ဒြပ်စင်ငါးခု စိတ်ဝိညာဉ်များ ပေါ်လာသည့် အခိုက်တွင် အမည်းရောင် ကျောက်တုံးကြီးပေါ်ရှိ သံကြိုးနှင့် အဘိုးအိုက ကျောချမ်းဖွယ် အသံကြီးဖြင့် ရယ်မောလိုက်သည်။ သူက လေထဲသို့ ရုတ်တရက် ပျံတက်လိုက်ရာ အမည်းရောင် ကျောက်တုံးကြီး ကလည်း သူ့ခြေထောက်တွင် ကပ်၍ ပါလာခဲ့သည်။
ရေစိတ်ဝိညာဉ်က ရုတ်တရက် လှည့်လာခဲ့ပြီး စိတ်ဝိညာဉ်လှိုင်းများ တုန်ခါလာ ပြီးနောက် သန့်ရှင်းသော ရေကန်တစ်ခု အသွင်ပြောင်း၍ အဘိုးအိုထံသို့ တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားစိတ်ဝိညာဉ် အသီးသီးကလည်း ကလန်လေးခု၏ တစ်ယောက်စီထံသို့ ပျံဝဲသွား ခဲ့ကြသည်။ မီးစိတ်ဝိညာဉ် ကတော့ အပြာရောင် မီးတောက်ကြီးအဖြစ် ပြောင်းလဲ၍ ဧရာမ အရိုင်းအစိုင်း ပုံရိပ်ကြီးများထံသို့ တိုးဝင်သွားသည်။
သိပ်မကြာခင်မှာ ရွှမ်ယွဲ့၏ ကျင့်ကြံသူများနှင့် ကလန်လေးခု၏ ကျင့်ကြံသူများက စတင်တိုက်ခိုက် ကြတော့သည်။
နှင်းများနှင့် မြေပေါ်တွင်ရှိသော ရေခဲများထံမှ အအေးလှိုင်းများ ပျံ့နှံ့နေသည်။ ကလန်လေးခုမှ ကျင့်ကြံသူများက သည်နှင်းများကို ထိတွေ့မိသည့်အခါ အအေးဒဏ်ကို ခံစားရ၏။ ရွှမ်ယွဲ့မှ ကျင့်ကြံသူများ အဖို့ကတော့ သည်နှင်းများက သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များအတွက် အကူအညီ ပေးစွမ်းပေသည်။
မဟာမိတ် ကလန်လေးခု အထက်ရှိ ကောင်းကင် တစ်ခုလုံးက လက်နက် ရတနာများကြောင့် တလက်လက် ဖြစ်လို့နေသည်။
ပတ်ဝန်းကျင် နိုင်ငံများရှိ စွမ်းအားကောင်းသော သူများကလည်း မဟာမိတ် ကလန်လေးခုကို ဝန်းရံလို့ထားသည်။ သူတို့ကြား ဝင်ရန်မဟုတ်ဘဲ မဟာမိတ် ကလန်လေးခု နိုင်ငံမှ မည်သည့် ကျင့်ကြံသူဖြစ်ဖြစ် နိုင်ငံအပြင်သို့ ထွက်မလာစေရန် သေချာစေခြင်းပင်။
အနိုင်ရသည့် နိုင်ငံတစ်ခုသာ ကျန်ရှိပေလိမ့်မည်။
ဧရာမအရိုင်းအစိုင်း ပုံရိပ်ကြီးများက တိုင်ပွဲနယ်မြေအနှံ့ လှည့်ပတ်သွားနေပြီး သူတို့ လက်မောင်းကြီးများကို လွှဲယမ်း ရိုက်ခတ်လေ၏။ သူတို့ လွှဲယမ်းလိုက်တိုင်း ရွှမ်ယွဲ့ရှိ ကျင့်ကြံသူ တော်တော်များများက ရိုက်နှက် ခံရပေသည်။ သည်လိုအရိုင်းအစိုင်း ကောင်ကြီးမျိုး ကိုးဆယ်ကိုးခု ရှိလို့နေ၏။
