Switch Mode

အပိုင်း(၃၁၆)

ကောင်းချီးပေး ခံရသော အမျိုးသမီး

ဝမ်လင်းက ကျောက်ဝူထိုင်၏ ပူပန်မှုများနှင့် ပတ်သက်၍ အနည်းငယ် စဉ်းစားလိုက်သည်။ မဟာမိတ် ကလန်လေးခုက သူနှင့်ပတ်သက်မှု သိပ်မရှိသော်လည်း သူက သည်လမ်းလေးတွင် နှစ်ပေါင်း သုံးဆယ်ကျော် နေထိုင်ခဲ့ပေ၏။

သူက ဆိုင်အပြင်ဘက်တွင် မတ်တတ် ရပ်လျက်ရှိပြီး နှင်းများကို ကြည့်၍ သက်ပြင်း ချလိုက်သည်။

ကျောက်ဝူထိုင် ကျောက်စိမ်းပြားထဲတွင် နောက်ဆုံး သတင်းပေးခဲ့သော အချက်မှာ ရွှမ်ယွဲ့က နိုင်ငံအဆုံးသတ် စစ်ပွဲအဆုံးသတ် စစ်ပွဲဆင်နွှဲလျှင် စမ်းစစ်မည့် အကြောင်းပင်။ မဟာမိတ် ကလန်လေးခု ကလည်း အုပ်စုသုံးစုဖွဲ့၍ ဆောင်ရွက်စရာ ရှိသမျှကို လုပ်ဆောင်နေသည်။ ပထမတစ်ဖွဲ့က အခြားအဆင့်လေး နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရန် စေလွတ်ခဲ့၏။ နောက်တစ်ဖွဲ့က နိုင်ငံအနားရှိ အဆင့်ငါးနိုင်ငံ၏ စစ်ကူရရှိရန် သွားရောက် တောင်းဆိုကြသည်။ နောက်ဆုံး တစ်ဖွဲ့ကတော့ အမှန်တရားကို ရှာဖွေရန် ဟင်္သာပြဒါး နိုင်ငံသို့ သွားရောက်ကြသည်။

ကျောက်စိမ်းပြားထဲမှာ ပါသည့် အချက်တိုင်းဆိုလျှင် ဟင်္သာပြဒါး နိုင်ငံသို့ သွားရောက်သော အဖွဲ့သည် ပြန်မလာနိုင် ခဲ့ကြချေ။

မဟာမိတ် ဖွဲ့ဆိုထားသည့် အခြားအဆင့်လေး နိုင်ငံများကလည်း မဟာမိတ် ကလန်လေးခု နိုင်ငံ၏ သံတမန်အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆို၍ တလေးတစား ဆက်ဆံကြသည်။ သို့သော် သူတို့က စစ်ပွဲအကြောင်း စကားတစ်ခွန်း မဟဘဲ ရှောင်ဖယ်၍သာ နေ၏။ သူတို့နှင့်ဆက်ဆံရေး ကောင်းခဲ့သော အဆင့်လေး နိုင်ငံများကတော့ အဆင့်ငါး နိုင်ငံများက သူတို့ကို ကြားမဝင်ရန် ပြောထားကြောင်း မှာထားကြောင်း ပြောခဲ့ပေသည်။

အဆင့်ငါးနိုင်ငံသို့ သွားရောက်ခဲ့သော အဖွဲ့သည်လည်း မျက်နှာများ သုန်မှုန်၍ ပြန်လာခဲ့ကြ ရပေသည်။

နောက်ဆုံးတွင် သူတို့၏ ကြိုးစား အားထုတ်မှုကြောင့် အဆင့်ငါးနိုင်ငံမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်ထံမှ သတင်းစလေး တစ်ခုသာ ကြားသိခဲ့ရပြီး တုန်လှုပ်ခဲ့ရ၏။

သည်သတင်းမှာ ရွှန်ယွဲ့နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဟင်္သာပြဒါး နိုင်ငံ၏ မျက်စိကျခြင်းကို ခံရကြောင်းပင်။ သူမက နှစ်တစ်ရာသာ ကျင့်ကြံခဲ့ရသေး သော်လည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပေသည်။ သူမက ဟင်္သာပြဒါးဂြိုဟ်တွင် နှစ်ပေါင်း တစ်သောင်းအတွင်း နံပါတ်တစ် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့လေ၏။

သည်အမျိုးသမီးက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိရာတွင် မည်သည့် ဆေးလုံးမျှ အသုံးမပြု ခဲ့ခြင်းပင်။ သည်အရာက သူမကို ပို၍ မျက်စိကျစရာ ကောင်းစေခဲ့ပေသည်။

ဟင်္သာပြဒါးဂြိုဟ်က သူမအကြောင်း ကြားသိသည့်အခါ သည်သတင်းကို အတည်ပြုပြီးနောက် သူမကို ဟင်္သာပြဒါး နိုင်ငံသို့ တရားဝင် ဖိတ်ခေါ်ခဲ့ပေသည်။

သည်လို ပါရမီရှင်များကို ဟင်္သာပြဒါး နိုင်ငံက ဖိတ်ခေါ်ခြင်းက ဖြစ်လေ့ဖြစ်ထ ရှိပေသည်။

သို့ပေမဲ့ ဟင်္သာပြဒါးနိုင်ငံသို့ ရောက်သွားသော ပါရမီရှင်များက အဆင့်တန်းနိမ့်စွာ နေရ၏။ သို့သော် ဟင်္သာပြဒါးဂြိုဟ်က သူမကို ဖိတ်ခေါ်ရာ၌မူ မြင့်မားသော အဆင့်တန်းကို ပေးခဲ့လေ၏။

ဟင်္သာပြဒါးဂြိုဟ်က ဤသို့ပြုလုပ်ရသည့် အကြောင်းရင်းမှာလည်း အဆင့် (၇)နိုင်ငံသို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြိုးစားနေသည့် အချက်ကြောင့်ပင်။ သို့ရာတွင် အဆင့်(၇) နိုင်ငံတစ်နိုင်ငံ ဖြစ်ရန်က ကျင့်ကြံသူ တစ်ယောက်က လိုအပ်သည့် ကျင့်ကြံမှုအဆင့် ရှိရမည့်အပြင် အခြားလိုအပ်ချက် များစွာလည်း ရှိသေး၏။ သည်အရာက အလွန်ခက်ခဲ လှပေသည်။

အဆင့်(၇) နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ပထမဆုံး လိုအပ်ချက်မှာ လူငယ် မျိုးဆက်ထဲမှ ပါရမီရှိလွန်းသူ တစ်ယောက် ရှိရပေမည်။

ရွှမ်ယွဲ့နိုင်ငံ၏ အမျိုးသမီးက ပါရမီ ကောင်းလွန်းလှသည်။ ထို့ကြောင့်လည်း ဟင်္သာပြဒါး နိုင်ငံက ပြင်ဆင်မှုများစွာ ပြုလုပ်ထားခြင်းပင်။

သူမ၏ တောင်းဆိုချက် တစ်ခုကတော့ ရွှမ်ယွဲ့နိုင်ငံကို အဆင့်ငါး ကျင့်ကြံမှု နိုင်ငံအဖြစ် သတ်မှတ်ပေးပြီး ခုလိုကျင့်ကြံရန် မသင့်တော်၊ မကောင်းမွန်သည့် နေရာမှ ဟင်္သာပြဒါးဂြိုဟ် ပေါ်ရှိ အခြားနေရာ တစ်ခုခုသို့ ပြောင်းရွှေ့ပေးရန် ဖြစ်သည်။

သည့်နောက် ရွှမ်ယွဲ့နိုင်ငံက မဟာမိတ် ကလန်လေးခု နိုင်ငံကို မျက်စိကျ၍ စစ်ဖြစ်ပွားရန် စတင်ခဲ့သည်။

သည်သတင်းကို ကျင့်ကြံသူများ ပြန်ယူလာ ကတည်းက လူတိုင်းကို တုန်လှုပ်စေခဲ့၏။

ဝမ်လင်းကလည်း ကျောက်ဝူထိုင် ပေးခဲ့သော ကျောက်စိမ်းပြားကြောင့် အရာအားလုံးကို သိပြီးဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း အနည်းငယ် လေးလံသွား၏။ သူက မိုးတံခါးအတွက် ရိုးရှင်းစွာ စစ်ဖြစ်ပွားခြင်း ဟုသာ ထင်ခဲ့ပြီး ခုလိုနောက်ကွယ်တွေ နက်ရှိုင်း ရှုပ်ထွေးနေသော အကြောင်းရင်းများ ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။

သူက လူသူကင်းမဲ့နေသည့် လမ်းလေးနှင့် ဆိုင်များကို ကြည့်၍ ဝမ်းနည်းသလို ဖြစ်လာသည်။ လွန်ခဲ့သော လအနည်းငယ်က လူများက သည်လမ်းလေး ပေါ်တွင် လမ်းလျှောက်နေကြပြီး ဆိုင်များကလည်း စောစီးစွာ ဖွင့်၍ အလုပ်ရှုပ်လို့ နေကြသည်။ သို့သော် ကျင့်ကြံခြင်း နိုင်ငံနှစ်ခုကြား စစ်ပွဲကြောင့် သေမျိုးများအပေါ် အလွန်ခက်ခဲ စေခဲ့သည်။

ဝမ်လင်းက သက်ပြင်း ချလိုက်မိသည်။ ထိုအခိုက်တွင် သူက အလွန်ဝမ်းနည်းစွာ ခံစားနေရ၏။ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သေမျိုးများက ပုရွက်ဆိတ်သာသာ ဖြစ်သော်လည်း သူတို့က တစ်ခါတုန်းက သေမျိုးတစ်ယောက် ဖြစ်ခဲ့ဖူးသည်ကို မေ့နေကြပေသည်။

ဝမ်လင်းတွင် ထိုသို့ဖြစ်မလာ စေရန်လည်း တားဆီးနိုင်သော နည်းလမ်း မရှိပေ။ သူက ပါဝင်မသတ်လိုပေ။ ကောင်းကင်နှင့် မြေကြီးတာအိုက ရက်စက်၏။ သူက သေခြင်းရှင်ခြင်း နယ်ပယ်ကို တွေ့ကြုံပြီးနောက် သူ့ စိတ်နေစိတ်ထားက ပြောင်းသွားခဲ့သည်။ သူက လမ်းမကို ကြည့်၍ တိုးတိတ်စွာ ပြောလိုက်သည်။

“ထွက်ခွာချိန်တန်ပြီ။ နောက်ဆုံးတစ်ခု လုပ်ပြီးရင် ထွက်ခွာသွားရ တော့မယ် … ”

ထိုသို့ပြောပြီးနောက် သူက ခေါင်းယမ်းမိ လိုက်သည်။ သူက နောက်ပြန်လှည့်၍ ဆိုင်တံခါးကို ပိတ်လိုက်သည်။

သည့်နောက် သူက လက်နောက်ပစ်ပြီး လမ်းလေးအတိုင်း ဆက်လျှောက်လို့ သွားသည်။ တဖြည်းဖြည်းဖြင့် သူ့ပုံရိပ်က နှင်းများကြားတွင် ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းက လေထဲတွင် အလွန်လျင်မြန်စွာ သွားလို့နေသည်။ သူ ပျံသန်းနေစဉ် မရေမတွက်နိုင်သော ကျင့်ကြံသူများကို တွေ့နေရ၏။ ထိုသူတို့၏ မျက်နှာများကလည်း နက်မှောင်လို့ နေသည်။ သူတို့စိတ်ထဲတွင် ကျောက်တုံးကြီး တစ်တုံး ချိတ်ဆွဲထား သလိုပင်။

တစ်ယောက်နှင့် တစ်ယောက် သိနေသောသူများပင် စကား မပြောကြတော့ပေ။ အများဆုံးမှ သူတို့က တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြ ရုံလောက်သာ ရှိသည်။

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် မဟာမိတ် ကလန်လေးခု နိုင်ငံ၏ အရှေ့ပိုင်းသို့ ရောက်လာခဲ့သည်။ အစတုန်းက သည်နေရာက ထူထပ်သော တောတောင်များ ရှိခဲ့၏။ သို့သော် ခုချိန်မှာတော့ နှင်းများဖြင့်သာ ဖုံးလွှမ်းလို့နေသည်။

နှင်းပုံကြီးက တောင်တန်းကြီးတွေ အလား သွယ်တန်း တည်ရှိလို့နေသည်။ သည်နှင်းများ ထံမှလည်း အေးစက်မှုလှိုင်းများ ထွက်ပေါ်လို့နေသည်။

ဝမ်လင်းက လေထဲတွင် တိတ်ဆိတ်စွာ မျောလွင့်လိုနေ၏။ သူက အောက်ရှိ နှင်းကွင်းပြင်ကြီးကို ကြည့်ပြီး အချိန်အတော်ကြာ တွေးတောနေ မိသည်။ နောက်ဆုံးတွင်တော့ သူက သက်ပြင်း ချလိုက်မိသည်။ သူက လက်နှစ်ဖက်လုံးကို လှုပ်ရှားလိုက်ရာ ထူးဆန်းသော လေက ကွင်းပြင်ကွင် တိုက်ခတ်၍ သွား၏။ သည်လေတိုက်ခတ်သံက လူများ ငိုကြွေးနေသည့် အသံအလားပင်။

ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးက ဝမ်းနည်း ငိုကြွေးမှုများဖြင့် ပြည့်လို့နေ၏။ နှင်းများက မြေပေါ်သို့ ကျဆင်းဆဲ၊ လေကလည်း တရပ်စပ် တိုက်ခတ်ဆဲ ရှိနေတော့သည်။

သည်နှင်းများ ထူးဆန်းလို့နေ၏။ လေတိုက်ခြင်းက ပြင်းထန်သော်လည်း နှင်းများက ရွေ့လျားလို့ မသွားပေ။ ကံကောင်းစွာဖြင့် ဝမ်လင်း၏ ရည်ရွယ်ချက်မှာလည်း တောအုပ်ကို ဖုံးလွှမ်းနေသည့် နှင်းများကို ဖယ်ရှားပစ်ရန် မဟုတ်ပါ။

ဝမ်လင်းက လေထဲတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ့မျက်လုံး များကလည်း တည်ငြိမ်လို့ နေသည်။

သစ်တောကို ဖုံးလွှမ်းလို့နေသည့် နှင်းများကြားတွင် သေးငယ်သော ဝဲကတော့လေး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သည့်နောက် နှင်းများက တဖြည်းဖြည်းဖြင့် ဘေးသို့ လွင့်စဉ်ကုန်၏။

ဝမ်လင်းက လေထဲတွင် အချိန်အတော်ကြာ ရပ်တန့်လို့နေသည်။ ပျံသန်း သွားကြသော အချို့ ကျင့်ကြံသူများက သူ့ကို သတိထားမိ လိုက်ကြသည်။

နှင်းများကြားရှိ လေဝဲကတော့လေးက ပို၍ ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် နှင်းများ ကင်းစင်သွားပြီး သစ်ပင်ကြီး တစ်ပင်၏ အစ်ကိုင်းအခက်များ ပေါ်လာခဲ့သည်။

ဝမ်လင်းက တစ်ချက် ကြည့်လိုက်သည်။ သူက လက်ဟန်တချို့ ပြုလုပ်လိုက် ပြီးနောက် ထိုဝဲကတော့ထဲသို့ ဆင်းသက်လိုက်သည်။ ဝဲကတော့ထဲတွင် သစ်ပင်ကြီးများစွာ ရှိလို့နေ၏။ သည်သစ်ပင်များက သူ ပန်းပုထွင်းထုရန် အတွက် ကုန်ကြမ်းများပင်။

လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က သူက သည်နေရာသို့ လာရောက်ပြီး သစ်ပင်ကြီးများကို လာယူခဲ့ဖူး၏။ သို့ရာတွင် သည်သစ်ပင်ကြီးများမှ ရသော သစ်သားများက အခုချိန်တွင် သူပန်းပုထွင်းရန် အတွက် မလုံလောက်တော့ချေ။

ပန်းပုထွင်းရန် အတွက် သစ်ပင်၏ သက်တမ်းက နှစ်တစ်ရာ အနည်းဆုံး ရှိရပေမည်။ နှစ်တစ်ထောင် သက်တမ်းရှိသော သစ်ပင်ကြီးများ ဆိုလျှင်တော့ ပို၍ ကောင်းမွန်ပေသည်။

ကံမကောင်းစွာဖြင့် သည်လို သစ်ပင်ကြီးများကို ရှာရန်က တစ်တောလုံး နှင်းများဖုံးနေသည့် အတွက် ပင်လယ်ထဲတွင် အပ်ရှာသလို ဖြစ်နေပေလိမ့်မည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြီး သူလိုသော သစ်ပင် အကိုင်းခက်များကို ရှာဖွေလို့နေ၏။ သူလိုသလောက် သစ်ပင် သစ်ကိုင်းများ ရရှိပြီးနောက် ဝမ်လင်းက ဝဲကတော့ထဲမှ ပြန်ထွက်လာ ခဲ့သည်။ ထို့နောက် နောက်တစ်နေရာသို့ ဤနည်းအတိုင်း ထပ်မံ ရှာဖွေပြန်သည်။ ဝမ်လင်း သိုလှောင်အိတ် ထဲတွင်လည်း သစ်ပင်သစ်ကိုင်းများ တိုးလာခဲ့ပြီ ဖြစ်သည်။ သူက ခုနစ်ရက် ဆက်တိုက် ရှာဖွေနေခဲ့ပေသည်။

သည်ခုနစ်ရက်အတွင်း သစ်တော၏ ဝမ်လင်း ဝဲကတော့ ဖန်တီးခဲ့သော ဧရိယာတစ်ခုရှိ သစ်ပင်ကြီးများ ပြောင်းသလင်းခါ သွားလေသည်။ ဝမ်လင်းက လိုသလောက် သစ်ပင်များ ရရှိပြီးနောက် ထိုနေရာမှ ထွက်ခွာလာ၏။

သည်ခုနစ်ရက်တွင် သည်နေရာကို ဖြတ်ကျော် သွားကြသော ကျင့်ကြံသူများက ဝမ်လင်းကို သတိပြုမိကြသည်။ သူတို့က နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ရာ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို မသိရသဖြင့် လေးစားသမှုပြု၍ သူ့ကို ကျော်သွားကြသည်။

တဖြည်းဖြည်းဖြင့် ကျောက်ဝူထိုင်ကလည်း သည်သတင်းကို ကြားမိလိုက်သည်။ သူက လူအချို့ကို ထိုနေရာသို့ပို့၍ ဝမ်လင်းကို တိတ်တဆိတ် ကူညီခိုင်းထားသည်။

ဝမ်လင်း ပြန်မထွက်ခွာခင် ကျောက်ဝူထိုင်က သူ့ကို မဟာမိတ် ကလန်လေးခုသို့ ထပ်မံ မဖိတ်ခေါ်တော့ပေ။ သူက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီး ပြန်ထွက်သွား လေ၏။

ကျောက်ဝူထိုင်က မဟာမိတ် ကလန်လေးခုက သူတို့၏ နောက်ဆုံးနေ့သို့ ရောက်လာတော့မည် ဖြစ်ကြောင်း သိလေသည်။

ဝမ်လင်းကလည်း ကျောက်ဝူထိုင်ကို ခေါင်းညိတ်ပြ ပြီးနောက် ပြန်ထွက်ခွာ လာခဲ့၏။

သူက ရပ်တန့်ခြင်း မရှိဘဲ မြို့တော်ရှိ သူ့ဆိုင်သို့ တန်းမတ်စွာ ပြန်လို့နေသည်။ သူက မြို့တော်အပြင်ဘက် ရောက်သည့် အချိန်တွင် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လို့ သွား၏။ သည့်နောက် သူက ဆိုင်ထဲသို့ ပြန်ရောက်လာ ခဲ့တော့သည်။

သူက အသက်ဝဝရှူ၍ ပတ်ဝန်းကျင်ကို ကြည်ရှုလိုက်သည်။ ထို့နောက် ကုလားထိုင်တွင် ဝင်ထိုင်၍ သူ့လက်ကို လှုပ်ယမ်းလိုက်ရာ သစ်သားစတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူက ပန်းပုစတင် ထွင်းနေတော့သည်။

သည်လို ပန်းပုထွင်းနိုင်ရန် ဝမ်လင်းက အချိန်အတော် ကြာအောင် စောင့်စားလို့ နေခဲ့သည်။ သည်အချိန်တွင်သူက ပန်းပုရုပ် တစ်ရုပ်တည်း မဟုတ်ဘဲ များစွာ ထွင်းထုမည် ဖြစ်သည်။

သူမထွက်ခွာခင် သေမျိုးတစ်ယောက်လို နေထိုင်နေသည့် သူ့ဘဝက အဆုံးသတ်တော့မည် ဖြစ်သည်။ သူက သည်နောက်ဆုံး အကြိမ်အဖြစ် ပန်းပုရုပ်များစွာ ထွင်းထုပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ရောက်ရန် မျှော်လင့်လို့နေသည်။

သူက ကျရှုံးခဲ့မည် ဆိုရင်ပင် သူ့စိတ်နေ စိတ်ထားက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၏ နောက်တစ်လှမ်း တက်သွားနိုင် ပေလိမ့်မည်။

သူက သူသတ်ခဲ့သော လူတစ်ယောက်ချင်းစီကို ပန်းပုထွင်းလို့ နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset