Switch Mode

အပိုင်း(၃၂၁)

အနက်ရောင်နဂါး

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက မျက်လုံး မှိတ်ထားပြီး အထူးနည်းလမ်း တစ်ခုကို အသုံးပြု၍ ကလန်လေးခုပေါ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို အာရုံခံ ကြည့်နေသည်။ သည့်နောက်သူက အေးစက်စွာပြုံး၍ လက်ဟန်တချို့ ပြုလုပ်လိုက်ရာ အဖြူရောင် အလင်းတန်းက သူမလက်ထဲကနေ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်း ထဲသို့ ဝင်ရောက်သွား၏။

ထို့နောက် ထိုအမျိုးသမီးက မီတာတစ်သောင်း ပတ်လည်ရှိ အက်ကွဲကြောင်း အားလုံးများကို တစ်ခုတည်းအဖြစ် စုစည်းလိုက်ပြီး ကောင်းကင်ထက်တွင် ကြီးမားသည့် အပေါက်ကြီး တစ်ပေါက် ဖြစ်စေလိုက်၏။

သည်အပေါက်ကြီးထဲမှ ရေခဲမျှော်စင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ ခဲ့တော့သည်။

ရွှမ်ယွဲ့မှ ကျင့်ကြံသူများသည် အခြားနိုင်ငံများမှ ကျင့်ကြံသူများနှင့် လုံးဝမတူညီပေ။

ရွမ်ယွဲ့တွင် ကျင့်ကြံသူ တစ်ယောက်က စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်လျှင် သူတို့က စဦးစိတ်ဝိညာဉ်ကို အသုံးပြု၍ ရေခဲဘီလူးကြီးများ ဖန်တီးကာ တိုက်ခိုက်နိုင်စွမ်း ရှိလာကြပေသည်။

ထို့အတူပဲ သူတို့က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လျှင်လည်း သူတို့က ကိုယ်ပိုင်ရေခဲ မျှော်စင်ကြီးများ ပြုလုပ်လာနိုင်လေ၏။

သည်ရေခဲမျှော်စင်များ ထွက်ပေါ်ဆင်းသက် လာခြင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ထွက်ပေါ်လာသည်လို့ ဆိုလိုပေသည်။

သည်ရေခဲ မျှော်စင်ကြီးများက မတူညီသော ပုံစံများ ရှိကြသည်။ သို့သော် တစ်စုံတစ်ယောက်က ရွှမ်ယွဲ့နှင့် ပတ်သက်၍ ဗဟုသုတ ရှိမည်ဆိုလျှင် သည်ရေခဲမျှော်စင် ထဲတွင် အထပ်ပေါင်းမည်မျှ ရှိသည်ကို ကြည့်၍ အထဲရှိ ကျင့်ကြံသူ၏ ကျင့်ကြံမှု အဆင့်ကို ဆုံးဖြတ်သည်ကို သိပေလိမ့်မည်။

အထပ်ပိုများသော ရေခဲမျှော်စင်၏ အထဲတွင် ပို၍ ကျင့်ကြံမှုအဆင့် မြင့်သူရှိလေ ဖြစ်သည်။

စုစုပေါင်း ရေခဲမျှော်စင် (၃၆)ခုက အပေါက်ကြီး ထဲမှ ဆင်းသက်လို့ လာသည်။

သည်ရေခဲမျှောင်စင် လေးခုက အခြား မျှော်စင်များထက် သိသာစွာပို၍ မြင့်နေပြီး အထပ်ပေါင်း (၉၉)ခု ရှိသည်။ ဆိုလိုသည်က သည်မျှောင်စင် ပိုင်ရှင်များက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်လို့နေပြီ ဖြစ်သည်။

ရေခဲမျှောင်စင် (၃၆)ခု ပေါ်လာသည့် အခိုက်တွင် မဟာမိတ် ကလန်လေးခုမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများသည် အသက်ဝဝ ရှူသွင်း၍ အစီအရင်ထံသို့ လျှောက်သွား ပြီးနောက် ပျောက်ကွယ်လို့ သွား၏။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အောက်တွင် သက်တံရောင်စုံ အလင်းများ လက်ခနဲ ဖြစ်လာခဲ့၏။ သည်အလင်းများမှ တစ်ဆင့် တံခါးပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မဟာမိတ် ကလန်လေးခုမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ထွက်ပေါ်လာ ကြလေ၏။

အဖြူရောင် တိမ်ကလန်မှ သက်လတ်ပိုင်း လူကြီးနှင့် အသက်ကြီးကြီး အမျိုးသမီး တို့လည်း အပါအဝင် ဖြစ်သည်။ သို့သော် အချိန်ဖြတ်ကျော်ခြင်း နယ်ပယ်ကို ထိန်းချုပ်နိုင်သော အဘိုးအိုကိုတော့ သည်နေရာမှာ မတွေ့ရချေ။

သူတို့အုပ်စုထဲတွင် အသက်ကြီးကြီး ကျင့်ကြံသူ လေးယောက်သည် ထင်ပေါ်လို့နေ၏။ သူတို့က ကလန်လေးခု၏ ကာကွယ်သူများပင် ဖြစ်ကြလေသည်။

သူတို့လေးယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာသော ရေခဲမျှောင်စင်ကို ခေါင်းမော့၍ ကြည့်နေကြသည်။ တစ်ယောက်က ရုတ်တရက် မတ်တတ်ရပ် နေရာမှာ သူ့အရိုးပေါ် အရေတင် ခန္ဓာကိုယ်ကို ကွေးချလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အက်သံများ ထွက်ပေါ်လာပြီး အရိုများကလည်း အရွယ်အစား ကြီးလာခဲ့သည်။ ခန္ဓာကိုယ်ပေါ်ရှိ အရေးအကြောင်း များလည်း ပျောက်ရှကုန်ပြီး ကြွက်သားများ အပြိုင်းပြိုင်း ထလာခဲ့တော့၏။

သည်အခိုက်တွင် သူက လူအိုကြီး တစ်ယောက်အဖြစ်မှ ခန့်ညားလွှမ်းမိုး နိုင်စွမ်းရှိသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် အသွင်သို့ ပြောင်းသွားသည်။ သူက အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။

“ငါက အမည်းရောင် စိတ်ဝိညာဉ်ကလန်က ကျိုးယု။ မင်းက ရွှမ်ယွဲ့ရဲ့ အနီရောင် လိပ်ပြာများ ဖြစ်နေမလား…”

အဘိုးအို ရည်ညွှန်းခဲ့သော အနီရောင် လိပ်ပြာဆိုသည့် ပါရမီရှင်က ဟင်္သာပြဒါး နိုင်ငံ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ ပေသည်။ အစစ်အမှန် ပါရမီရှင်များသာ နှစ်ပေါင်း တစ်ရာလောက်ဖြင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နိုင်စွမ်း ပေလိမ့်မည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် သူမက မေးလိုက်သည်။

“ရောင်းရင်း ကျိုးယုက မဟာမိတ် ကလန်လေးခုရဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ရှစ်ယောက်ထဲက တစ်ယောက်မလား…”

ကျိုးယုက မျက်မှောင်ကြုတ် မိသွားသည်။ သည်အမျိုးသမီးက သူ့မေးခွန်းကို မေးခွန်းနှင့် ပြန်ဖြေလိုက်လေ၏။ ကြည့်ရသည်မှာ သူမက သူ့မေးခွန်းကို မဖြေလိုကြောင်း ရှင်းလင်းလို့နေ၏။ သူ့အကြည့်က ပို၍အေးစက်လာပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက် လေသည်။

ကျိုးယုက မစောင့်စား နိုင်တော့ပေ။ သူမက အနီရောင်လိပ်ပြာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူက အရဲစွန့်ရပေ လိမ့်မည်။

သူ့အနားရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ကလည်း အပေါ်သို့ တဟုန်ထိုး တက်လာခဲ့သည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးထဲတွင် အထင်သေးဟန်များ ဖြစ်ပေါ်သွား၏။ ရွှမ်ယွဲ့မှ ကျင့်ကြံသူများ ကလည်း သူတို့၏ ရေခဲမျှော်စင်များ ထဲမှ ထွက်လာခဲ့ကြပြီး တိုက်ပွဲ စတင်တော့သည်။

စွမ်းအားကောင်းသော နည်းစနစ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး မဟာမိတ်ကလန် လေးခုလုံးသည် တုန်ခါလာပြီး ကောင်းကင်ပင် အရောင်ပြောင်းလဲ သွားရ၏။ သည်စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ၏ နည်းစနစ်တစ်ခုက ပင်လယ်နှင့် တောင်တန်းများကို ဖယ်ရှားပစ်နိုင်စွမ်း ရှိလေ၏။ ရလဒ်အနေဖြင့် တိုက်ခိုက်မှုလှိုင်းများ ပြင်းထန်စွာ ပျံ့နှံ့သွား၏။ မဟာမိတ် ကလန်လေးခုမှ ကျင့်ကြံသူများ ဖြစ်စေ၊ ရွှမ်ယွဲ့မှ ကျင့်ကြံသူများ ဖြစ်စေ မည်သည့် ဘက်မှဖြစ်ဖြစ် ကိစ္စမရှိတော့ပေ။ သည်ရိုက်ခတ်မှုကြောင့် ကံကောင်းသည့် သူများက ပြင်းထန်စွာ ဒဏ်ရာရပြီး ကံဆိုးသည့် သူများကတော့ သေကြေကြ ကုန်သည်။

နိုင်ငံနှစ်ခု၏ စစ်ပွဲက နှစ်ခြမ်းကွဲသွား လေသည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များက ကောင်းကင်ထက်တွင် နည်းစနစ်များ ဖလှယ်တိုက်ခိုက်၍ ထိုအဆင့် အောက်များက မြေပေါ်တွင် တိုက်ခိုက် ကြတော့၏။

သည်တိုက်ပွဲက ဝမ်လင်း မြင်ဖူးသည့် အထဲတွင် အကြမ်းဆုံး ဖြစ်နေ၏။ သူက နှင်းတောင်နောက်တွင် ပုန်းနေပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများတွင် ပါဝင်သော နယ်ပယ်များကို သေချာ စောင့်ကြည့်၍ လေ့လာနေတော့သည်။

သိပ်မကြာခင်မှာ သည်ကျင့်ကြံသူများက လူချင်းခွာလိုက် ကြပြီးနောက် မဟာမိတ်ကလန် တစ်ခုလုံးက အသေအရှင် တိုက်ကွက်များ ထုတ်သုံးတော့သည်။

အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီး၏ မျက်လုံးထဲရှိ အထင်သေးမှုက ပိုတိုးလာခဲ့ပြီး သူက လက်ဟန်တချို့ ပြုလုပ်လိုက်ရာ အဖြူရောင် အလင်းတန်း တစ်ခုက သူမလက်ထဲမှ ထွက်ပေါ်လာခဲ့၏။ သို့သော် သူမ ပတ်လည်တွင်လည်း အလင်းပွင့် ကိုးခုက ရုတ်တရက် ဝန်းရံ ဖြစ်ပေါ်လာခဲ့သည်။

သည်အလင်းစက်များက ပေါ်လာသည်နှင့် ၎င်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက် မိသွားပြီး အရိပ်အသွင်ကိုးခု ဖြစ်ပေါ်သွား၏။ အချိန်ဖြတ်ကျော်ခြင်း နယ်ပယ်ကို ထိန်းချုပ်နိုင်သော အဘိုးအိုလည်း ထိုအရိပ်ပုံစံ ကိုးခုထဲတွင် တစ်ယောက်အပါ ဖြစ်နေခဲ့၏။

ပုံရိပ်ကိုးခု ပေါ်လာသည်နှင့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်နှာက ရုပ်စိုးလို့သွားသည်။ သူမက နှာခေါင်းရှုံ့လိုက် ပြီးနောက် လက်ယမ်းလိုက်သည်။ သည့်နောက် ကြီးမားသည့် အမွေးတောင် ခုနစ်ခု ထွက်ပေါ်လာ ခဲ့တော့သည်။

အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ငှက်မွေးတောင် တစ်ခုက သူ့ဟာသူ ပျံသန်းသွားပြီး တိမ်အခိုးအငွေ့ အသွင်သို့ ပြောင်သွား၏။ ရုတ်တရက် ကြီးမားသော ပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ သည်ပုံရိပ်ကြီးက အရိပ်သပ်သပ်သာ ဖြစ်နေခဲ့သည်။

သူမက ညင်သာစွာ အသက်ရှူလိုက်ရာ ပုံရိပ်ကိုးခုက တုန်ခါ၍ သွေးတစ်လုတ် အန်လိုက်ရသည်။ သို့သော် သူတို့က နောက်သို့ ခြေတစ်လှမ်းပင် မဆုတ်ကြချေ။

တစ်ချိန်တည်းမှာ ပုံရိပ်ကိုးခုက ကျယ်လောင်စွာ အော်ဟစ်၍ မတူညီသော နယ်ပယ်ကိုးခုဖြင့် အမျိုးသမီးကို တိုက်ခိုက် လိုက်သည်။

ထိုအခိုက်တွင် ရွှမ်ယွဲ့မှ ကျင့်ကြံသူများက သည်အဖြစ်ကို လှမ်းမြင်လိုက်သဖြင့် ကူညီရန် သွားကြ၏။ သို့သော် မဟာမိတ် ကလန်လေးခုမှ ကျင့်ကြံသူများက သူတို့ကို ခွင့်မပြုကြပေ။

အမျိုးသမီး၏ မျက်နှာက ပြောင်းလဲသွား၏။ သူမက လက်ထဲရှိ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ငှက်မွေးတောင်များက ပျံထွက်လာ တော့သည်။ သို့ရာတွင် နောက်ကျသွားပေပြီ။ သည်သတ်ဖြတ်ခြင်း အစီအရင်က ရွှမ်ယွဲ့မှ ပါရမီရှင်အတွက် မဟာမိတ် ကလန်လေးခုမှ ကြိုပြင်ဆင် ထားခြင်းပင်။

ရွှမ်ယွဲ့မှ ပါရမီရှင်က သည်တိုက်ပွဲတွင် ကြီးမားသည့် အလှည့်အပြောင်း ဖြစ်စေလိမ့်မည်။ သူမ သေသွားလျှင် ရွှမ်ယွဲ့က ဟင်္သာပြဒါး နိုင်ငံ၏ ထောက်ခံမှုကို ရမည် မဟုတ်တော့ပေ။ သူတို့က ဟင်္သာပြဒါးဂြိုဟ်ကို ဒေါသထွက်သွား စေလိမ့်မည် ဖြစ်သော်လည်း သူတို့ နိုင်ငံတစ်ခုလုံး အမြစ်ဖျက် သုတ်သင်ခံရခြင်း ထက်တော့ သာသေး၏။

လူကိုးယောက် တိုက်ခိုက်လိုက်သည့် အခိုက်တွင် အစီအရင်ကို ထိန်းချုပ် ပြုပြင်သူများသည် သေဆုံးကုန်ကြ၏။

အမျိုးသမီးက လေထဲတွင် မားမတ်စွာ ရှိနေရဲခြင်းမှာ သူ့လက်ထဲရှိ ယပ်တောင်ကြောင့်ပင်။ သို့ရာတွင် သူမက ယုံကြည်မှု လွန်ကဲနေခဲ့၏။ သူမက သည်ရတနာကို အဆင့်ငါးနိုင်ငံမှ ရရှိပြီးနောက် သူမ၏ ဂျူနီယာ ညီမကလွဲလို့ တခြားလူများသည် သူမအတွက် ဖက်ပြိုင်စရာ မဟုတ်ဟု ထင်နေခဲ့သည်။

သည်လူကိုးယောက် ထဲတွင် ငါးယောက်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်ဖြစ်၍ ကျန်သည့် လေးယောက်ကလည်း အထူးနယ်ပယ်များကို ထိန်းချုပ် နိုင်ကြလေ၏။

သည်လူများ၏ စုပေါင်း တိုက်ခိုက်မှုတွင် အမျိုးသမီးက တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ သွေးများ ရွှဲနစ်နေသော အလောင်းကောင် ဖြစ်သွားတော့သည်။

မဟာမိတ်ကလန်မှ ကိုးယောက်ကလည်း ယပ်တောင်၏တိုက်ခိုက်မှုကို အဓိက ခံခဲ့ရပေသည်။ သူတို့၏ကျင့်ကြံမှု အဆင့်များကို များစွာ ထိခိုက်မိသွားပြီး ပြန်ကောင်းရန် အချိန်အတော်ကြာ လိုအပ်လေသည်။

ရွှမ်ယွဲ့မှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုများ ပေါ်ထွက်လာ၏။ သို့သော် ဝမ်းနည်းမှုတော့ မရှိကြပေ။ သည်ကြမ်းကြုတ် ဒေါသထွက်မှုက သူတို့၏တိုက်ပွဲကို ပို၍ ပြင်းထန် လာခဲ့သည်။

ဝမ်လင်းက သည်အဖြစ်အပျက် အားလုံးကို တွေ့လိုက်ရသဖြင့် သူလည်း မျက်မှောင်ပိုကြုတ် မိသွားသည်။ သူက ရွှမ်ယွဲ့မှ ကျင့်ကြံသူများ၏ အသွင်အပြင်ကို လေ့လာလို့နေပြီး တစ်ခုခု မှားနေသည်ဟု ခံစားနေရ၏။

ကြည့်ရသည်မှာ သည်အမျိုးသမီးက ပါရမီရှင် မဟုတ်နိုင်ပေ။

ထိုအခိုက်တွင် မြေကြီးထဲမှ သက်တံအလင်းများ တဟုန်ထိုး ထွက်လာခဲ့သည်။ စုစုပေါင်း အလင်းတန်း (၁၀၈) ခု ရှိလို့နေ၏။

သည်အလင်းတန်းများက မဟာမိတ် ကလန်လေးခု တစ်ခုလုံးကို ဖြတ်၍ ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က အပေါ်မှကြည့်လျှင် မဟာမိတ် ကလန်လေးခု နိုင်ငံတစ်ခုလုံးကို ဖုံးလွှမ်းထားသော အစီအရင်တစ်ခု ဖြစ်နေကြောင်း တွေ့ပေလိမ့်မည်။

မဟာမိတ် ကလန်လေးခု၏ အလယ်ဗဟိုရှိ မြေကြီးက ပြင်းထန်စွာ တုန်လှုပ်လာ ခဲ့သည်။ သည်နေရာက ကောင်းကင် တိမ်တောင်တန်းပင်။ ၎င်းက နှင်းများဖြင့် ဖုံးလွှမ်းနေ သော်လည်း စတင်တုန်ခါလာပြီး နှင်းများလည်း ပြိုကျသွားသည်။ သိပ်မကြာခင်မှာပဲ ကောင်းကင် တိမ်တောင်တန်းက ပေတစ်သောင်းခန့် ရှည်လျားသော အနက်ရောင် နဂါးကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလို့သွား၏။

နဂါးကြီးက ခေါင်းမော့လိုက်ရာ နှင်းများက လွင့်ခါသွားပြီး သူက ရွှမ်ယွဲ့မှ ကျင့်ကြံသူများကို စူးစိုက်ကြည့် လိုက်သည်။

သည်အနက်ရောင် နဂါးကြီး၏ ထိပ်တွင်တော့ လူတစ်ယောက် မတ်တတ်ရပ်လို့ နေသည်။ ဝမ်လင်းက သည်လူကို သိလိုက်သည်။ သူက နားရွက်ကားကား ကျင့်ကြံသူ ကျောက်ဝူထိုင်ပင် ဖြစ်၏။

ကျောက်ဝူထိုင်၏ အဆင့်အတန်းက မဟာမိတ်ကလန် လေးခုတွင် မြင့်မားပေသည်။ အကြောင်းမှာ သူ့တွင် ကလန် အစောင့်အရှောက် နဂါး၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား သောကြောင့် ဖြစ်၏။

သူက အစီအရင်ကို အသက်ဝင်အောင် လုပ်ပြီး အနက်ရောင် နဂါးကို အောင်မြင်စွာ ထိန်းချုပ်နိုင်၍ နိုင်ငံကို ကာကွယ်ရန် အတွက် ၎င်းနဂါးကို အသုံးပြုမည် ဖြစ်သည်။

အနက်ရောင် နဂါးကြီးက ကျယ်လောင်စွာ ဟိန်းလိုက်ပြီး သူ့ခေါင်းကို မော့လိုက်၏။ သည်အော်ဟိန်းသံက ကလန်လေးခုလုံးသို့ ပျံ့နှံ့လို့သွားသည်။ မဟာမိတ် ကလန်လေးခုမှ ကျင့်ကြံသူများသည် ထိုအော်ဟိန်းသံကြောင့် သူတို့၏ရဲသွေးရဲမာန်များပင် တိုးလာခဲ့ရ၏။

သည်နဂါးနက် အော်သံကြီး ထွက်ပေါ်လာ ပြီးနောက် နောက်ဆုံးတိုက်ပွဲက စတင်လေတော့သည်။ ကလန်လေးခုမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ ကလည်း ရွှမ်ယွဲ့မှ ကျင့်ကြံသူများကို တိုက်ခိုက်ရန် စတင်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset