Switch Mode

အပိုင်း(၃၂၅)

ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ ပြောင်းလဲမှု

၎င်းအလင်းတန်းက ဝမ်လင်းပင်။

ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့က မြေစိတ် ဝိညာဉ်ကို စုပ်ယူပြီးနောက် ထူးဆန်းသော ပြောင်းလဲမှု တစ်ခု ဖြစ်သွားခဲ့သည်။ ဝမ်လင်းအတွက် ထိုပုတီးစေ့ထဲတွင် အရင်ချိန်တွေတုန်းက ငါးနှစ်ကြာ နေထိုင်ရန် မဖြစ်နိုင်ခဲ့ပေ။ သို့သော် မြေဒြပ်စင် ပြည့်စုံပြီးနောက် ၎င်းပုတီးစေ့ အထဲတွင် ဝမ်လင်းက အရင်ချိန်ကထက် အဆများစွာ နေနိုင်လာခဲ့သည်။

နောက်ထပ် ကြီးကြီးမားမား အပြောင်းအလဲ တစ်ခုက ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ထဲတွင် အခုချိန်၌ စိတ်ဝိညာဉ် စွမ်းအင်အချို့ ရှိနေခြင်းပင်။ အစတုန်းက ဒီပုတီးစေ့ထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များ လုံးဝ မရှိခဲ့ပေ။

ပုတီးစေ့ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက အပြင်လောကရှိ စိတ်ဝိညာဉ် စွမ်းအင်များထက် များစွာ သန့်စင်လို့နေ၏။ ဝမ်လင်းက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို တစ်ခါမျှ မခံစားဖူးသော်လည်း ဒီပုတီးစေ့ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်က ၎င်းစွမ်းအင်ထက် အနည်းငယ်သာ သန့်စင်မှု နည်းနိုင်ပေ၏။

နောက်ထပ် အရေးကြီးသော ပြောင်းလဲမှု တစ်ခုက ပုတီးစေ့ထဲရှိ သေးငယ်သော အလင်း အရင်းအမြစ် အနည်းငယ်သည် အတူ စုဝေးသွား၍ ကောင်းကင်ထက်တွင် အလင်းတန်းကြီး ငါးခု ဖြစ်ပေါ်လာခြင်းပင်။

ဒီအလင်းတန်း ငါးခုထဲက သုံးခုမှာ တောက်ပလို့ နေ၏။ နောက်တစ်ခုက အနည်းငယ်သာ တောက်ပပြီး နောက်ဆုံး အလင်းတန်းက မှိန်ဖျော့လို့နေ၏။

ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် နှစ်ကာလ အချို့ ကြာအောင် နေထိုင်၍ ထိုအလင်းတန်းကြီးများကို လေ့လာခဲ့လေ၏။ သူက ဒီအလင်းတန်း ငါးခုမှာ ဒြပ်စင်များဖြင့် ဆက်နွှယ် ပတ်သက် နေလိမ့်မည်ဟု သဘောပေါက် လိုက်သည်။

ကောင်းကင်ဘုံ ပုတီးစေ့ကြောင့် ဒြပ်စင် စွမ်းအင်များ စုဝေး၍ ထိုအလင်း ငါးခု ဖြစ်ပေါ်လာခြင်းပင်။

အနည်းငယ် တောက်ပနေသော အလင်းသည် သစ်သားဒြပ်စင် ဖြစ်၏။

လုံးဝ မှိန်ဖျော့နေသော အလင်းသည် သတ္တုဒြပ်စင် ဖြစ်၏။

ဝမ်လင်းက သည်နှစ်များကို ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် လေ့လာရင်း ကုန်ဆုံးစေခဲ့၏။ သူက ဒီအလင်းတန်းများထံမှ ထူးဆန်း အံ့ဖွယ် ခံစားချက်ကိုလည်း ရရှိမိနေ၏။ ဒီအလင်းတန်းများသည် အသက် ရှိသကဲ့သို့ပင်။

ဒီလို အလင်းတန်းများ အသက်ရှိနေသလို အချက်ကို ကောင်းကင်ဘုံ ပုတီးစေ့ထဲတွင် ဝမ်လင်းထက် ကျင့်ကြံမှု အဆင့်ပိုမြင့်သည့် တစ်ယောက် ဖြစ်နေမည်ဆိုလျှင်ပင် ဒီအရာကို သတိပြုမိရန် အတော်လေး ခက်ခဲပေလိမ့်မည်။ ဝမ်လင်းက ဒီအရာကို သတိပြုမိခြင်းမျာ သူ့ကိုယ်ပိုင် နယ်ပယ်ဖြစ်သည့် သေခြင်း ရှင်ခြင်းနယ်ပယ်ကို လေ့ကျင့်သောကြောင့်သာ ဖြစ်၏။ သူက ဒီသေခြင်း ရှင်ခြင်းနှင့် ပတ်သက်၍ ဉာဏ်အလင်း ရလိုက်သည့် အတော အတွင်း ဒီအလင်းတန်း များက အသက်ရှိ နေသည်ဟု ထောက်လှမ်း နိုင်စွမ်း ရှိလိုက်ခြင်း ဖြစ်လေ၏။

ဒီတွေ့ရှိချက်က အလင်းများအပေါ် သူ့စိတ်ဝင်စားမှုကို တိုးမြှင့် သွားစေခဲ့၏။

တစ်ခါတုန်းက စစ်ထူနန်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကြောင့် ဟင်္သာပြဒါး ဂြိုဟ်ရှိ ထိပ်သီးကျင့်ကြံ သူများအပြင် အခြားဂြိုဟ်များမှ ကျင့်ကြံသူများပါ ရောက်လာပြီး ၎င်းအတွက် တိုက်ခိုက်ကြသည်လို့ သူ့ကို ပြောခဲ့ဖူးပေသည်။ သူကိုယ်တိုင်ပင် သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရပြီး စဦး စိတ်ဝိညာဉ်က သည်ပုတီးစေ့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည့် အတွက် အသက် ရှင်ရုံလေး ဖြစ်ခဲ့ရပေ၏။

ဒီလို အဖြစ်အပျက် များပြီးသည့်နောက် သူက ဒီထိပ်သီး ကျင့်ကြံသူများ ထက်ထဲမှ လွတ်မြောက်ခဲ့ရ၏။ နှစ်များစွာ ကြာပြီး နောက်တွင်တော့ ဒီပုတီးစေ့က ငှက်တစ်ကောင်၏ အစာအိမ်ထဲတွင် အဆုံးသပ်ခဲ့ရပြီး ဒီနောက်တွင် ဝမ်လင်းက တွေ့ရှိခဲ့ခြင်းပင်။

ဝမ်လင်းတွင် ဒီပုတီးစေ့ ရှိသည်မှာ နှစ်ပေါင်းလေးရာကျော် ရှိခဲ့ပြီ ဖြစ်၏။ သို့သော် သူက ဒီပုတီးစေ့၏ စွမ်းရည် လုပ်ဆောင်ချက် အစစ်အမှန်ကို မရှာဖွေနိုင်ခဲ့သေးပေ။ သူ့အမြင်တွင် ဒီပုတီးစေ့က အချိန်ကို အဆင့်တစ်ခုသို့ ပြောင်းလဲနိုင်သည့် အပြင် သာမန်ရေကိုလည်း စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်သော အရည် ဖြစ်စေနိုင်ခဲ့၏။

ဒီစွမ်းရည်များက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများ အတွက် အလွန် အသုံးဝင်လှသည်။ သို့သော် ဒီစွမ်းရည်များက ၎င်းအဆင့်နှင့် အထက် ကျင့်ကြံသူများ အဖို့တော့ အသုံးမလိုတော့ပေ။

တကယ်တော့ စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဖြတ်ကျော်ရန်က သေမျိုး ကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအင်များက ကျင့်ကြံရန် အတွက် လုံလောက်အောင် မသန့်စင် ကြတော့ပေ။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်သာလျှင် အသုံးဝင် နိုင်တော့၏။ ထို့ကြောင့်လည်း သေမျိုး ကမ္ဘာရှိ စိတ်ဝိညာဉ် စွမ်းအင်များက သူတို့ကို မဆွဲဆောင် နိုင်တော့ခြင်းပင် ဖြစ်လေ၏။

ရေကို စိတ်ဝိညာဉ် စွမ်းအင်အရည်သို့ ပြုလုပ်ခြင်းနှင့် အချိန် ပြောင်းလဲခြင်းက အသုံးဝင်သော်လည်း ဒီစွမ်းရည် များလောက်ဖြင့်တော့ ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ ထိပ်သီး ကျင့်ကြံသူများနှင့် အခြား ဂြိုဟ်မှ ကျင့်ကြံသူများပါ ရောက်လာပြီး ဒီပုတီးစေ့အတွက် တိုက်ခိုက်ရန် မလိုအပ်ချေ။

ဝမ်လင်းက ဒီပုတီးစေ့တွင် အခြား အသုံးဝင်သော အရာများစွာ ရှိဦးမည်ဟု ယုံကြည်ပါ၏။ မဟုတ်လျှင် စွမ်းအားကောင်းသော ကျင့်ကြံသူများက ၎င်းအတွက် အဘယ်ကြောင့် တိုက်ခိုက် ကြမည်နည်း။

စစ်ထူနန်ကလည်း ဒီပုတီးစေ့ကို နှစ်များစွာ လေ့လာပြီး နောက်တစ်ခု ပြောခဲ့လေသည်။ သူက ဒီပုတီးစေ့သည် ဒြပ်စင်ငါးခုကို ပြည့်ဝစွာ စုပ်ယူပြီး နောက်မှသာ ၎င်း၏ စစ်မှန်သော သဘာဝကို ပြသလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ဝမ်လင်း၏ ဒီပုတီးစေ့ အပေါ်စိတ်ဝင်စားမှုကလည်း အချိန်နှင့်အမျှ လျော့ကျသွားခြင်း မရှိဘဲ ပို၍သာ တိုးလာ ခဲ့လေ၏။

သူက အလင်းငါးခုက ရွှမ်ယွဲ့မှ အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး၏ ဒြပ်စင် ငါးခု စိတ်ဝိညာဉ် များကဲ့သို့ ဖြစ်လာရန် မျှော်လင့်မိပေသည်။

တကယ်တော့ ဒီအရာက မှန်းဆချက် သက်သက် ဖြစ်နေပါသေး၏။

ဝမ်လင်းက ရွှမ်ယွဲ့နိုင်ငံသစ် နယ်စပ်တွင် ရပ်နေရင်း သက်ပြင်း ချမိလိုက်သည်။ သူက လွန်ခဲ့သော နှစ်များက ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ထဲတွင် အလင်းများကို လေ့လာပြီးနောက် ကျန်သည့် အချိန်များကို သေခြင်းရှင်ခြင်း နယ်ပယ်ကိုသာ ကျင့်ကြံရင်း ကုန်ဆုံး စေခဲ့သည်။

သူက ပုတီးစေ့ထဲတွင် ဆယ်စုနှစ်ကျော် ရှိနေခဲ့၏။ သို့သော် သူက သေခြင်းရှင်ခြင်း နယ်ပယ်ကို လေ့ကျင့်သည့် အချိန်တိုင်း ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့၏ အချိန် ပြောင်းလဲနိုင်သည့် စွမ်းအားက ဆုံးရှုံးလို့ သွား၏။ အပြင်ဘက်တွင် ငါးနှစ် ကုန်ဆုံးသွားပြီး ပုတီးစေ့ထဲရှိ အချိန်မှာလည်း မည်မျှ ကုန်ဆုံး သွားသည်ဖြစ်စေ သူ့နယ်ပယ်ထဲတွင်တော့ အပြင်ကအတိုင်း ငါးနှစ်သာ ဖြစ်၏။

ဒီအချက်က ဝမ်လင်းကို ပဟေဠိ ဖြစ်စေ၏။ ထိုအခိုက်တွင် ဝမ်လင်းက သူ့ကိုယ်ပိုင် ကျင့်ကြံမှု အဆင့်ကို ခံစားမိခဲ့၏။ သူက စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရှိရန် သူ့နယ်ပယ်ကို လေးနှစ်ကျော်သာ ကျင့်ကြံရန် လိုတော့ပေ၏။

ဝမ်လင်းက သူသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွား သည်နှင့် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့် အဘွားအိုနှင့် ထပ်ရင်ဆိုင် ရမည်ဆိုပါက နတ်ဘုရား ပြစ်ဒဏ် အသုံးမပြုဘဲ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်လို့ နေသည်။

ဝမ်လင်းက ကောင်းကင်ဘုံ ပုတီးစေ့ထဲမှ ထွက်လာခဲ့သည်။ ဒီအထဲတွင် ဝမ်လင်းက ဆက်နေ၍ မရတော့ပေ။ ပုတီးစေ့ထဲတွင် ငါးနှစ်သာ နေထိုင်နိုင်သည်က အကန့်အသတ် ဖြစ်ဟန်ရသည်။

ဝမ်လင်းက သက်ပြင်း ချလိုက်သည်။ သူက ပျံသန်းရမည့် အစား ရှေ့သို့ခပ်နှေးနှေး လမ်းဆက်လျှောက် လာခဲ့သည်။ သူက ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီးနောက် ရေခဲ ကွင်းပြင်ကြီး ပေါ်တွင် လမ်းလျှောက် သွားနေခဲ့၏။

အေးစက်စက် လေကြမ်းနှင့် နှင်းစက်များက သူ့ခန္ဓာကိုယ်ကို အချိန်တိုင်း အသက်ရှူလိုက်တိုင်း ကျုးကျော် ဝင်ရောက်လာကြ၏။ အချိန်တစ်ခု ကြာပြီးနောက် သူက အဝေးရှိ ရေခဲမြို့ တစ်မြို့ကို လှမ်းမြင် လိုက်ရသည်။

မြို့တော် အလယ်တွင် အလွှာထပ်ပေါင်း သုံးဆယ်ကျော် ပါသော ရေခဲမျှော်စင် တစ်ခုရှိပြီး ထိုမျှော်စင်ထံမှ ထူးဆန်းသော အလင်းများ ထုတ်လွှတ်လျက် ရှိ၏။

အခုဝမ်လင်း ခြေချ ထားသော နေရာသည် ရွမ်ယွဲ့နိုင်ငံသစ် ပိုင်ဆိုင်သောနေရာ ဖြစ်လေ၏။ ခုချိန်တွင် ဝမ်လင်းက နောက်လေးနှစ်တွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိအတွက် လေ့ကျင့်လို့ ကောင်းမည့် တိတ်ဆိတ်သည့် နေရာ တစ်ခုလောက် လိုချင်နေခဲ့သည်။

ဝမ်လင်းက ရေခဲမြို့သို့ ရောက်လာပြီးနောက် သူက သေမျိုး တစ်ယောက်နှင့် ဘာမှ မကွာခြားသည့် လူတစ်ယောက် ဖြစ်သွားလေသည်။

ရွှမ်ယွဲ့တွင်လည်း သေမျိုးများ နေထိုင်လေ၏။ သူတို့က နယ်မြေ အသစ်သို့ ပြောင်းရွှေ့ လာပြီးနောက် ကျင့်ကြံသူများ၏ အကူအညီဖြင့် မြို့များတည်၍ နေထိုင်ကြလေသည်။

ဝမ်လင်းက မြို့ထဲတွင် မသိမသာ ပေါ်ထွက်လာသလိုပင်။ သူက မြို့ထဲရှိအိမ်များ အားလုံးကို လိုက်ကြည့်နေရင်း အစိမ်းသပ်သပ် ဖြစ်သည့် နေရာတစ်ခုသို့ ရောက်သွားသည်ဟု အလိုလို ခံစားမိနေ၏။

လူအများစုက အပြင်သို့ လမ်းလျှောက် ထွက်နေခြင်း မရှိကြသလို စားသောက်ဆိုင်၊ တည်းခိုခန်း များလည်း ပေါပေါများများ မရှိကြပေ။ မြို့ရှိမြင်ကွင်း အများစုက ရေခဲ အရုပ်ဆိုင်များဖြင့် ပြည့်လို့ နေ၏။

လမ်းတစ်လျှောက်မှာလည်း စကားပြောဆို နေသူများ မရှိကြပေ။ လူအားလုံးက အလျင်လို နေပြီး ရေခဲရုပ် ထွင်းထုခြင်းကိုသာ အာရုံစိုက်လို့ နေကြ၏။

သေမျိုး တစ်ယောက်က ရေခဲရုပ် တစ်ရုပ် ထွင်းထုပြီးတိုင်း ရေခဲမျှော်စင်သို့ သွားရောက် ပို့ဆောင်ကြ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်က တစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဒီတစ်နှစ်အတွင် ဝမ်လင်းက ရွှမ်ယွဲ့နိုင်ငံ အနှံ့အပြား မြို့များအားလုံး နီးပါးကို လှည့်ပတ် သွားလာနေခဲ့သည်။ သူက ရွှမ်ယွဲ့မှ သာမန်သေမျိုး တစ်ယောက်ကဲ့သို့ ဝတ်စားထားသည့် အတွက် လူအများက သူ့ကို ထူးထူးခြားခြား အာရုံစိုက်မိခြင်း မရှိကြပေ။ အခုဝမ်လင်းက သားမွေး အင်္ကျီနှင့် ဦးထုပ်ကို ဝတ်ဆင် ထားလေသည်။

ဒီတစ်နှစ်အတွင်း ဝမ်လင်းက ရွှမ်ယွဲ့နှင့် ပတ်သက်၍ အတော်များများ လေ့လာခဲ့သည်။ ရွမ်ယွဲ့မှ သေမျိုးများသည် ကျင့်ကြံသူများ အတွက် ရေခဲရုပ်များ ဖန်တီးပေးရန် အတွက်သာ အသက်ရှင် တည်ရှိနေကြတာ ဖြစ်သည်။

သူတို့က ရေခဲရုပ်များကို ဖန်တီး၍ အသက်ရှင်ရန် အတွက် လိုအပ်သော အရာများနှင့် အလဲအထပ် ပြုလေ့ရှိကြသည်။

ရွှမ်ယွဲ့တွင် ဘုရင်မိသားစု မျိုးနွယ်လား မရှိကြပေ။ ထိုအစား စွမ်းအား ကောင်းသော ကျင့်ကြံ သူများကသာ မြို့တိုင်းကို စီမံကြ၏။

ဝမ်လင်းက ဒီရေခဲရုပ်များ၏ အသုံးဝင်မှုကို လွန်ခဲ့သော နှစ်ကတည်းက လေ့လာ ရှာဖွေခဲ့သည်။ ကျင့်ကြံသူများက ဒီရေခဲရုပ်များ ပေါ်တွင် အစီအရင်များ ပြုလုပ်ကြပြီးနောက် အထူး နည်းလမ်းတစ်ခုကို အသုံးပြုပြီး အသက်ဝင် လာအောင် ပြုလုပ်ကြခြင်းပင်။ ဒီအရာက ရုပ်သေး တစ်ခုနှင့်ပင် ဆင်တူသေး၏။

ဒီနည်းလမ်းက အလွန် ထူးဆန်းလှ၏။ ထိုသို့ပြုလုပ်ရန် အတွက် ရွှမ်ယွဲ့မှ ကျင့်ကြံသူများ၏ အမြုတေ အစီအနှစ်များကို အသုံးပြုရန် လိုအပ်၏။ ဝမ်လင်းက ဒီနည်းလမ်းကို အချိန် အတော်ကြာ လေ့လာခဲ့သော်လည်း ခုထိသူက ဘာမှ နားမလည်သေးချေ။

ဒီရေခဲရုပ် အများစုကို အခြားနိုင်ငံများသို့ ရောင်းချလေ့ ရှိကြသည်။ စျေးနှုန်းကတော့ ဒီရေခဲရုပ်များ၏ ကျင့်ကြံမှု အဆင့်ပေါ်တွင် မူတည်လေသည်။

စျေးနှုန်း အကြီးဆုံး ရေခဲရုပ်များက စဦး စိတ်ဝိညာဉ် အဆင့်တွင် ရှိကြလေသည်။ ဝမ်လင်းက သူသွားလာခဲ့သော မြို့များတွင် ဒီလိုစဦး စိတ်ဝိညာဉ် အဆင့် ရေခဲရုပ်များကို အနည်းငယ် တွေ့မြင် ဖူးလေ၏။ ဒီအဆင့် ရေခဲရုပ် တစ်ရုပ် ပြုလုပ်ရန် မအောင်မြင် နိုင်သည့်နှုန်းက လွန်စွာ များ၏။

စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ရေခဲရုပ်များကိုတော့ ဝမ်လင်းက ခုထိ မတွေ့ဖူး သေးပေ။ ဒီလို အဆင့် ရေခဲရုပ် (သို့) ရုပ်သေးရုပ်များက ပြုလုပ်ရန် အလွန် ခက်ခဲလှပြီး ဖြစ်တောင် ဖြစ်နိုင်ပါ့မည်လော။ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ရေခဲရုပ်များကိုသာ အလွယ်တကူ လုပ်နိုင်နေမည် ဆိုပါကာ ရွှမ်ယွဲ့မှ ကျင့်ကြံသူများ၏ စွမ်းအားက အလွန်မြင့်သော အဆင့်သို့ ရောက်ရှိ နေပေလိမ့်မည်။

ဒီနှစ်တွင် ဝမ်လင်းက အခြားအဆင့် လေးနိုင်ငံတစ်ခုမှ ရေခဲရုပ်များစွာကို ဝယ်ယူ သွားသည်အား သူကိုယ်တိုင် ကြုံခဲ့မြင်ခဲ့ လိုက်ရ၏။

ဒီရေခဲရုပ်များ ပြုလုပ်ရန်အတွက် အရာဝတ္ထု များစွာ လိုအပ်လေ၏။ သို့သော် ရေခဲရုပ် များက ရွှမ်ယွဲ့ အတွက် အခြေခံ အုတ်မြစ် ဖြစ်၏။

ရွှမ်ယွဲ့၏ သေမျိုးများက သူတို့နိုင်ငံ၏ နယ်မြေတွင် စိတ်ဝိညာဉ် သွေးကြောများကို စတင် ရှာဖွေလို့ နေကြ၏။

သေမျိုးများက ကျင့်ကြံ သူများအတွက် တာဝန် ထမ်းဆောင် ပေးနေရသည့် ကျွန်များဟုပင် ပြော၍ ရပေသည်။ ဝမ်လင်းအတွက် ဦးနှောက် ခြောက်စေဆုံး အရာကတော့ သူတို့က ထိုအရာအတွက် ဂုဏ်ယူလို့ နေနေခြင်းပင်။

သူတို့က အလုပ်များစွာ ပိုလုပ်ရရင်ပင် မည်သို့မှ ညည်းညူ နေကြခြင်း မရှိပေ။

ဝမ်လင်းက ဒီနိုင်ငံတွင် တစ်နှစ်လောက် အချိန် ကုန်ဆုံးပြီး နောက်မှာတော့ ရွှမ်ယွဲ့နိုင်ငံသည် အလွန် ထူးဆန်းသော နိုင်ငံတစ်ခု အဖြစ် ကောက်ချက် ချလိုက်သည်။

ဝမ်လင်းအတွက် ပို၍ တုန်လှုပ် အံ့အားသင့် မိစေသော နောက်တစ်ချက် ရှိသေးသည်။ ဒီအချက်မှာ သေမျိုး အားလုံးတွင် သူတို့နှင့်အတူ ရေခဲရုပ်ငယ် တစ်ခု ရှိနေကြပြီး ဒီရေခဲရုပ် တိုင်းကလည်း သူတို့၏ သက်ဆိုင်ရာ မြို့များရှိ စွမ်းအား အကောင်းဆုံး ကျင့်ကြံသူနှင့် ချိတ်ဆက် ထားခြင်းပင်။

သူတို့က ဘယ်လောက် ပင်ပန်းနေပါစေ၊ သေမလို ဖြစ်နေမယ် ဆိုရင်တောင် မနက်နှင့် ညနေတိုင်း ဒီရေခဲရုပ်လေးကို ထုတ်၍ ဆုတောင်းလေ့ ရှိကြသည်။

ဒီယုံဖွယ် မရှိသော အရာများအားလုံးက ဝမ်လင်းကို ရွှမ်ယွဲ့နှင့် ပတ်သက်၍ ထူးဆန်းသော ခံစားချက်ကို ဖြစ်စေ ခဲ့လေသည်။ ဒီနိုင်ငံက နှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်း ထားသလို ရှင်သန်ခြင်း အားမာန်များလည်း ပျောက်ရှလို့ နေသည်။

ဒီနိုင်ငံတွင် ကောင်းကင် တစ်မိုးတည်းအောက် ဝမ်လင်းသွားသည် နေရာတိုင်းတွင် ဒီလို ငြီးငွေ့ဖွယ် ခံစားချက်ကို ရနေခဲ့တော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset