည်။ ကျောက်နိုင်ငံသို့ ရောက်လာခဲ့သည့် တမန်တော်သည် ပထမ နည်းလမ်းကို ရွေးချယ်ခဲ့သောသူ ဖြစ်၏။ ထို့ကြောင့်လည်း သူက ဝမ်လင်း၏ အံ့ဖွယ်ရတနာကို တွေ့လိုက်သည်နှင့် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ပထမနည်းလမ်းကို အသုံးပြုခဲ့သော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများသည်လည်း စိတ်ဝိညာ ဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိနိုင်ကြ၏။ ထို့ကြောင့် ပထမ နည်းလမ်းကို ရွေးချယ်ခဲ့သော သူများသည် သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် အတွက် ဆေးလုံးများ ရရှိအောင် အာရုံစိုက်ကြသည်။ သို့သော် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက အဘယ်ကြောင့် အလွယ်တကူ ရနိုင်ပါ့မည်နည်း။

ဝမ်လင်းက ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နား ရောက်သည့်အထိ မိုးရွာထဲမှာ မရပ်မနား ပျံသန်းလာခဲ့သည်။ အစီအရင်က တစ်ချက် လက်ခနဲ ဖြစ်သွားခြင်းနှင့် အတူ သူလည်း ပျောက်ကွယ် သွားခဲ့၏။

ဒီအချိန်တွင် ဝမ်လင်းက ရပ်တန့်ခြင်း မပြုဘဲ အမြင့်ဆုံးအရှိန်နှင့် နောက်တည်နေရာ အစီအရင် တစ်ခုထံသို့ ဆက်၍ ရွေ့လျားလို့နေသည်။

တစ်လကြာပြီးနောက် ကျောက်နိုင်ငံ အစွန်းအဖျား၏ တောင်ကြားထဲရှိ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ထိုးတက်လာခဲ့သည်။ စိတ်ဝိညာဉ် စွမ်းအင်များ ပျောက်ကွယ် သွားသည်နှင့် ဝမ်လင်းက ထွက်ပေါ် လာခဲ့တော့သည်။

ဝမ်လင်းက သူ့ရှေ့ရှိ ကုန်းမြေကို ကြည့်နေရင်း ဝမ်းနည်းမှုကို ခံစားလာရ၏။ ကျောက်နိုင်ငံက ကြီးကြီးမားမား နိုင်ငံ မဟုတ်ပေ။ သူ့နတ်ဘုရား အာရုံဖြင့် သည်နိုင်ငံတွင် ဖြစ်ပွားနေသော အရာအားလုံးကို လွယ်လင့်တကူ ထောက်လှမ်းနိုင်၏။

ကျောက်နိုင်ငံ အလယ်ရှိ ကောင်းကင်မျှော်စင်က ခုထိ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မူလဟုန်ယွီကလန် ရှိရာသို့ ဦးတည် ပျံသန်းလိုက်သည်။ အခုချိန်တွင်တော့ သည်နေရာက ရွှမ်တောက် ကလန်၏ နေရာ ဖြစ်နေခဲ့သည်။

သူ ကျင့်ကြံမှုကမ္ဘာသို့ စတင် ဝင်ရောက်လာသည့် နေရာတွင်ပင် သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်အောင် လုပ်ပေမည်။

သူ့ပုံရိပ်က ရွှမ်တောက်ကလန်၏ အပြင်တွင် ပေါ်လာခဲ့ချိန်တွင် သူက ကလန် တစ်ခုလုံးကို ဖုံးလွှမ်းထားသော အဖြူရောင်မြူကို တွေ့လိုက်သည်။ ရွှမ်တောက်ကလန်က တံခါးပိတ် ထားသည်မှာ ကြာပြီဖြစ်ကာ အပြင်နှင့် ဆက်သွယ်ခြင်း မပြုတော့ပေ။

ဝမ်လင်းက သက်ပြင်းချလိုက်သည်။ သူက ဖြတ်ခနဲပျောက်သွားပြီး ရွှမ်တောက်ကလန်၏နောက်ဘက်တွင် ပေါ်လာခဲ့သည်။

အနောက်ဘက် တောင်တွင် သူက လေးနှစ်ကြာ တံခါးပိတ် လေ့ကျင့်ခဲ့ဖူးပေသည်။ ဒီနေရာတွင် ကျင့်ကြံသူ အချို့ရှိနေကြ၏။ သို့သော် သူတို့ အသွင်ဟန်ပန်များက ညှိုးငယ် ထိုင်းမှိုင်းနေခဲ့၏။

သူတို့က ဝမ်လင်း၏ တည်ရှိမှုကို မည်သို့ သိရှိနိုင်မည်နည်း. ဝမ်လင်းက သူအတိတ်တုန်းက ကျင့်ကြံခဲ့သော လိုဏ်ဂူကိုရှာ၍ အထဲသို့ လှမ်းဝင်လိုက်သည်။

ဂူထဲတွင် မည်သူမျှ မရှိကြပေ။ ဝမ်လင်းက အထဲသို့ ရောက်သွားသည်နှင့် ဂူပေါက်က ကျောက်တုံး တစ်တုံးဖြင့် ပိတ်သွားခဲ့သည်။

ဝမ်လင်းက ဂူထဲတွင် ခြေချိတ်ထိုင်၍ အတွင်းပိုင်းကို စူးစမ်းလိုက်သည်။ ရင်းနှီးသော မှတ်ဉာဏ်များက သူ့အတွေးထဲ ရောက်လာခဲ့၏။ သူက သက်ပြင်းချ၍ စတင် ကျင့်ကြံတော့သည်။

ဆယ်ရက် ကြာပြီးနောက် ဝမ်လင်းက သူ့ခန္ဓာကိုယ် ပြောင်းလဲခြင်း ပြီးဆုံးသွား၏။ သူက ချိတ်ပိတ်ဟန် တချို့ပြုလုပ်၍ သူ့ဝမ်းဗိုက်ကိုသူ ဖိနှိပ်လိုက်သည်။ သူ့မျက်နှာအရောင်က နီလိုက် စိမ်းလိုက် ဖြစ်သွားပြီး ခန္ဓာကိုယ်ကလည်း နှစ်ခြမ်း ကွဲသွားလေ၏။

သူ့မူရင်း ခန္ဓာကိုယ်က ကိုယ်ပွားထဲမှ ထွက်ပေါ်လာခဲ့၏။ ဝမ်လင်း၏ မူရင်းခန္ဓာကိုယ်တွင် နှဖူး၌ ခရမ်းရောင် ကြယ်တစ်လုံးရှိပြီး နတ်ဆိုးအလင်းများ ထုတ်လွှတ်လျက် ရှိသည်။

သူ့မူရင်းခန္ဓာကိုယ်၏ ကျင့်ကြံမှုအဆင့်က ခုချိန်ထိ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သာ ရှိသေး၏။

သူ့ဂျိနယ်ပယ် နောက်အဆင့် တစ်ဆင့်သို့ မပြောင်းလဲသရွှေ့ သူ့မူရင်း ခန္ဓာကိုယ်၏ ကျင့်ကြံမှုကလည်း မတိုးတက်နိုင်ပေ။

သူက သူ့ဂျိနယ်ပယ်ကို စဦး စိတ်ဝိညာဉ်အဆင့်သို့ တိုးမြင့်ခဲ့သော်လည်း ဝမ်လင်းက သူ့ကိုယ်ပွားနှင့် ပေါင်းစပ်ခဲ့ရပေသည်။ ဒီနည်းလမ်းက အကန့်အသတ် တစ်ခုရှိပြီး ရေရှည်အတွက် အဖြေမဟုတ်ပေ။

ဝမ်လင်း ကိုယ်ပွားကတော့ ခုချိန်တွင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လုနီး ဖြစ်နပြီ ဖြစ်၏။ သူ့မူရင်း ခန္ဓာကိုယ်နှင့် ကိုယ်ပွားကို ပေါင်းစပ်ပြီး နောက်တွင် ကိုယ်ပွား သက်တမ်းသည် နှစ်သုံးဆယ်စာလောက် လျော့ကျ သွားခဲ့ပေသည်။ ဝမ်လင်းက စဉ်းစားလိုက်သည်။ သူ့မူရင်း ခန္ဓာကိုယ်ကသာ ဒီကျင့်ကြံမှု အဆင့်မှာပဲ ရှိနေမည်ဆိုလျှင် ချိုယွင်းချက်၊ အားနည်ချက် များစွာ ရှိနေပေလိမ့်မည်။ သူက ဒီကိစ္စကို လွန်ခဲ့သော နှစ်များစွာ ကတည်းက စဉ်းစာ နေခဲ့သော်လည်း ခုထိ ဆုံးဖြတ်ချက် မချနိုင်သေးပေ။ သို့ရာတွင် ဝမ်လင်းက ဘုရားကျောင်းထဲတွင် သူ့သေခြင်း ရှင်ခြင်း နယ်ပယ်အကြောင်း ရုတ်တရပ် နားလည်မှုများစွာ တိုးတက် လာခဲ့လေသည်။ သူ့တုံ့ဆိုင်းနေသော နှလုံးသုံးက နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချမှတ်နိုင်လာခဲ့ပြီ ဖြစ်၏။

သူ့မူရင်း ခန္ဓာကိုယ်က သူ့ကိုယ်ပွားနှင့် တူညီသော ကျင့်ကြံမှု လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ချေ။ အကြောင်းမှာ ဂျိနယ်ပယ်ကြောင့် ဖြစ်၏။

သူ့မူရင်း ခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရားများ၏ လမ်းကြောင်းကို လျှောက်လှမ်း သင့်ပေသည်။ ထိုလမ်းကြောင်းကို လျှောက်ရန် ပထမဆုံး လုပ်ရမည့်အရာမှာ သူ့မူရင်း ခန္ဓာကိုယ်၏ ကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

မူရင်းခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းများက ပျံ့နှံ့လို့ လာခဲ့၏။ သူ့မျက်နှာပေါ်တွင်လည်း နာကျင်မှုများ ဖြစ်ပေါ်လာသည်။ သို့သော် သူက ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် မူရင်း ခန္ဓာကိုယ်၏ အရေပြား အပေါက်များမှ သွေးများ စိမ့်ထွက်လာခဲ့၏။

ဒီသွေးအစက်အပေါက်များက တဖြည်းဖြည်း တိုးလာခဲ့သည်။

မူရင်းခန္ဓာကိုယ်၏မျက်နှာက ပို၍ ဖြူရောလာပြီးနောက် သူ့ကျင့်ကြံမှု အဆင့်ကလည်း အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်မှ လျော့ကျ လာခဲ့၏။

ဆယ်ရက် ကြာမြင့်ပြီးနောက် မူရင်း ခန္ဓာကိုယ်က ပိုမိုအိုစာ သွားပြီး ကျင့်ကြံမှု အဆင့်ကလည်း အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်းအဆင့်သို့ လျော့ကျလို့ သွား၏။ ဒီသွေးစက် သွေးပေါက်များက မသူ့မူရင်း ခန္ဓာကိုယ် ပတ်ချာလည်တွင် အနီရောင် စက်ဝိုင်းတစ်ခုလို ဖြစ်ပေါ်သွား၏။

ထို့နောက် အက်ကွဲသံ တစ်ခုနှင့် အတူ မူရင်းခန္ဓာကိုယ်၏ အမြုတေက ကွဲကြေသွားပြီး သူ့ခန္ဓာကိုယ်ထဲကို ဖြတ်၍ စိတ်ဝိညာဉ် စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသည်။ ထိုအခိုက်တွင် ကိုယ်ပွားခန္ဓာ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး မူရင်းခန္ဓာကိုယ်၏ မျက်ခုံးကြားကို လက်ညှိုးညွှန်လိုက်၏။ ထိုအခါ မူရင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက မျက်ခုံးကြားမှ ထွက်လာခဲ့တော့သည်။

ဒီစိတ်ဝိညာဉ် စွမ်းအင်များက ကိုယ်ပွား၏ လက်ချောင်းထိပ်တွင် စုဝေးလာခဲ့၏။ သိပ်မကြာခင်မှာ စိတ်ဝိညာဉ် စွမ်းအင်များက အရည်အဖြစ်သို့ သိပ်သည်းလာခဲ့၏။

မူရင်းခန္ဓာကိုယ်က အလွန် အားနည်းလာခဲ့သည်။ သို့သော် သူ့မျက်လုံးများကတော့ တည်ငြိမ်လျက်ပင်။

ထို့နောက် သူ့မူရင်း ခန္ဓာကိုယ်၏ အသွေးအသား၊ အရိုးများထဲမှ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းများက ထွက်လာခဲ့ပြန်သည်။ ဒီစိတ်ဝိညာဉ် စွမ်းအင်များက မူရင်းခန္ဓာကိုယ်၏ ဒန်တျန်ထဲသို့ ရွေ့လျားသွားပြီး တဖြည်းဖြည်း အဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။

သည်အရာက ကျင့်ကြံသူ တစ်ယောက်၏ အခြေခံ အုတ်မြစ်ပင်။ အခြေခံ တည်ဆောက်ခြင်း ကျင့်ကြံသူ တစ်ယောက်၏ အမှတ် သင်္ကေတလည်း ဖြစ်၏။

ဒီဒန်တျန်အဝိုင်းက ပို၍ သိပ်သည်းလာပြီး တောက်ပသထက် တောက်ပ လာခဲ့သည်။ ဒီအချိန်တွင် ကိုယ်ပွားက မူရင်းခန္ဓာကိုယ်၏ ဒန်တျန်ကို လက်ညှိုး ညွှန်လိုက်သည်။ မူရင်း ခန္ဓာကိုယ်က တုန်ခါသွားပြီး ဒန်တျန်အဝိုင်းကကွဲကြေ၍ စိတ်ဝိညာဉ် စွမ်းအင်များ ထွက်လာခဲ့ပြီး ကိုယ်ပွား၏ လက်ချောင်းထိပ်တွင် လာစုဝေး၏။

ဒီနောက် မူရင်းခန္ဓာကိုယ်၏ ကျင့်ကြံမှု အဆင့်က လျင်မြန်စွာ ကျဆင်းလာသည်။ ချီစုဆောင်းမှု အလွှာဆယ့်လေး၊ ဆယ့်သုံး… ဆယ့်နှစ်… ရှစ်… ခြောက်… အလွှာတစ်ထိ ရောက်အောင် ကျဆင်း သွားခဲ့လေ၏။

ထိုအခိုက်တွင် မူရင်းခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက ရုတ်တရပ် ပျောက်ကွယ် သွားတော့သည်။ သူ့ခန္ဓာကိုယ် တစ်ခုကလုံးကလည်း ခွေကျသွားပြီး ဂူနံရံကို မှီထားရ အသက်မနည်း ရှူနေရသည်။ သို့ရာတွင် ဒီဖြစ်စဉ် တစ်ခုလုံးတွင် သူ့မျက်လုံးများက တည်ငြိမ်လျက် ရှိလို့နေ၏။

ဒီမျက်လုံးထဲ၌ အနီရောင် အလင်းတန်းက တောက်ပလို့နေ၏။

ကိုယ်ပွား ခန္ဓာကိုယ်က အသက်ဝဝ ရှူသွင်းလိုက်သည်။ ကိုယ်ပွားက မူရင်း ခန္ဓာကိုယ် မျက်လုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။ ရုတ်တရပ် မျက်လုံးထဲမှ အနီရောင် အလင်းတန်းက ပျံထွက် လာခဲ့သည်။ ဒီအလင်းတန်းက ဂူနံရံကို ဖြတ်ကျော်မလို လုပ်စဉ် ကိုယ်ပွားက လှမ်းဖမ်းဆွဲ ထားလိုက်၏။ အလင်းတန်းက အနည်းငယ် ရုန်းကန် လိုက်သေးသော်လည်း နောက်ဆုံးတွင် လက်လျှော့၍ ထပ်မံလှုပ်ရှားခြင်း မပြုတော့ပေ။

ကိုယ်ပွားက အနီရောင် အလင်းတန်းကို ဖမ်းကိုပြီးနောက် သိုလှောင်အိတ်ထဲသို့ မထည့်ခင် ၎င်းအလင်းတန်းကို သွေးတစ်စက်ထဲသို့ ထည့်သွင်းခဲ့၏။

ဒီသွေးစက်က ဂျိနယ်ပယ်ပင် ဖြစ်ချေ၏။

မူရင်းခန္ဓာကိုယ်က ဂျိနယ်ပယ်ကို အပြင်သို့ ထုတ်ရန် ကျင့်ကြံမှုအဆင့်ကို စတေးခဲ့သည်။ ဂျိနယ်ပယ်ကလည်း အံ့ဖွယ် ရတနာအဖြစ် တည်ရှိသွား၏။

သိပ်မကြာခင်မှာ မူရင်းခန္ဓာကိုယ်က ခပ်မတ်မတ်ထိုင်လိုက်ပြီး မျက်လုံး မှိတ်လိုက်သည်။ ထိုအခိုက်တွင် ကိုယ်ပွားက အခြေခံ တည်ဆောက်ခြင်း ဒန်တျန်အဝိုင်းမှ စိတ်ဝိညာဉ် စွမ်းအင်များကို မူရင်း ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း လိုက်၏။ ထို့နောက် အမြုတေကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ် အရည်များကိုလည်း မူရင်း ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း လိုက်ပြန်သည်။

အကန့်အသတ်မဲ့ စိတ်ဝိညာဉ် စွမ်းအင်များက မူရင်း ခန္ဓာကိုယ်ထဲတွင် ပြန်မြင့်တက် လာခဲ့သည်။ သို့သော် သည်ခန္ဓာကိုယ်က ထပ်မံကျင့်ကြံမှု မပြုပေ။ ထိုအစား မူရင်းခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရား၏ နည်းစနစ်ကို စတင် အသုံးပြနေတော့၏။ ၎င်းနည်းစနစ်ကို အသုံးပြု၍ မူရင်းခန္ဓာကိုယ်၏ အသွေးအသား၊ အရိုးများက စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူလို့နေ၏။

ဒီစိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေသည့် အခိုက်တွင် အနီရောင်အဝိုင်းမှာ အနီရောင် အရာဝတ္တုလေး တစ်ခုက မူရင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားတော့၏။

ဒီဖြစ်စဉ်က အချိန်အတော်ကြာ ဖြစ်ပွားနေခဲ့၏။

ဒီအချိန်တွင် ဝမ်လင်း၏ မူရင်းခန္ဓာကိုယ်နှင့် ကိုယ်ပွားက မတူညီသော လမ်းကြောင်းနှစ်ခုကို လျောက်လမ်းနေပြီ ဖြစ်သည်။ မူရင်းခန္ဓာကိုယ်က ခန္ဓာကိုယ် သန့်စင်ခြင်းကိုသာ အာရုံစိုက်၍ ရှေးဟောင်း နတ်ဘုရားများ၏ လမ်းကြောင်းကို လျှောက်လမ်းသည်။

ကိုယ်ပွားက ခန္ဓာကိုယ်အတွင်းဘက် စိတ်အခြေအနေကို အာရုံစိုက်၍ ကောင်းကင်နှင့် မြေကြီး၏ လမ်းကြောင်းကို လျှောက်လှမ်းသည်။

ဝမ်လင်းခန္ဓာကိုယ်များက မည်သည့် ကွဲပြားမှုမှ မရှိပေ။ သို့သော် အဆင့်တစ်ခုသို့ မရောက်သေးခင် အချိန်မှာတော့ ခန္ဓာကိုယ် နှစ်ခုလုံးက အချိန်ကြာမြင့်စွာ အတူ ပေါင်းစပ် မနေနိုင်တော့ပေ။

သို့ရာတွင် သူက ခန္ဓာကိုယ်နှစ်ခုကို ပေါင်းစပ်လိုက်သည့် အခါ သူ့စွမ်းအားက အလွန် တိုးသွား ပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset