ဝမ်လင်းက ထိုနေရာတွင် မတ်တတ်ရပ်နေရင်း တနူးတို့ ဇနီးမောင်နှံ ထွက်ခွာသွားသည်ကို အချိန်အတော်ကြာ ကြည့်နေမိနေ၏။ လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်တုန်းက တနူးက ကလေးသာ ရှိသေး၏။ သို့သော် မျက်စိတစ်မှိတ် အတွင်းတွင် သူက သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်လာခဲ့လေသည်။
ဝမ်လင်းက နှစ်နိုင်ငံခြား အလင်းမျက်နှာပြင်ကို လက်ညွှန်လိုက်ပြီး ပြုံး၍ ကြည့်နေသည်။ ဖျတ်ခနဲပင် အလင်း မျက်နှာပြင်ပေါ်ရှိ လမ်းကြောင်းက ပြန်ပိတ်သွားခဲ့၏။ ဝမ်လင်းက ခေါင်းမော့၍ ပတ်ချာလည်ကို ကြည့်လိုက်သည်။ သူက မဟာမိတ် ကလန်လေးခု နိုင်ငံမှ ထွက်ခွာသွားရန် အလျင်မလိုပေ။ အကြောင်းမှာ သူခုထိ မပြုလုပ်ရသေးသည့် အရာများ ရှိနေသေး သောကြောင့်ပင်။
သည်အရာက မိုးခေါင်းလောင်းကို ရရှိရန် ဖြစ်၏။
သည်မိုးခေါင်းလောင်းက မဟာမိတ် ကလန်လေးခုအတွက် ကပ်ဆိုးပင်။ သို့သော် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်ကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရန် အတွက်တော့ သည်အရာက ရတနာတစ်ခုပင် ဖြစ်သည်။
ဝမ်လင်း အတွက်က မိုးခေါင်လောင်းက အနာဂတ်တွင် လိုလာမည့် အရာတစ်ခု ဖြစ်သည်။ ဝမ်လင်းက သူ့ကို ဝန်းရံထားသော စိတ်ဝိညာဉ် စွမ်းအင်များက မသန့်စင်ကြောင်း ခံစားမိနေသည်။
သည်လို မသန့်စင်မှုကိုလည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်အောက်ရှိ ကျင့်ကြံသူများက သတိမပြုနိုင်ပေ။
သို့သော် လူတစ်ယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သွားလျှင်တော့ သည်လိုမျိုး စွမ်းအင်က အကျိုးသက်ရောက်မှု ဖြစ်စေ၏။ ကြည့်ရသည်မှာ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲရှိ စိတ်ဝိညာဉ် အရည်များက ဒြပ်စင်ငါးခု မပြည့်စုံသည့် အတွက် ၎င်း၏ သန့်စင်မှုက အပြည့်အဝ မရှိသည့်ပုံပင်။ ထို့ကြောင့်လည်း ဝမ်လင်းအတွက် ခုလိုမျိုး သူ့စိတ်ဝိညာဉ် မသန့်စင်မှုကို ဖြစ်စေသည့်ပုံရ၏။
သို့ရာတွင် သည်ဒြပ်စင်ငါးခုကို ရရှိရန်က အလွန်ခက်၏။
ဝမ်လင်းက ကောင်းကင်ဘုံ တံခါးပေါက်ထဲသို့ ဝင်၍ ကောင်းကင်ဘုံချီကို ရရန်လို၏။ ထို့ကြောင့် သူက မိုးတံခါးပေါက်ကို မျက်စိ ကျမိခြင်းပင် ဖြစ်သည်။
ခုချိန်က မိုးခေါင်းလောင်းကို ရရှိအောင် ကြိုးစားခြင်းက အချိန်ကောင်း မဟုတ်သေးပေ။ ရွှမ်ယွဲ့၏ ကျူးကျော်မှုစစ်များ ဖြစ်သည့် အချိန်ကျမှ သူကြိုးစားလျှင်ပို၍ သင့်တော်ပေ လိမ့်မည် ဖြစ်၏။
သူက ထိုသို့တွေးနေရင်း နှင်းတောင်ကြီးကို တစ်တောင်ကို တွေ့၍ နှင်းတောင်ထဲသို့ ဝင်ရောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က နှင်းထဲတွင် နစ်မြုပ်နေ ပြီးနောက် သူက အတားအဆီး အလံများကို ထုတ်၍ သူ့ပတ်ပတ်လည်တွင် ထားလိုက်၏။ သိပ်မကြာခင်မှာ ဝမ်လင်းက နှင်းတောင်ကြားတွင် ပျောက်ကွယ်လို့ သွားသည်။
ဝမ်လင်းက ရွှမ်ယွဲ့က မည်သည့်အချိန် ရောက်လာမည်ကို မသိပါ။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် အလျင်လိုနေခဲ့၏။ သို့မှသာ သူ့အတွက် မိုးခေါင်းလောင်းကို ရရန် အခွင့်ရေး ပိုများပေလိမ့်မည်။
မျက်စိ တစ်မှိတ်အတွင်း တစ်နှစ်တာ ကုန်ဆုံးသွားခဲ့၏။ သိပ်မကြာခင်မှာလည်း ကောင်းကင်ထက်ရှိ အစီအရင်များ၏ ပြောင်းလဲမှုကြောင့် ရွှမ်ယွဲ့မှ ကျင့်ကြံသူများ သိပ်မကြာခင် ရောက်လာတော့မည်ဟု ထင်ရ၏။ သို့သော် နှင်းများ ကျဆင်းမှုကတော့ တဖြည်းဖြည်း လျော့နည်း လာခဲ့သည်။
မဟာမိတ် ကလန်လေးခုက နှင်းများဖြင့် ဖုံးလွှမ်းလို့နေ၏။ လွန်ခဲ့သောနှစ်က သေမျိုး အမြောက်အမြားလည်း သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ မဟာမိတ် ကလန်လေးခု နိုင်ငံ၏ သေမျိုးကမ္ဘာက သင်္ချိုင်းများ အဖြစ်သို့ ပြောင်းသွားသလား မှတ်ရသည်။
မဟာမိတ် ကလန်လေးခု နိုင်ငံတွင်လည်း အစုနှစ်ခု ကွဲနေခဲ့၏။ တစ်ဖွဲ့က ပုန်းလို့နေချင်ပြီး နောက်တစ်ဖွဲ့က အဆုံးထို တိုက်ခိုက်ချင် နေသည်။ တကယ်တော့ ရွှမ်ယွဲ့က အဆင့်လေး နိုင်ငံတစ်ခုသာ ဖြစ်သည်။ သည်နေ့တွင် ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းများမှ အေးစက်သော အော်ရာများ ပျံ့နှံ့လို့နေသည်။ မဟာမိတ် ကလန်လေးခု၏ အလယ် ကောင်းကင်ထက်တွင် မိန်းကလေး တစ်ယောက်က အက်ကွဲကြောင်းမှ အရင်ဆုံး ထွက်လာခဲ့၏။
သည်မိန်းကလေးက ရေခဲဘုရင်မ အလား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက လှပရုံမဟုတ်ဘဲ မျက်နှာ ပေါ်တွင်လည်း နှင်းများထက်ပင် အေးစက်သည့်ဟန် ရှိနေ၏။
သူမက နှင်းများကြားမှ လမ်းလျှောက်၍ ထွက်လာခဲ့သည်။ ထို့နောက် သူမက အောက်သို့ တစ်ချက် ကြည့်လိုက်ပြီး ကောင်းကင်ကို လက်ညှိုး ညွှန်လိုက်သည်။ ရုတ်တရက် မရေတွက်နိုင်သော အက်ကွဲကြောင်းများက ကောင်းကင်ထက်တွင် ပေါ်လာခဲ့ပြီး လျင်မြန်စွာ ကျယ်ပြန့်လာ ခဲ့သည်။
မှန်တစ်ချပ် ကွဲကြေကျသလို အသံလှိုင်းများက မဟာမိတ် ကလန်လေးခု နိုင်ငံတစ်ခုလုံးတွင် ပျံ့နှံ့လို့သွား၏။ တစ်ချိန်တည်းမျာ နှင်းများဖြင့် ပိတ်လှောင်ထားသော အစီအရင်များက ပြိုကွဲသွားပြီး မဟာမိတ် ကလန်လေးခု၏ ထောင့်အသီးသီးသို့ ကျရောက်သွားသည်။
သိပ်မကြာခင်မှာ အဖြူရောင် ဝတ်စုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူများက အက်ကွဲကြောင်းများမှ ထွက်ပေါ်လာ ခဲ့ကြသည်။ သူတို့အားလုံးတွင် တူညီသော တစ်ချက်က မျက်နှာပေါ်ရှိ အေးစက်မှုများပင်။
သတ်ဖြတ်ခြင်း အငွေ့အသက်များက မဟာမိတ် ကလန်လေးခု နိုင်ငံတစ်လွှား ဖုံးလွှမ်းလို့သွား၏။
တစ်ချိန်တည်းမှာ မဟာမိတ် ကလန်လေးခုမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ ကလည်း ထွက်ပေါ်လာခြင်း မရှိဘဲ ရွှမ်ယွဲ့မှ ကျင့်ကြံသူများက အက်ကွဲကြောင်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။
တဖြည်းဖြည်းဖြင့် ရွှမ်ယွဲ့မှ ကျင့်ကြံသူများက ပို၍များပြား လာခဲ့သည်။ သူတို့က စကားပြောဆိုခြင်း မပြုဘဲ အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးကိုသာ စူးစိုက်၍ ကြည့်နေခဲ့၏။
အမျိုးသမီး၏ မျက်လုံးများက အေးစက်လို့နေပြီး သူမက အောက်သို့ လက်ညှိုး ထိုးပြလိုက်သည်။ သည်ရိုးရှင်းသော အပြုအမူလေးက ရွှမ်ယွဲ့မှ ကျင့်ကြံသူ အားလုံးကို ကောင်းကင်ထက်မှ ဆင်းသက် စေခဲ့လေ၏။
သူတို့က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး အလင်းတန်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့လို့သွားသည်။
စိမ်းပြာရောင်၊ အနီရောင်၊ ခရမ်းရောင်နှင့် အဖြူရောင် တိုင်လုံးကြီး များကလည်း ကောင်းကင်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုတိုင်လုံးကြီးများ၏ ထိပ်တွင် ဧရာမပုံရိပ်များ စုဖွဲ့လို့လာ၏။ သည်ပုံရိပ်များက သားရည်ချပ်ဝတ်များ ဝတ်ဆင်ထား ကြလေ၏။
တစ်စုံတစ်ယောက်က ဧရာမအရိုင်းအစိုင်း ပုံရိပ်ကြီးများကို အနီးကပ်ကြည့်လျှင် ၎င်းတို့၏ ရင်ဘတ်တွင် ကျင့်ကြံသူ တစ်ယောက်စီ ရှိနေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ကျင့်ကြံမှုအဆင့် နိမ့်ရင်တော့ ထိုအရာကို တွေ့နိုင်မည် မဟုတ်ပါ။
သည်အရိုင်းအစိုင်း ပုံရိပ်ကြီးများက သည်တိုင်းလုံးများမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး ရွှမ်ယွဲ့မှ ကျင့်ကြံသူများထံ တိုးဝင်လို့ သွားကြသည်။
သည်လိုပုံရိပ်ကြီးများ တဟုန်ထိုး ထွက်သွားကြစဉ်မှာ ဒေါသတကြီး ဟိန်းသံတစ်ခုက အဖြူရောင် တိမ်ကလန်မှ အရှေ့ဘက်အရပ်ထိ ထွက်ပေါ်လာ ခဲ့တော့သည်။
ကြီးမားသော အနက်ရောင် ကျောက်တုံးကြီးက လေထဲတွင် မျောလို့နေသည်။ သည်ကျောက်တုံးကြီး ပေါ်တွင်တော့ လူအိုကြီး တစ်ယောက်က သံကြိုးများကို ရစ်ပတ် ကိုင်ထားလျက် ရှိနေ၏။ သည်အဘိုးအိုက အရိုးပေါ်အရည်တင် အသွင်ရှိလို့နေပြီး အရှက်လုံရုံသာ ဝတ်ဆင်ထား၏။
သူက ရွှမ်ယွဲ့မှ ကျင့်ကြံသူများကို ကြည့်၍ လျှာသပ်လို့နေသည်။
သူ့လျှာကလည်း အလွန်ရှည်လျား၏။ သူက မိစ္ဆာ တစ်ကောင်နှင့်ပင် ဆင်တူနေပြီး လူတိုင်းကို တုန်လှုပ်မှု ပေးစွမ်းလေသည်။
သိပ်မကြာခင်မှာပင် တောင်ဘက်ခြမ်းရှိ မှင်ရည်ကလန် မှလည်း အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဧရာမကြေးနီ ဒယ်စောက်ကြီး တစ်ခုက မှင်ရည်ကလန်၏ အနောက်ဘက်ရှိ ကောင်းကင်ထက်တွင် မျောလွင့်လို့နေသည်။ သည်ကြေးနီ ဒယ်စောက်ကြီး ပေါ်တွင် များစွာသော မန္တန်များ ရေးထွင်းထားလေ၏။
သည်ဒယ်စောက်ကြီး ပေါ်တွင် အနီရောင် ဝတ်စုံနှင့် အဘိုးအို တစ်ယောက် ထိုင်နေခဲ့ပြီး သူက ကောင်းကင်ကို တည်ငြိမ်စွာ ကြည့်လို့နေသည်။
အရှေ့ဘက်ခြမ်းရှိ အစိမ်းရောင် သစ်သားကလန်၏ ကောင်းကင် ထက်တွင်လည်း အနက်ရောင် ရွှံ့နှစ်ရေကန်ကြီး တစ်ကန် မျောလွင့်လို့နေသည်။ သည်ရွှံ့များက ဆူပွက်လို့နေသည်။
မြောက်ဘက်ခြမ်းရှိ အနက်ရောင် စိတ်ဝိညာဉ် ကလန်တွင်လည်း သပ်ရပ်စွာရှိသော လူငယ်တစ်ယောက် ထွက်ပေါ်လာ၏။ သူ့အသွင်က အလွန် ဖျော့တော့နေပြီး အပြင်းအထန် နေမကောင်းသည့်ပုံ ရသည်။
သူကလေထဲတွင် ပျံဝဲနေပြီး လက်ယမ်း၍ တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ရုတ်တရက် ကြီးမားသည့် အမည်းရောင် အခိုးအငွေ့ကြီး တစ်ခုက အမည်းရောင် စိတ်ဝိညာဉ် ကလန်အပေါ်တွင် မျောလွင့်လို့နေသည်။
အမည်းရောင် အငွေ့များက စုဝေးသွားပြီး အမည်းရောင် မှင်စုတ်တံ တစ်ချောင်း ဖြစ်ပေါ်လာ၏။ သည်စုတ်တံ ပေါ်လာသည့် အခိုက်တွင် ကောင်းကင်ပင် အရောင် ပြောင်းရသည်။
သည်အရာများက မဟာမိတ် ကလန်လေးခု၏ ပြီးခဲ့သောနှစ် အချို့ကတည်းက ကြိုတင် ပြင်ဆင်ထားသည့် အရာများ မဟုတ်လော။
တကယ်တော့ မဟာမိတ် ကလန်လေးခု၏ ကျင့်ကြံသူများက သည်မြေပေါ်တွင် ကြီးပြင်း ခဲ့ကြခြင်းပင်။ သူတို့ အမြင်များက ရွှမ်ယွဲ့နိုင်ငံများ သတင်းများကြောင့် မတူမညီ ဖြစ်သွားရသော်လည်း သူတို့က ကျူးကျော်သူများကို တိုက်ခိုက်ရန် ပေါင်းစည်းခဲ့ ကြပေသည်။
သူတို့က အိမ်မရှိယာမရှိ သောင်ပြင်မှာ လွတ်နေသော ခွေးများကဲ့သို့ အဖြစ်မခံလိုကြပေ။ သူတို့က သူတို့အိမ်ကို သူတို့ မကာကွယ်နိုင်သော သူများ မဖြစ်လိုကြပေ။
လူသားများက အိမ်လိုအပ်၏။ ကျင့်ကြံသူများလည်း လူသားများ ကဲ့သို့ပင်။
သည်အရာက သေခြင်းရှင်ခြင်း တိုက်ပွဲပင်။ တစ်ဖက်က အခြားတစ်ဖက်ကို အမြစ် မဖျက်နိုင်ခဲ့ရင် သေဆုံးသည့်အထိ တိုက်မည့် စစ်ပွဲပင်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးက လေထဲတွင် မျောလွင့်နေခဲ့၏။ သူမ အကြည့်က အေးစက်နေပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“သူတို့အားလုံးကို မျိုးတုန်းပလိုက်။ ဒီနေရာက ရွှမ်ယွဲ့က ကျင့်ကြံသူတွေ အတွက် နိုင်ငံအသစ် တစ်ခု ဖြစ်လာရမယ် … ”
သည်စကားများ ထွက်ပေါ်လာသည့် အခိုက် ရွှမ်ယွဲ့မှ ကျင့်ကြံသူများသည် သံပြိုင်အော်ဟစ် လိုက်ကြ၏။ သည့်နောက် သည်မိန်းကလေးက ချိတ်ပိတ်ဟန်တချို့ ပြုလုပ်လိုက်ရာ ငါးရောင်စုံ အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
သည်ငါးရောင်စုံအလင်း ထွက်ပေါ်လာသည့် အခိုက်တွင် သူမနှင့် တူညီသည့် မိန်းကလေး ငါးယောက် ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုမိန်းကလေးများက သူမ၏ ကိုယ်ပွား မဟုတ်ကြချေ။
ထိုအချိန်တွင် ဝမ်လင်းက နှင်းတောင်ထဲတွင် ပုန်းနေခဲ့သည်။ သူ့နတ်ဘုရား အာရုံကတော့ သည်ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံထား လေသည်။ ဝမ်လင်းက မိန်းကလေး ငါးယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်သည့် အခါ သူ့နတ်ဘုရား အာရုံထဲရှိ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ရုတ်တရက် တုန်ခါလာခဲ့သည်။
ထိုအခိုက်တွင် ကောင်းကင်ထက်တွင် နတ်ဘုရား အာရုံက များစွာ ရှိလို့နေသည်။ ထို့ကြောင့် ဘယ်သူ့မှ သူ့နတ်ဘုရား အာရုံကို အာရုံစိုက်ထားခြင်း ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ရုတ်တရက် သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ဒြပ်စင်ငါးခု စိတ်ဝိညာဉ်တွေ … ”
အတိတ်တုန်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က မီးစိတ်ဝိညာဉ် တစ်ခုကို ဝါးမျိုပြီးနောက် မီးဒြပ်စင်က လုံးဝပြည့်ဝ လာခဲ့သည်။ သည်အချိန်တွင် ဝမ်လင်းက ဒြပ်စင်ငါးခုလုံးကို တွေ့မြင်လိုက်သည့် အခါ စိတ်လှုပ်ရှား မိလာသည်။ သို့သော် သူက သည်အကြံဉာဏ်ကို စွန့်ပစ်လိုက်၏။ အကြောင်းမှာ ရွှမ်ယွဲ့မျ ပါရမီရှင် မိန်းကလေးက ကျောက်ဝူထိုင် ပြောခဲ့သလို ဟုတ်မဟုတ် မသိသေး သောကြောင့်ပင်။
သူမက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်သာ ရှိမည်ဆိုရင်ပင် ခုချိန်တွင် သူ့အတွက် သူမနှင့်ရင်ဆိုင်ရန် အလှမ်းဝေး နေပါသေး၏။