သူပထမဆုံး ထွင်းထုလိုက်သည့် ပန်းပုရုပ်မှာ သူ့ဆရာ စွန်ကျန်ဝေပင် ဖြစ်သည်။
သစ်သားစများက ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲလျက် ရှိသည်။ နောက်ဆုံးတွင် ဝမ်လင်းက စွန်ကျန်ဝေ၏ ပန်းပုရုပ်ကို အောင်မြင်စွာ ထွင်းပြီးသွား၏။
ဝမ်လင်းက စွန်ကျန်ဝေ၏ ပန်းပုရုပ်ကို ကြည့်နေရင်း သူ့နှလုံးသားက တည်ငြိမ်လျက်ပင်။ စွန်ကျန်ဝေက ဝမ်လင်း၏ ဘူးသီးခြောက် အတွက် လောဘမတက် ခဲ့ဘူးဆိုလျှင် သေဆုံးခဲ့ရမည် မဟုတ်ပါ။ ဒါက ကမ္မပင် ဖြစ်ချေ၏။ ရှင်သန်မှုထဲတွင် သေဆုံးမှု ရှိလို့နေသည်။
ဒုတိယ ပန်းပုရုပ်ကတော့ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ထွက်ပေါ်နေသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ ပန်းပုရုပ်ပင်။ ထိုလူသည် ကျောက်ဟို၏ ဆရာ၊ လူအိုကြီး ဂျိမို၏ တပည့်ဖြစ်ကာ ဝမ်လင်း ဒုတိယမြောက် သတ်ခဲ့သော သူပင်။
ထို့နောက် ဝမ်လင်းက နောက်ထပ် သုံးခုမြောက် ပန်းပုကို ထွင်းထုလို့နေသည်။ သည်တစ်ခါတော့ လူငယ် တစ်ယောက်၏ပုံပင်။ သူက ထျန်မိသားစု၏ ထျန်လိပင်။ ထျန်ဟွယွမ်၏ ချစ်ရသော မြေးတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ဝမ်လင်းက ထျန်လီ၏ အကြောင်းကို ပြန်စဉ်းစား မိသည့်အခိုက် သူ့စိတ်ထဲတွင် လှုပ်ခတ်မှုတချို့ ဖြစ်သွား၏။ သို့သော် သိပ်မကြာခင်မှာ ပြန်၍ တည်ငြိမ်လို့ သွားသည်။
ဝမ်လင်းက ထွင်းထုပြီးသော ပန်းပုရုပ်များ တစ်ရုပ်ပြီး တစ်ရုပ်ကို ဘေးနားတွင် ထားထားလိုက်သည်။ တဖြည်းဖြည်းဖြင့် ဆိုင်ကြမ်းပြင်က သစ်သား ပန်းပုရုပ်များ ပြည့်လာခဲ့သည်။
အသတ်အဖြတ် အငွေ့အသက် များကလည်း ပို၍ သိပ်သည်းလာခဲ့၏။
ဝမ်လင်းက အာရုံနစ်မြုပ်၍ သူသတ်ဖြတ်ခဲ့သည့် လူများကို တစ်ယောက်ပြီး တစ်ယောက် ပြန်စဉ်းစား၍ ပန်းပုထွင်း နေတော့သည်။
တဖြည်းဖြည်းဖြင့် ဝမ်လင်းက သူပန်းပုထွင်း နေသည်ကိုပါ မေ့သွားခဲ့ပြီး နှစ်လေးရာ မှတ်ဉာဏ်များသာ သူ့စိတ်ထဲတွင် ပြန်ပေါ်လို့ နေလေသည်။
အစပထမတွင် ကောင်လေး တစ်ယောက်၊ သည့်နောက် ဟုန်ယွီကလန်သို့ ရောက်လာသည့် ကျင့်ကြံရန် အရည်အချင်း မရှိသည့် လူငယ်လေး တစ်ယောက်၊ ထိုမှတစ်ဆင့် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ရှာတွေ့ခဲ့ပြီး စစ်ထူနန်၏ သင်ကြား ပို့ချခြင်းကို ခံခဲ့ရခြင်း၊ သည့်နောက် ဟုန်ယွီကလန်မှ ကန်ထုတ်လိုက်ခြင်းကို ခံလိုက်ရခြင်း စသဖြင့် အတိတ်က အဖြစ်အပျက်များကို အစဉ်လိုက် ပြန်တွေးမိလို့ နေသည်။
ထို့နောက် သူက ဟုန်ယွီကလန်မှ ထွက်လာခဲ့ပြီး သူဘာသာသူ ကျင့်ကြံခဲ့သည်။ ထိုသို့ဖြစ်ပြီးနောက် သူက ကျောက်ဟိုနှင့် တွေ့ဆုံခဲ့ပြီး ကျောက်ဟို၏ ဆရာကို သတ်ပြီး ထျန်မြို့သို့ သွားရောက်ခဲ့လေ၏။ ထိုအခါ ထျန်လီကို ထွက်ပေါ်လာခဲ့၏။ ထို့ကြောင့် ကျောက်ဟူနှင့်သူက တစ်လမ်းစီ ကွဲသွားခဲ့ပြီး ကျောက်ဟို သေသလား၊ ရှင်သလားပင် မသိရတော့ပေ။
ထျန်မိသားစုမြို့တွင် ထွက်ပေါ်လာသော ထျန်လီက သူ့ကို အမဲလိုက်ခဲ့သည်။ ထို့ကြောင့်လည်း သူက ဝမ်လင်း၏ လက်ထဲမှ သေခဲ့ရခြင်းပင်။ သည့်နောက် အလောင်းကောင် ကလန်၊ ဂျူမင်တောင်ကြား တို့ကနေ စတင်ပြီး သူ့ဘဝက ပြောင်းလဲလို့ လာသည်။
သူကိုယ်တိုင်လည်း ထျန်လီကို သတ်ခဲ့သဖြင့် ထျန်ဟွယွမ်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စစ်ထူနန်ကြောင့် သူ့စိတ်ဝိညာဉ်က ပြင်ပတိုက်ပွဲ နယ်မြေထဲသို့ လွတ်မြောက်လို့ သွားသည်။
သည်လိုနှင့် သူက နှစ်ပေါင်း လေးရာကျော်ကို သတ်ဖြတ်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ဝမ်လင်းသည် အတိတ်တုန်းက သူ့ကျင့်ကြံမှုအဆင့် တိုးလာရန်မှာ လက်စားချေနိုင်ရန် အတွက်သာ ဖြစ်ခဲ့သည်။ သူက နှလုံးသားမဲ့၊ ခံစားချက် မရှိသည့် သွေးအေး ရက်စက်သည့် လူတစ်ယောက်လို ဖြစ်လာခဲ့သည်။
ဟိုဖန်နိုင်ငံ၊ နတ်ဆိုးပင်လယ်နှင့် ရှေးဟောင်း နတ်ဘုရားနယ်မြေ။ သည်နေရာများက သူ့စိတ်ထဲတွင် တဖျပ်ဖျပ် ပေါ်လာနေခဲ့သည်။ သည့်အပြင် သူက ထျန်မိသားစုတွက် သတ်ဖြတ်သူ နတ်ဆိုးတစ်ပါး အလားဖြစ်ခဲ့ပြီး လူပေါင်းများစွာအား သတ်ပစ်ခဲ့ပုံများလည်း ပြန်တွေးမိနေသည်။
ရှေးဟောင်း နတ်ဘုရား နယ်မြေတွင်တော့ ဝမ်လင်းက အတွက် မမေ့နိုင်သည့်အရာ တစ်ခုကတော့ ခါးကုန်းကြီးမုံ့ပင်။
ရှေးဟောင်း နတ်ဘုရား နယ်မြေတွင် သူရောက်ရှိခဲ့သည့် နှစ်များစွာက သူ့ခန္ဓာကိုယ်နှင့် စိတ်နေစိတ်ထားကို ကြီးစွာ ပြောင်းလဲစေခဲ့သည်။ သည်နယ်မြေထဲတွင် အန္တရာယ်များစွာ ရှိနေပြီး နည်းနည်း ဂရုမစိုက်သည်နှင့် ထိုနယ်မြေမှ ပြန်ထွက်လာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သူက ချူနိုင်ငံတွင် စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး လီမူဝမ်နှင့်လည်း ထပ်မံ ဆုံတွေ့ခဲ့ရသည်။ သူက စဦးစိတ်ဝိညာဉ် အဆင့်ကို အောင်မြင်စွာ ရောက်ရှိပြီးနောက် သူ့တစ်မိသားစုလုံးကို သတ်ပစ်ခဲ့သော ထျန်မိသားစုကို ပြန်၍ လက်စားချေ နိုင်ခဲ့သည်။
ဝမ်လင်းက သူ့စိတ်ထဲတွင် ပေါ်လာသည့် လူများအကြောင်း ပန်းပုထွင်းထု နေခြင်းကို ရပ်တန့်ခြင်း မရှိပေ။ သူ့လက်များကလည်း ပို၍ပို၍ မြန်ဆန်လို့ လာနေတော့၏။
သူ့စိတ်ထဲတွင်လည်း ပုံရိပ်များက မြန်ဆန်စွာ ဖြစ်ပေါ်လို့နေသည်။ တဖြည်းဖြည်းဖြင့် သူက နှစ်ပေါင်း သုံးဆယ်ကျော် နေထိုင်ခဲ့သည့် သေမျိုးတစ်ယောက် ဘဝကိုလည်း ပြန်မြင်ယောင် မိလာပြန်သည်။ မွေးဖွားခြင်းနှင့် သေဆုံးခြင်း။ ဘဝ၏ မြင်ကွင်းများက ဝမ်လင်း စိတ်ထဲတွင် တဖြည်းဖြည်း တံဆိပ်နှိပ်လျက်။
အချိန်တစ်ခု ကြာပြီးနောက် ခုသူ့စိတ်ထဲတွင် မည်သည့် အတွေး၊ မှတ်ဉာဏ်များမှ မရှိတော့ဘဲ စကားနှစ်လုံးသာ ရှိတော့သည်။
“မွေးဖွားခြင်းနှင့် သေဆုံးခြင်း”
ဝမ်လင်းက သေဆုံးခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်းလေးရာ ကတည်းက နားလည်ခဲ့ပေသည်။ အခု နှစ်သုံးဆယ် သေမျိုးတစ်ယောက်လို နေထိုင်လာခြင်းက သူ့အား မွေးဖွားခြင်းနှင့် ပတ်သက်၍ နားလည်လာ စေခဲ့သည်။
သူက သဘာဝတရား၏ ပြန်လည် မွေးဖွားခြင်း သံသရာစက်ဝန်းကို နားလည်အောင် ကြိုးစားတိုင်း ရှုံးနိမ့်ခဲ့ရပေသည်။
ဝမ်လင်း၏ စိတ်အခြေအနေက သူ့ကျင့်ကြံမှု အဆင့်ကို ထိန်းချုပ်နိုင်သော အမှတ်တစ်ခုသို့ ရောက်ရှိနေပြီဟု ပြော၍ ရပေသည်။ ရှေးဟောင်းကျင့်ကြံမှု ကမ္ဘာတွင် ဆိုရိုးတစ်ခု ရှိလေသည်။
“သင်က တောင်ကို မြင်တယ်ဆိုရင် တောင်ဖြစ်တယ်။ ရေကို မြင်ရင် ရေဖြစ်တယ် … ”
ဝမ်လင်း၏ အခုအခြေအနေမှာ သည်အဆင့်တွင် ဖြစ်၏။
သူက မျက်လုံးဖွင့်ကြည့် လိုက်သည့်အခါ မရေမတွက်နိုင်သော ပန်းပုရုပ်များက ဆိုင်ထဲတွင် ရှိလို့နေသည်။ ဝမ်လင်း၏ မျက်လုံးထဲတွင်လည်း နတ်ဆိုးအလင်းများ တောက်ပလို့နေ၏။ သည်အလင်းက ရှေးဟောင်း နတ်ဘုရားနယ်မြေမှ တာ့ဆန်၏မျက်လုံးနှင့် ဆင်တူလို့နေသည်။
သူက သူ့ရှေ့ရှိ ပန်းပုရုပ်များကို ကြည့်လို့နေရင်း လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ရုတ်တရက် သစ်သား ပန်းပုရုပ်များက တုန်ခါလို့လာပြီး သူ့လက်ထဲတွင် စုဝေးလို့လာသည်။ တဖြည်းဖြည်းဖြင့် ပို၍ များပြားသော သစ်သား ပန်းပုရုပ်များက သူ့ထံသို့ ပျံဝဲလာခဲ့သည်။ သို့သော် ထိုအခိုက်တွင် အမည်းရောင် ဝဲတစ်ခုက သူ့လက်ထဲတွင် ဖြစ်ပေါ်လာ၏။ ပန်းပုရုပ်များ တစ်ခုပြီးတခု လက်ထဲရှိ အမည်းရောင် ဝဲထဲသို့ ကျရောက်လာ သော်လည်း ထိုဝဲ၏အရွယ်အစားမှာ မပြောင်းလဲဘဲ ရှိလို့နေဆဲပင်။
ပန်းပုရုပ်များ တစ်ရုပ်ပြီး တစ်ရုပ် အမည်းရောင် ဝဲထဲသို့ ဝင်ရောက်လို့ လာနေ၏။ နောက်ဆုံးတစ်ခု ဝင်ရောက်ပြီးနောက် ဝမ်လင်းက အမည်းရောင်ဝဲကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထို့အခိုက်တွင် သူက သိုလှောင်အိတ်ကို ဖွင့်လိုက်ရာ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပါဝင်သည့် အလုံးသုံးလုံးက ပျံဝဲလို့လာသည်။
သည်အလုံး သုံးလုံးကလည်း အမည်းရောင် ဝဲထဲသို့ ဝင်ရောက်လို့သွား၏။ နောက်ဆုံးအလုံး ဝင်ရောက်ပြီးနောက် ဝမ်လင်း မျက်လုံးထဲတွင် ထူးဆန်းအလင်းများ တောက်ပလို့လာပြီး သူ့လက်ကိုလည်း လှုပ်ရှားလိုက်၏။
အမည်းရောင်ဝဲ၏ ပုံသဏ္ဌာန်က ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းက စတုန်ရန်းပုံမှသည် တဖြည်းဖြည်းဖြင့် အစိုင်အခဲ တစ်ခုလို ဖြစ်လာခဲ့သည်။ တဖြည်းဖြည်းဖြင့် အမည်းရောင်ဝဲ ပျောက်ကွယ်သွားပြီး အမည်းရောင် တံဆိပ်တုံးတစ်ခုက ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့တော့သည်။
သည်တံဆိပ်တုံးက ဝမ်လင်း၏ လက်ဖဝါးစာလောက်သာ ရှိပြီး ၎င်းပေါ်တွင် လူတစ်ယောက်၏ ပုံကို ထွင်းထုထားသည်။ သို့သော် ထိုလူက မည့်သည့် မျက်နှာသွင်ပြင်မှ မရှိဘဲ ပုံစံတစ်ခု အနေဖြင့်သာ ရှိ၏။ သည်အမည်းရောင် တံဆိပ်ခေါင်းတွင် ဝမ်လင်း၏ နှစ်လေးရာ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပါဝင်၏။ ၎င်းတံဆိပ်တုံးက ရုပ်ပိုင်းဆိုင်ရာ သေခြင်းပုံစံပင်။
ဝမ်လင်းက ညာလက်ဖြင့် တံဆိပ်တုံးကို ဖိချလိုက်သည်။ ထို့နောက် သူက အသက်ဝဝ ရှူလိုက်ပြီးနောက် တံဆိပ်တုံးကလည်း စဦးစိတ်ဝိညာဉ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လို့ သွားသည်။
ဝမ်လင်းက နှစ်ပေါင်း သုံးဆယ်ကျောက် သူနေခဲ့သော နေရာကို မျက်ရည်ဝဲ၍ ကြည့်နေမိသည်။ သူက လက်ယမ်းလိုက်ရာ ဆိုင်လေးထဲရှိ ပန်းပုရုပ်အားလုံး ပျောက်ကွယ်လို့ သွားတော့သည်။
ထို့နောက်သူက ဆိုင်တံခါးဖွင့်၍ နှင်းထူထဲစွာ ကျဆင်းနေသော ညထဲသို့ လမ်းလျှောက်၍ တိုးဝင်သွားတော့သည်။
ဝမ်လင်းက လမ်းအတိုင်း တဖြည်းဖြည်း လျှောက်လာခဲ့သည်။ နှင်းများကလည်း ပို၍ မုန်တိုင်းထန်လို့ လာသည်။
သူက ဆိုင်ထဲက ထွက်လာပြီး လမ်းဆုံး ရောက်သည့်အထိ အဘိုးအို တစ်ယောက်၏ ဟန်ပန်ရှိနေခဲ့၏။ လမ်းအဆုံးရောက်မှ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ဖြောင့်တန်းလာသည်။ သူ့မျက်နှာပေါ်ရှိ အရေးကြောင်း များကလည်း ပျောက်ကွယ်သွား၏။ သူက လမ်းအဆုံးသို့ ရောက်လာသည့် အချိန်မှာ သေမျိုး တစ်ယောက်မှသည် ကျင့်ကြံသူ တစ်ယောက်အဖြစ်သို့ ဥသုံပြောင်းလဲသွား၏။
သူက အခုချိန်ထိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ မရောက်သေး သော်လည်း ရောက်ရှိရန် ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်၏။ သူက သေခြင်းရှင်ခြင်း နယ်ပယ်နှင့် ကောင်းကင်နှင့် မြေကြီးတာအိုကို နားလည်ပြီးနောက် ဝမ်လင်းက လေထဲတွင် လွင့်မျောပျံသန်း ချင်နေသည့် စိတ်ဆန္ဒ ရှိလို့နေသည်။ ကောင်းကင်ထက်မှ ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို ဆွဲခေါ်နေသလိုပင်။
သည်ခံစားချက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်အတွက် လိုအပ်သည့် ခံစားချက်များပင်။ အခုချိန်တွင် သူက နယ်ပယ်နှင်း ကောင်းကင်နှင့် မြေကြီး၏တာအိုကို နားလည်အောင် လုပ်ရန် မလိုတော့ပဲ တစ်နေရာရာတွင် (၁၀)နှစ်တာ တံခါးပိတ် လေ့ကျင့်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းရန်သာ လိုတော့သည်။
ဝမ်လင်းက လမ်းအဆုံးတွင် မတ်တတ် ရပ်လို့နေ၏။ သူက လူသူကင်းမဲ့နေသော လမ်းကို သေချာကြည့်ရှုလို့ နေသည်။ သူက သည်လမ်းလေးတွင် နှစ်ပေါင်း (၃၀) ကျော်နေထိုင်ခဲ့ပြီး သည်လမ်းဟောင်းလေးနှင့် ပတ်သက်လို့ အစစအရာရာ သူ့စိတ်ထဲတွင် ရှိလို့နေသည်။ သူ့နှလုံးသားထဲတွင် ဝမ်းနည်းလို့ လာခဲ့တော့သည်။
သူက လမ်းဟောင်းလေးကို အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် သူက သည်မြင်ကွင်းကို မှတ်သားထား လိုက်သည်။ သည့်နောက် သက်ပြင်းချ၍ ညအမှောင်ထဲတွင် ပျောက်ကွယ်လို့ သွားတော့သည်။
မြို့တော်၏ ကီလိုမီတာ တစ်သောင်း ကွာဝေးသော မြောက်ဘက်ခြင်းတွင် သေမျိုးများ အစုလိုက် အပုံလိုက် ရှိလို့နေသည်။ သည်ဧရိယာတွင် အိမ်များကို ရိုးရှင်းစွာ ဆောက်လုပ်ထား၍ လူအများ နေထိုင်နေကြသည်။
သူတို့အားလုံးက နှင်းများ ရှင်းလင်းရန်အတွက် ကူညီရန် ရောက်လာနေထိုင် ကြသူများပင်။ တနူးကလည်း သည်လိုအိမ်များထဲက တစ်အိမ်တွင် နေထိုင်လျက်ရှိသည်။
သူ့နှင့်အတူ ထိုအိမ်ထဲတွင် လူသုံးဆယ်ကျော် နေထိုင်ကြ၏။ သူက ခုချိန်တွင် သူ့သား၊ သူ့ဇနီးနှင့် ဝမ်လင်းတို့ကို သတိရလို့နေ၏။
သည်နှင်းများ မကျခင်တုန်းက သူက သူ့လက်အောက်မှာ အလုပ်သမား အနည်းငယ်ရှိသည့် ပန်းပဲရုံပိုင်ရှင် တစ်ယောက် ဖြစ်ပြီး အချိန်ပိုရှိသူ တစ်ယောက်ပင်။ သူ့သားကလည်း အင်မော်တန် ကလန်သို့ ဝင်ရောက်နိုင်ခဲ့သည်။
သူ့နှင့်သူ့ဇနီးကလည်း တစ်ယောက်နှင့် တစ်ယောက် အမြဲချစ်ခင်ကြသည်။ သူ့ဘဝက ပျော်ရွှင်မှုများဖြင့် ပြည့်လို့နေ၏။ သူက ဦးလေးဝမ် ပန်းပုထွင်းသည်ကို နေ့တိုင်း သွားကြည့်ပြီး သူ့ဘဝ နောက်ဆုံးချိန်အတွက် ပြုစုစောင့်ရှောက်ပေးရင် အတူရှိပေး နေခဲ့သည်။
သူ့မိဘတွေ သေကတည်းက ဦးလေးဝမ်ကို သူက မိဘ တစ်ယောက်သဖွယ် သတ်မှတ်ထားခဲ့သည်။ သို့သော် အခုချိန်တွင်တော့ နှင်းများကြောင့် အရာအားလုံးက ပြောင်းလဲသွားရ၏။
ခုချိန်တွင် သူက သူ့ဇနီး ဘာလုပ်နေသနည်း ကိုလည်း မသိချေ။ သူက လွန်ခဲ့သောလ အနည်းငယ် ကတည်းက အမျိုးသမီးများပါ နှင်းများ ရှင်းလင်း နေရကြောင်း ကြားခဲ့ရ၏။ သူက အလွန်စိတ်ပူ နေမိလေသည်။ သူ့ဇနီး ကျန်းမာရေးက အရမ်းမကောင်းပေ။ သူမက သည်နှင်းများကို တောင့်ခံနိုင်ပါ့မလား …
***