လူငယ်က သူ့ဆရာကျောပြင်ကို ငေးကြည့်လို့ နေသည်။ ထို့နောက် သူ့ဆရာကို ဒူးထောက် ဂါဝရပြုပြီး လက်သီးကျစ်ကျစ် ဆုပ်ကာ လှည့်ထွက် သွားတော့သည်။
“ငါ…ချန်ဟွန် ရွှမ်ယွဲ့ကို အမြစ်ဖျက် သုတ်သင်ပစ်မယ်လို့ ကျိန်ဆိုတယ်…”
ဝမ်လင်းက စိတ်ရှုပ်ထွေးသော အခြေအနေနှင့် ရေခဲမျှော်စင်သို့ ပြန်ရောက်လာခဲ့၏။ သူက စွမ်းအား ကောင်းသော ရတနာတစ်ခုကို ရရှိလာခဲ့သော်လည်း ပျော်ရွှင်မနေခဲ့ပေ။ သူက ဝမ်းနည်းလို့သာ နေ၏။
ထိုအခိုက်တွင် တမ်လင်းက သူ့သေခြင်း ရှင်ခြင်း နယ်ပယ်ကို အနည်းငယ်ပို၍ ထိုးထွင်းသိမြင်လာခဲ့သည်။ “ရှင်သန်ခြင်းကဘာလဲ…သေဆုံးခြင်းက ဘာလဲ…”
ဒီမေးခွန်းက ဝမ်လင်း စိတ်ထဲတွင် ပဲ့တင် ထပ်လို့ နေ၏။
စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်ရှိသည့် မင်ရေကလန်မှ ကျင့်ကြံသူသည် သူ့နောက်ဆုံး လက်ကျန် ကျင့်ကြံမှုကို အသုံးပြု၍ နှင်းရေခဲ နတ်ဘုရားကျောင်းသို့ ပျံသန်း သွားနေသည်။ ဒီအရာက ပိုးဖလံမီးကိုတိုး ဒီနှင့် ဆင်တူပေ၏။ သူက သူ့ကိုယ်သူ ပေါက်ခွဲ၍ လူအချို့ကို သူနှင့်အတူ အပါခေါ်လိုနေခြင်းပင်။
သူ့သေဆုံးမှုက မှန်ကန်ခဲ့ပေသည်။ ထိုကျင့်ကြံသူ၏ သေဆုံးခြင်းက မျက်နှာ မပြဝံ့သော မဟာမိတ် ကလန်လေးခုမှ အခြား ကျင့်ကြံသူများကို လှုပ်နိုး စေနိုင်ခဲ့သည်။
မျက်စိတစ်မှိတ် အတွင်း နောက်တစ်နှစ် ကုန်ဆုံးသွားပြန်ပြီ။
ဒီတစ်နှစ်လုံးတွင် ဝမ်လင်းက သေခြင်းရှင်ခြင်း နယ်ပယ် အကြောင်းကိုသာ တွေးတော ဆင်ခြင်နေပြီး တဖြည်းဖြည်းဖြင့် ဉာဏ်အလင်းများလည်း ပိုရလာခဲ့သည်။
တောင်ကို တောင်လို့သာ ကြည့်မြင်ခြင်း၊ မြစ်ကို မြစ်လို့သာ ကြည့်မြင်ခြင်း။
သို့ရာတွင် ဝမ်လင်းက တစ်ခါတလေတောင်ကို တောင်လို့မမြင်၊ မြစ်ကိုမြစ်လို့ သတိမပြုမိခဲ့ပေ။ ဒီအရာက သူ့အမြင်ကို ပိတ်ကာ ထားသော နောက်ထပ် မြူလွှာတစ်ခုပင်။ သူက ၎င်းကို မမြင်နိုင်ပေမဲ့ ခံစားသိနိုင်ခဲ့၏။ သူက ရောက်ရှိ နေသော်လည်း ၎င်းကို မထိတွေ့နိုင်ပေ။
သူက သူ့အမြင်ကို ဖုန်းလွှမ်းနေသည့် မြူလွှာကို ကျော်ဖြတ်နိုင်ရန် ရုတ်တရက် ဉာဏ်အလင်း တစ်ခု လိုအပ်နေလေ၏။
ဆောင်းဦး ရာသီကုန်၍ နွေဦးသို့ပင် ရောက်လာခဲ့ပြီ။ ဒီရေခဲကမ္ဘာတွင်သူက နှစ်နှစ်တာ ကုန်ဆုံးခဲ့၏။
ဝမ်လင်းက ရေခဲရုပ်များ ဖန်တီးရာတွင် အချို့အရာများကို လုပ်နိုင်စွမ်း ရှိလာခဲ့၏။ ဒီရေခဲရုပ် ရုပ်သေးများက နှင်းသွေးကြောများ ပေါ်တွင်သာ မူတည်လို့နေသည်။ နှင်းသွေးကြော (၄၉)ခု ရှိသည့် ရေခဲရုပ်က အမြုတေ ဖွဲ့တည်ခြင်း အဆင့်စွမ်းအားကို ပိုင်ဆိုင်၏။
စဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကို ပိုင်ဆိုင်သည့် ရေခဲရုပ်က (၈၁)ခု နှင်းသွေးကြော ရှိ၏။ သွေးကြောများ ပိုများလာလေလေ ၎င်းကို ထိန်းချုပ်ရန် ပို၍ ခက်ခဲလာလေ ဖြစ်၏။ သွေးကြော နှစ်ခုထိ တွေ့မိသည်နှင့် ထိုရေခဲရုပ်က ပေါက်ကွဲ သွားပေလိမ့်မည်။
ထိုကြောင့် သွေးကြော (၈၁)ခုကို ရေခဲရုပ်ပေါ်တွင် သွတ်သွင်းရန် မည်မျှခက်ခဲကြောင်း သိနိုင်လေ၏။
ထိုကြောင့်လည်း ရွှမ်ယွဲ့က စဦး စိတ်ဝိညာဉ် အဆင့်ရေခဲရုပ်များကို အနည်းငယ်သာ ထုတ်လုပ်နိုင်ခြင်း ဖြစ်လေ၏။
ထပ်ပြောရလျှင် ဒီနှင်းသွေးကြောများက ရေခဲနှင်း နည်းစနစ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ဝမ်လင်းက ဒီနည်းစနစ်ကို အလွန် အံ့အားသင့်မိသည်။
ဒီရေခဲနှင်းနည်းစနစ်က နှလုံးကို သန့်စင် မွမ်းမံထားခြင်းပင်။ ဒီနည်းစနစ်က ရေခဲများကို အရိုးများ အဖြစ် အသုံးပြုပြီး နှလုံးက အေးခဲ၍ နှင်းဖြစ်လာပြီး နှင်းဝိညာဉ်က ရှင်းလင်းသော နှလုံးသား အခြေအနေသို့ ရောက်ရန် ဖြစ်၏။
ဝမ်လင်းက ဒီနည်းလမ်းကို ပိုလေ့လာလေလေ ၎င်းနည်းလမ်း၏ ထိတ်လန့်ဖွယ် ကောင်းမှုကို ပို၍ သိလာလေ ဖြစ်၏။ ဒီနည်းစနစ်က လမ်းမှန်လို့ ယူဆလို့ မရဘဲ လုံးဝသွေဖည် နေသည့် လမ်းကြောင်း တစ်ခုပင်။ ဝမ်လင်းက ဒီနည်းလမ်းက လိုအင် ဆန္ဒခြောက်မျိုး နတ်ဆိုးသခင်၏ နည်းစနစ်နှင့် ဆင်တူသည်ဟု ခံစားမိနေ၏။
ဝမ်လင်းက ဒီနည်းစနစ်ကို လေ့ကျင့်ရန် ဆန္ဒမရှိပေ။ သူက ၎င်းနည်းစနစ်ရှိ နှင်းသွေးကြောကို သန့်စင်သော သွေးကြောများ အဖြစ် အစားသွင်း တုပချင်ရုံသာဖြစ်၏။ ဝမ်လင်းက သေခြင်းရှင်ခြင်း နယ်ပယ်နှင့် သွေးကို အသုံးပြု၍ ပန်းပုရုပ်များကို ထိန်းချုပ်နိုင်ရန် ဖြစ်သည်။
မျက်စိတစ်မှိတ် အတွင်း ဝမ်လင်းက သည်မြို့ငယ်တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ သူလှည့်လည် သွားလာနေသည့် တစ်နှစ်ကိုပါ ထည့်တွက်ရင်တော့ လေးနှစ်ရှိပြီ ဖြစ်၏။
ဆယ်နှစ်ပြည့်ရန် အတွက် တစ်နှစ်သာ လိုတော့၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိတော့မည်ဟု ခံစားမိနေ၏။
သူသာ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်သွားလျှင် သူ့နတ်ဘုရား အာရုံက မည်မျှအထိ ကြမ်းတမ်း လာမည်ကို ဝမ်လင်းက မသိနိုင်ဖြစ်ရ၏။
သည်နေ့တွင် ဝမ်လင်းက ရေခဲ မျှော်စင်ထဲမှ လှမ်းထွက်လာခဲ့၏။
သူက မထွက်ခင် ရွှမ်ယွဲ့က အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ အားလုံးက တာအို သင်ခန်းစာကို ကြားနာရန် အတွက် ဘုရားကျောင်းတွင် စုဝေးရန် အမိန့်ထုတ်ခဲ့သည်။ အကြောင်း ပြချက်ကတော့ ဟင်္သာ ပြဒါးနိုင်ငံသို့ သွားရောက်ခဲ့သော ကျင့်ကြံသူ (၁၃)ယောက်ထဲမှ တစ်ယောက်က ပြန်လာခဲ့သော ကြောင့်ပင်။ ဒီလူက စိတ်ဝိညာဉ် အသွင် ပြောင်းခြင်း အဆင့်ကို ရောက်ရှိခဲ့သော တစ်ဦးတည်းသော လူလည်း ဖြစ်လေ၏။
ဝမ်လင်းက ဘယ်သူမှ မသိအောင် တိတ်တဆိတ် ထွက်လာခဲ့၏။
ရွှမ်ယွဲ့ နယ်စပ် ရောက်လာသည့် အခါ ဝမ်လင်းက ဘေးဘီဝဲယာကို သေချာ ကြည့်ရှုလိုက်၏။ လွန်ခဲ့သော ဆယ်စုနှစ်ကျောက်က အဖြစ်အပျက်များက သူ့စိတ်ထဲတွင် ပြန်ပေါ်လာခဲ့ပြီး သက်ပြင်း ချလိုက်သည်။ ထို့နောက် ဝမ်လင်းက ဆက်၍ ထွက်လာခဲ့တော့၏။
ဝမ်လင်း၏ ဦးတည်ရာက ကျောက်နိုင်ငံပင်။ သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ထိုနေရာတွင် ရောက်ရှိအောင် လုပ်မည်ဟု ဆုံးဖြတ် ထားလိုက်၏။
ဝမ်လင်းက ကျောက်နိုင်ငံသို့ ပြန်ခြင်းမှာ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိအောင် လုပ်ရန် အပြင် နောက်ထပ် အကြောင်းတစ်ခုလည်း ရှိသေးသည်။ သူက မင်ရေကလန်မှ ကျင့်ကြံသူနှင့် စကား ပြောဆိုပြီးနောက် သူ့အိမ်ကို လွမ်းမိသောကြောင့်လည်း ပါ၏။
ကျောက်နိုင်ငံက သူ့အိမ်ဟု ပြော၍ ရပေသည်။ သူ့တွင် နတ်ဆိုး ပင်လယ်၏ အခြားတစ်ဖက်၌ သူ့ကို စောင့်နေသော အမျိုးသမီး တစ်ယောက်လည်း ရှိနေသေး၏။ ထိုနေရာကိုလည်း သူ့အိမ်ဟု ပြော၍ ရသည် မဟုတ်လော။
သူက အိမ်မပြန်ခင် တနူးရှိနေသော မြို့လေးသို့ သွားကြည့်ခဲ့သေး၏။ တနူးက နောက်ထပ် ပန်းပဲရုံ ထပ်ဖွင့်ထားကြောင်း သူ တွေ့ခဲ့ရ၏။ သူ့ဇနီးကလည်း အရင်လို မငယ်တော့ပေ။ သို့သော် သူမက နောက်ကိုယ်ဝန် ဆောင်ထားသေး၏။
ဝမ်လင်းက သူတို့ကို ကြည့်ရင်း ပြုံးမိလိုက်သည်။
သူက ထွက်ခွာသွားသည့် အချိန်တွင် တနူးဇနီး ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ် စွမ်းအင် အနည်းငယ် ထားခဲ့လေ၏။ ဒီစိတ်ဝိညာဉ် စွမ်းအင်က အမေနှင့်သမီးကို လုံခြုံမှု ပေးလိမ့်မည်။ သူတို့၏ နောက်မွေးမည့် ကလေးမှာ မိန်းကလေးပင်။ တနူးကတော့ သူ့ဦးလေးဝမ်သူ့ကို ထပ်မံ လာကြည့်သည်ကို မသိတော့ပါ။
ဝမ်လင်းက ကျောက်နိုင်ငံသို့ ပျံသန်းနေခဲ့၏။ အတိတ်တုန်းက စဦး စိတ်ဝိညာဉ် အဆင့်ဖြင့် ကျောက်နိုင်ငံသို့ ပြန်ခဲ့ဖူးသည်။ အခုလည်း စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရန် သူက ကျောက်နိုင်ငံသို့ ပြန်လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။
သို့သော် အခုဝမ်လင်းနှင့် အတိတ်တုန်းက ဝမ်လင်းတို့က ကောင်းကင်နှင့် မြေကြီးလို မတူညီတော့ပေ။
သူက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုပြီး တစ်ခုကို ကျော်ဖြတ် လာခဲ့သည်။ ဒီနေ့တွင် သူက ကောင်းကင်တွင် တိမ်များ ပြည့်နေပြီး မိုးစတင် ရွာမလို ဖြစ်နေသော ထူးဆန်းသည့် နေရာတစ်ခုတွင် ရောက်နေခဲ့၏။
မိုးများက တဖြည်းဖြည်း စရွာလာပြီးနောက် သည်းသထက် သည်းလာခဲ့သည်။ ဝမ်လင်းက ကောင်းကင်ထက်ကို မော့ကြည့်လို့ နေသည်။ သူက အခုလို မိုးသည်းကြီးမည်းကြီး ရွာသည်ကို မတွေ့ရတာ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီ ဖြစ်၏။ မိုးများ ရွာသွန်းရုံ သာမက ကောင်းကင် ထက်တွင်လည်း မိုးကြိုးလျှပ်စီးများ ဝင်းလက် ပြည့်လျှံ့လို့ နေသည်။
ထိုအခိုက်တွင် လျှပ်စီးမိုးကြီး အလင်းတန်းများက ကောင်းကင်ထက်တွင် ငွေရောင်မြေများ လူးလွန့် နေသလို ထင်ရ၏။ ဒီမြင်ကွင်းက အလွန်လှနေခဲ့သည်။
ဝမ်လင်းက မြေပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လိုက်သည်။ သူက မိုးရွာသည်ကို ရပ်တန့်ရန် မည်သည့် နည်းစနစ်ကိုမှ အသုံးမပြုချေ။ ထိုအစား သူက အနီးရှိ သစ်ပင် တစ်ပင်ကို ဦးတည်၍ လက်ဝှေ့ယမ်းလိုက်ရာ သစ်ရွက်များက သစ်ရွက်ထီး အသွင် ဖြစ်သွားလေ၏။
ဝမ်လင်းက ဒီသူစိမ်းနယ်မြေမှာ ထီးတစ်ချောင်းဖြင့် လမ်းလျှောက်လို့နေ၏။ သူက ကျောက်နိုင်ငံသို့ ရောက်ရှိရန် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှစ်ခုသာ လိုတော့၏။ ဒီဧရိယာ၏ အရှေ့ဘက် ကီလိုမီတာ (၄၀၀၀၀) အကွာတွင် ရှေးဟောင်း တည်နေရာ အစီအရင်တစ်ခု ရှိလို့နေ၏။
မိုးသံများက သစ်တော တစ်ခုလုံးတွင် ပြည့်လို့ နေသည်။ ဒီဧရိယာ တစ်ခုလုံးကလည်း တစ်မျိုးစွဲဆောင်လို့နေပြီး အထူးသဖြင့် အကွာအဝေး တစ်ခုတွင် ဘုရားကျောင်းအိုကြီး ရှိလေ၏။ ဒီဘုရားကျောင်းအိုကြီးက စွန့်ပစ်ခံထားရသည့် ဘုရားကျောင်းအိုကြီး ဖြစ်ကြောင်း သိသာလှ၏။ ၎င်း၏ မူလ အနီရောင် ဆေးသားများပင် ခုချိန်တွင် မှိန်ဖျော့လို့ နေပြီး အချို့ အစိတ်အပိုင်းများ ဆိုလျှင် ပျက်စီးလို့ပင် နေလေပြီ။
ဝမ်လင်းက သူ့ဘဝတွင် ဘုရားကျောင်း အများကြီးကို မမြင်ဖူးပေ။
ဘုရားကျောင်းကို ကြည့်နေရင်း ဝမ်လင်းက အထဲသို့ ဆက်လျှောက်လာခဲ့၏။ ဒီဘုရားကျောင်းက ရှေးကျလို့ နေသည်။ ဘုရားကျောင်းထဲတွင်လည်း မည်သည့် နတ်ဘုရားမှ ရှိမနေဘဲ ဝတ်ပြု ဆုတောင်းရာတွင် ခင်းရသည့် အခင်းဝိုင်း တစ်ခုသာ ရှိနေ၏။
သူက ဘုရား ကျောင်းထဲ ဝင်ရောက် ကြည့်ရှုနေပြီးနောက် တံခါးဝသို့ ပြန်လာခဲ့ပြီး မတ်တတ် ရပ်ကာ အပြင်ဘက်ရှိ မိုးရွာသွန်းနေသည့် မြင်ကွင်းကို ဆွတ်ပျံ့စွာ ကြည့်နေမိ၏။
အချိန်တစ်ခု ကြာပြီးနောက် အကွာအဝေး တစ်ခုမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။ မိုးကာ အင်္ကျီများ ဝတ်ဆင်ထားသော လူအနည်းငယ်က အော်ဟစ်ရင်း လှမ်းလျှောက်လာနေ၏။
“ဒီ သောက်ရာသီဥတု ကတော့ကွာ။ ဒီမိုးက စရွာတည်းက ခုထိရပ်ကို မရပ်တန့် တော့ဘူး…”
“ဟိုရှေ့မှာ ဘုရားကျောင်း တစ်ကျောင်းပဲ၊ လာ…အဲကို သွားပြီး ခဏတစ်ဖြုတ် မိုးခို ကြတာပေါ့။ မိုးဆဲသွားမှပဲ ငါတို့ ခရီးဆက်သွားကြမယ်…”
သူတို့က စကားပြောရင်း ဆိုရင်းဖြင့် ဘုရားကျောင်းထဲရှိ ဝမ်လင်းကို လှမ်းတွေ့လိုက်သည်။ သူတို့က ခဏတာ တုံ့သွားပြီးနောက် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ဘုရားကျောင်းဆီ ဆက်လျှောက်လာခဲ့ကြသည်။
သူတို့က ဝမ်လင်းကို ဖြတ်ကျော်သွားသည့် အခိုက်တွင် သူတို့ထဲက တစ်ယောက်က ဝမ်လင်းအနားသို့ သွား၍ အသာ လှမ်းပုတ်မလို ပြင်လိုက်၏။ သို့ရာတွင် အုပ်စုထဲမှနောက် တစ်ယောက်က ခပ်ပြတ်ပြတ် လှမ်းပြောကာ ထိုလူ့ကို လှမ်းဟန့် လိုက်သည်။
ဒီလူက နှခေါင်းရှုံ၍ ပြန်လှည့်လာပြီး ဘုရားကျောင်းထဲသို့ ဆက်ဝင် သွားလိုက်၏။
ဒီလူငါးယောက်က မိုးကာ အင်္ကျီများ ချွတ်လိုက်ပြီးနောက် မီးမွှေး လိုက်ကြသည်။ ထို့နောက် အစားအသောက် အချို့ကို ထုတ်၍ တစ်ယောက်နှင့် တစ်ယောက် ကျယ်လောင်စွာ စကား ပြောဆို နေကြတော့သည်။ သို့ရာတွင် သူတို့ အကြည့်များက ဝမ်လင်းထံသို့ ခဏခဏ ရောက်နေခဲ့၏။
ဝမ်လင်းက ညင်သာစွာ ခေါင်းရမ်းလိုက်သည်။ ဒီသေမျိုး ငါးယောက်က သူ့ဒီည ခံစားချက်ကို ဖျက်ဆီး ပစ်လိုက်ကြသည်။ သူက သက်ပြင်း ချလိုက်၏။ သူ ထွက်ခွာရန် ခြေလှမ်းလိုက် စဉ်မှာပင် သူ့အကြည့်က တောထဲရှိ တစ်နေရာသို့ ကျရောက် သွားသည်။
သူက ခြေလှမ်း ကျဲကျဲလျှောက်လာသော ဆံပင်ရှည်နှင့် လူတစ်ယောက်က ဘုရားကျောင်း ထံသို့ ဦးတည် လာနေသည်ကို လှမ်းတွေ့လိုက်၏။ ဒီလူက လမ်းလျှောက်တာ နှေးဟန်ရသော်လည်း သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ဝမ်လင်းအနားသို့ ရောက်လာခဲ့ပြီး ဘုရားကျောင်းထဲသို့ ဝင်ရောက် လိုက်သည်။
သူက ဝမ်လင်းကို ဖြတ်ကျော်သွားသည့် အခိုက်တွင် ရုတ်တရပ် ရပ်တန့် သွားသည်။ သူက ဝမ်လင်းကို ဂရုတစိုက် ကြည့်ပြီးနောက် သွားပေါ်အောင် ပြုံး၍ ပြောလိုက်သည်။ “ငါက ဒီလို ဘုရားကျောင်းလေးမျာ ရောင်ရင်း ကျင့်ကြံသူ တစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်မှတ်မိဘူး။ ငါ့နာမည်က မိုချီပါ။ ရောင်းရင်း ကရော ဘယ်သူများလဲ…”
***