သူတို့က ရွှမ်ယွဲ့မှ ကျင့်ကြံသူ မှန်သမျှကို တိုက်ခိုက်လျက် ရှိ၏။
သည်အရိုင်းအစိုင်း ကောင်ကြီးများက အလွန်စွမ်းအား ကောင်းလှသော်လည်း သူတို့က မီးစိတ်ဝိညာဉ် ဖန်တီးထားသော မီးကိုတော့ ကြောက်လန့်ကြသည်။
အရိုင်းအစိုင်း ကောင်ကြီး တစ်ကောင်က ရွှမ်ယွဲ့မှ ကျင့်ကြံသူ နှစ်ယောက်ကို တိုက်ခိုက်လိုက်ရာ ဖုန်မှုန့်အဖြစ် ပြောင်းသွားရ၏။ သို့သော် ၎င်းအနားတွင် မီးများဝန်းရံလို့ သွားသည်။ သူ့ခန္ဓာကိုယ်ထံမှ အဖြူရောင် အခိုးငွေ့များ ထွက်လာခဲ့ပြီး မျက်စိ တစ်မှိတ်အတွင်း ပျောက်ကွယ် သွားလေ၏။ အရိုင်းအစိုင်း ကောင်ကြီးအထဲရှိ ကျင့်ကြံသူပင် လောင်ကျွမ်း ပြာကျသွားရသည်။
သို့သော် သည်ထူးဆန်းသည့် မီးက ပူပြင်းလှသော်လည်း နှင်းများပေါ်သို့ မည်သို့မျှ သက်ရောက်မှု မရှိပေ။
ကောင်းကင်ထက်ရှိ ဧရာမ အစီအရင်ကြီး ပြိုကွဲသွား ပြီးနောက် နှင်းမုန်တိုင်းများက အက်ကွဲကြောင်းများမှ ထွက်ပေါ်လာခဲ့သည်။ နှင်းများလည်း ပို၍ ထူထဲလာခဲ့၏။
ရွှမ်ယွဲ့မှ ကျင့်ကြံသူများ ကလည်း အားကောင်းသော လက်နက် ရတနာများကို ကြိုတင် ပြင်ဆင်လာခဲ့ ကြပေသည်။
အဖြူရောင် တိမ်ကလန်ကို တိုက်ခိုက်နေသော နေရာတွင် အဖြူရောင် ဆံပင်နှင့် အဘွားအိုက အင်္ကျီလက်အိုးကို ဝှေ့ယမ်းပြီးနောက် ရှုပ်ထွေးသော မန္တန်များကို ရွတ်ဆိုလို့နေသည်။ ရုတ်တရက် အက်ကွဲကြောင်းထဲမှ လေပြင်းတစ်ချက် တိုက်ခိုက်လာပြီး ပေတစ်ရာ ပတ်လည်ရှိ နှင်းများက လေထဲသို့ မျောလွင့်လာကြသည်။
သည်အားကောင်းသော လေပြင်းအောက်တွင် နှင်းများက ရေခဲများ အဖြစ်သို့ ပြောင်းသွားကြသည်။ ထို့နောက် အဘွားအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့နှဖူးကို သူရိုက်ချလိုက်ရာ ခန္ဓာကိုယ်ထဲမှ စဦးစိတ်ဝိညာဉ် ထွက်ပေါ်လာ၍ ရေခဲတုံးကြီး တစ်တုံးထဲသို့ ဝင်ရောက်သွားသည်။
အဘွားအို၏ စဦးစိတ်ဝိညာဉ် ရေခဲထဲသို့ ဝင်ရောက်သည့် အခိုက်တွင် ထိုရေခဲက တုန်ခါသွားပြီး ဧရာမ ရေခဲဘီလူးကြီး အဖြစ်သို့ ပြောင်းသွား၏။
သည်ဘီလူးကြီး၏မျက်လုံးများက မြင့်တက်သွားပြီး သူက မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ နှင်းများက လေထဲတွင် မျောလွင့်လို့ သွားတော့သည်။
သည်နှင်းများက ဧရာမ ရေခဲဘီလူးကြီး အသုံးပြုရန် လှံရှည်တစ်လက် ဖြစ်သွားလေ၏။
ထို့နောက် ရွှမ်ယွဲ့မှ ကျင့်ကြံသူအချို့၏ အနားတွင်လည်း သည်လိုတူညီသော ပုံစံမျိုး ဖြစ်သွား၍ ဧရာမရေခဲ ဘီလူးများက တိုက်ပွဲတွင် ပေါ်လာခဲ့တော့သည်။
သည်လိုမျိုး တူညီသော အဖြစ်က အခြား ကလန်သုံးခု တိုက်ပွဲ နယ်မြေတွင်လည်း ပေါ်ထွက်လာ၏။ သည်ရေခဲ ဘီလူးကြီးများက မဟာမိတ်ကလန်၏ ကျင့်ကြံသူများနှင့် တိုက်ခိုက်ကြ လေသည်။ တိုက်ပွဲက ပို၍ ရှုပ်ထွေးလို့လာ၏။
အဖြူရောင် ဆံပင်နှင့် အဘွားအိုက လေထဲတွင် မတ်တတ်ရပ်နေပြီး တိုက်ပွဲကို အေးစက်စွာ ကြည့်လို့နေသည်။
သတ္တုဒြပ်စင် ကတော့ ကြေးဒယ်စောက်ပေါ်ရှိ အဘွားအိုနှင့် တိုက်ခိုက်လို့ နေသည်။ အဘိုးအိုက ဒယ်စောက်ပေါ်သို့ လက်တင်လိုက်ရာ ကောင်းကင်ထက်တွင် သင်္ကေတများစွာ ဖြစ်ပေါ်လာခဲ့သည်။ သည်သင်္ကေတများက အဘိုးအို၏ ထိန်းချုပ်မှုဖြင့် သတ္တုဒြပ်စင်ကို တိုက်ခိုက်တော့သည်။
သစ်သားဒြပ်စင် ကတော့ အစိမ်းရောင် သစ်သားကလန်မှ ရွှံ့နှစ်ရေကန်ကြီးဖြင့် တိုက်ခိုက်လို့ နေသည်။
မရေမတွက်နိုင်သော မြွေများက ထိုရေကန်ထဲမှ ထွက်ပေါ်လာ ခဲ့လေသည်။ ထိုမြွေများနှင့် ထိတွေ့မိသော ရွှမ်ယွဲ့မှ ကျင့်ကြံသူများ အားလုံး သေဆုံးရလေ၏။
သစ်သားသတ္တု အတွက်တော့ ခက်ခဲလှသည့်အချိန် ရောက်နေသည်။
အမည်းရောင် စိတ်ဝိညာဉ်ကလန်မှ အထူးဆန်းဆုံး လူငယ်ကတော့ မြေဒြပ်စင် ဝိညာဉ်နှင့် ကြမ်းတမ်းစွာ တိုက်ခိုက်လို့ နေသည်။ သည်လူငယ်က တစ်ကိုယ်လုံး လှုပ်ရှားခြင်း မပြုဘဲ မှင်စုတ်တံကိုသာ လက်ဖြင့်လှုပ်ယမ်း တိုက်ခိုက်၏။
သို့သော် စုတ်တံ ရိုက်ချက်တိုင်းကို မြေစိတ်ဝိညာဉ်က ရှောင်တိမ်း နိုင်နေသည်။ နောက်ဆုံးတွင် လူငယ်က မျက်လုံးမှိတ် ထားလိုက်၏။
အနီးကပ်ကြည့်လျှင် လူငယ်က တစ်စက် ကလေးတောင် လှုပ်ရှားခြင်း မပြုတော့ဘဲ သူ့ဘာသာသူ ရွှေ့လျား တိုက်ခိုက်နေခြင်းပင်။
စစ်ပွဲက စတင်နေသည် ဖြစ်သော်လည်း နှစ်ဖက်လုံးရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ကတော့ ခုထိလှုပ်ရှားခြင်း မပြုသေးကြချေ။
မဟာမိတ် ကလန်လေးခုမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် မွန်းစတားအိုများက ကောင်းကင်ထက်ရှိ မိန်းကလေကို ကြည့်လို့နေသည်။ ခုလိုတွေစစ်ပွဲ ဖြစ်လာခြင်းမှာ သည်ပါရမီရှင် မိန်းကလေး ကြောင့်ပင်။
ဝမ်လင်းကလည်း စောင့်ဆိုင်းလျက် ရှိနေ၏။ သူက နှင်းတောင်ထဲတွင် ပုန်း၍ တိုက်ပွဲကို ကြည့်နေခြင်းပင်။ သူက မရေမတွက် နိုင်သော ကျင့်ကြံသူများ သေဆုံးနေရသည်ကို တွေ့နေရ၏။
ဝမ်လင်းက ထူဆန်းသော ဖြစ်စဉ်တစ်ခုကို စိတ်ဝင်စား မိလိုက်သည်။ ကျင့်ကြံသူများက သေဆုံးသွားကြပြီး သူတို့ ခန္ဓာကိုယ်ကတော့ နှင်းများကြား နစ်မြုပ်သွား၍ ချက်ချင်း အေးခဲကုန်ကြသည်။
သည်သေဆုံးကုန်သော ခန္ဓာကိုယ်များထံမှ ထွက်ပေါ်နေသော စိတ်ဝိညာဉ် စွမ်းအင်များကို သတိပြုမိလိုက်သည်။
သည်အဖြစ်အပျက်က ဝမ်လင်းကို အလွန်မတည်မငြိမ် ဖြစ်စေလေသည်။ သူက ဘာကြောင့်မှန်းမသိ အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မြေကြီးထဲသို့ အသံမထွက်ဘဲ တိုးဝင်သွား၏။ သူက သည်နောက်ကွယ်ရှိ ထူးဆန်းမှုကို သူက တွေ့ချင်၊ သိချင်နေပေသည်။
သူက ထိုနေရာသို့ ရောက်ရန် မြေလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြု၍ ဆက်ဆင်း သွားနေသည်။ မြေအောက်ထဲတွင် ပေလေးထောင်ခန့် ရောက်လာသည့်အခါ ဝမ်လင်းက ရပ်တန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မတည်မငြိမ် ဖြစ်ဟန် ပေါ်နေ၍ အံ့ဩလို့နေသည်။ သူက ပေငါးထောင်ခန့်တွင် လူတစ်ယောက် တူးထားခဲ့သည့် လိုဏ်ဂူတစ်ခု ရှိလို့နေသည်။ ထိုလိုဏ်ဂူက အဆုံးမရှိဟန် ရ၏။ ဝမ်လင်းက သည်မြေအောက် လိုဏ်ဂူမှာ မဟာမိတ်ကလန် လေးခုလုံးကို လွှမ်းခြုံထားသည်လို့ ခန့်မှန်းမိ လိုက်သည်။
သည်လိုဏ်ဂူထဲရှိ ပေတစ်ထောင် အကွာအဝေးတိုင်းတွင် ရေခဲရုပ်တုများ ရှိလို့နေသည်။ သည်ရေခဲရုပ်တု တစ်ခုချင်းစီက ဆယ်ပေခန့်ရှည်ပြီး ထူးဆန်းသော အလင်းများ ထုတ်လွှတ်လို့ နေသည်။ သူ့တို့၏ မျက်နှာသွင်ပြင်က ကြမ်းကြုတ်ပြီး လူသားများကဲ့သို့ လက်များရှိ၍ ခန္ဓာကိုယ်ကတော့ မြေခန္ဓာကိုယ်ပုံစံ ရှိလို့နေ၏။
ဝမ်လင်းက သည်ရေခဲရုပ်များကို အကြမ်းဖျင်း စစ်ဆေးကြည့်လို့ နေသည်။
တိုက်ပွဲအတွင်း ပျောက်ကွယ်သွားသော ခန္ဓာကိုယ်များက သည်နေရာတွင် ပြန်ပေါ်လာ နေသည်။ သို့သော် ၎င်းတို့ ပေါ်လာသည့် အခိုက်တွင်လည်း အနီးနားရှိ ရေခဲရုပ်များ စုပ်ယူခြင်းကို ခံရပေလိမ့်မည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက မဟာမိတ်ကလန်က သည်အရာကို စောလျင်စွာ သတိမပြု နိုင်သည်ကို မယုံနိုင် ဖြစ်ရသည်။ သို့သော် သူလည်းပဲ သည်ဂူကို အစောကတည်းက မထောက်လှမ်း နိုင်ခဲ့ချေ။
ဝမ်လင်း၏ နတ်ဘုရားအာရုံက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ နတ်ဘုရားအာရုံနှင့် အဆင့်တူ ရှိနေပြီ ဖြစ်သည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းပြီးနောက် မြေပေါ်သို့ ပြန်တက် လာခဲ့သည်။ သူက ခေါင်းမော့၍ ကောင်းကင်ပေါ်သို့ လှမ်းကြည့် လိုက်သည်။ ထို့နောက် သူက အနည်းငယ် စဉ်းစားလိုက်ပြီး ကျောက်ဝူထိုင် ပေးခဲ့သော အသံမက်ဆေ့ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ သည့်နောက် သည်ကျောက်စိမ်းပြား ထဲသို့ သူက စကားလုံး အနည်းငယ် ပို့လွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ ဧရာမ မီးတောက်ကြီးက အရိုင်းအစိုင်း ကောင်ကြီးကို လောင်ကျွမ်းပြာကျ စေလိုက်သည်ကို တွေ့လိုက်ရ၏။ သည်အရိုင်အစိုင်း ကောင်ကြီးက သေဆုံးသွားသော်လည်း မီးတောက်က ရပ်တန့်ခြင်း မရှိဘဲ ဝမ်လင်းထို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။
ဝမ်လင်းက နောက်သို့ ဆုတ်လိုက်ပြီး လက်ဟန်တချို့ ဖန်တီး၍ သူ့ရှေ့တွင် ရေတိုင်လုံးကြီး တစ်ခုကို ဖြစ်ပေါ်စေ၍ မီးတောက်ကို တားဆီးလိုက်၏။ ထို့နောက်သူက ပေနှစ်ထောင် အကွာသို့ တည်နေရာ ရွှေ့ပြောင်းလိုက် လေသည်။
ရေတိုင်လုံးကြီးက မီးတောက်ကို ခဏတာ တားဆီးပြီးနောက် အဖြူရောင်မြူများ အသွင်သို့ ပြောင်းသွားတော့၏။ သည်မီးတောက်ကလည်း အဖြူရောင် တိမ်ကလန် ဧရိယာ တစ်ခုလုံးကို ဝန်းရံ လှည့်ပတ်လို့ နေသည်။
ဝမ်လင်းက ခုချိန်တွင် သူ့ကို သိသွားကြမည် စိုးသဖြင့် အင်တင်တင် ဖြစ်နေပါသည်။ ထို့ကြောင့်လည်း သူက မီးတောက်ကို မငြိမ်းသက်ဘဲ ထွက်ပြေးခဲ့သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ မလှုပ်ရှား သေးသ၍ ဝမ်လင်းကလည်း လှုပ်ရှားမည် မဟုတ်ချေ။
***