ဝမ်လင်းက နှင်းတောင်ထဲမှာ ကွယ်ဝှက်နေရင်း မျက်မှောင်ကြုတ်မိ လိုက်သည်။ ရွှမ်ယွဲ့နိုင်ငံက အခု အနေအထားသည် အကောင်းဆုံး ဆိုပါက မဟာမိတ် ကလန်လေးခုက နိုင်မှာ ကျိန်းသေသလောက် ရှိနေ၏။ သို့သော် သူ့စိတ်ထဲတွင် ထူးဆန်းစွာ ခံစားနေရဆဲပင်။
သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ အကြောင်းမှာ မြေစိတ်ဝိညာဉ်ထံမှ အမည်းရောင် အငွေ့များ ထွက်လာပြီး အမည်းရောင် စိတ်ဝိညာဉ် ကလန်ဘက်မှ ပြန်ထွက် လာနေသည်ကို သူက ထောက်လှမ်း မိလိုက်သောကြောင့်ပင်။ စုတ်တံနှင့် လူငယ်က မြေစိတ်ဝိညာဉ် နောက်သို့ လိုက်သွားလေသည်။ သူ့လက်ထဲရှိ စုတ်တံ လှုပ်ရှားသွားတိုင်း မြေစိတ်ဝိညာဉ်မှာ တုန်ရင် သွားရသည်။ သူ့ပတ်လည်ရှိ အမည်းရောင် အငွေ့များကလည်း ပို၍များလာခဲ့၏။
ဝမ်လင်းက ဒီအရာကို မြင်လိုက်သည့်အခါ ဘာလုပ်ရမှန်း မသိပေ။ ခဏအကြာတွင်တော့ သူက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက နှင်းတောင်ထဲမှ ပုန်းလျှိုးကွယ်လျှိုး ထွက်လာပြီးနောက် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြု၍ မြေစိတ်ဝိညာဉ် နောက်သို့ လိုက်သွားလေသည်။
သူက ၎င်းစိတ်ဝိညာဉ်နှင့် တဖြည်းဖြည်း နီးသထက် နီးလာခဲ့သည်။
သူက ၃၀၀၀ ကီလိုမီတာ အကွာသို့ ကပ်လာပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကီလိုမီတာ (၂၀၀၀)အကွာတွင် ပြန်ပေါ်လာခဲ့သည်။ သူက သူ့နှဖူးကို ရိုက်လိုက်ရာ အမည်းရောင် ချိတ်ပိတ်ဟန် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒီချိတ်ပိတ်ဟန် ထွက်ပေါ် လာသည်နှင့် ဝိညာဉ် အပိုင်းအစများစွာ ပတ်ပတ်လည်တွင် ထွက်ပေါ်လာခြင်းနှင့် အတူ အားကောင်းသော သတ်ဖြတ်လိုမှု စိတ်ဆန္ဒက စိမ့်ထွက် လာခဲ့သည်။ ဝမ်လင်းက မြင်ကွင်းမှာ ပျောက်ကွယ် သွားသည့်အထိ လေထဲသို့ ပြန်ခုန်တက် သွားပြန်၏။
တစ်ချိန်တည်းမှာ ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီးနောက် သူ့လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ့ထက်ထဲမှ အတားအဆီး များစွာက ပတ်ဝန်းကျင်သို့ ပျံ့နှံ့ သွားလေသည်။ ထို့နောက် သူက အတားအဆီး အလံကို ထုတ်၍ လှုပ်ခါ လိုက်ပြန်သည်။ ဒီအလံက အမည်းရောင် မြူများကို ဖုံးလွှမ်း သွားလေ၏။ သို့သော် ၎င်းက လျင်မြန်စွာ ပျောက်ကွယ် သွား၏။
သူက ထိုသို့ ပြုလုပ်ပြီးနောက် မြေစိတ်ဝိညာဉ်က ရောက်ရှိလာခဲ့သည်။ မြေစိတ်ဝိညာဉ်က အခုချိန်တွင် အတော် အလုပ်ရှုပ်လို့ပါ၏။ သူက ဝမ်လင်းကို မြင်လိုက်သော်လည်း အာရုံစိုက်ခြင်း မရှိပေ။ ၎င်းက အားနည်း နေခဲ့သော်လည်း စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံအဆင့် ဖြစ်နေသေးသည် မဟုတ်ပါလား။ ၎င်းက စဦး စိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်ကိုတော့ သတ်နိုင်စွမ်း ရှိနေတုန်းပင်။
၎င်း မြေစိတ်ဝိညာဉ်၏ အမြင်တွင် ဝမ်လင်းက သူသတိထားမိဖို့ အတွက် အရည်အချင်း မရှိပေ။
သူက ဝမ်လင်းအနား ရောက်သည်နှင့် လက်ဝှေ့ယမ်းလိုက်ရာ မြေစွမ်းအားလှိုင်းက ဝမ်လင်းထံသို့ တိုးဝင် သွားလေ၏။ ဒီစွမ်းအားကို သူ့ကို ထိတွေ့မိသည့် အခိုက်တွင် သူက လည်ချောင်းထဲတွင် ချွဲပျစ်ပျစ် ခံစားလိုက်ရပြီး သွေးတစ်လုပ် အန်လိုက်ရလေသည်။
သူ့ခန္ဓာကိုယ်ထဲရှိ စဦး စိတ်ဝိညာဉ်မှာလည်း တုန်ခါ၍ ပြိုကျလုနီး ဖြစ်ရ၏။
မြေစိတ်ဝိညာဉ်က မျက်မှောင်ကြုတ်မိ သွားသော်လည်း သူက ရပ်တန့်ခြင်း မပြုပေ။ ထို့နောက် ဝမ်လင်း အန်ထုတ်လိုက်သော သွေးက သွေးမြူများ အဖြစ်ပြောင်း၍ လေထဲတွင် ပျောက်ကွယ် သွားသည်။
တစ်ချိန်တည်းမှာ အမည်းရောင် မြူပမာဏ အများကြီးလည်း ဖြစ်ပေါ်လာသည်။ အတားအဆီး အခိုးအငွေ့ များကလည်း မြေစိတ်ဝိညာဉ်ကို ဝန်းရုံလို့သွားသည်။ သိပ်မကြာခင်မှာ အမည်းရောင် အတားအဆီး ကွင်းရှစ်ခုက ပေါ်ထွက်လာပြီး မြေစိတ်ဝိညာဉ်ကို ချုပ်မိရန် အတွက် အတားအဆီး အလံလှောင်အိမ် တစ်ခု သဖွယ် ဖြစ်သွားတော့သည်။
ဝမ်လင်းက ချက်ချင်း နောက်ဆုတ် လိုက်သည်။ သူက သူ့ကျင့်ကြံမှု အဆင့်ကိုသူ သိပါသည်။ သူက မြေစိတ်ဝိညာဉ်ကို မခုခံနိုင်ပေ။ သို့သော် သူက မြေစိတ်ဝိညာဉ်ကို တိုက်ခိုက်လိုခြင်း မဟုတ်ဘဲ လူငယ်က ဒီနေရာကို ရောက်လာသည့်အထိ ၎င်းကို ထိန်းသိမ်း ထားလိုခြင်းသာ ရှိသည်။ သည်အခါ တိုက်ပွဲက ထပ်မံ၍ ဖြစ်ပွား ပေလိမ့်မည်။
မြေစိတ်ဝိညာဉ်က ဝမ်လင်း၏ ရည်ရွယ်ချက်ကို သတိပြုမိလိုက်သည်။ သူက ကျယ်လောင်စွာ အသံပြု၍ အတားအဆီး ကွင်းများကို ရိုက်ချသည်။ ဒီအခါ အတားအဆီး အခိုးငွေ့များက ထွက်ပေါ်လာသည်ကို လျစ်လျူရှု လိုက်သည်။ ဒီအခိုးအငွေ့များက မြေစိတ်ဝိညာဉ် အပေါ်သို့ သက်ရောက်မှုတော့ မရှိပေ။ ပထမရိုက်ချက်တွင် အမည်းရောင် အခိုးငွေ့များက ပျောက်ကွယ် သွားပြီး အထဲမှ အက်ကွဲသံပင် ကြားရလေသည်။
ဝမ်လင်းနှလုံးသားက နာကျင် သွားလေသည်။ သူက ဒီအက်ကွဲကြောင်းက အတားအဆီး အလံပေါ်တွင် ဖြစ်ပေါ်သွားသည်ကို သိရပါသည်။
မြေစိတ်ဝိညာဉ်က နောက်ထပ် အော်ဟစ် လိုက်ပြန်သည်။ သူက ပထမ တစ်ချက်တည်းနှင့် လှောင်ချိုက်ကို ထပ်မံ ရိုက်ချ လိုက်ပြန်သည်။ သည်အချိန်တွင်တော့ အမည်းရောင် အခိုးငွေ့များက ပျက်စီးလို့ သွားသည်။ ဒီအတားအဆီး အလံက ကျန်ရှိ နေသေးသော်လည်း ၎င်းအပေါ်တွင်တော့ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားခဲ့သည်။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ မင်စုတ်တံနှင့် လူငယ်က မြေစိတ်ဝိညာဉ် တတိယကြိမ်မြောက် အတားအဆီး အလံကို ရိုက်ချမလို လုပ်နေစဉ်မှာပင် ရောက်ချ လာခဲ့တော့သည်။ လူငယ်က မင်စုတ်တံကို လှုပ်ရှား၍ မြေစိတ်ဝိညာဉ် ထံသို့ ညွှန်လိုက်သည်။
ရုတ်တရပ် မြေစိတ်ဝိညာဉ်က ကြောက်လန့်တကြား အော်ကြွေးလိုက်ပြီး ၎င်းထံမှ အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာပြီး ပို၍ အားနည်းလို့သွား၏။
ဝမ်လင်းက ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူက လေထဲသို့ လက်ညှိုး ညွှန်လိုက်ရာ ကောင်းကင်ထပ်မှ အမည်းရောင် ချိတ်ပိတ်ဟန် တစ်ခု ကျဆင်းလာသည်။
မြေစိတ်ဝိညာဉ်၏ မျက်နှာက အလေးအနက် ဖြစ်လာခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ကလည်း ရွှံ့နက်များသို့ ပြောင်းသွား၏။ ၎င်းက အမည်းရောင် ချိတ်ပိတ်ဟန်ကို လွှမ်းခြုံရန် ရည်ရွယ် လိုက်ခြင်းပင်။
ထိုအခိုက်တွင် လူငယ်၏ မျက်လုံးများ ပွင့်လာခဲ့ပြီး ထူးဆန်းအလင်းများ ဖြစ်ပေါ်လာသည်။ သူ့လက်က ထပ်မံ လှုပ်ရှားလိုက်ရာ မြေစိတ်ဝိညာဉ် ဖန်တီးထားသော ရွှံနက်က ပျောက်ကွယ်လု ဖြစ်သွား၏။
ဝမ်လင်း၏ အမည်းရောင် ချိတ်ပိတ်မှုကလည်း မြေစိဝိညာဉ်ပေါ်သို့ ကျရောက် ထိမှန်လာသည်။ ထိုအခါ ၎င်းက ထိန်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် လူပုံစံအသွင်သို့ ပြန်ပြောင်းလို့ သွားသည်။ သို့ရာတွင် မြေစိတ်ဝိညာဉ်က ဝိုးတဝါး လူပုံစံသာ ရှိတော့သည်။ ၎င်းက လေတိုက်လျှင်ပင် လွင့်ပျောက် သွားမည့်ဟန် ရှိနေ၏။
မြေစိတ်ဝိညာဉ်က လူငယ်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်သည်။ လူငယ်က မင်စုတ်တံကို ထပ်မံ ဝှေ့ယမ်းရန် ပြင်လိုက်သည်။ ဝမ်လင်းက အတားအဆီး အလံရှိရာသို့ ချက်ချင်း ပြေးသွား၍ သူ့နဖူးကို ထိလိုက်ရာ အားကောင်းသော စုပ်အားတစ်ခု ထွက်ပေါ်လာ၍ မြေစိတ်ဝိညာဉ်က ဝမ်လင်း မျက်ခုံးထဲသို့ ဝင်ရောက် သွားတော့သည်။
ဝမ်လင်းက ၎င်းကို စစ်ဆေးရန် အချိန်မရှိဘဲ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ တန့်ထည့်သွင်း လိုက်သည်။ ထို့နောက်သူက အတားအဆီး အလံကို ပြန်ရုတ်သိမ်း၍ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။
သူက ထိုအရာများကို လျင်မြန်စွာ ဆောင်ရွက်ခဲ့ခြင်းပင်။ ဒီနောက် ချက်ချင်း တုံ့ဆိုင်းခြင်း မရှိဘဲ အော်ပြောလိုက်၏။ ဂျူနီယာက တိမ်ကောင်းကင် ကလန်က တပည့်ပါ။ ဂျူနီယာဆရာက ချင်စုန်ပါ။ ထိုသို့ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲက အဘိုးအို၏ အချိန်ဖြတ်ကျော်ခြင်း နယ်ပယ် အမျှင်တန်းကို လူငယ်အား ထုတ်ဖော် ပြသလိုက်သည်။ ဒီနောက် သူက လှည့်၍ ထွက်လာ ခဲ့တော့သည်။
လူငယ်က ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်သည်။ သို့သော် သူ့လက်က ထပ်မံ လှုပ်ရှားခြင်း မပြုတော့ပေ။ ခဏအကြာတွင် သူက ထိုနေရာမှ လှည့်၍ ထွက်သွား၏။
ဝမ်လင်းက ကီလိုမီတာ (၁၀၀၀၀) လောက်ထိ ရပ်တန့်ခြင်းမရှိဘဲ ပျံသန်းကာ ပြေးလာခဲ့သည်။ နောက်ဆုံးတွင် လူငယ်က သူ့နောက်မှ လိုက်မလာတော့သည်ကို တွေ့မှ စိတ်သက်သာရာ ရ၍ သက်ပြင်း ချနိုင်တော့သည်။
တမ်လင်းက အခြားလူလက်ထဲမှ မြေစိတ်ဝိညာဉ်ကို ခိုးယူရန် အတွက် အလွန် အန္တရာယ်များစွာ စွန့်စားခဲ့ရသည်။ သူက နောက်ထပ် ဒြပ်စင် စိတ်ဝိညာဉ်များကို ရရှိရန်အတွက် ထိုသို့ ထပ်မလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူက အမှားတစ်ခုလောက် ပြုလုပ်လိုက်သည်နှင့် သေဆုံး သွားနိုင်ပေသည်။ သည့်အပြင် အတားအဆီး အလံ၏ ပျက်စီး ထိခိုက်မှုကလည်း သူ့စိတ်နှလုံးကို နာကျင်စေလေ၏။
နှင်းတောင်ထဲတွင် ဝမ်လင်းက ပြန်လည် ပုန်းအောင်း လိုက်ပြီးနောက် ကောင်းကင်ဘုံ ပုတီးစေ့ကို စစ်ဆေးလိုက်ရာ ပုတီးစေ့အတွက် လိုအပ်သော မြေဒြပ်စင်က ပြည့်ဝ သွားသည်ကို တွေ့လိုက်ရသည်။ အခု သူ့အတွက် ပုတီးစေ့ကို ပြည့်စုံစေရန် သစ်သားနှင့် သတ္တုဒြပ်စင်တို့သာ လိုတော့ပေသည်။
ထိုအခိုက်တွင် မြေကြီးက တုန်ခါလို့လာပြီး လူသားလက်အသွင်နှင့် မြွေခန္ဓာကိုယ် ရေခဲရုပ်များက မြေကြီးထဲမှ ထွက်ပေါ် လာခဲ့လေသည်။
သည်ရေခဲရုပ်များက မြေကြီးအောက် ကီလိုမီတာ ငါးထောင်တွင် ဝမ်လင်းတွေ့ခဲ့သည့် ထူးဆန်းသော အရာများပင် ဖြစ်သည်။
ရေခဲရုပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလို့ လာနေ၏။
ဒီရေခဲရုပ်များက စတင် တောက်ပလာပြီး လေထဲသို့ ရုတ်တရပ် လျင်မြန်စွာ ပျံတက် လာခဲ့သည်။ ကောင်းကင်ထက်ရှိ အက်ကွဲကောင်း များမှာလည်း ကလန်လေးခု ဗဟိုရှိ အက်ကွဲကြောင်းက လွဲလို့ ကျန်သည့် အက်ကွဲကြောင်းမျာက ပျောက်ကွယ်လို့ သွားတော့သည်။
သိပ်မကြာခင်မှာ အားကောင်းသော နက်ပြာရောင် အော်ရာက အလယ်ဗဟိုတွင် ရှိသော အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအောက်ရာက ကီလိုမီတာ တစ်သောင်း ပတ်ပတ်လည်ထိ လျင်မြန်စွာ ပျံ့နှံ့လို့ သွား၏။
မဟာမိတ် ကလန်လေးခုနိုင်ငံမှ မြန်ဆန်စွာ မရှောင်တိမ်း နိုင်လိုက်သော ကျင့်ကြံသူ အချို့က ဒီနက်ပြာရောင် အော်ရာ၏ ထိမှန်ခြင်းကို ခံလိုက်ရပြီး ချက်ချင်းအေးခဲ၍ ရေခဲရုပ်များ ဖြစ်သွားလေသည်။ ၎င်းတို့၏ စဦးစိတ်ဝိညာဉ် များပင် အေးခဲလို့ သွားရ၏။
ဒီထူးခြားပြီး ယုတ္တိမတန်သောမြင်ကွင်းက မဟာမိတ် ကလန်လေးခုလုံးရှိ ကျင့်ကြံသူများကို တုန်လှုပ် သွားစေခဲ့သည်။
ထို့နောက် လေထဲတွင် မြောလွင့်နေသော ရေခဲရုပ်များက အရည် ပျော်လာခဲ့သည်။ အသက်ရှူစာ အချိန်လေးအတွင်းမှာ သူတို့က လုံးဝ အရည်ပျော် သွားကြသည်။
သူတို့ ပျောက်ကွယ် သွားပြီးနောက် စွမ်းအား ကောင်းသော ဖိအားက ဗဟိုအက်ကြောင်း ထဲမှ ထွက်လာ ခဲ့လေသည်။ မြွေခန္ဓာကိုယ် အသွင်ဖြင့် တောင်ငယ်လေး တစ်လုံးစာ လောက်ရှိသည့် အသွင်အပြင် တစ်ခုက အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ဆင်းသက် လာတော့သည်။
ဒီအသွင်သဏ္ဌာန် ပေါ်လာသည်နှင့် နက်ပြာရောင် အော်ရာက ပို၍ သိပ်သည်း လာပြီးသလို သာ၍လည်း ပျံ့နှံ့လာတော့၏။ ၎င်းအော်ရာ ထိတွေ့မိသည့် အရာတိုင်းက အေးခဲ၍ ရေခဲတုံး ဖြစ်သွား ရလေသည်။
ဝမ်လင်းက အေးစက်သော လေကို ရှိုက်သွင်း လိုက်မိပြီးနောက် နှင်းတောင်မှ ထွက်ခွာ လိုက်သည်။ သူထွက်ခွာပြီး အသက်ရှူစာ သုံးကြိမ်လောက်မှာပင် ဒီနက်ပြာရောင် အော်ရာကြောင့် နှင်းတောင်က ရေခဲတောင် အဖြစ်သို့ ပြောင်းသွားတော့သည်။
ဒီအခိုက်တွင် ဒီအသွင် သဏ္ဌန်ကြီး ဆင်းသက် လာသည်မှာ အက်ကွဲကြောင်းထဲမှ တစ်ဝက်ခန့် ရှိလာခဲ့ပြီ ဖြစ်သည်။ ဒီအသွင် သဏ္ဌာန်ကြီး အံ့ဩဖွယ် ကောင်းသည်မှာ ၎င်း၏ အပေါ်ပိုင်းက လူသားအသွင် ဖြစ်နေခဲ့သည်။ ဝမ်လင်းက ဒီထွက်ပေါ်လာသည့် အရာကြီးမှာ သူမြေအောက်တွင် တွေ့ခဲ့ရသော ရေခဲရုပ်များ၏ အသွင်နှင့် တူညီလိမ့်မည်ကို မျှော်လင့်ထားမိပြီး ဖြစ်သည်။
သူက ဒီကိစ္စနှင့် ပတ်သက်၍ ကျောက်ဝူထိုင်ကို သတိပေးခဲ့သော်လည်း မဟာမိတ် ကလန်လေးခုက ဘာမှ ကြိုတင် ပြုလုပ်ခဲ့ခြင်း မရှိပေ။
ဝမ်လင်းက နက်ပြာရောင် အော်ရာကြီး ရပ်တန့်သွားသည့် နေရာထိ ပြေးခဲ့လေသည်။ ထို့နောက်သူက ရပ်၍ ကောင်းကင်ပေါ်ကို မှုန်မှိုင်း စိတ်ဓာတ်ကျစွာ ကြည့်လိုက်မိသည်။
ထိုအခိုက်တွင် နဂါးနက်ကြီး ခေါင်းပေါ်တွင် ထိုင်လျက်ရှိသော ကျောက်ဝူထိုင်က အေးစက်စွာ နှခေါင်း ရှုံ့လိုက်၏။ ရုတ်တရပ် နဂါးနက်ကြီးက လေထဲသို့ ဖြတ်သန်းကာ ပျံသန်း လာခဲ့သည်။ ၎င်းက ပါးစပ်ကြီးကို ဟလိုက်ရာ ကောင်းကင်ဘုံကို ဝါးမြိုပစ်မည့် အလား ထင်မှတ်ရသည်။ နဂါးနက်ကြီးက ထိုဆင်းသက်လာသော အသွင်သဏ္ဌာန်ကြီး ထံသို့ တဟုန်ထိုး တိုးဝင်လာနေ၏။
နက်ပြာရောင် အော်ရာက ဒီနဂါးနက်ကြီးပေါ်တွင် အကျိုးသက်ရောက်မှု မရှိပေ။
သို့ရာတွင် နဂါးနက်ကြီးက အက်ကွဲကြောင်းမှ ဆင်းသက်လာသော အသွင် သဏ္ဌာန်ကြီးထံသို့ တိုးဝင်လာချိန်မှာ အေးစက်စက် အသံတစ်သံက အက်ကွဲကြောင်းထဲမှ ထွက်ပေါ် လာခဲ့သည်။ “သံတမန်အရှင်။ ဟင်္သာပြဒါးဂြိုဟ်က ငါတို့ကို တစ်ကြိမ် ကူညီမယ်ဆိုတဲ့ ကတိတစ်ခု ပေးထားတယ်။ ဒါကြောင့် အရှင်က ဒီနဂါးနက်ကြီးကို သတ်ပေးနိုင်မလား…”
သည်စကားလုံးများ ထွက်ပေါ်လာခြင်းနှင့် အတူ အဖြူရောင် ဝတ်စုံရှည်နှင့် ကျက်သရေ ရှိလှသည့် အမျိုးသမီး တစ်ယောက်က အက်ကွဲကြောင်းထဲမှ ထွက်ပေါ် လာခဲ့တော့သည်။ သူမ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသော အေးစိမ့်မှုက မများပြားသော်လည်း သူမ မျက်လုံးများမှာမူ အလွန် ဆုံးဖြတ်ချက် ပြတ်သားသည့် လူမျိုးဖြစ်ကြောင်း ဖော်ပြလို့နေ၏။
သည်အမျိုးသမီးနှင့် သူ့အရင် ထွက်ပေါ်လာခဲ့သော အမျိုးသမီးတို့သည် ဆီနှင့်ရေပမာ ကွာခြားလှကြောင်း လူတိုင်းက သတိပြုမိလိုက်ကြ၏။
ဒီအမျိုးသမီး ထွက်ပေါ် လာပြီးနောက် သူမက လက်ဝှေ့ယမ်း လိုက်ရာ အရပ်မျက်နှာ အသီးသီးမှ အလင်းတန်း လေးခုက သူ့ထံသို့ ပျံသန်း လာခဲ့သည်။ ၎င်းအလင်းတန်းများမှာ သတ္တု၊ သစ်သား၊ ရေနှင့်မီး ဒြပ်စင် စိတ်ဝိညာဉ်များပင် ဖြစ်ကြသည်။
အမျိုးသမီးက မျက်မှောင်ကြုတ် သွားလေ၏။
“ဒြပ်စင် စိတ်ဝိညာဉ်တစ်ခု ပျောက်နေတယ်…”
***
🏜️🏔️🕳️