Switch Mode

အခန်း (၄၈၄)

ဖက်တီးလေး၊ ငါ့ကိုထိုးကြည့်စမ်း

လူတိုင်းမှာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည့် လီရှင်းဝမ်အား ဂုဏ်ပြုနေကြ၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ သူ့ဆီသို့ ဆက်သွယ်ကာ ဂုဏ်ပြုစကားအချို့ ပြောကြားလိုက်သလို ဤဖြစ်ရပ်ကြီးအပေါ် အာရုံစိုက်ထားကြသည့် အခြားနိုင်ငံရေးအင်အားစုအသီးသီးမှာလည်း ထိုနည်းတူပင်။

လက်ရှိတွင် လွှတ်တော်ဖြစ်စေ၊ ဆည်းဆာကြယ်စင်စုဂိုဏ်းဖြစ်စေ၊ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုဖြစ်စေ၊ ယွီဟွားရှန်ထျန်းဂိုဏ်းဖြစ်စေ၊ သူတို့အားလုံးသည် တာအိုကျောင်းကြီးလေးကျောင်းမှာ ယခင်တုန်းကနှင့် မတူတော့ကြောင်း သဘောပေါက်နားလည်သွားကြပြီဖြစ်သည်။

တာအိုကျောင်းကြီးလေးကျောင်းမှာ ဤဖြစ်ရပ်ကြီး မတိုင်ခင်ကတည်းက အရှိန်အဝါကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေခဲ့သည့်အပြင် ပြည်ထောင်စုကြီးနှင့်လည်း အလွန်အင်မတန်မှ ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားခဲ့သည် မဟုတ်ပါလော။ သို့သော် သူတို့မှာ လေးဖွဲ့ကွဲနေခဲ့သည်ဖြစ်ရာ အခြားသူများ၏ အမြင်တွင် သူတို့မှာ ပြိုင်ဘက်ကင်းသည့် အဆင့်အထိတော့ မရောက်ခဲ့ပေ။

သို့သော် ယခုတွင်မူ လီရှင်းဝမ်မှာ ဖောက်ထွက်သွားနိုင်ခဲ့ပြီဖြစ်ရာ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ အကယ်၍ သွမ့်မုချွယ်သာ မဖောက်ထွက်နိုင်ပါက မဝေးတော့သည့် အနာဂတ်တွင် ကောင်းကင်တာအိုကျောင်းမှာ တာအိုကျောင်းကြီးလေးကျောင်းထဲ၌ အင်အားအကြီးဆုံးအဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားတော့မည်သာဖြစ်သည်။

သွမ့်မုချွယ်တစ်ယောက် ဖောက်ထွက်နိုင်လျှင်တောင် ကောင်းကင်တာအိုကျောင်း၏ အဆင့်အတန်းမှာ ယခင်တုန်းကထက် ပို၍မြင့်မားလာပြီဖြစ်ရာ ယခုတွင် သမင်ဖြူတာအိုကျောင်းနှင့် တန်းတူအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဤဖြစ်ရပ်ကြီးကြောင့် နောက်ဆက်တွဲ အကျိုးဆက်ပေါင်းများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။ ဥပမာပြရလျှင် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာ လူ့အဖွဲ့အစည်းထဲတွင် ပို၍မျက်နှာရလာကြမည်ဖြစ်ပြီး အခြားသူများမှာ သူတို့အား အကြောင်းအရင်းမရှိဘဲ အပြစ်ရှာရဲကြတော့မည်မဟုတ်ပေ။

အကယ်၍ လီရှင်းဝမ်သာ ယခုထက်ပို၍ စောလျင်စွာ ဖောက်ထွက်နိုင်ခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့ မြို့တော်သခင်ဘဝတွင် ကြုံခဲ့ရသည့် ပြဿနာများမှာ လုံးဝပေါ်ပေါက်လာခဲ့မည် မဟုတ်ပေ။

လက်ရှိတွင် လီရှင်းဝမ်မှာ ကမ္ဘာပေါ်မှ ပြည်ထောင်စုကြီးထဲရှိ ကျင့်ကြံသူများအားလုံးထဲတွင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူ ဖြစ်နေပြီမဟုတ်ပါလော။

ထို့အပြင် သူသည် သူနှင့် ရင်းနှီးသောလူများအား ကာကွယ်စောင့်ရှောက်ပေးတတ်ကြောင်းကိုလည်း အခြားနိုင်ငံရေးအင်အားစုမျာက သိရှိထားကြပြီးသားဖြစ်သည်။ ထို့ကြောင့် သူ ယခုလို ကျင့်ကြံခြင်းအဆင့် တိုးတက်သွားခဲ့သောကြောင့် အခြားအဖွဲ့အစည်းများမှာ ၎င်းတို့၏ အပြုအမူများကို ပို၍ပင် ဆင်ခြင်ရတော့မည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ပြည်ထောင်စုကြီးထဲမှ အဓိက သတင်းတင်ဆက်မှု အစီအစဉ်များအားလုံးမှာ ထိုအကြောင်းနှင့် ပတ်သတ်သည့် သတင်းများကို အဆက်မပြတ် ဖော်ပြနေကြတော့သည်။ အများပြည်သူအတွက်မူ လီရှင်းဝမ်မှာ ပထမဆုံး ယွမ်ယင်အဆင့်ကျင့်ကြံသူ မဟုတ်ပါသော်လည်း ထိုအချက်မှာ အရေးမကြီးပေ။

တစ်ချိန်ထဲမှာပင် လီရှင်းဝမ်မှာ နိုင်ငံရေးအင်အားစုအသီးသီးကို ဖိတ်ကြားကာ ကောင်းကင်တာအိုကျောင်း၌ ကျင်းပမည့် ဂုဏ်ပြုထမင်းစားပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။

ထိုဂုဏ်ပြုထမင်းစားပွဲ၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုကြီးထဲမှ ရာထူးအဆင့်အတန်း မြင့်မားသည့် ထိပ်သီးအဆင့် လူပုဂ္ဂိုလ်အားလုံးကို စုဝေးရန်ဖြစ်သည်။ အခြားသူများမှာဆိုလျှင် ထိုကဲ့သို့လုပ်မည် မဟုတ်ပါသော်လည်း လီရှင်းဝမ်၏ တွေးတောပုံများမှာ အခြားသူများနှင့် မတူပေ။ သူသည် သူ့ကိုယ်သူ ထင်ပေါ်ကျော်ကြားအောင်လုပ်ကာ အခြားနိုင်ငံရေးအဖွဲ့အစည်းများအားလုံးကို သူသည် ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြတ်ပြတ်သားသား အသိပေးချင်နေ၏။ သူသည် သူ့တစ်ယောက်တည်းကိုသာမက၊ သူ၏ ကောင်းကင်တာအိုကိုကျောင်းဖြစ်စေ သို့မဟုတ် တာအိုကျောင်းကြီးလေးကျောင်းကိုဖြစ်စေ အပြစ်မလုပ်မိစေရန် သတိပေးနေခြင်းဖြစ်သည်။

ထို့ကြောင့် ဂုဏ်ပြုထမင်းစားပွဲတွင် လီရှင်းဝမ်မှာ သူ၏ ယွမ်ယင်အဆင့်အငွေ့အသက်များကို ဖုံးကွယ်နေခြင်းမရှိဘဲ အပြည့်အဝ ထုတ်လွှတ်ထား၏။ ထို့ကြောင့် ရောက်ရှိလာကြသော ဧည့်သည်များအားလုံးမှာ အပြင်ပန်းတွင် ရိုသေလေးစားမှု အပြည့်ရှိသည့်ပုံ ပေါက်နေကြပါသော်လည်း စိတ်ထဲတွင်မူ ရှုံ့မဲ့စွာ ရယ်မောနေကြပြီး ကျိန်ဆဲနေကြတော့သည်။ ထို့အပြင် သူတို့မှာ ခိုကိုးရာမဲ့ဖြစ်နေသလို ခံစားနေရ၏။

သို့သော် ဂုဏ်ပြုထမင်းစားပွဲ အစမှအဆုံးအထိ ဝမ်ပေါင်လဲ့မှာ ရောက်ရှိလာခြင်းမရှိပေ။ သူသည် တရားထိုင်နေဆဲဖြစ်ပြီး လီရှင်းဝမ်ကိုယ်တိုင်မှာလည်း သူ့အား မည်သူမှ မနှောင့်ယှက်နိုင်စေရန်အတွက် သူရှိနေသော နေရာ၌ အကာအရံကြီးတစ်ခုကို ဖန်တီးပေးထားခဲ့၏။

ထို ဂုဏ်ပြုထမင်းစားပွဲကြီး ပြီးဆုံးသွားသောအခါ အခြားတာအိုကျောင်းကြီးသုံးကျောင်းမှ ဧည့်သည်များအပြင် အခြား နိုင်ငံရေးအင်အားစုများမှ ဧည်သည့်များမှာလည်း ထွက်ခွာသွားကြတော့သည်။ ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာတော့သည်။

သူသည် မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ရှေ့တွင်ရှိနေသော ကမ္ဘာကြီးမှာ ယခင်တုန်းကနှင့် လုံးဝမတူတော့သည်ကို ချက်ချင်းပင် သတိထားမိလိုက်၏။ အရောင်များမှာ ပို၍တောက်ပလာပြီး အရာအားလုံးမှာလည်း ကြည်လင်ပြတ်သားလာပြီ ဖြစ်သည်။ သူသည် လေတိုက်သံများနှင့် မြက်ပင်များ မြေပြင်ထဲမှ ထိုးထွက်လာသည့် အသံများကိုပင် ကြားနေရပြီဖြစ်သည်။ ထို့အပြင် သူသည် ရေထဲတွင်ကူးခတ်နေသော ငါးကလေးများ၏ လမ်းကြောင်းများကို အာရုံခံနိုင်စွမ်းရှိနေသလို တာအိုကျောင်းထဲရှိ ကျောင်းသားများအားလုံး၏ နှလုံးခုန်သံများနှင့် သူတို့၏ ခန္ဓာကိုယ်များထဲမှ သွေးများစီးဆင်းနေသည့် အသံများကိုလည်း ကြားနေရပြီဖြစ်သည်။

ထိုအရာများအားလုံးမှာ အံ့ဩဖွယ်ရာကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ရီဝေဝေ ဖြစ်နေပြီး အချိန်အနည်းငယ်ခန့်ကြာမှ အသိစိတ်ပြန်ဝင်လာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ် အတွင်းပိုင်းအား အာရုံခံကြည့်လိုက်သောအခါ သူ၏ အစိမ်းရောင်ကြာပွင့်လေးပေါ်ရှိ ပင်မကြာခွက်ထဲတွင် အစိမ်းရောင်အမြု‌တေအသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်ကို မြင်လိုက်ရတော့သည်။

” အောင်မြင်ပြီကွ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ သူသည် ထိုကဲ့သို့ စိတ်လှုပ်တရှားဖြစ်နေစဉ် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သောကြောင့် နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။ ထိုအခါ လီရှင်းဝမ်တစ်ယောက် သူ၏နောက်တွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။

” နှလုံးအမြုတေအဆင့်ကိုရောက်ရင် ဝိညာဉ်အာရုံခံနိုင်စွမ်း ပေါ်လာတာလား ” လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏အငွေ့အသက်အား အာရုံခံနိုင်စွမ်းရှိနေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားရပြီး မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။

မဟာထိပ်သီးအကြီးအကဲကြီးကိုယ်တိုင် သူ့ဆီသို့ ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ပေါင်လဲ့မှာ အလောတကြီးနှင့် မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် မဟာထိပ်သီးအကြီးအကဲကြီးဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များကို အာရုံခံမိနေပြီဖြစ်သည်။ ၎င်းမှာ အမြုတေအဆင့် အငွေ့အသက်များ မဟုတ်တော့ဘဲ အလွန်အင်မတန်မှ အဓိပ္ပါယ်လေးနက်သည့် အငွေ့အသက်တစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုအငွေ့အသက်မှာ မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူကြီးနှင့် မြင်းမျက်နှာနှင့်ကျင့်ကြံသူကြီးတို့ထက်ပင် ပို၍သာလွန်နေပြီး မျက်နှာပေါ်တွင် ကင်းခြေများကြီးရှိနေသော အဖွဲ့ခေါင်းဆောင်ကြီးနှင့် ဆင်တူနေသည်ဟုပင် သူက ခပ်ရေးရေးမျှ ခံစားနေရသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသည်။ လီရှင်းဝမ်မှာ ယခုလေးတင်မှ ဖောက်ထွက်နိုင်ခဲ့သည် ဖြစ်သော်လည်း အချိန်တိုလေးအတွင်းတွင် ဤအဆင့်အထိ ရောက်ရရှိလာသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ မည်မျှအထိ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။

” ဒီအဘိုးကြီးက ထူးဆန်းလိုက်တာ ” ဝမ်ပေါင်လဲ့မှာ မနာလိုစိတ်များဖြင့် စိတ်ထဲတွင်ရေရွတ်လိုက်၏။ သို့သော် လီရှင်းဝမ်မှာလည်း သူ၏စိတ်ထဲ၌ ထိုကဲ့သို့ပင် ရေရွတ်လိုက်သည်ကိုမူ ဝမ်ပေါင်လဲ့က မသိလိုက်ပေ။

” ဒီကောင်လေးက ထူးဆန်းလိုက်တာ။ သူက အစောပိုင်း အမြုတေအဆင့်မှာပဲ ရှိသေးတာတောင် လျှပ်စီးအမြုတေကို ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ အပြင်ခန္ဓာကိုယ်ကလည်း နှလုံးအမြုတေကို ပိုင်ဆိုင်ထားသေးတာ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ တမူထူးခြားတဲ့ အငွေ့အသက်တစ်ခုလည်း ထွက်နေသေးတယ်။ ပြီးတော့ သူ့ဆီမှာ ဝိညာဉ်အာရုံခံနိုင်စွမ်း အငွေ့အသက်‌တွေလည်း ရှိနေသေးတယ်။ တောက်ကွာ။ ငါတောင် ယွမ်ယင်အဆင့် ရောက်မှ ဝိညာဉ်အာရုံခံနိုင်စွမ်းကို ရရှိခဲ့တာကို သူက အခုကတည်းက ပိုင်ဆိုင်နေပြီတဲ့လား ” လီရှင်းဝမ်မှာ ထိုသို့ တွေးတောနေရင်း အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာကြီးဖြင့် ဆိုလိုက်၏။

” ဖက်တီးလေး။ ငါ့ကို တစ်ချက်လောက်ထိုးကြည့်စမ်း။ မင်းရဲ့ နှလုံးအမြုတေ ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ငါ သိချင်တယ် ”

” နှလုံးအမြုတေ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရ၏။

” မင်း ဦးနှောက် တစ်ခန်းလွတ်နေတာလား။ မင်း အခု လေ့ကျင့်နေတာ နှလုံးအမြုတေပဲလေ။ အဲ့တာ အပြင်ခန္ဓာကိုယ် အမြုတေအဆင့်နဲ့ အတူတူပဲ ” လီရှင်းဝမ် ထိုသို့ဆိုလိုက်သောအခါမှ ဝမ်ပေါင်လဲ့မှာ သူပြောချင်သည့်စကားကို နားလည်သွားတော့သည်။ လီရှင်းဝမ်ဘက်မှ တောင်းဆိုထားသည်ဖြစ်သလို သူသည်လည်း သူ၏လက်ရှိိ တိုက်ရည်ခိုက်ရည်စွမ်းရည်ကို သိချင်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အမြုတေသုံးခုအား တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးများလက်လာ၏။ ထို့နောက် အေးစက်စက် မီးတောက်တစ်ခုလည်း ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူသည် သိုင်းပညာနတ်ဘုရားတစ်ပါးကဲ့သို့ အသွင်ပြောင်းလဲသွားပြီး လီရှင်းဝမ်အား ထိုးနှက်လိုက်တော့သည်။

ထိုလက်သီးချက်ကြောင့် လေပြင်းများ စတင်တိုက်ခတ်လာပြီး တိမ်တိုက်များ တလိပ်လိပ်ထလာတော့သည်။ ထို့နောက် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲအားတစ်မျိုး ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ သို့သော် ထိုပေါက်ကွဲအားများ လီရှင်းဝမ်၏ အနားသို့ ရောက်လာသောအခါ လီရှင်းဝမ်မှာ သူ၏ ညာဘက်လက်ညှိုး တစ်ချောင်းတည်းကိုသာမြှောက်၍ ၎င်းတို့အား ချုပ်တည်းလိုက်၏။

ထိုအခါ ထိုပေါက်ကွဲသံကြီးမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ပို၍ပင် ကျယ်လောင်လာသဖြင့် သူတို့နှစ်ယောက်၏ ကြားတွင် လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွား၏။ လီရှင်းဝမ်၏ ဆံပင်များနှင့် အဝတ်အစားများမှာ လေထဲတွင် တလူလူလွင့်နေတော့သည်။ သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ဖြင့် ရပ်နေဆဲပင်။

အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် တန်ပြန်အားကြီးတစ်ခု သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ အတွင်းကလီစာများအားလုံး အလွန်အင်မတန်မှ နာကျင်သွားရ၏။ သို့သော် ထိုအချိန်တွင် အစိမ်းရောင်ကြာပွင့်လေးမှာ စတင်တုန်ရီလာကာ သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင် အလင်းရောင်တစ်ခု ပေါ်ပေါက်လာပြီးနောက် အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

သို့သော်လည်း မဟာထိပ်သီးအကြီးအကဲကြီးမှာ လက်ညှိုးတစ်ချောင်းတည်းဖြင့် သူ၏ လက်သီးချက်အား ခုခံတားဆီးလိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ဓာတ်ကျသွားရ၏။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

” ဒီလောက်ပဲလားကွ။ အဲ့တာဆိုရင်တော့ အောင်မှတ်လောက်ပဲ ရမယ်။ ထားပါတော့။ မင်း ကျောင်းထဲမှာ ရှိ‌နေတာလည်း တော်တော်ကြာနေပြီ။ အင်္ဂါဂြိုဟ်ကို ပြန်တော့ ” မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ၏လက်ကို အောက်သို့ပြန်ချကာ မောက်မာဝင့်ကြွားစွာ ဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား စိတ်မပါလက်မပါဖြင့် အသိအမှတ်ပြုလိုက်ရသည့်ပုံ ပေါက်နေ၏။ နောက်ဆုံးတွင် သူသည် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ စိတ်ဓာတ်များကျကာ အလွန်အင်မတန်မှ အားနည်းနေသေးသည်ဟု ခံစားနေရသဖြင့် သက်ပြင်းများချရင်း ကျန်ရစ်ခဲ့တော့သည်။

သို့သော် လီရှင်းဝမ်တစ်ယောက် လူရှင်းသောနေရာတစ်ခုသို့ ရောက်သွားသောအခါမှ သူ၏ တည်ကြည်နေသော မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားတော့သည်။ သူ၏ အတွင်းကလီစာများအားလုံးမှာ ဖိညှစ်ခံထားရပြီး သူသည် အံတကြိတ်ကြိတ်နှင့် သူ၏လက်ညှိုးလေးအား ထပ်ခါတလဲလဲ ပွတ်နေမိတော့သည်။ ထိုအချိန်တွင် သူ၏ အင်္ကျီလက်များမှာ ချက်ချင်းဆိုသလိုပင် တစ်စစီကြေမွသွား၏။ သူ၏ ဝတ်ရုံရှည်ကြီးပင်လျှင် အပေါက်အပြဲများနှင့် ဖြစ်နေရပြီ ဖြစ်သည်။

” ဒီငကြောင်လေးက တော်တော်ကိုအစွမ်းထက်တာပဲ။ အစောပိုင်းအမြုတေအဆင့်မှာပဲ ရှိနေသေးတာတောင် သူ့ရဲ့ လက်သီးချက်တစ်ချက်ထဲနဲ့ ငါ့ရဲ့ လက်ချောင်း ကျိုးသွားတော့မလို့ ” လီရှင်းဝမ်မှာ အသက်ပြင်းပြင်းရှူလိုက်ရ၏။ သူသည် မန္တန်များ ထုတ်မသုံးခဲ့သောကြောင့် ယခုလို ဖြစ်သွားရခြင်းသာဖြစ်ကြောင်း သိထားပါသော်လည်း သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ဝှက်ဖဲများမရှိသော အမြုတေအဆင့် ကျင့်ကြံသူများမှာ သူ့အား အနိုင်ယူနိုင်စွမ်း ရှိမည်မဟုတ်ပေ။ အကယ်‌၍ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် တစ်ခုထဲကိုသာ လက်နက်အဖြစ်အသုံးပြု၍ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အား တိုက်ခိုက်မည်ဆိုပါက ထိုကျင့်ကြံသူအား အနည်းငယ်လေးပင် ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအား တစ်ခုတည်းနှင့် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်အား ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် လီရှင်းဝမ်မှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်နေရတော့သည်။

” နှလုံးအမြုတေအဆင့်က အစွမ်းထက်တာ မှန်ပေမဲ့ သူ အဲဒီအဆင့်အထိ ရောက်သွားခဲ့နိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လျှို့ဝှက်အငွေ့အသက်ကြီးကြောင့်ပဲ ဖြစ်ရမယ်…. ဒီအငွေ့အသက်က… အင်း… ဒီကောင်လေးကို လျှော့တွက်လို့မဖြစ်ဘူး။ ပြည်ထောင်စုကြီးထဲက နိုင်ငံရေးအင်အားစုတွေအကုန်လုံး ငမ်းငမ်းတက် လိုချင်နေတဲ့အရာတွေကို ယူသွားလိုက်မယ်ဆိုရင် ပြဿနာတွေ တက်ကုန်လိမ့်မယ် ” လီရှင်းဝမ်မှာ သူ၏နဖူးကိုပွတ်ကာ တတွတ်တွတ် ရေရွတ်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ပြတ်သားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။

” ငါ အတွေးလွန်နေတာပဲဖြစ်မှာပါ။ သူ အင်္ဂါဂြိုဟ်ပေါ်မှာရှိနေတုန်း အဲဒီပစ္စည်းနဲ့ ထိတွေ့မိခဲ့လို့ပဲ ဖြစ်မှာပါ ” လီရှင်းဝမ်မှာ ခေါင်းယမ်းလိုက်၏။ သို့သော် သူ၏ တာအိုကျောင်းမှ ကျောင်းသားလေးမှာ အလွန်အင်မတန်မှ အစွမ်းထက်နေသည်ကို သိလိုက်ရသဖြင့် သူသည် ပျော်ရွှင်ကျေနပ်နေဆဲပင်။ ထို့နောက် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကိုအသုံးပြုကာ သူ၏ ဘေးနားတစ်ဝိုက်အား အကဲခတ်လိုက်ပြီးမှ နောက်ထပ် ပုံစံတူ တာအိုဝတ်ရုံတစ်ခု ပြောင်းဝတ်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းများချကာ သူသည် အလွန်အင်မတန်မှ အားနည်းနေသေးကြောင်း တွေးတောရင်း အတွေးများထဲ၌ နစ်မျောနေဆဲပင်။ ထို့ကြောင့် အင်္ဂါဂြိုဟ်ပေါ်မှ အမှောင်အဆောင်ပစ္စည်းအား ပြန်လည်ပြုပြင်လိုသော သူ၏ဆန္ဒကြီးမှာ ပို၍ပင် အားကောင်းလာရတော့သည်။ အကယ်၍ သူသာ ထိုအမှောင်ပစ္စည်းအား အပြင်သို့ ယူလာနိုင်မည်ဆိုပါက အစွမ်းအထက်ဆုံး ဖြစ်သွားမည်ဖြစ်ကြောင်း တွေးနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် စိုးရိမ်သွားရ၏။ သူသည် အမှောင်အဆောင်ပစ္စည်းအား ချန်ထားခဲ့ရခြင်းကို စိုးရိမ်နေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီးထဲတွင် ထိုရတနာကြီးအား မျက်စိကျနေသည့် ထိပ်သီးအဆင့်ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူသည် အမှောင်အဆောင်ပစ္စည်း၏ ပိုင်ရှင်ဖြစ်ကြောင်း မည်သူ့ကိုမှ မပြောပြရဲပေ။ ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ်သို့ ပြန်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်

ထို့ကြောင့် သူသည် ဂိုဏ်းချုပ်ကြီးအား သူ ထွက်ခွာသွားတော့မည့်အကြောင်းကို လျှောက်တင်လိုက်၏။ ထို့နောက် သူသည် ဘန်နီလေးကိုလည်း နှုတ်ဆက်စကားဆိုလိုက်သည်။ ဘန်နီလေး တံခါးပိတ်ကျင့်စဉ် ပြန်လည်စတင်ရန် ပြန်သွားလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် စိန်လူဝံကြီးအား တမ်းတမ်းစွဲဖြစ်နေသည့် အမူအရာဖြင့် ၎င်း၏ဘေးတွင် ပျင်းရိပျင်းတွဲနှင့် လဲလျောင်းနေသော မြည်းလေးအား မြင်လိုက်ရသည်။ ထို့အပြင် သူသည် ထိုသားရဲကြီးနှစ်ကောင်၏ ဘေးတွင်လည်း ရုပ်သေးရုပ် အကျိုးအပဲ့ အပိုင်းအစပေါင်းများစွာကို မြင်လိုက်ရသဖြင့် ဆွံ့အမှင်တက်နေမိတော့သည်။

နောက်ဆုံးတွင် သူသည် ကြံရာမရတော့သဖြင့် သက်ပြင်းချလိုက်ပြီး မြည်းလေးအား နားရွက်မှဆွဲကာ ကောင်းကင်တာအိုကျောင်းထဲမှ ထွက်ခွာသွားတော့သည်။ သူသည် ကောင်းကင်မြို့တော်သို့ ပြန်ရောက်လာပြီးနောက် သူ၏မိဘများနှင့် ပြန်လည်ဆုံတွေ့လိုက်၏။ နောက်နေ့မနက်သို့ ရောက်သောအခါ သူသည် ပြည်ထောင်စုမြို့တော်ထဲမှ သင်္ဘောပျံကြီးပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူ့ဆီသို့ စေလွှတ်ခဲ့သည့် အခြား သင်္ဘောပျံရှစ်စင်း၏ ကာကွယ်စောင့်ရှောက်မှုနှင့်အတူ တိမ်တိုက်များကို ထိုးခွင်းကာ စကြဝဠာကြီးထဲသို့ ဝင်ရောက်သွားပြီးနောက် အင်္ဂါဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset