Switch Mode

အပိုင်း( ၃၁၄)

မိုးခေါင်းလောင်း

ကျန်နေသေးသည့် နှစ်ယောက်တွင် တစ်ယောက်က ကျောက်ဝူထိုင်ထံ ရှိရာသို့ ပြေးသွားပြီး အခြား တစ်ယောက်ကတော့ ဆန့်ကျင်ဘက် အရပ်သို့ ပြေးသွား၏။

ဝမ်လင်းက ကျောက်ဝူထိုင်ကို ကြည့်၍ သူ့မျက်လုံးများက အေးစက်လို့ လာခဲ့သည်။

ဝမ်လင်းက ‌ခြေဆယ်လှမ်းဖြင့် သည်အင်္ကျီနက်လူကို ဖမ်းမိလိုက်သည်။ သည့်နောက်သူက ပြောလိုက်၏။

“မင်းက ငါ့စိတ်ခံစားချက်ကို လာဖျက်ဆီးနေတာပဲ။ ဒီတော့ မင်းသေကို သေရမယ် … ”

ထိုသို့ပြောပြီးနောက် သူ့လက်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ရာ ဂျိနယ်ပယ်က ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လို့သွားသည်။

သည်လူက အသံ တစ်ချက်တောင် မထွက်နိုင်ဘဲ ကောင်းကင်ထက်မှ ပုံ၍ ပြုတ်ကျလာသည်။

သူ့စဦးစိတ်ဝိညာဉ် မှာလည်း လွတ်မြောက်နိုင်အောင် ကြိုးစားရန်ပင် အချိန်မရှိဘဲ ဂျိနယ်ပယ်၏ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

ဝမ်လင်း၏ ဂျိနယ်ပယ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများကို မသတ်နိုင်သော်လည်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ အတွက်တော့ လိုအပ်သည်ထက် ပိုသေး၏။

အင်္ကျီနက် လူသုံးယောက်ကို သတ်ပြီးနောက် သူက ကျောက်ဝူထိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ကျောက်ဝူထိုင် အသွင်က ပုံမှန်ပင် ရှိနေသော်လည်း သူ့ကျောကုန်း တွင်တော့ ချွေးများ ရွှဲနစ်လို့နေပြီ ဖြစ်သည်။ ဝမ်လင်း မျက်လုံးများကို ကြည့်လိုက်ပြီးနောက် သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထွက်ပြေးသွားသော ဝတ်စုံနက်လူကို လှမ်းတားလိုက်၏။

သည်ဝတ်စုံနက်လူက အထိတ်တလန့် လှမ်းအော်လိုက်သည်။

“မင်း … ဒါဘာလုပ်တာလဲ ကျောက်ဝူထိုင် … ”

ကျောက်ဝူထိုင်က ထိုလူကို မထူးခြားစွာ ကြည့်လိုက်သည်။ သူက ဖျော့တော့တော့ ပြုံး၍ ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းတို့ လေးယောက်က အစ်ကိုဝမ်ကို ဒေါသထွက်စေ ခဲ့တယ်။ ငါမင်းကို ဘယ်လိုများ ထွက်သွားခွင့် ပြုရမလဲ … ”

ထိုသို့ပြောပြီးနောက် သူက ထူးဆန်းသော ချိတ်ပိတ်ဟန် တချို့ ပြုလုပ်လိုက်သည်။ ထူဆန်းသော ခရမ်းရောင် အလင်းများက သူ့လက်ထဲတွင် ဖြစ်ပေါ်လို့လာ၏။

ကျောက်ဝူထိုင်၏ ကျင့်ကြံခြင်း အဆင့်က ဝမ်လင်းနောက်တွင် ခြေတစ်လှမ်းသာ နောက်ကျခြင်း ဖြစ်သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ခြေတစ်လှမ်း ချနိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်ပိုင် နယ်ပယ်နှင့် ပတ်သက်လို့လည်း အချို့အရာများကို ထိတွေ့သိရှိ ပြီးပေပြီ။ သူ့လက်ထဲမှ ခရမ်းရောင်အလင်း ထွက်ပေါ်လာသည်နှင့် ဝတ်စုံနက်လူက သူ့ငယ်ဘဝကို ပြန်ရောက်သွားပြီး ကလန်ကို စရောက်တုန်းက သူ့ဆရာနှင့် တွေ့ဆုံခဲ့ချိန်က ခံစားမှုမျိုးကို ပြန်ခံစားမိလို့ သွားသည်။

သူက အခုလက်ရှိ အချိန်ကို အသိပြန်ဝင်လာသည့် အခိုက်တွင် ကျောက်ဝူထိုင်၏ လက်က သူ့ခေါင်းပေါ် ရောက်နှင့်နေပြီး ဖြစ်၏။ ကျောက်ဝူထိုင်က စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် အသုံးပြု လိုက်သည်နှင့် သူက သွေးတစ်လုတ်အန်၍ မြေပေါ်သို့ လဲကျသေဆုံး သွားတော့သည်။

ကျောက်ဝူထိုင်က သူ့စဦးစိတ်ဝိညာဉ် ကိုလည်း ဖမ်းဆုပ်လိုက်ပြီး‌ ဝမ်လင်း ရှေ့တွင်ပင် ချေမွပစ်လိုက်၏။ သည်အပြုအမူက ဝတ်ရုံနက် လေးယောက်ကိစ္စနှင့် ပတ်သက်၍ သူနှင့်မဆိုင်ကြောင်း ပြသခြင်းပင်။

ဝမ်လင်းက ဝတ်ရုံနက် သုံးယောက်ကို ရှင်းလင်းသတ်ပစ် လိုက်သည့်နည်းက ဘဝင်မြင့်သော ကျောက်ဝူထိုင်က လုံးဝမှင်တက်လို့ သွားသည်။ သူတို့ထဲက တစ်ယောက် ဆိုလျှင်သူက လွယ်ကူစွာ သတ်နိုင်ပေ၏။ နှစ်ယောက် ဆိုလျှင်တော့ အနိုင်ယူရုံသာ ရှိသည်။

သို့ရာတွင် သုံးယောက်ဆိုလျှင် သူက သရေ အနေအထားသာ ဖြစ်နိုင်တော့သည်။ လေးယောက် ဆိုလျှင်တော့ သူက ထွက်ပြေးရုံသာ ရှိပေလိမ့်မည်။ သို့သော် ဝမ်လင်းက သုံးယောက်လုံးကို ဆက်တိုက် သတ်ပစ်နိုင်ခဲ့သည်။ ကျောက်ဝူထိုင်က မတုန်လှုပ်မိဘဲ နေမည်နည်း။

ဝမ်လင်းက ကောင်းကင်မှ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ သူက နှင်းဖုံးနေသော မြေကြီးပေါ်သို့ ခြေချမိသည်နှင့် သူ့ပုံပန်းသွင်ပြင်က ချက်ချင်း ပြောင်းလဲလို့ သွားသည်။ သူက မိစ္ဆာတစ်ကောင် အဖြစ်မှ သေမျိုး တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားသည်။

သူက သူ့အဝတ်အစားများကို ပြန်ပြုလိုက်ပြီး ဘူးသီး‌ခြောက်ထဲမှ ဝိုင်တစ်ငုံ မော့သောက်လိုက်သည်။ ထို့နောက်သူက ဘူးသီးခြောက်ကို ကျောက်ဝူထိုင်ထံသို့ ပစ်ပေးလိုက်သည်။ အခုလက်ရှိချိန်တွင် သူက သေမျိုး တစ်ယောက်နှင့် မခြားပေ။

ကျောက်ဝူထိုင်က ဘူးသီးခြောက်ကို ဖမ်းလိုက်ပြီး ဝမ်လင်ဆိုင်ကို စိုးရိမ်ပူပန်သည့် ဟန်ဖြင့် ကြည့်မိလိုက်၏။ သူက ဝမ်လင်းကို မိတ်ဆွေ အဖြစ်သာ သတ်မှတ်လိုပြီး ရန်သူအဖြစ် မခံလိုတော့ပေ။

ကျောက်ဝူထိုင်က သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဝတ်ရုံနက် လေးယောက်၏ ခန္ဓာကိုယ်များက အမှုန့် ဖြစ်သွားတော့သည်။ ထိုသို့ပြုလုပ် ပြီးနောက် သူက လျင်မြန်စွာ လှုပ်ရှား၍ ဝမ်လင်းတို့ လမ်းထဲမှ ထွက်လာခဲ့တော့သည်။

ခဏအကြာတွင် ဝမ်လင်းလည်း သူ့ဆိုင်သို့ ပြန်ရောက်လာခဲ့၏။ သူက သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဖြစ်သည့်အတွက် အနားရှိ သေမျိုးများက မည်သို့ဖြစ်ပျက် သွားသည်ကို သတိပြုမိ ကြလိမ့်မည် မဟုတ်ပေ။

သူက ဆိုင်သို့ ပြန်ရောက်သည်နှင့် မီးဖိုဘေးတွင် ထိုင်ချလိုက်သည်။ သည့်အခိုက်တွင် ဝမ်လင်းပုံစံက အဘိုးတစ်ယောက် အနွေးဓာတ်ရအောင် မီးလှုံနေသည့်ဟန် ဖြစ်နေပေ၏။

သူက ဆိုင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်လျက်ရှိပြီး ရှေးဟောင်း နတ်ဘုရား မှတ်ဉာဏ်များထဲကို ပြန်မွှေနှောက်၍ ကောင်းကင်ဘုံတံခါး လေးခုအကြောင်း ရှာဖွေလို့နေသည်။ အချိန်တစ်ခု ကြာပြီးနောက် သူ့စိတ်ထဲရှိ အချက်အလက်များက ရှင်းလင်းလို့လာ၏။

ထိုအခိုက်တွင် အပြင်ဘက်တွင် ကျဆင်းနေသော နှင်းများက ပုံမှန်ပြန်ဖြစ်သွားပြီး ဆိုင်တံခါးကလည်း တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ကြက်ကင်အနံ့ တစ်ခုကလည်း ဆိုင်တံခါးဝမှ အထဲသို့ ပျံ့နှံ့လာခဲ့သည်။

တစ်ချိန်တည်းမှာ ညစ်ပတ် ပေစုတ်နေသော အဘိုးအို တစ်ယောက်ကလည်း ဆိုင်ထဲသို့ ဝင်လာခဲ့၏။ သူက ဆိုင်တံခါးကို ခြေထောက်ဖြင့် နောက်ပြန် ပိတ်လိုက်သေးသည်။ ထို့နောက် ဝမ်လင်းဘေးနားသို့ ရောက်လာပြီး မီးလာလှုံရင်း ဆဲရေးနေတော့သည်။

“ညလယ်မှာ ကြွက်အချို့က ရန်ဖြစ်နေကြတယ်။ ငါ ကောင်းကောင်းအိပ်လို့ မရတော့ဘူးပေါ့ကွာ။ ကံမကောင်းဘူး … ကံမကောင်းဘူး … ”

ဝမ်လင်းက ပြုံးမိလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ဝိုင်တစ်ဂျား ပေါ်လာခဲ့၏။ ထို့နောက် သူက အဘိုးအိုကို ကမ်းလိုက်သည်။

အဘိုးအိုက ဝိုင်ဂျားကို ရပြီးနောက် သူ့အင်္ကျီအောက်တွင် ထည့်ထားသော ကြက်ကင်ကို ထုတ်၍ ကျေနပ်ဟန်ဖြင့် မချိုမချဉ် ဖြစ်နေတော့သည်။

“မင်း တော်တယ် … ကောင်လေး။ ဒီတော့ ကြက်ကင်တစ်ခြမ်း မင်းကို ပေးမယ် … ”

သူက ထိုသို့ပြောပြီးနောက် ဝမ်လင်းကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“မဆိုးဘူး လူငယ်လေး။ မင်း ကျင့်ကြံမှုအဆင့်က ထပ်တိုးလာခဲ့ပြီ။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နဲ့ သိပ်မလိုတော့ပါဘူး။ မင်းငါ့ပုံကို ပန်းပုထွင်းပေးဖို့ ပြောထားတာတော့ မမေ့ပါနဲ့။ မဟုတ်ရင် မင်း ဘယ်ကိုသွားသွား ငါလိုက်ရှာရမယ် … ”

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။

“အို … ဟုတ်တာပေါ့။ ငါ စီနီယာကို ပေးထားတဲ့ကတိ ဘယ်မေ့လို့ရမလဲ … ”

အဘိုးက ကြက်ခြေထောက်ကို ဆွဲဖဲ့လိုက်ပြီးနောက် တစ်ကိုက်ကိုက်၍ ပြောလိုက်သည်။

“လူငယ်လေး။ မဟာမိတ် ကလန်လေးခုက ခုချိန်မှာ မတည်မငြိမ် ဖြစ်နေပြီ။ မင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို မြန်မြန်ရောက်အောင် ကြိုးစားရင် ပိုကောင်းလိမ့်မယ် … ”

ဝမ်လင်းက နှလုံးခုန် မြန်သွားပြီး အဘိုးအိုကို ကြည့်၍ မေးလိုက်သည်။

“စီနီယာက မဟာမိတ် ကလန်လေးခုမှာ ဘာဖြစ်နေလဲဆိုတာ သိတာလား … ”

အဘိုးအိုက သူ့မေးစေ့ကို ပွတ်၍ ဝမ်လင်းကို ကြည့်ကာ ပြောလိုက်ပြန်သည်။

“ဒီကျင့်ကြံမှု ကမ္ဘာမှာ ဒီအဘိုးကြီး မသိတဲ့ဟာ မရှိဘူး။ မဟာမိတ် ကလန်လေးခုရဲ့ ကျင့်ကြံသူ တစ်ယောက်က ရွှမ်ယွဲ့ကလန်ကနေ မိုးခေါင်းလောင်းကို ခိုးယူလာခဲ့တယ်။ ဒါ့ကြောင့် ရွှမ်ယွဲ့က ဒီကို ရောက်လာကြတာ … ”

မိုးခေါင်းလောင်း … ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ရုတ်တရက် နားရွက်ကြီးကြီး ကျင့်ကြံသူ ပြောခဲ့သည့်အရာကို မှတ်မိသွားသည်။ သူက မိုးတံခါးဝင်ပေါက် အကြောင်းကို ပြောခဲ့ပေသည်။

အဘိုးအိုက ကြက်ပေါင် တစ်ချောင်းကို အလျင်စလို ကိုက်လို့နေ၏။ ထို့နောက်သူက ကြက်လည်ပင်းကို ကိုက်၍ ပြောလိုက်သည်။ မိုးခေါင်းလောင်း အကြောင်း ပြရရင်တော့ … အမှန်က ဒီလို မိုးခေါင်းလောင်းမျိုးက တစ်ခုမကဘူး။ ဘယ်နှစ်ခု ရှိလဲတော့ တိတိကျကျ ငါမသိဘူး။ ဒီလိုခေါင်းလောင်းမျိုး တစ်ခု ပိုင်မယ်ဆိုရင် အဲဒီပိုင်ရှင်က ကောင်းကင်ဘုံ တံခါးပေါက်ထဲကို ဝင်လို့ရနိုင်လိမ့်မယ်။ ဒါ့ကြောင့်ပဲ ပဋိပက္ခတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့က ဘယ်လိုပဲ ကြိုးစားပြီး တိုက်ခိုက်တိုက်ခိုက် အဆင့်ငါးနိုင်ငံ ဒါမှမဟုတ် အဆင့်ခြောက် နိုင်ငံတစ်ခုခုက သတိပြုမိသွားရင် ဒီခေါင်းလောင်းက အဲဒီနိုင်ငံတွေ လက်ထဲမှာပဲ အဆုံးသတ် သွားလိမ့်မယ် … ”

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။

“ကောလာဟလ အရ ကတော့ ကောင်းကင်ဘုံ တံခါးလေးခုက ကောင်းကင်ဘုံ နယ်ပယ်ကို ဦးတည်ရောက်ရှိ နိုင်တယ်လို့ ပြောကြတယ်။ ဒါ့ကြောင့် သူတို့ ဒီမိုးခေါင်းလောင်း အတွက် တိုက်ခိုက်ကြတာ အံ့ဩစရာတော့ မရှိပါဘူး … ”

အဘိုးအိုက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ဘယ်လိုလဲ … လူငယ်လေး။ မင်းကော လှုပ်ရှားမလို့လား။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ရှေးဟောင်း အချိန်တွေတည်းက ရှေးဟောင်း ကျင့်ကြံသူတွေက ပျောက်ကွယ်ခဲ့ပြီလေ … ”

ဝမ်လင်းက မှင်တက်သွားသည်။ သည်အကြောင်းကို ထူဆီ၏ မှတ်ဉာဏ်ထဲတွင် ဖော်ပြထားခြင်း မရှိပေ။ သည့်နောက်သူက မေးလိုက်၏။

“သူတို့အားလုံး သေသွားခဲ့တာလား … ”

အဘိုးအိုက ကြက်ရင်ပုံကို အပိုင်းကို ကိုက်စားလိုက် ပြီးနောက် ထပ်ပြောလိုက်သည်။ တကယ်တော့ သူတို့က သေသွားကြပြီ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နဲ့ ဒီအဆင့်ရဲ့ အထက်တွေက ဒီနားကို ရောက်နေကြတာ ဘာကြောင့်လို့ထင်လဲ။ သူတို့က ကောင်းကင်ဘုံ နယ်ပယ်ကို သွားကြမလို့ဘဲ … ”

ဝမ်လင်းက တုန်လှုပ်မိသွား ပြန်သည်။ သူက ရှေးဟောင်းကျင့်ကြံခြင်း ကမ္ဘာက ပျက်စီးသွား ပြီးနောက် ကျင့်ကြံခြင်း အဖွဲ့အစည်းကြီး ပေါ်လာခဲ့သည်ကို သိပေသည်။ သို့ရာတွင် သူက ရှေးဟောင်း ကျင့်ကြံသူတွေအားလုံး သေဆုံးခဲ့ လိမ့်မည်တော့ မထင်မှတ်မိခဲ့ချေ။

အဘိုးအိုက ဝမ်လင်း တုန်လှုပ်နေသည်ကို တွေ့သည်နှင့် သူက သူကိုယ်သူ ဂုဏ်ယူမိနေသည်။ သူက ကြက်ကင်ကို ကုန်အောင် စားလိုက်ပြီး ဝိုင်တစ်ကျိုက် မော့သောက် လိုက်သည်။ ထို့နောက်သူ့ ညစ်ပတ်နေသော လက်များကို အင်္ကျီဖြင့် သုတ်ပြီးနောက် ပြောလိုက်သည်။ ဟက် … ဒါက တုန်လှုပ်စရာ မကောင်းဘူးလား။ ရှေးဟောင်း ကျင့်ကြံသူတွေက မသေဆုံးခဲ့ရင် ကျင့်ကြံခြင်း အဖွဲ့အစည်းကြီး ပေါ်လာပြီး ဘာကြောင့်များ ဖွံ့ဖြိုးလာခဲ့ရမှာလဲ။

ဝမ်လင်းက အဘိုးအို ပြောပြနေသည်များကို တိတ်ဆိတ်စွာ နားထောင်လျက် ရှိသည်။ အချိန်တစ်ခုကြာမှ သူက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“ဒါသာ အမှန်ဆိုရင် ကောင်းကင်ဘုံ တံခါးဝလေးခုက ဘာလို့ တည်ရှိနေ သေးတာလဲ … ”

အဘိုးအိုက ရယ်မော၍ ပြောလိုက်သည်။

“ရှေးဟောင်း ကျင့်ကြံသူတွေက ပျောက်ကွယ် သွားခဲ့ပေမဲ့ ကောင်းကင်ဘုံနယ်ပယ် တွေကတော့ ခုထိရှိနေတုန်းပဲလေ။ ဒါပေမဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ ကောင်းကင်ဘုံ တံခါးပေါက် လေးခုဆိုတာက ကောင်းကင်ဘုံ နယ်ပယ်ထဲကို ချိတ်ဆက်ပေးတဲ့ အရာတွေပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အထဲမှာ ပစ္စည်းကောင်းတွေတော့ အများကြီး ရှိသေးတယ်။ အရေးကြီးဆုံး ကတော့ ကောင်းကင်ဘုံချီပဲ … ”

“ကောင်းကင်ဘုံချီ … ”

ဝမ်လင်း အမူအရာက ပြောင်းလဲသွားသည်။

အဘိုးအိုက ထပ်ပြောလိုက်သည်။

“ဟုတ်တယ်။ ဒီအရာက ကြက်ကင်ထက် အများကြီးလည်း ပိုအရသာရှိတယ် … ”

ဝမ်လင်းက ရယ်မောမိ လိုက်သည်။

အဘိုးအိုက နှုတ်ခမ်းသပ်၍ ဆက်ပြောလိုက်သည်။

“မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကနေ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ချိုးဖျက်မယ်ဆိုရင် ရှားပါးလှတဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ဆေးလုံး မရှိဘူးဆိုရင် ဒီကောင်းကင်ဘုံချီကို လုံလောက်အောင် စုပ်ယူပြီး အဆင့်ချိုးဖျက်ဖို့ လိုတယ် … ”

“ရှေးဟောင်း အချိန်တွေတုန်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ပြီးရင် သူတို့က ကောင်းကင်ဘုံ နယ်ပယ်ထဲကို ဝင်ရောက်ကြတယ်။ သူတို့က အဲဒီနေရာမှာ လုံလောက်တဲ့ ကောင်းကင်ချီကို စုပ်ယူနေပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို တက်ရောက်ကြတယ် … ”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ပြုံး၍ ပြောလိုက်လေသည်။ ဆိုလိုတာက ဒီမိုးခေါင်းလောင်း အတွက် တိုက်ခိုက်ကြတာက တကယ် ထိုက်တာပဲ။ အထူးသဖြင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေအတွက်ပဲ။ သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း အဆင့်ကို မြင့်တက်စေတဲ့အပြင် နိုင်ငံရဲ့ အဆင့်ကိုလည်း မြင့်တက်သွား စေလိမ့်မယ်။ အခြား ခေါင်းလောင်း အမျိုးအစားတွေကော ထွက်ပေါ်လာနိုင်ချေ ရှိလား … ”

အဘိုးအိုက ဝိုင်ဂျားကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်၍ ပြောလိုက်သည်။

“ဒီခေါင်းလောင်း လေးခုက အချိန်အတော် ကြာပြီးမှ ထွက်ပေါ်လာလေ့ ရှိတယ်။ ဒီခေါင်းလောင်းတွေကို ကောင်းကင်ဘုံက ဖန်တီးထားတာ၊ ဒါ့ကြောင့်ပဲ ဒီခေါင်းလောင်း ရတဲ့လူက အလွန် ကံကောင်းတဲ့လူပဲ။ ဒီကောင်းကင်ဘုံ တံခါးလေးပေါက်က ကျင့်ကြံမှုဂြိုဟ်တွေ အားလုံးကို ဖုံးလွှမ်းထားတယ်။ ဒါ့ကြောင့် ကိုယ့်ကျင့်ကြံမှု နိုင်ငံနဲ့နီးတဲ့ ကောင်းကင်ဘုံတံခါး အမျိုးအစားပေါ် မူတည်ပြီး အခြား ခေါင်းလောင်း အမျိုးအစား တွေလည်း ပေါ်လာလိမ့်မယ် … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset