ကောင်းကင်တာအိုကျောင်း၏ အထက်ရှိ ကောင်းကင်ယံထဲတွင် ပေါ်ပေါက်လာသော ဝဲကြီးမှာ နှစ်နာရီတိတိ စုဝေးနေခဲ့ပြီး အချိန်နှင့်အမျှ အရွယ်အစား ပိုမိုကြီးမားလာ၏။ တစ်ချိန်ထဲမှာပင် အာကာသတွင်းနက်ကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြသည့် ဝိညာဉ်ချီများအား စုပ်ယူထားသောကြောင့် ဘေးပတ်ပတ်မှနေ၍ ကြည့်ရှုနေကြသည့် လူများအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။ သူတို့မှာ သူတို့၏ ပတ်ပတ်လည်၌ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် သိပ်သည်းသော ဝိညာဉ်ချီများ စုဝေးနေကြသည်ကို အာရုံခံမိနေကြ၏။
ထိုဝိညာဉ်ချီများမှာ အရည်တစ်ခုကဲ့သို့ ငွေ့ရည်ဖွဲ့သွားကြပြီး ကောင်းကင်တာအိုကျောင်း၏ အတွင်းဘက်တွင်သာမက အပြင်ဘက်တွင်ပါ မိုးရေများအဖြစ် ရွာချလာ၏။ ထို့ကြောင့် ကျောင်းသားများအားလုံး၏ ကျင့်ကြံခြင်းအမြန်နှုန်းများမှာ လျင်မြန်တိုးတက်လာကြသလို ကျွန်းအပြင်ဘက်တွင် ရှိနေကြသည့် လူများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ကျွန်း၏အတွင်းပိုင်းထဲတွင် လေ့ကျင့်နေသောလူများနှင့် မယှဉ်နိုင်သည့်တိုင်အောင် အလွန်အင်မတန်မှ တန်ဖိုးရှိသော အခွင့်အရေးကြီးတစ်ခုကို ရရှိထားဆဲပင်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ပြည်ထောင်စုမြို့တော်ထဲတွင် သွမ့်မုချွယ်မှာ ဥက္ကဋ္ဌရုံး၏ ပြတင်းပေါက်ရှေ့၌ ရပ်ကာ ကောင်းကင်တာအိုကျောင်း ရှိရာဘက်သို့ လှမ်းကြည့်နေ၏။ သူ၏ မျက်ဝန်းများထဲတွင် ကောင်းကင်ယံထဲ၌ တိမ်တိုက်များ တလိပ်လိပ်ထနေဆဲ ဖြစ်ပြီး ကောင်းကင်တာအိုကျောင်းထဲရှိ လီရှင်းဝမ်ဆီမှ အဆက်မပြတ် ထွက်ပေါ်လာနေသော အငွေ့အသက်ကြီးမှာ တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာနေသည်ကို သူက အာရုံခံမိနေ၏။ ၎င်းမှာ အမြုတေအဆင့်ထက် သာလွန်သွားပြီဖြစ်ရာ လီရှင်ဝမ်းမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားပြီဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ ရနေပြီဖြစ်သည်။
သို့သော် သူသည် သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတူပေ။ သူသည် မျိုးဆက်သစ် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ယခုကဲ့သို့ ဖောက်ထွက်နိုင်ရန် အလွန်အင်မတန်မှ ခဲယဥ်းပေသည်။ လီရှင်းဝမ်မှာ အံ့ဩမှင်တက်ဖွယ်ရာ အရည်အချင်းများကို ပိုင်ဆိုင်ထားသောကြောင့် အကယ်၍ သူသာ ဖွံ့ဖြိုးတိုးတက်ပြီးသားဖြစ်သော အခြား ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းများထဲတွင် ရှိနေမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့်ထက်ပင် သာလွန်နေလောက်ပြီဖြစ်သည်။
ပြည်ထောင်စုကြီးထဲတွင် ကုန်ကြမ်းပစ္စည်းများနှင့် ဝိညာဉ်ချီများမှာ နည်းပါးနေရုံသာမက ကြယ်တာရာရင်းမြစ်များမှာလည်း အားနည်းနေသောကြောင့် သူသည် တိုးတက်သင့်သလောက် မတိုးတက်နိုင်ခဲ့ပေ။ သို့သော် ထိုသို့ဖြစ်နေရသည့်အတွက် ရရှိခံစားရသည့် အကျိုးကျေးဇူးများလည်း ရှိပေသည်။ သူသည် ယခုကဲ့သို့ အဘက်ဘက်မှ နိမ့်ကျနေသော ပတ်ဝန်းကျင်တစ်ခုထဲ၌ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည်ဖြစ်ရာ အခြားလူမှုအဖွဲ့အစည်းများထဲမှ ယွမ်ယင်အဆင့် ကျင့်ကြံသူများထက် ပို၍အစွမ်းထက်နေမည်သာ ဖြစ်သည်။
ယခုတွင် သူသည် ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားပြီးသည့်တိုင်အောင် သူ၏ အပြင်ခန္ဓာကိုယ် ပိုမိုတောင့်တင်းခိုင်မာလာစေရန်အတွက် ဝိညာဉ်ချီများကို စုပ်ယူနေဆဲဖြစ်သလို တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားကျောင်းသူများကိုလည်း ဝိညာဉ်ချီများ ပို၍စုပ်ယူနိုင်အောင်လည်း ကူညီပေးနေဆဲပင်။
ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ ထိုလုပ်ရပ်အား အသိအမှတ် မပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော ကမ္ဘာပေါ်မှ ဝိညာဉ်ချီများမှာ အကျိုးအပဲ့ အပိုင်းအစများမှတစ်ဆင့် ရရှိသောကြောင့်သာ ဖြစ်သည်။ ၎င်းမှာ အဆုံးအစမရှိလောက်အောင် ပေါကြွယ်ဝနေသည့်ပုံ ပေါက်နေသော်လည်း လက်တွေ့တွင်မူ အကန့်အသတ်နှင့်သာ ရှိပေသည်။ သို့ဖြစ်ရာ ဝိညာဉ်ချီများအားလုံး ကုန်ခန်းမသွားခင် ၎င်းအား အစားထိုးနိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာမတွေ့ပါက လက်ရှိပြည်ထောင်စုကြီး၏ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းမှာ ထာဝရ ရပ်တည်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
သူသည် ထိုသို့အဖြစ်မခံလိုသောကြောင့် ယခုလို ဝိညာဉ်ချီများကို အတင်းအဓ္ဓမစုပ်ယူကာ အနာဂတ်မျိုးဆက်များ၏ ကျင့်ကြံခြင်းစွမ်းအားများအား မြှင့်တင်ပေးသည့် လုပ်ရပ်များကို သဘောမတူပေ။ သို့သော်လည်း သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်နေသောကြောင့် လီရှင်းဝမ်အား နားလည်ပေသည်။
ထို့ကြောင့် သွမ့်မုချွယ်မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် အနောက်မြောက်အရပ်အား ငေးကြည့်နေလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် မျက်လုံးများမှိတ်သွားပြီး အတွေးများထဲ၌ နစ်မျောသွားတော့သည်။
သွမ့်မုချွယ် လှမ်းကြည့်နေသည့် အရပ်မျက်နှာဘက်ရှိ ပြည်ထောင်စုမြို့တော်ကြီးနှင့် အတော်အသင့်ဝေးကွာသော နေရာတစ်ခုတွင် တောင်စဥ်တန်းတစ်ခု ရှိနေ၏။ ထို တောင်စဥ်တန်းထဲတွင် အဆောင်တစ်ဆောင် ရှိနေပြီး ငွေရောင်ဆံပင်နှင့် အဘိုးကြီးတယောက်မှာ ထိုအဆောင်ထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။
ထိုအဘိုးကြီးမှာ တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အမြုတေအဆင့်ထက် သာလွန်နေပြီး ယွမ်ယင်အဆင့်တွင် ရှိနေ၏။ ထိုအဘိုးကြီးမှာ သွမ့်မုချွယ်၏ မိန့်ခွန်းထဲတွင် ထည့်သွင်းဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်းထဲ၌ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်အား လိုက်လံရှာဖွေနေခဲ့သော ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးပင်ဖြစ်သည်။
ယခုတွင် သူသည်လည်း ကောင်းကင်တာအိုကျောင်း ရှိရာဘက်သို့ လှမ်းကြည့်ကာ ကောင်းကင်ယံထဲရှိ တိမ်တိုက်များကို စိုက်ကြည့်နေ၏။ သူသည် သူအာရုံခံမိနေသည့် အငွေ့အသက်ကြီး ရှိရာဘက်သို့ ငေးကြည့်နေရင်း စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။
” ဒီကျင့်ကြံခြင်းခေတ်သစ်မှာ အကြီးအကဲဖုံးရဲ့ ဆန္ဒတွေ ပြည့်ဝလာနိုင်ဖို့ ငါ မျှော်လင့်ပါတယ် ” ထိုအဘိုးကြီးမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်လုံးများမှိတ်သွား၏။
တစ်ချိန်ထဲမှာပင် လီရှင်းဝမ်၏ ဖောက်ထွက်မှုမှာ အရေးကြီးသော အခိုက်အတန့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ပေါက်ကွဲသံကြီးများ မြည်ဟည်းကာ ဝိညာဉ်ချီများ စုဝေးလာနေကြပြီး သူ၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နေချိန်တွင် အဆင့်မြင့်ကျွန်းပေါ်မှ ကျောင်းသားများအားလုံးမှာ အံ့ဩတုန်လှုပ်သွားကြပြီး ခန္ဓာကိုယ်များ တုန်ရီနေကြ၏။ ထို ဝိညာဉ်ချီများမှာ သိပ်သည်းလွန်းနေသောကြောင့် သူတို့မှာ ၎င်းတို့အား စုပ်ယူရန် ကြိုးစားအားထုတ်နေစရာပင် မလိုပင်။ ၎င်းတို့မှာ သူတို့၏ ချွေးပေါက်များမှတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်များထဲသို့ စိမ့်ဝင်ကာ ခန္ဓာကိုယ်ထဲရှိ နေရာအနှံ့အပြားသို့ စီးဆင်းသွားကြတော့သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေပြီး မျက်နှာအမူအရာများမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ သူရှိနေသည့်နေရာတွင် ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းမှာ ပတ်ပတ်လည်၌ စုဝေးနေကြသည့် ဝိညာဉ်ချီများအားလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ ဆွဲငင်စုပ်ယူနေသည့်ပုံ ပေါက်နေသည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ယခုတွင် လျှပ်စီးတာအို အတွဲနှစ်ကို လေ့ကျင့်လိုက်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားမည်သာဖြစ်သည်။ သို့သော် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လျှပ်စီးတာအို အတွဲနှစ်အား မလေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ဝိညာဉ်ချီများမှာ သူ၏ကျင့်ကြံခြင်းအဆင့်ကိုသာမက သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားကိုပါ တိုးတက်လာအောင် လုပ်ပေးနိုင်စွမ်းရှိနေသည်ကို သိလိုက်ရသောအခါ သူ၏ မျက်ဝန်းများထဲ၌ အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
” ငါက အမှောင်အမြုတေရော လျှပ်စီးအမြုတေကိုပါ ပိုင်ဆိုင်ထားတာမလို့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်တွေက အလယ်အလတ် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အဆင့်မှာ ရှိတယ်။ ဒါပေမဲ့ အဲဒီစွမ်းအားတွေကို ထုတ်သုံးတဲ့အချိန်ကျ ပုံမှန်ဆိုရင် ခံနိုင်ရည်ရှိတဲ့ ငါ့ရဲ့ခန္ဓာကိုယ်က အဲဒီစွမ်းအားတွေနဲ့ လိုက်လျောညီထွေရှိအောင် ပြောင်းလဲနိုင်စွမ်းမရှိဘူးဖြစ်နေတာ ”
” အဲ့တာမလို့ လောလောဆယ် ငါ့အတွက် အရေးအကြီးဆုံးက အမြုတေအဆင့် ကျင့်ကြံခြင်းပညာရပ်မဟုတ်ဘဲ ငါ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားကို အရင်ဆုံး တိုးတက်လာအောင်လုပ်ဖို့ပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သူ၏ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးအား အာရုံခံကြည့်လိုက်၏။ အမှောင်အမြုတေနှင့် လျှပ်စီးအမြုတေတို့ ရှိနေသော ကြာခွက်လေးကို မြင်လိုက်ရပြီးနောက် သူ၏ အာရုံများမှာ အစိမ်းရောင်ကြာပွင့်လေး၏ ပင်မကြာခွက်ပေါ်သို့ ရောက်သွား၏။
ဝမ်ပေါင်လဲ့မှာ ထိုအစိမ်းရောင်ကြာပွင့်လေးအား ရရှိခဲ့ပြီးနောက် ၎င်းမှာ သူ၏ကျင့်ကြံခြင်းအဆင့်အား သိသိသာသာ တိုးတက်လာအောင် ကူညီပေးနိုင်စွမ်းမရှိပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ်အပေါ်တွင်မူ ကြီမားသော အကျိုးသက်ရောက်မှုတစ်ခုရှိကြောင်း သိခဲ့ရ၏။ ထို့အပြင် သူ၏ အမှောင်အိပ်မက်ထဲတွင် မြင်ခဲ့ရသည် အမှောင်ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများထဲတွင် အစိမ်းရောင်ကြာပွင့်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ရှာမတွေ့ခဲ့ပါသော်လည်း အပြင်ခန္ဓာကိုယ်အား လေ့ကျင့်နိုင်သည့် ပညာရပ်အချို့ကို ရှာတွေ့ခဲ့သည်။
သို့သော် ထိုကျင့်ကြံခြင်း ပညာရပ်အားလုံးမှာ အမှောင်ချီအား အသုံးပြုရန် လိုအပ်သည်ဖြစ်ပြီး ထာဝရဝိညာဉ်အဆင့်သို့ ရောက်မှသာ ထုတ်သုံးနိုင်သည့် ပညာရပ်များဖြစ်ကြသည်။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ မည်သို့ဆက်လက်ဆောင်ရွက်ရမည်မှန်း သိရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာ၏။
” ငါ မဟာထိပ်သီးအကြီးအကဲကြီး စုစည်းပေးထားတဲ့ ဒီ ဝိညာဉ်ချီတွေကို အသုံးပြုပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို အမြုတေတစ်ခုဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင်ရော ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံထားရသည့် ဝိညာဉ်ချီများအားလုံးမှာ ပင်မကြာခွက်လေးဆီသို့ ဦးတည်သွားတော့သည်။
ထို ဝိညာဉ်ချီများ ဝင်ရောက်လာသောအခါ ပင်မကြာခွက်လေးမှာ တစ်ခဏမျှ တုန်ရီသွားပြီးနောက် ၎င်း၏ အတွင်းပိုင်းထဲမှ အစိမ်းရောင် အလင်းရောင်တစ်ခု တောက်ပလာ၏။ ထိုအလင်းရောင်မှာ သူ၏ အတွင်းကလီစာများနှင့် အရေပြားများကိုပင် ထိုးဖောက်နိုင်စွမ်းရှိနေသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်ပြောင်းသွား၏။
ထို အစိမ်းရောင် အလင်ရောင်ကြီး တောက်ပနေစေ သူ၏ အရိုးများမှာ အားအင်ပြန်လည်ပြည့်ဖြိုးလာပြီး သူ၏ အသွေးအသားများမှာလည်း ပို၍ အားကောင်းလာတော့သည်။ သူ၏ အတွင်းကလီစာများမှာလည်း အဆင့်မြင့်တက်သွားသဖြင့် သူ၏ နှလုံးခုန်သံများမှာ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့နားထဲ၌ မိုးခြိမ်းသံများကဲ့သို့ပင် မြည်ဟည်းနေတော့သည်။
” ငါ့ရဲ့ အပြင်ခန္ဓာကိုယ်စွမ်းအားတွေ တိုးတက်လာပြီပဲ ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့အား အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအခါ ဘေးပတ်ပတ်လည်တွင် ရှိနေသော ဝိညာဉ်ချီများမှာ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရ၏။ ခဏအကြာတွင် သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေကြသောလူများမှာ ထိုအခြင်းအရာများကို ရိပ်မိသွားကြသောကြောင့် ထိုနေရာမှ ထွက်ခွာသွားကြသဖြင့် သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ် အပြင်ဘက်တွင် အရွယ်အစား ပို၍ကြီးမားသော ဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး အခြားတာအိုကျောင်းသုံးကျောင်းမှ ဂိုဏ်းချုပ်ကြီးများနှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့တစ်ယောက် အထူးတဆန်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ့အား စိုးရိမ်တကြီးနှင့် စိုက်ကြည့်နေလိုက်ကြတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့အား ဂရုမစိုက်ပေ။ သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား အစွမ်းထက်လာအောင်လုပ်ရန် စိတ်ရောကိုယ်ပါနှစ်၍ အာရုံစိုက်ထားသည်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် စက်ဝန်းတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။
ထိုစက်ဝန်းထဲတွင် ဝိညာဉ်ချီများကို စုပ်ယူခြင်း၊ ၎င်းတို့အား အစိမ်းရောင်ကြာပွင့်လေးထဲသို့ ပေါင်းစည်းခြင်း၊ အစိမ်းရောင်အလင်းရောင်အား ထုတ်လွှတ်ပေးခြင်းနှင့် သူ၏ အပြင်ခန္ဓာကိုယ်အား သန်မာလာအောင်လုပ်ခြင်း အစရှိသော လုပ်ငန်းစဉ်များ ပါဝင်၏။
ထိုစက်ဝန်းကြီး ထပ်ခါတလဲလဲ လည်ပတ်နေသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးမှာ အပြင်းအထန်တုန်ရီကာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာတော့သည်။
၎င်း၏ အရွယ်အစား ပိုမိုကြီးမားလာလေလေ ၎င်းဆီမှ ထွက်ပေါ်လာသည့် အစိမ်းရောင်အလင်းရောင်မှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ အကျိုးသက်ရောက်မှု ပို၍ရှိလာလေလေ ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေရပြီး သူ ကျင့်ကြံခြင်းပညာရပ်များ လေ့ကျင့်ခဲ့စဉ်တုန်းက ရရှိခဲ့သည့် ခံစားချက်မျိုးနှင့် မတူသော သက်တောင့်သက်သာရှိသည့် ခံစားချက်တစ်မျိုးအား သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ စတင်ခံစားလာရတော့သည်။ မရေမတွက်နိုင်လောက်အောင် များပြားသော လက်ငယ်လေးပေါင်း မြောက်မြားစွာမှာ သူ၏တစ်ကိုယ်လုံး နှိပ်နယ်ပေးနေသကဲ့သို့ ဖြစ်နေပြီး သူ၏ အရေပြားများပင်လျှင် အစိမ်းရောင်တောက်လာရတော့သည်။ နောက်ဆုံးတွင် ထိုနေရာ၌ တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစိမ်းရောင်ပြောင်းသွား၏။
သူ၏ နှလုံးခုန်သံမှာလည်း သူ၏ခန္ဓာကိုယ် အပြင်ဘက်သို့ပင် ပြန့်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောကြောင့် ပဲ့တင်ထပ်သံများ ထွက်ပေါ်လာတော့သည်။
ထို နှလုံးခုန်သံများကြောင့် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအပြင် အခြားတာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးများအားလုံးမှာလည်း အံ့အားသင်သွားရ၏။ မဟာမြစ်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးဆိုလျှင် အံ့ဩမှင်တက်လွန်းလှသဖြင့် ပင့်သက်ရှိုက်မိသွားသည့် အထိပင်။
” သူ့ရဲ့ နှလုံးခုန်သံက မိုးခြိမ်းသံနဲ့တူလိုက်တာ။ ငါ ဒီအကြောင်းကို တစ်စစီစုတ်ပြဲနေတဲ့ မှတ်တမ်းတစ်ခုထဲမှာ ဖတ်ဖူးတယ်။ ဒါ ရှေးဟောင်းဓား လူမှုအဖွဲ့အစည်းထဲက အပြင်ခန္ဓာကိုယ်ကို အဓိကထားလေ့ကျင့်တဲ့ လူတွေရဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုပဲ။ အဲဒီ ကျင့်ကြံခြင်းအဆင့်ကို နှလုံးအမြုတေအဆင့်လို့ ခေါ်တယ်။ အဲဒီအဆင့်က အမြုတေအဆင့်နဲ့ အတူတူပဲ ”
” အဲဒီမှတ်တမ်းထဲမှာ အဲဒီ ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံနိုင်တဲ့နည်းလမ်းတွေ မပါပေမယ့် အကျဉ်းချုပ်ဖော်ပြချက်ထဲမှာ အဲဒီ နှလုံးအမြုတေဆိုတဲ့ အဆင့်က ကိုယ့်ရဲ့နှလုံးသားကို အမြုတေတစ်ခု ဖြစ်သွားအောင် ပြောင်းလဲပစ်တာလို့ ရေးထားတယ်။ ကိုယ့်ရဲ့ နှလုံးခုန်သံ အရမ်း အားကောင်းလာတဲ့အချိန်ကျရင် ကိုယ့်ရဲ့နှလုံးသားက ဆေးလုံးတစ်လုံးလို ဖြစ်သွားတာ။ တကယ်လို့ အဲဒီဆေးလုံးက ပန်းကန်တစ်ချပ်ပေါ် ကျသွားလို့ ပဲ့တင်သံတစ်သံမှ ထွက်မလာဘူးဆိုရင် နှလုံးအမြုတေအဆင့်ကို ရောက်သွားပြီလို့ သတ်မှတ်လို့ရပြီ ”
မဟာမြစ်တာအိုကျောင်းမှာ ဂိုဏ်းချုပ်ကြီးမှာ ထိုကဲ့သို့ အလောတကြီး ရှင်းပြလိုက်သောအခါ အခြားဂိုဏ်းချုပ်ကြီးများ သူ့အား လှမ်းကြည့်လိုက်ကြ၏။ အခြားတာအိုကျောင်းများမှ မဟာထိပ်သီး အကြီးအကဲကြီးများမှာလည်း တစ်စုံတစ်ခု မူမမှန်ဖြစ်နေသည်ကို အာရုံခံမိလိုက်သဖြင့် သူတို့ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ထိုအချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြား၌ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် အမြုတေအဆင့်ထက် အများကြီးပို၍သာလွန်သည့် ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားတစ်မျိုးမှာ လီရှင်းဝမ် တံခါးပိတ်ကျင့်ကြံနေသည့် တောင်ထဲမှ ထွက်ပေါ်လာ၏။ ထိုစွမ်းအားကြီး ထွက်ပေါ်လာသောအခါ ကောင်းကင်ယံထဲတွင် လေပြင်းများတိုက်ကာ တိမ်တိုက်များ တလိပ်လိပ်ထလာပြီး လူတစ်ယောက်၏ ပုံရိပ်လေးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ လီရှင်းဝမ်တစ်ယောက် လေထဲတွင်ရပ်ကာ အရပ်မျက်နှာအနှံ့ ဝေ့ဝိုက်ကြည့်ရှုနေသည့် ပုံရိပ်လေးပင် ဖြစ်သည်။ ထို့နောက် သူ ရယ်မောလိုက်သောအခါ လူတိုင်းမှာ စိတ်လှုပ်တရှားဖြစ်သွားကြပြီး သူ့အား ဂါရဝပြုလိုက်ကြ၏။ ထိုပုံရိပ်လေးမှာလည်း သူတို့အား ပြန်၍ ဂါရဝပြုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို အံ့အားသင့်သွားတော့သည်။
” စိတ်ဝင်စားစရာပဲ ” ထိုလူရိပ်လေးမှာ ပြုံးသွားပြီး မန္တန်လက်ကွက်များဖော်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး သူ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများမှာလည်း ပို၍ပင် အားကောင်းလာ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြတော့သည်။
ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အက်ကွဲသံတစ်သံ ချက်ချင်းဆိုသလိုပင် ပေါ်ထွက်လာပြီး သူ၏နှလုံးခုန်သံမှာလည်း လျင်မြန်စွာ ပြောင်းလဲသွား၏။ အစပိုင်းတွင် ၎င်းမှာ ပဲ့တင်သံများ ထွက်နေပါသော်လည်း ယခုတွင်မူ ထိုပဲ့တင်သံများအားလုံးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သေသေချာချာနားထောင်ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ နှလုံးခုန်သံနှင့် မတူတော့ပေ ဆေးလုံးတစ်လုံး ပန်းကန်တစ်ချပ်ပေါ်သို့ ကျသွားသည့်အသံနှင့် ပို၍ပင် ဆင်တူနေတော့သည်။
ထို့နောက် လီရှင်းဝမ်၏ လူရိပ်လေးမှာ အချိန်အကြာကြီး ဟက်ဟက်ပက်ပက် ရယ်မောနေလိုက်ပြီးနောက် ခရမ်းရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အောက်ဘက်ရှိ တောင်တန်းများဆီသို့ ဦးတည်သွားတော့သည်။
ခဏအကြာတွင် ထိုတောင်တန်းများမှာ အပြင်းအထန် တုန်ရီလာပြီး အက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်သွားပြီဖြစ်သော လီရှင်းဝမ်မှာ ထိုတောင်တန်းများထဲမှ ထွက်ပေါ်လာတော့သည်။
သူ၏ ပေါ်ပေါက်လာမှုကြောင့် အဆင့်မြင့်ကျွန်း၏ အတွင်းဘက်နှင့် အပြင်ဘက်တွင် ရှိနေကြသော ကျင့်ကြံသူများအားလုံးမှာ အသက်များအောင့်မိသွားကြ၏။ ထို့နောက် မည်သည့်အရာကိုမှ သတိမထားမိနိုင်ဘဲ ဖြစ်နေသည့် ဝမ်ပေါင်လဲ့တစ်ယောက်မှလွဲ၍ အခြားသူများအားလုံးမှာ လီရှင်းဝမ်အား တရိုတသေ ဦးညွှတ်လိုက်ကြတော့သည်။
” ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် မဟာထိပ်သီး အကြီးအကဲကြီးခဗျား ”
” ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အစ်ကိုလီ ”
” ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် တာအိုရောင်းရင်းလီ “