Switch Mode

အပိုင်း(၃၂၇)

ဂုဏ်ယူမှု

အမည်းရောင် အင်္ကျီဝတ်စင်ထားသော တောက်ပကြည်လင် ကြည့်ကောင်းသည့် လူငယ် တစ်ယောက်။ ဒီလူငယ်က ရွှမ်ယွဲ့မှ အခြားလူများနှင့် မတူဘဲ တက်တက်ကြွကြွ ရှိသည့်ပုံပင်။

အမျိုးသမီး တပည့်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူမက အော်လိုက်မိသည်။ “စီနီယာ အစ်ကို ပြန်လာပြီ…”

ဒုတိယ တပည့်၏ မျက်နှာက သုတ်မှုန်သွား၏။ သို့သော် ချက်ချင်း ဝမ်းမြောက်သည့် အသွင် ပြန်ဖြစ်သွား လေသည်။

ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူ၏ မှတ်ဉာဏ်မျာကို ကြည့်၍ ဒီလူငယ်က သူ့တပည့် အကြီးဆုံးဖြစ်ကြောင်း သိလိုက်သည်။ ဒီအကြီးဆုံး တပည့်က အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူနှင့် ဆွေမျိုးနီးစပ်တော်၏။

အကြီးဆုံး တပည့်က ပါရမီရှင် တစ်ယောက်ဟု ပြော၍ရပေသည်။ သူက နှစ်ပေါင်း တစ်ရာလောက်နှင့် အခြေခံ တည်ဆောင်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်လာခဲ့ပြီး အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ၏ မှတ်ဉာဏ်များအရ သူက အကြီးဆုံး တပည့်ကို နှစ်သက်လေသည်။ သူက သူ့တပည့်ကြီးကို အခြား အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ အမျိုးသမီးနှင့် လက်ထပ် ပေးရန် စီစဉ်ထား၏။

သူ့ရှေ့က လူငယ်အကြောင်းကို သိပြီးနောက် ဝမ်လင်းက ထပ်မံ အာရုံစိုက်ခြင်း မရှိတော့ချေ။ ဓားပျံက မျှော်စင်ရှေ့သို့ ရောက်လာခဲ့၏။ အကြီးဆုံး တပည့်က ဒူးထောက်၍ ရှင်းလင်းသည့် အသံဖြင့် ပြောလိုက်သည်။ “တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ်။ တပည့်က ကံကောင်းပြီးတော့ ဒီမဟာမိတ်ကလန် လေးခုနိုင်ငံရဲ့ ကျွင်းကျန်နေသေးတဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်…”

ဝမ်လင်းအသွင်က တည်ငြိမ်နေ၏။ သို့သော် သူ့နှလုံးခုန်နှုန်းက မြန်နေခဲ့ပြီ ဖြစ်သည်။ သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူ၏ မှတ်ဉာဏ်များထဲတွင် သူ့တပည့်ကြီးကို တစ်နေရာသို့ စေလွှတ်ခဲ့ပေသည်။ ဒီနေရာက သေမျိုးများ တင်ပြခဲ့သော နေရာဖြစ်သည်။ သူတို့က ရွှမ်ယွဲက လူမဟုတ်သည့် တစ်စုံတစ်ယောက် ရှိသည့်နေရာကို တွေ့မြင်ခဲ့ကြောင်း တင်ပြခဲ့ခြင်းပင်။

ထို့ကြောင့် အမြုတေ ကျင့်ကြံသူက ထိုကိစ္စနှင့်ပတ်သက်၍ သူ့တပည့်ကြီးကို စေလွှတ် ခဲ့ခြင်းပင်။

မဟာမိတ်ကလန် လေးခုမှ ကျန်ရစ်ခဲ့သော ကျင့်ကြံသူများသည် မည်မျှ စွမ်းအား ကောင်းသည်ဖြစ်စေ နှစ်တစ်ချို့ ကြာပြီးနောက် ဒီနှင်းကြမ်းများ အောက်တွင် သူတို့က အားနည်း သွားမြဲပင်။

ပုံမှန်အားဖြင့် ဒီလို ကိစ္စမျိုး ကြုံတွေ့ရလျှင် ရေခဲနှင်း နတ်ဘုရား ကျောင်းသို့ တင်ပြရပြီး သူတို့က ဒီကိစ္စကို ဆောင်ရွက်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်လေ့ ရှိသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “ ငါ့ကို လမ်းပြ…”

အကြီးဆုံး တပည့်က မှင်တက်သွား၏။ ဒီလို ကိစ္စမျိုး ဖြစ်တိုင်း သူ့ဆရာက ပုံမှန်အားဖြင့် ကိုယ်တိုင် ဆောင်ရွက်လေ မရှိပေ။ သို့ရာတွင် သူက ပြန်မေး မနေတော့ဘဲ ခေါင်းညိတ်၍ ဦးဆောင် ခေါ်သွားလိုက်သည်။

အခြားတပည့် နှစ်ယောက်လည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်၍ နောက်မှ လိုက်သွားကြသည်။ တကယ်တော့ သူတို့ ဆရာကိုယ်တိုင် သွားနေသဖြင့် သူတို့က မလိုက်သွားရင် ဒုက္ခများသွားမည် စိုးသောကြောင့်ပင်။

သူတို့ လေးယောက်က အကွာအဝေးတစ်ခုသို့ ပျံသန်း၍လာကြသည်။ ခဏအကြာတွင် အကြီးဆုံး တပည့်က ရပ်တန့်လိုက်သည်။ သူက နှင်းဖုံးတောင် တစ်ခုကို ညွှန်ပြ၍ ပြောလိုက်သည်။ “တပည့်က ပျံသန်းနိုင်တဲ့ ရေခဲရုပ်ကို အသုံးပြုခဲ့ပြီး လူတစ်ယောက်က ဒီနေရာမှာ ပျောက်ကွယ် သွားတာကို တွေ့မြင်ခဲ့ပါတယ်။ ဒီနေရာက ပုန်းကွယ်နေတဲ့ နေရာတစ်ခုလို တပည့် ထင်မြင်ပါတယ်…”

ဝမ်လင်းက ဒီဧရိယာကို နတ်ဘုရား အာရုံဖြင့် စစ်ဆေးလိုက်သည်။ ဒီနောက် သူက အာရုံ စိုက်မိလာသည်။

“မင်းတို့ သုံးယောက် ဒီမှာ စောင့်နေကြ…” သူက ထိုသို့ အမိန့်ပေးပြီးနောက် ရှေ့သို့ ဆက်ပျံသန်း လာခဲ့သည်။

ဝမ်လင်း သူ့နတ်ဘုရား အာရုံဖြင့် နှင်းဖုံး တောင်တန်း အောက်တွင် အတားအဆီး အစီအရင် တစ်ခု ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ၎င်းအစီအရင် ထဲတွင် စိတ်ဝိညာဉ်နှစ်ခု တည်ရှိလို့နေ၏။ တစ်ခုက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သာ ရှိသေးသော်လည်း အခြား တစ်ယောက်တော့ အလွန် ထူးဆန်းလှ၏။ နောက်စိတ်ဝိညာဉ် တစ်ခုက တစ်ခါတစ်ရံ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ဖြစ်လိုက်၊ စဦးစိတ်ဝိညာဉ် အဆင့်ဖြစ်လိုက်၊ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဖြစ်လိုက် စသဖြင့် တည်ရှိလို့ နေသည်။

ဒီလိုဖြစ်ရသည့် အကြောင်းရင်းမှာ ဒီလူ၏ စဦးစိတ်ဝိညာဉ်နှင့် ကျင့်ကြံမှု အဆင့်က ပြန့်ကျဲသွားသဖြင့် မတည်မငြိမ် ဖြစ်နေသည့် သဘောပင်။

ဝမ်လင်းခန္ဓာကိုယ်က နှင်းဖုံး တောင်ထိပ်ပေါ်တွင် ခြေချလိုက်ပြီးနောက် အထဲသို့ ဝင်ရောက် လိုက်၏။ သူက အတားအဆီးနှင့် နီးကပ်လို့ လာနေသည်။

သူက မကြာခင်မှာ အတားအဆီးထံသို့ ရောက်လာခဲ့သည်။ အတားအဆီး အစီအရင်တစ်ခု ဖြစ်နေသ၍ ဝမ်လင်းက စိုးရိမ်မှု လုံးဝမရှိပေ။ သူက အတားအဆီး အဝိုင်းနှစ်ခုကို ထုတ်လွှတ် လိုက်သည်။ အတားအဆီး အဝိုင်းနှစ်ခုက သိပ်မကြာခင်မှာ စတင် ပေါင်းစပ်လာ၏။

ဝမ်လင်းက အတားအဆီးကို ဖြတ်၍ အထဲသို့ ဝင်လာခဲ့သည်။ သူဝင်လာ ပြီးချင်းချင်းမှာပင် ဓားများစွာက သူ့ကို တိုက်ခိုက်လာသည်ကို တွေ့လိုက်ရ၏။

ဝမ်လင်း အကြည့်က တည်ငြိမ်လျက်ပင်။ သူက လက်ကို လေထဲသို့ ညွှန်လိုက်ပြီးနောက် ထပ်တိုးတိုး ပြောလိုက်သည်။ “ရှင်သန်ခြင်း…”

သေခြင်းရှင်ခြင်း နယ်ပယ်က ဝမ်လင်းလက်ထိပ်တွင် လာရောက် စုဝေးလာ၏။ ညင်သာသော လက်ညှိုးတစ်ချက်တွင် ကောင်းကင်နှင့် မြေကြီး၏ နည်းလမ်းများ ပါဝင်နေသလို ထူးဆန်းမှုများဖြင့်လည်း ပြည့်လို့ နေသည်။

ဓားများထံမှ အလင်းတစ်ခု ထုတ်လွှတ်လို့ နေသည်။ အခုချိန်တွင် ထိုဓားမျာထံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ် စွမ်းအင်များသည် အရင်ကထက်ပို အားကောင်းလာခဲ့၏။

သို့ရာတွင် နယ်ပယ်စွမ်းအားက ဒီနတ်ဘုရားအာရုံကို လုံးဝ ပယ်သတ် ပစ်လိုက်သည်။

ဝမ်လင်းက သူ့ရှေ့ရှိ ဆွံ့အ ထိတ်လန့်နေသော လူငယ်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ဒီလူငယ်၏ နောက်တွင်တော့ ရေခဲအိပ်ရာပေါ်တွင် လဲလျောင်းနေသော အဘိုးအို တစ်ယောက် ရှိလေသည်။ ဒီလူ၏ မျက်လုံးများက ပိတ်ထားပြီး သူ့မျက်နှာကလည်း စိမ်းလိုက်နီလိုက် ဖြစ်နေသည်။

ဝမ်လင်းက လက်ညှိုးတစ်ချက် တောက်ထုတ် လိုက်ပြီးနောက် ဓားများ အားလုံးက မြေပေါ်သို့ ကျရောက် သွားလေသည်။

လူငယ်က အသိ ပြန်လည်လာခဲ့သည်။ သူ့မျက်နှာတွင် ဝမ်းနည်းမှုများနှင့် နာကြည်းမှုများ ရောထွေးလို့ နေသည်။ သူက လက်သီး ကျစ်ကျစ်ဆုပ်၍ အောက်လိုက်၏။ “မင်းတို့ ကောင်တွေ ငါတို့အိမ်ကို ဖျက်ဆီးခဲ့တယ်။ ခုမင်း ငါတို့နေရာကို သိသွားခဲ့ပြီ။ မင်း ငါတို့ကို ဒီနေ့သတ်ရင် နောက်တစ်ချိန်ကျရင် မင်းတို့ကို ပြန်သတ်တဲ့လူ ပေါ်လာဦးမှာပဲ…”

လူငယ်၏ အသံက ခိုင်ကျဉ်လို့ နေသည်။

ဝမ်လင်း အကြည့်က လူငယ်ထံမှ အဘိုးအိုထံသို့ ရောက်ရှိသွား၏။

လူငယ်က ဝမ်လင်းအကြည့်ကို ကာဆီးလိုက်သ်။ သူက ဝမ်လင်းကို ကြည့်၍ ခဏတာ စဉ်းစားလိုက်ပြီး နောက်မှာတော့ ဒူးထောက်ချ၍ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ငါ့ဆရာကို မသတ်ပါနဲ့။ ငါ့ကိုပဲ သတ်ပါ။ ငါက မှင်ရေကလန်ရဲ့ ဂျူနီယာခေါင်းဆောင်ပါ။ မင်းငါ့ကို ဖမ်းမိပြီး ပြန်သွားမယ် ဆိုရင် သေချာပေါက် ဆုချီးမြှင့်ခြင်း ခံရလိမ့်မယ်။ မင်းက ငါ့ဆရာကို ခွင့်လွှတ်ပေးမယ် ဆိုရင် မင်းနဲ့လိုက်ဖို့ ဆန္ဒရှိပါတယ်။ မဟုတ်ရင်တော့ ငါ့အလောင်းတောင် မရစေရဘူး…”

ဝမ်လင်းက အပြင်ပန်းတွင် တည်ငြိမ်သော်လည်း သူ့နှလုံးသားကိုတော့ အနည်းငယ် ထိရှစေ၏။ သူက လူငယ်ကို ကြည့်၍ မေးလိုက်သည်။ “မင်းအသက်နဲ့ မင်းဆရာရဲ့ အသက်ကို ဘာကြောင့် အလဲအထပ် လုပ်ချင်ရတာလဲ…”

လူငယ်က အချိန်အတော်ကြာ တိတ်ဆိတ်လို့ နေပြီးနောက် ပြုံး၍ ပြောလိုက် သည်။ “ဆရာက လွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ငါ့ကိုကယ်တင်ခဲ့တယ်။ ဒါကြောင့်ပဲ ငါက သူအသက်ရှင်ဖို့ ကြိုးစားနေရတာ…”

“ဟွန်းအာ မြန်မြန်ထ။ ဒီလူက ရွှမ်ယွဲ့က ကျင့်ကြံသူ တစ်ယောက်မဟုတ်ဘူး…” အဘိုးအိုက ဖြည်းညင်းစွာ မျက်လုံး ပွင့်လာခဲ့သည်။

လူငယ်က ကြောင်ရီသွား၏။ သို့သော် သူမျက်လုံးများက လက်ခနဲ ဖြစ်လာခဲ့ပြီး အလွန်လည်း စိတ်လှုပ်ရှားလို့ နေသည်။ “သူက သူ့ဆရာဘေးနားသို့ ကပ်သွားပြီး မေးလိုက်သည်။ ဆရာ… နိုး…နိုးလာပြီလား…”

ဝမ်လင်းက အဘိုးအိုကို တစ်ချက်ကြည့် လိုက်သည်။ “သူက လက်သီးနှစ်ဖက် ဆုပ်၍ ပြောလိုက်သည်။ ဂျူနီယာက မင်ရေကလန်ရဲ့ စီနီယာကို နှုတ်ဆက်ပါတယ်…”

အဘိုးအိုက ချောင်းဆက်တိုက် စိုးလို့နေသည်။ ဝမ်လင်းက သေခြင်း ရှင်ခြင်း နယ်ပယ်ကြောင့် အဘိုးအို ပတ်လည်တွင် အားကောင်းသော သေခြင်း အော်ရာများ ဝန်းရံ နေသည်ကို ရှင်းလင်းစွာ တွေ့နေရ၏။ သူ့ဘဝက အဆုံးသတ်ရန် နီးလာပေပြီ။

အဘိုးအိုက ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်ရင်း ပြောလိုက်သည်။ “‌ရောင်းရင်းလေး။ မင်းကို နှုတ်ဆက်ဖို့ အတွက် ငါ ဒဏ်ရာတွေ အများကြီး ရနေလို့ပါ။ ဒါ့ကြောင့် ငါ့ကိုခွင့်လွှတ်ပေးဖို့ မျှောင်လင့်ပါတယ်။ ရောင်းရင်းလေး မင်းဒီနေရာကို ဘာအတွက် ရောက်လာခဲ့တာလဲ…”

ဝမ်လင်းက သက်ပြင်းချ၍ ပြောလိုက်သည်။ “စီနီယာက ရွှမ်ယွဲ့ ကျင့်ကြံသူတွေ လက်ထဲကနေ ပုန်းအောင်း နေနိုင်ခဲ့တယ်။ အခုက သင့်အတွက် ထွက်ခွာဖို့ အကောင်းဆုံး အချိန်ပဲ…”

“စီနီယာ ဒဏ်ရာတွေက အလွန်ပြင်းတဲ့ အတွက် ဒီပုလင်းထဲက ဆေးတွေကို ဂရုတစိုက် သောက်ပါ။ အနည်းဆုံးတော့ စီနီယာ ကျင့်ကြံမှု ဆုံးရှုံးနေတဲ့ နာကျင်မှုကို သက်သာစေလိမ့်မယ်။ ဒီနောက် စီနီယာက ဒီနေရာက ထွက်သွားပါ။ ကမ္ဘာကြီးက ကျယ်ပြောပါတယ်။ တနေ့မှာ စီနီယာရဲ့ ကျင့်ကြံခြင်းတွေ ပြန်ကောင်းလာနိုင်တဲ့ အခွင့်ရှိလာ နိုင်ပါလိမ့်မယ်…”

အဘိုးအိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက ဆေးပုလင်းကို ကြည့်ပင် မကြည့်ဘဲ ပြောလိုက်သည်။ “ရောင်းရင်းလေး။ မင်းက ဘယ်ကလန်ကလဲ ဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါထွက်သွားမယ် ဆိုရင် ဒီနေရာကို ပြန်မလာနိုင်တော့ဘူး။ ဒါပေမဲ့ ငါဘာလို့ ထွက်မသွားတာလည်း သိလား…”

ဝမ်လင်းက ညင်သာစွာ ခေါင်းခါ ပြလိုက်သည်။

“ဒါက ငါ့အိမ်ပဲ။ ငါက ဒီမှာ မွေးခဲ့တယ်။ ဒီတော့ သေရင်လည်း ဒီနေရာမှာပဲ သေလိုက်မယ်…” အဘိုးအို၏ အသံက နူးညံ့ နေသော်လည်း ထိုအသံထဲတွင် ဖော်ပြရန် ခက်သော အရှိန်အဝါများ ပါဝင်လို့နေ၏။

ဝမ်လင်းက အဘိုးအိုကို ကြည့်၍ ဘာမှ ဆက်မပြောတော့ပေ။ သူက လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်ပြီး ထွက်ခွာရန် လှည့်လိုက်သည်။ တကယ်တော့ သူဒီနေရာကို ရောက်လာရသည့် အကြောင်းမှာလည်း သတ်ရန် မဟုတ်ဘဲ တက်နိုင် သလောက် ကူညီပေးရန်သာ ဖြစ်သည်။ ဝမ်လင်းက ပြန်လှည့်ထွက် သွားမလို လုပ်လိုက်စဉ် အဘိုးအိုက ဆေးပုလင်းကို ကြည့်၍ သက်ပြင်း ချလိုက်သည်။ ထို့နောက်သူက လက်ဝှေ့ယမ်းလိုက်ပြီး ငှက်မွေးတောင် နှစ်ခုသာ ရှိတော့သော ယပ်တောင်ကို ထုတ်ယူလိုက်၏။

“ရောင်းရင်းလေး… ဒါက မင်းရဲ့ ဆေးအတွက် ငါပြန်ပေးတဲ့ လက်ဆောင်ပါ…”

ဝမ်လင်းက ယပ်တောင်ကို ဖမ်းလိုက်ပြီးနောက် သူ့အသွင်က ပြောင်းလဲသွားသည်။ သူက ဒီယပ်တောင်ကို မြင်ခဲ့ဖူးလေသည်။ မဟာမိတ် ကလန်လေးခု၏ သတ်ဖြတ်ခြင်း အစီအရင်ဖြင့် တိုက်ခိုက်ခဲ့သော အမျိုးသမီးသည် ဒီယပ်တောင်ကို အသုံးပြုခဲ့ပေသည်။ သူက သူမ သေဆုံးသွားသည့် အခါ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်ထဲက တစ်ယောက်က ဒီယပ်တောင်ကို သိမ်းယူ သွားကြောင်း သိခဲ့သည်။

သူက နောက်သို့ ပြန်လှည့်လိုက်ပြီး အဘိုးအိုကို ဂရုတစိုက် ကြည့်လိုက်သည်။ ဒီလူက သတ်ဖြတ်ခြင်း အစီအရင်တွင် ပါဝင်ခဲ့သော စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်တွေထဲက တစ်ယောက် ဖြစ်နေခဲ့သည်။

အတိတ်ရဲ့ တောက်ပမှုများက ခုတော့ မှေးမှိန်လျက်….

ဝမ်လင်းက စိတ်ရှုပ်ထွေးနေသည့် အခြေအနေ တစ်ခုနှင့် ပြန်ထွက် လာခဲ့သည်။ တပည့် သုံးယောက်ကလည်း စကားပင် မဟရဲချေ။ သူတို့က ဝမ်လင်းနောက်မှာ ငြိမ်ကုပ်ကုပ်ဖြင့် ကပ်လိုက် လာ၏။ ဝမ်လင်း ထွက်သွားပြီး သိပ်မကြာခင်မှာ နှင်းဖုံးတောင်မှ လူနှစ်ယောက် ထွက်လာခဲ့သည်။ သူတို့က ဝမ်လင်း ပျောက်ကွယ်သွားသော အရပ်သို့ ငေးကြည့်နေလျက် ရှိကြသည်။

ရွှမ့်ယွဲနယ်စပ်တွင် အဘိုးအိုက အစီအရင် တစ်ခုကို ဖန်တီး ဖွင့်လှစ်လိုက်သည်။ သူက ဆေးလုံး တစ်ဝက်ကို လူငယ်ထံသို့ ခွဲပေးလိုက်၏။ ထို့နောက် လူငယ်ကို ချစ်ခင်စွာ ကြည့်၍ ပြောလိုက်သည်။ “သွားတော့… မင်းက ခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် အားကိုး ရတော့မယ်။ ဘာလို့လဲဆိုတော့ အနာဂတ်မှာ မင်းဆရာက ထပ်ရှိနေမှာ မဟုတ်လို့ပဲ…”

လူငယ်၏ မျက်လုံးများက ဝမ်းနည်းမှုများနှင့် ပြည့်နေခဲ့သည်။ ထို့နောက် အဘိုးအိုက လူငယ် ဘာမှမပြောခင် အင်္ကျီလက်ကို ရမ်း၍ လူငယ်ကို တွန်းထုတ်လိုက်၏။ ထို့နောက် ရွှမ်ယွဲ့၏ အကာအကွယ် အစီအရင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။

လူငယ်က သူ့ဆရာကို အခြားတစ်ဖက်ကနေ ကြည့်လို့နေ၏။ သူ့မျက်လုံးများကလည်း နီရဲလို့နေပြီး အသံကလည်း အက်ကွဲလို့ နေသည်။ “ဆရာ…”

အဘိုးအိုက ရယ်မောပြီးနောက် ကျန်သည့် ဆေးလုံးအားလုံးကို တစ်ပြိင်နက်တည်း သောက်ချ ပလိုက်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များက အထိတ်အထိပ်သို့ လျင်မြန်စွာ ခုန်တက် လာခဲ့တော့၏။ သို့သော် ဒါက ယာယီသာ ဖြစ်သည်။

ထို့နောက် အဘိုးအိုက လှုပ်ရှားလိုက်သည်။ သူ့ဦးတည်ရာက ရွှမ်ယွဲ့နိုင်ငံ အလယ်ရှိ နှင်းရေခဲ နတ်ဘုရားကျောင်းပင် ဖြစ်လေ၏။

သူက သေဆုံးရမည် ဆိုလျှင်ပင် သူ့မွေးရပ်နိုင်ငံတွင် သေဆုံးပေမည်။ သူက သူ့နိုင်ငံကို ကာကွယ်ရင်း သေဆုံးပေမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset